← Chapters

နှင်းငှက် (၁)

Vol. 15 Ch. 147

နှင်းငှက် (၁)

Vol. 15 Ch. 147

အဖွဲ့ဝင်သစ် တစ်ယောက် တိုးလာခြင်းကြောင့် သူတို့၏ အင်အားမှာ ပို၍ မြင့်မားလာခဲ့၏။ တစ်နည်းအားဖြင့် သူတို့သုံးယောက်၏ ပူးပေါင်းအဖွဲ့ကို နယ်မြေ၁၏ တရားမဝင် သရဖူရှင် များဟုပင် သတ်မှတ်၍ ရနိုင်သော အခြေအနေသို့မျိုးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သာမာန် အခြေအနေတွင် ပြိင်ပွဲဝင်များသည် ကြီးမားသော အသင်းအဖွဲ့များ အဖြစ် ဖွဲ့စည်းလေ့ မရှိပေ။ လူများလေး ရရှိနိုင်သောအမှတ် နည်းလာလေပင် မဟုတ်ပါလား။ မဟာမိတ်၏ သဘော သဘာဝကိုက အမှတ်များကို တစ်ဦးတည်း မောင်ပိုင်စီး၍ မရပေ။

ချင်းလင်အာ၊ စုချန်းနှင့် ဝမ်တောက်ရှန်းတို့ သုံးဦး၏ အသင်း အဖွဲ့လေးမှာကား သုံးယောက်ပေါင်း လောင်းကျော်ဟုသာ ဆိုရပေတော့သည်။ သူတို့သည် နယ်မြေ(၁) တစ်ခုလုံးအတွင်း လှည့်ပတ် တိုက်ခိုက်ကာ အမှတ်များ ဆက်လက် စုဆောင်း နေကြလေသည်။ အကယ်၍ ပြိုင်ဖက်များသည် အင်အားနည်းသည်ဟု ယူဆရပါက သူတို့ကာ တစ်ဟုန်ထိုး ပြေးဝင် တိုက်ခိုက် လိုက်ကြသည်။ သို့သော် တန်းတူရည်တူ ပြိုင်ဖက်များနှင့် သာတွေ့ပါက သူတို့၏ တိုက်ခိုက်ရေးဗျူဟာမှာ တစ်မျိုးတဖုံ ပြောင်းလဲ သွားပြန်၏။ ထိုအခြေအနေမျိုးနှင့် ကြုံတွေလာလျှင် ချင်းလင်အာသည် ပြိုင်ဘက်များ အနက်မှာ စိတ်စွမ်းအင်နည်းပါးသူ တချို့ကို ထိန်းချုပ်ထားပြီး စုချန်းနှင့် ဝမ်တောက်ရှန်းက အချိန်ကောင်းကို စောင့်ကာ ပြင်းထန်စွာ တိုက်ခိုက်ကြလေရာ သူတို့နှင့် ရင်ဆိုင်တွေ့ဆုံရသော မည်သည့်ပြိုင်ဘက်မဆို အရှုံးနှင့်သာ ရင်ဆိုင်ကြရကုန်၏။

ထို့နောက် သူတို့သုံးယောက်သည် ရရှိလာသော အမှတ်များကို မျှမျှတတပင် ခွဲဝေယူလိုက် ကြလေသည်။ ဤပုံဤနည်းအားဖြင့် သူတို့၏ အသင်းသည် နိုင်ပွဲဆက်လာ၏။ သူတို့၏ ခင်မင်ရင်းနှီးမှုမှာလည်း တဖြည်းဖြည်း တိုးပွားလာတော့သည်။

