← Chapters

နှင်းငှက် (၂)

Vol. 15 Ch. 148

နှင်းငှက် (၂)

Vol. 15 Ch. 148

လက်သီးကွက်ကြောင့် မြေကြီးပေါ်သို့ နှင်းများ တဖွဲဖွဲ ကျဆင်းလာ၏။ သူမ၏ ဤတစ်ကွက်သည် နေလုံးကြီးကို ပိတ်ပင် တားဆီးနိုင်ခြင်း မရှိသည့် တိုင်အောင် စွမ်းအင်ကား ကြီးမားလှသည်။ အချင်းဝက် ပေ၁၀၀အတွင်းရှိ အရာဝတ္တု မှန်သမျှသည် နှင်းများ ထူထပ်စွာ ဖုံးအုပ်လာပြီး အေးစက်သော လေထုသည် သူတို့ ကိုယ်ခန္ဓာအတွင်းသို့ ထိုးဖောက် ဝင်ရောက်လာ၏။ ချင်းလင်အာ၊ စုချန်းနှင့် ဝမ်တောက်ရှန်းတို့ သုံးယောက်သားသည် နောက်ကို လျင်မြန်စွာ ဆုတ်ပေးလိုက်ကြသည်။

သို့တိုင်အောင် နှင်းခါးလေသည် သူတို့အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး ဖြစ်လေရာ သူတို့၏ လှုပ်ရှားမှုများမှာ နှေးကွေး ကုန်တော့သည်။ လက်ဝါးကွက်၏ စွမ်းအင်လှိုင်းများကြောင့် သူတို့ သုံးယောက်လုံးသည် ကြီးမားလှသော ဖိအားအောက်သို့ ချက်ချင်းလိုလိုပင် ကျရောက်သွား၏။ ထိုအခါ သူတို့သည် ချီစွမ်းအင်လှိုင်းများကို လည်ပတ်စေကာ အအေးလှိုင်းများအား ခုခံလိုက်ရလေသည်။

မည်သည့် ဒဏ်ရာမျှ မရလိုက်သည့်တိုင် တစ်ကွက်တည်းနင့် ဂျီဟန်းယင်၏ အစွမ်းကို သူတို့ သဘောပေါက်သွား၏။ သူတို့၏ မျက်နှာတွင်ကား အလွန်လေးနက်သော အမူအရာများ ပေါ်ပေါက်လာတော့သည်။ အလွန်ဝေးကွာသော နေရာမှ တိုက်ခိုက်လိုက်သော လက်သီးကွက်သည် သူတို့၏ လှုပ်ရှားမှုများကို ကန့်သတ်နိုင်ရုံမက အင်အားမှာလည်း ကြောက်မက်ဖွယ်ရာ ပြင်းထန်လွန်းလှသည် မဟုတ်ပါလား။ နှင်းခဲများက သူတို့အား ထိတ်လန့် တုန်လှုပ်စေပြီး အအေးဓာတ်က သူတို့ ကိုယ်ခန္ဓာအတွင်းသို့ လှံတစ်ချောင်းပမာ ထိုးဖောက် ဝင်ရောက်သွားခဲ့လေရာ ဤတစ်ကွက်တည်းနှင့်ပင် ဂျီဟန်းယင်၏ ကိုယ်ရည်ကိုယ်သွေးကို သိသာစေ၏။ ဤပြိုင်ပွဲနယ်မြေ တစ်ခုလုံးတွင် သူမကို ယှဉ်နိုင်သူ မရှိလေရာ မောက်မာမည် ဆိုလျှင်လည်း မောက်မာ လောက်ပေသည်ဟု စုချန်းက မှတ်ချက် ချလိုက်သည်။

ဂျီဟန်းယင်သည် တိုက်ခိုက်မှု ပြုလုပ်ပြီးသည်နှင့် ရှေ့သို့ တစ်ဟုန်ထိုး ပြေးလာ၏။ ထိုသို့ ပြေးနေရင်းနှင့်ပင် လက်ဝါးကို လေထု အတွင်းသို့ တွန်းထုတ် လိုက်ပြန်သည်။ ဒုတိယမြောက် တိုက်ကွက်ကား လာပြန်ချေပြီတည်း။ ဂျီဟန်းယင်၏ ဒုတိယမြောက် တိုက်ကွက်မှာကား နှင်းခါး ရေခဲလက်ဝါးဟု အမည်ရ၏။ ရေခဲလက်သီးနှင့် မတူသည်မှာ ရေခဲလက်ဝါးသည် ကြောက်မက်ဖွယ်ရာ ပြင်းထန်သော အင်အားမျိုး မရှိသော်လည်း ပြိုင်ဘက်များကိုကား အထူးတလည် အေးခဲစေပြီး တိုက်ခိုက်နိုင်သော ဧရိယာမှာလည်း ပို၍ ကျယ်ပြန့်လေသည်။