ချင်းလင်အာသည် အစပိုင်းတွင် စုချန်းကို အလွန်မုန်းတီး နေခဲ့သော်လည်း ခင်မင်ရင်းနှီးမှု တိုးပွား လာသည်နှင့်အမျှ စုချန်းအပေါ်တွင် ပို၍ သဘောကျလာ၏။ ဤလူငယ်သည် နှစ်လိုဖွယ်ရာ ကောင်းသူ၊ သူတစ်ပါးကို ငှဲ့ညှာတတ်သူ၊ အိန္ဒြေသိက္ခာနှင့် ပြုမူပြောဆို နေထိုင်တတ်သူမှန်း တဖြည်းဖြည်း လက်ခံလာသည်။ သူတို့အကြားဝယ် ရရှိလာသော အမှတ်များကို ညီတူညီမျှ ခွဲဝေရန် သဘောတူ ထားကြသော်လည်း စုချန်းသည် အင်အားကောင်းသော ပြိုင်ဘက်ကို ချင်းလင်အာ အတွက် အမြဲတမ်းလိုလို ချန်ထားတတ်၏။ အင်အားကောင်းလေလေ အမှတ်များလေလေမှန်း သာမာန်လူပင် သိရှိနိုင်သည် မဟုတ်ပါလား။ တစ်ခါတရံတွင် သုံးယောက်လုံး အမှတ်များ ခွဲဝေပြီးသည့်တိုင် ရှုံးနိမ့်သူ အရေအတွက်မှာ ပိုနေတတ်လေရာ ထိုအခါမျိုးတွင်လည်း စုချန်းသည် ထိုအမှတ်များကို ချင်းလင်အာကိုသာ ပေးလေ့ရှိသည်။ ထိုအခါ စုချန်းအပေါ် ချင်းလင်အာ၏ ထင်မြင်ယူဆပုံများ ပြောင်းလဲ လာသည်မှာလည်း အပြစ်တော့ဆိုဖွယ်ရာ မရှိ။

လူမှုဆက်ဆံရေး ဟူသည် တစ်ခါတရံတွင် အလွန်ထူးဆန်းသော အရာမျိုးဖြစ်သည်။ ယခင်က စုချန်းသည် ချင်းလင်အာကို အနိုင်ယူကာ သူမအား အဆင့်တစ်ဆယ်၏ အပြင်ဘက်ကို ကန်ထုတ်ပစ်ခဲ့၏။ ယခုအချိန်တွင်ကား စုချန်း လုပ်ဆောင် နေသမျှသော အရာအားလုံးသည် ချင်းလင်အာ၏ ဆုံးရှုံးသွားသော အမှတ်တချို့ကို ပြန်လည် ရရှိလာစေရန် ရည်ရွယ် လုပ်ဆောင် နေသကဲ့သို့ ရှိလေသည်။ ဤသို့နှင့် သူတို့သည် ရှေးနှစ်ပေါင်း များစွာကပင် သူငယ်ချင်း ဖြစ်လာသူများကဲ့သို့ အတူတကွ နေထိုင်နိုင်ခဲ့ကြလေသည်။

အချိန်အတန်ကြာသောအခါ ချင်းလင်အာ တစ်ယောက် အမှတ်အတော်များများကို ပြန်လည်စုဆောင်း နိုင်ခဲ့လေသည်။ သူတို့၏ စစ်မှန်သော ခွန်အားကို ဖုံးကွယ်ထားမည့် အစီအစဉ်က ပြိုင်ဘက် အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည် မဟုတ်ပါလား။ သို့တိုင်အောင် သူတို့သည် ခက်ခဲကြမ်းတမ်းသော ပြိုင်ဘက်မျိုးကိုကား ရာနှုန်းပြည့် မရှောင်ရှားနိုင်ခဲ့။ အကြောင်းမှာ မွန်းလွဲပိုင်းတွင် သူတို့သည် အင်အားကြီးမားသော ပြိုင်ဘက်တစ်ဦးနှင့် တွေ့ဆုံခဲ့သောကြောင့်ပင်တည်း။ ထိုပြိုင်ဘက်မှာ တခြားသူမဟုတ်။ သွေးနတ်ဆိုး ကျုံးတင်ပင် ဖြစ်လေတော့သတည်း။

သွေးနတ်ဆိုး ကျုံးတင်ဟူသည် နှယ်နှယ်ရရမဟုတ်။ သွေးမောင်းနှင် သူမျိုးနွယ်စုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သွေးမောင်းနှင် သူနတ်ဆိုးဟူသည် အလွန်ရှေးကျသော နတ်ဆိုး သတ္တဝါကြီးဖြစ်ပြီး ထိတ်လန့် ကြောက်ရွံ့စရာ ကောင်းကောင်းသော အင်အားမျိုးကို ပိုင်ဆိုင်ထား၏။ အလင်းနတ် ဘုရားမင်းဆက် ခေတ်ကာလတုန်းက သွေးမောင်းနှင်သူ နတ်ဆိုး အုပ်စုကြီးသည် လူသားတို့၏ နယ်မြေ အများအပြားကို သိမ်းပိုက်ခဲ့ပြီး ကီလိုမီတာ ရာနှင့်ချီသော ကျတ်တီး မြေများကို ဖြစ်ပေါ်စေခဲ့၏။ လူသောင်းနှင့်ချီပြီး သေဆုံးခဲ့ရလေသည်။ နောက်ဆုံးတွင်ကား အလင်းနတ် ဘုရားဘုရင်ကြီးသည် အလင်းတုန်ခါခြင်း နယ်ပယ်မှ ချီစွမ်းအား ပညာရှင်လေးဦးကို စေလွှတ်ပြီး ၎င်းတို့ကို နှိမ်နှင်းစေခဲ့၏။ သုံးရက်နှင့် သုံးညတိုင်တိုင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီးနောက် လူသားတို့ဘက်မှ အနိုင်ရရှိခဲ့လေသည်။

ထိုတိုက်ပွဲမှ လူသားတို့သည် သွေးမောင်းနှင်သူ နတ်ဆိုးသတ္တဝါ၏ သွေးဗီဇကို ရရှိခဲ့၏။ ထိုသွေးဗီဇအား ၎င်းတို့၏ ချီးမြောက်ဖွယ်ရာ တာဝန်ကျေပြွန်မှု အတွက် မျိုးနွယ်စု သုံးစုအား ဘုရင်ကြီးက ဆုလာဘ်အဖြစ် ပေးသနားခဲ့သည်။ ကျုံးမျိုးနွယ်စုသည် ထိုမျိုးနွယ်စု သုံးစုအနက် တစ်စုအပါအဝင် ဖြစ်၏။

သွေးနတ်ဆိုးကျုံးတင်ကား သူ့မျိုးဆက်အနက် ပြိုင်ဘက်ကင်းဟု သတ်မှတ်ထားခြင်း ခံရသူဖြစ်သည်။ သွေးမောင်းနှင်သူ နတ်ဆိုးသွေးဗီဇ နိုးထလာသည့် အချိန်မှာပင် သူသည် သွေးစုပ်ခြင်း စွမ်းရည်ကို စတင်အသုံးပြုနိုင်ခဲ့၏။ သွေးစုပ်ယူခြင်း စွမ်းရည်ဟူသည် ပြိုင်ဘက်၏ သွေးကို စုပ်ယူပြီး သူ၏ ခွန်အားနှင့် မူလစွမ်းအင်ကို ပြန်လည် ဖြည့်တင်း ပေးနိုင်သည့် စွမ်းရည်မျိုး ဖြစ်သည်။ ထိုမျှသာမကသေး သူသည် တိုက်ခိုက်ရေးစွမ်းရည် အလွန်မြင့်မားသည့် သွေးပုံတူ တစ်ခုကိုလည်း ဖန်တီးနိုင်သေး၏။ ထိုပုံတူအနီးသို့ သူ့ကိုယ်ခန္ဓာ အစစ်ကို အလွယ်တကူ ပို့ဆောင် နိုင်သည်ကလည်း ကျုံးတင်၏ ထူးခြားသော စွမ်းရည်တစ်မျိုးပင် ဖြစ်သည်။