လက်ဝါးရိုက်ချက်၏ စွမ်းအင်လှိုင်းများ ရောက်ရှိလာသည်နှင့် သူတို့ သုံးယောက်လုံးသည် အာတိတ် စက်ဝိုင်းအတွင်းသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ ပြင်းထန်လှသော အအေးဓာတ်သည် ရိုးတွင်းချဉ်ဆီ တိုင်အောင် ထိုးဖောက် ဝင်ရောက်လာ၏။ အေးလွန်းအားကြီး၍ သိပ်မကြာမီ ရေခဲတုံးများ ဖြစ်သွားမည်ကဲ့သို့ပင် သူတို့ ခံစားလိုက်ရသည်။ ဂျီဟန်းယင်၏ ဤတစ်ကွက်မှာကား ပို၍ပင် ခုခံကာကွယ်ရန် ခက်ခဲလှသည်။ ထိုအခါ သူတို့ သုံးယောက်သည် မှော်အကာအကွယ် များကို အစွမ်းကုန်နှိုးဆွပြီး ချီစွမ်းအင် လှိုင်းများအား တစ်ကိုယ်လုံးသို့ လှည့်ပတ် စီးဆင်းစေကာ အန္တရာယ်စက်ကွင်းမှ လွန်မြောက်အောင် လျင်မြတ်စွာ ဆုတ်ခွာ လိုက်ကြသည်။

ထိုအခိုက်မှာပင် ဂျီဟန်းယင်သည် လက်ချောင်းများကို မြှောက်ပြီး သူမ၏ တတိယ တစ်ကွက်ကို ထုတ်ဖော်လိုက်၏။ ဤတစ်ကွက်မှာကား ဝိညာဉ်ခွဲလက်ချောင်းဟု အမည်ရပေသည်။ သူမ၏ လက်ချောင်း များသည် ချင်းလင်အာထံသို့ ချိန်ရွယ်ထား၏။ ချက်ချင်း ဆိုသလို ချင်းလင်အာ၏ မျက်နှာပေါ်တွင် ရေခဲလွှာတစ်ခု ဖုံးအုပ်လာပြီး သူမသည်လည်း လှုပ်ရှားမှု ကင်းမဲ့ကာ ရေခဲရုပ်တုပမာ ဖြစ်သွားတော့သည်။

ဤအတိုင်းဆိုလျင် အချိန်အနည်းငယ် အတွင်းတွင် ချင်းလင်အာကို သူတို့ ဆုံးရှုံး ရပေတော့မည်။ ဤသို့တော့ အဖြစ်မခံနိုင်သေး။ ထိုအခါ စုချန်းနှင့် ဝမ်တောက်ရှန်းသည် သူတို့၏ လက်သီး လက်ဝါးများကို လှုပ်ရှားကစားကာ ဂျီဟန်းယင်၏ တိုက်ခိုက်မှုကို ဝင်ရောက် ကာကွယ်လိုက်ကြ၏။ စုချန်း၏ ပေါက်ကွဲနေသော မီးလျှံငှက်နှင့် ဝမ်တောက်ရှန်း၏ တိမ်တိုက် ထက်ခြမ်းခွဲခြင်း တို့သည် ဂျီဟန်းယင်၏ ဝိညာဉ် ခွဲလက်ချောင်းကို ပြန်လည် တုံ့ပြန်လိုက်ကြသည်။ ထိုအခါ ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး ပေါက်ကွဲသံကြောင့် ချင်းလင်အာ အသိဝင်လာကာ ဝိညာဉ်ခွဲလက်ချောင်း၏ စက်ကွင်းမှ ရှောင်ထွက် နိုင်ခဲ့တော့သည်။

ထို့နောက် သူတို့သည် ဂျီဟန်းယင်နှင့် ဝေးကွာသည်ထက် ဝေးကွာအောင် နောက်သို့ လျင်မြန်စွာ ဆုတ်ပေး လိုက်ကြသည်။ ဂျီဟန်းယင်၏ ပထမ တိုက်ခိုက်မှုသည် ပေ၃၀၀အကွာတွင် စတင်ခဲ့၏။ ဒုတိယ တိုက်ခိုက်မှုမှာကား ပေ၂၀၀အကွာမှဖြစ်ပြီး တတိယ တိုက်ခိုက်မှုမှာကား ပေ၁၀၀အကွာမှ ဖြစ်လေသည်။ တဖြည်းဖြည်း ပို၍ နီးကပ် လာသည်နှင့်အမျှ သူမ၏ တိုက်ခိုက်မှုများသည် ပို၍ ပြင်းထန်လာသလို ပို၍ လျင်မြန်လာ၏။