သို့သော်ငြားလည်း ချင်းလင်အာ ကဲ့သို့ပင် ကျုံးတင်သည်လည်း သွေးပုံရိပ် များများစားစား ထုတ်လွှတ်နိုင်ခြင်း မရှိ။ ထိုအချက်သည်ပင် သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့လေသည်။ ၎င်းမှာ ကျုံးတင်၏ ကန့်သတ်ချက်ဟုပင် ဆိုနိင်၏။

ထိုတိုက်ပွဲတွင် ချင်းလင်အာသည် ပြိုင်ပွဲဝင် တစ်ယောက်ကို ထိန်းချုပ်ထား၏။ စုချန်းနှင့် ဝမ်တောက်ရှန်းကိုပါ ထည့်ပေါင်း လိုက်သောအခါ တိုက်ပွဲမှာ လေးယောက် တစ်ယောက် တိုက်ပွဲ ဖြစ်သွားတော့သည်။ သို့သော် ကျုံးတင်သည် ခေသူ မဟုတ်လေရာ သွေးပုံတူ သုံးခုအထိ ဖန်တီးကာ သူကိုယ်တိုင်လည်း သွေးပုံတူများအကြား ဟိုမှသည်မှ ခုန်ကူးရင်း ပြန်လည် တိုက်ခိုက်၏။ သူ၏ မြန်ဆန်လှသော လှုပ်ရှားမှုကြောင့် ကျုံးတင်ကို တစ္ဆေသရဲ တစ်ကောင်သဖွယ် ထင်မှတ်ရလေသည်။ ထို့ပြင် ၎င်း၏ သွေးနတ်ဆိုး အပ်ချောင်းများနှင့် အနက်ရောင်မိစ္ဆာ လက်ချောင်းများမှာ ထိပ်တန်း မူလစွမ်းရည်များ ဖြစ်ကြလေရာ အချိန်အတန် ကြာသည်အထိ သူတို့ သုံးယောက်သည် အလူးအလဲ ရှောင်တိမ်း နေခဲ့ရ၏။

သို့သော် ကျုံးတင်၏ ကန့်သတ်ချက်ကို စုချန်း သဘောပေါက်သွားသည့် နောက်တွင်ကား အရာအားလုံးသည် ပြောင်းလဲ သွားခဲ့တော့သည်။ ထို့နောက်တွင်ကား စုချန်းသည် တိုက်ခိုက်ရေး နည်းဗျူဟာကို ပြောင်းလဲလိုက်၏။ သူသည် ကျုံးတင်နှင့် ထိပ်တိုက် ရင်မဆိုင်တော့။ ၎င်း၏ သွေးစုပ်ယူခြင်း ကိုလည်း အတတ်နိုင်ဆုံး ရှောင်တိမ်းနိုင်ရန် ကြိုးစားတော့သည်။ ချင်းလင်အာနှင့် ဝမ်တောက်ရှန်း မှာလည်း စုချန်း၏ နည်းဗျူဟာ အတိုင်း တသွေမတမ်း လိုက်ပါ ကျင့်သုံးကြကုန်၏။ အချိန်ကြာလာ သည်နှင့်အမျှ ကုန်ဆုံးသွားသော မူလစွမ်းအင်များအား ပြန်လည် ဖြည့်တင်းနိုင်ခြင်း မရှိတော့လေရာ သွေးပုံတူ သုံးကောင်သည် ကျုံးတင်အတွက် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်လာတော့သည်။

နောက်ဆုံးတွင်ကား ကျုံးတင်သည် အခြေအနေကို သဘောပေါက် သွားပုံရသည်။ ဆက်လက် တိုက်ခိုက်ခြင်း မရှိတော့ပဲ လက်မြှောက် အရှုံပေးကာ ထွက်ပြေး သွားတော့သည်။ သူတို့ သုံးယောက်သည် မည်သို့ပင် ကြိုးစားစေကာမူ ကျုံးတင်အား ဖမ်းဆီးထားနိုင်ခြင်း မရှိလေရာ ဤတစ်ပွဲသည်ကား မည်သည့် အကျိုးအမြတ်မျှပင် မရရှိလိုက်ဟု ဆိုရပေလိမ့်မည်။ မည်သို့ဆိုစေ ကျုံးတင်၏ အင်အားကိုကား စုချန်းတို့ သုံးယောက်လုံးက မချီးကျူးပဲ မနေနိုင်တော့။

သူတို့ကို ထွက်ပြေးသွားသော သွေးနတ်ဆိုး၏ ကျောပြင်ကို ငေးကြည့် နေမိကြလေသည်။ ထို့နောက် နေရာတွင်ပင် ခြေပစ်လက်ပစ် ထိုင်ချရင်း သက်ပြင်းကိုယ်စီ ချမိကြတော့သည်။

ထိုအခါ ဝမ်တောက်ရှန်းက ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ခွေးမသား လေးယောက် တစ်ယောက် ဝိုင်းတိုက်တာတောင် ပြေးဖြစ်အောင် ပြေးသွားသေးတယ် သခင် အဆင့်အတန်း သွေးဗီဇတွေကတော့ တကယ်ကို ဖြုံလောက်ပါပေတယ်"

"သခင်အဆင့်အတန်း ဟုတ်လား"

စုချန်းက မေးလိုက်သည်။

"သူ့မှာ အဆင့် သတ်မှတ်ချက်တွေ ရှိသေးတာလားဗျ"

"ရှင်မသိသေးဘူးပေါ့"

ချင်းလင်အာက လွှတ်ခနဲ ဝင်ရောက် ပြောဆိုလိုက်သည်။

"အော် ဟုတ်သားပဲ ရှင်က သွေးဗီဇမရှိတဲ့ မျိုးနွယ်စုက လာတဲ့ လူပဲဥစ္စာ သာမာန်အားဖြင့် သွေးဗီဇ ဆက်ခံသူတွေကို နေရာ အတော်များများမှာ တွေ့နိုင်တယ် ဒါပေမဲ့ အဆင်မြင့် နတ်ဆိုး သတ္တဝါသွေးဗီဇ ဆက်ခံသူ တွေကျတော့ တွေ့ဖို့ အလွန်ခဲယဉ်းတယ်ရှင့် ဒါနဲ့ ရှင်ဟာ နတ်ဆိုးသတ္တဝါတွေရဲ့ အဆင့် သတ်မှတ်ချက် တွေကိုတော့ သိထားပြီးသားမလား"

စုချန်းက ခေါင်းညိတ် လိုက်သည်။

"သိတယ်လေ နတ်ဆိုးသတ္တဝါတွေကို အဆင့်မြင့် အလယ်အလတ်နဲ့ အဆင့်နိမ့်ဆိုပြီး ခွဲခြားနိုင်တယ် နောက်ပြီးတော့ အလွှာလိုက် သတ်မှတ်ချက် တွေလည်း ရှိသေးတယ် ဒါကျတော့ ချီစုဆောင်းခြင်းနဲ့ သွေးဆူပွက်ခြင်း နယ်ပယ်မှာ ရှိတဲ့ အလွှာ သတ်မှတ်ချက်တွေနဲ့ အတူတူပဲလို့ ဆိုတယ်"

"မှန်တယ် နတ်ဆိုး သတ္တဝါတွေကို အဆင့်မြင့် အလယ်အလတ်နဲ့ အဆင့်နိမ့်ဆိုပြီး ခွဲခြား သတ်မှတ်ထားတာ ရှိတယ် ဘယ်လို မြင့်မားတဲ့ အဆင့်မြင့် နတ်ဆိုးသတ္တဝါတွေကို မဆို သခင်အဆင့်အတန်းထဲမှာ ထည့်သွင်း သတ်မှတ်နိုင်တယ်"

ဝမ်တောက်ရှန်းက ရှင်းပြလိုက်သည်။

"ကျုံးတင်ဟာ သွေးမောင်းနှင်သူ နတ်ဆိုးသတ္တဝါကနေ ဆင်းသက်လာတာ ဖြစ်လို့ သူ့ရဲ့သွေးဗီဇကို သခင်အဆင့်အတန်းလို့ သတ်မှတ်နိုင်တယ်"

"အော် အဲဒီလိုလား ဒီတော့ သခင်အဆင့်အတန်း နတ်ဆိုးသတ္တဝါတွေရဲ့ အထက်မှာ နတ်ဆိုးသတ္တဝါ ဘုရင်နဲ့ ဘုရင်မတွေပဲ ကျန်တော့မှာပေါ့"

"သိပ်မှန်တာပေါ့"

ချင်းလင်အာနှင့် ဝမ်တောက်ရှန်းတို့ နှစ်ယောက်လုံးက ပြိုင်တူပင် ထောက်ခံ လိုက်ကြသည်။ သွေးနတ်ဆိုးကျုံးတင်၏ သွေးဗီဇသည် သခင်အဆင့်အတန်းထဲတွင် ပါဝင်သော သွေးမောင်းနှင်သူ နတ်ဆိုးသတ္တဝါ၏ သွေးဗီဇဖြစ်ပြီး ဝမ်တောက်ရှန်းနှင့် ချင်းလင်အာတို့ နှစ်ယောက် အဆင့်မြင့် သတ္တဝါဆိုးများ၏ သွေးဗီဇသာ ဖြစ်ကြလေရာ သူတို့ နှစ်ယောက်အနေနှင့် ကျုံးတင်ကို မယှဉ်နိုင်သည်မှာ အထူးအထွေ အံ့သြစရာတော့ မရှိလှ။

ထိုအခိုက်မှာပင် စုချန်းသည် သူနှင့် ဂျီဟန်းယင်တို့ အကြားဝယ် တူညီသော သွေးဗီဇများကို ပိုင်ဆိုင်ထားသည် ဟူသော ဝမ်တောက်ရှန်း၏ စကားကိုပြန်လည် အမှတ်ရလာ၏။ ထိုအခါ သူက မေးမြန်းလိုက်သည်။

"ဒီတော့ သွေးနတ်ဆိုး ကျုံးတင်ဟာ ဂျီဟန်းယင် ထက်တောင် သာနေတယ်လို့ ဆိုလိုတာလား"

"ဂျီဟန်းယင်ဟာလည်း ကျုံးတင်လိုပဲ သခင်အဆင့်အတန်း နတ်ဆိုးသတ္တဝါ သွေးဗီဇမျိုးကိုပဲ ပိုင်ဆိုင်ထားတာပါပဲ ဒါပေမဲ့ ကျုံးတင်အနေနဲ့ ဂျီဟန်းယင်ကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိဘူး"

ဝမ်တောက်ရှန်းက ခေါင်းတခါခါ လည်တခါခါနှင့် ရှင်းပြလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ ကျုံးတင်ဟာ သူ့အဆင့်အတန်းမှာ တကယ် ထူးချွန်ထက်မြက်တဲ့ လူဆိုတာ ဘယ်လိုမှ ငြင်းလို့မရပေမဲ့ ဂျီဟန်းယင်ကတော့ နှစ်ငါးရာမှာမှ တစ်ခါလောက်ပေါ်တဲ့ ပါရမီရှင်မျိုး ဖြစ်နေလို့ပဲ သွေးဗီဇနှစ်မျိုး တစ်ပြိုင်တည်း နိုးထလာတာကို ထည့်မတွက်နဲ့အုံး သွေးဗီဇ တစ်မျိုးတည်းပဲ ဆိုရင်တောင် ကျုံးတင်ဟာ ဂျီဟန်းယင်ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး"

ဝမ်တောက်ရှန်း၏ စကားကို ကြားလိုက်ရသောအခါ စုချန်းတစ်ယောက် စကားမပြောနိုင်တော့ပဲ ခေတ္တ နှုတ်ဆိတ်သွား၏။ အကြောင်းမှာ သွေးဗီဇနှစ်မျိုး တစ်ပြိုင်တည်း နိုးထလာသူ ဖြစ်နေ၍သာ ဂျီဟန်းယင်ကို သူ့အနေနှင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဝမ်တောက်ရှန်း တစ်ခါက ပြောကြားခဲ့ဖူးလေရာ ယခု ပြောသော စကားနှင့် နှိုင်းယှဉ်သော် ဝိဝါဒကွဲပြားစရာ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

ထိုအခိုက်မှာပင် ချင်းလင်အာက ရုတ်တရက် ပြောလိုက်သည်။

"ရှင့်အနေနဲ့ ဂျီဟန်းယင်ရဲ့ အစွမ်းကို သိချင်ရင် သိပ်လွယ်ပါတယ် ကိုယ်ကိုယ်တိုင် စမ်းကြည့်ပါလားရှင့်"

မမျှော်လင့်သော စကားကို ကြားလိုက်ရ၍ စုချန်း အံ့သြသင့်သွား၏။ ထိုအခိုက်မှာပင် ချင်းလင်အာ တစ်ယောက် သူ့နောက်ကျော ခပ်လှမ်းလှမ်းကို စူးစိုက်ကြည့်ရှုနေကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ ထိုအခါ သူက နောက်ကို ဖြတ်ခနဲ လှည့်ကြည့်လိုက်ရာ သူတို့ထံသို့ ဦးတည်ပြေးလွှား လာသော လူတစ်ယောက်ကို မြင်တွေ့လိုက်ရ၏။

ထိုလူမှာ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦးဖြစ်ပြီး အလွန် လှပ၏။ သို့သော် သူမ၏ မျက်နှာမှာကား ရေခဲတုံးပမာ အေးစက် မာကျောလှသည်။ သူမသည် သူတို့ သုံးယောက်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာ၏။ ထိုအချိန်တွင် သူမ ပတ်ဝန်းကျင်ရှိ လေထုသည် ဝဲဂယက် တစ်ခုပမာ ဖြစ်ပေါ်လာပြီး တဖြည်းဖြည်းနှင့် လေပြင်းမုန်တိုင်း တစ်ခုပမာ အသွင်ပြောင်းသွားကာ သူတို့ထံသို့ ပြေးဝင်လာ၏။

"အဲဒါ ဂျီဟန်းယင်ပဲ"

ချင်းလင်အာက အော်ဟစ် ပြောဆိုလိုက်သည်။

အတော်လေး ဝေးကွာသော နေရာတွင် ရှိနေသေးသည့်တိုင် ဂျီဟန်းယင်က လက်တစ်ဖက်ကို မြောက်လိုက်ရာ လလက်သီးချက် တစ်ချက်က စုချန်းတို့ထံ ပြေးဝင်လာ၏။ လက်သီးနှင့်အတူ ပတ်ဝန်းကျင်ရှိ လေထု တစ်ခုလုံးသည် ဆူနာမီပမာ တဟီးဟီး အော်မြည်ကာ သူတို့အား ဝါးမြိုတော့မည့် ပုံစံပေါက်လာ၏။

ဤသည်မှာပင် နှင်းငှက် ဂျီဟန်းယင်၏ ပင်ကိုယ်စရိုက် လက္ခဏာဖြစ်သည်။ သူမသည် မည်သည့်အခါမျှ စကားများများ ပြောလေ့ပြောထ မရှိ။

ရေခဲလက်သီးပေတကား …

All Chapters