သူတို့သုံးယောက်၏ လှုပ်ရှားမှုကို မြင်တွေ့သောအခါ ဂျီဟန်းယင်သည် လေထဲသို့ ခုန်တက်ပြီး နောက်ထပ် နှင်းငှက်အဖြူရောင် ရေခဲလက်သီးကို ထုတ်လွှတ်လိုက်ပြန်၏။ သူမ တတ်ကျွမ်းထားသည့် မူလစွမ်းရည်ဟူ၍ ထိုသုံးမျိုးသာ ရှိသော်လည်း ထိုမျှလောက်နှင့်ပင် ပြိုင်ပွဲ နယ်မြေများတွင် ဗိုလ်ကျစိုးမိုးရန် လုံလောက်၏။

ကောင်းကင်ပေါ်ရှိ အဖြူရောင်နှင်းခဲများကို နောက်ခံထားပြီး ဂျီဟန်းယင်၏ လက်သီးသည် ကြီးမားလှသော တူကြီးနှင့် ထုလိုက်သည့်ပမာ စုချန်းတို့ သုံးယောက်ထံသို့ တိုးဝင်လာ၏။ သူတို့သည် ကျယ်လောင်စွာ အော်ဟစ်ကာ မူလစွမ်းရည်များကို ထုတ်သုံးပြီး ဂျီဟန်းယင်၏ တိုက်ခိုက်မှုကို ခုခံကာကွယ် လိုက်ရ၏။ ဤတစ်ပွဲတွင်တော့ သူတို့ ကြိုတင် တိုင်ပင်ထားသည့် ပရိယာများ၊ လှည့်စားမှုများမှာ အနည်းငယ်မျှပင် အသုံးမဝင်တော့။ ဂျီဟန်းယင်၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများ အကြားဝယ် မိမိ၏ အင်အားကို ဆက်လက် ဖုံးကွယ်ထားရန် ကြိုးစားနေခြင်းမှာ ကိုယ့်ကိုယ်ကို သတ်သေနေသည်နှင့် အတူတူသာ ဖြစ်လေသည်။

ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြန်၏။ ထိုအခိုက်မှာပင် ချင်းလင်အာက ကျယ်လောင်စွာ အော်ဟစ်ပြီး ဂျီဟန်းယင်ကို ဖြောင်းဖြရန် ကြိုးစားလိုက်သည်။

"ဂျီဟန်းယင် ... အဲဒီလို တိုက်ခိုက်ဖို့ မလိုအပ် …"

သို့သော် သူမခမျာ စကားကို ဆုံးအောင်ပင် မပြောလိုက်ရပဲ ဂျီဟန်းယင်၏ ရေခဲလက်ဝါး တိုက်ခိုက်မှုကြောင့် ပါးစပ်ပိတ်ကာ နောက်သို့ ဆုတ်ပေး လိုက်ရပြန်သည်။ ထိုအခါ ချင်းလင်အာ တစ်ယောက် ဒေါသထွက်လာသလို ရှက်လည်း ရှက်လာ၏။ အကြောင်းမှာ သုံးယောက် တစ်ယောက် တိုက်ပွဲဖြစ်သော်လည်း သူတ သုံးယောက်ဘက်မှသာ နောက်သို့ တဆုတ်တည်း ဆုတ်ပေးနေရသည် မဟုတ်ပါလား။

ဝမ်တောက်ရှန်းက ဂျီဟန်းယင်အား အရူးမဟု အဘယ်ကြောင့် ပြောမှန်း နောက်ဆုံးတော့ စုချန်း နားလည် သွားခဲ့လေပြီ။ ဤမိန်းကလေးသည် မည်သည့် အကြောင်းပြချက်ကိုမျှ နားမထောင်။ မည်သူ တစ်ဦးတစ်ယောက်၏ ပြောစကားကိုမျှ စိတ်မဝင်စား။ သူမ စိတ်ဝင်စားသည့် တစ်ခုတည်းသော အရာမှာ တိုက်ပြီးရင်း တိုက်နေဖို့ပင် ဖြစ်သည်။ ထို့ကြောင့် ဤမိန်းကလေးနှင့် အကျိုးသင့် အကြောင်းသင့် စကားပြောဆိုရန်မှာ မဖြစ်နိုင်။ အနည်းဆုံးတော့ သူမနှင့် တိုက်ခိုက်နေသမျှ ကာလပတ်လုံး မဖြစ်နိုင်။

နောက်ဆုံးတွင် စုချန်းက တစ်စုံတခုကို ခိုင်မာစွာ ဆုံးဖြတ်ပြီး အော်ဟစ် ပြောဆိုလိုက်သည်။

"ဘာမှ ရှင်းပြလို့ မရတော့လည်း တိုက်ကြတာပေါ့ ကဲ သူ့ကို ဝိုင်းတိုက်ကြမယ်ဟေ့"

"တိုက်မယ်"

ဝမ်တောက်ရှန်းနှင့် ချင်းလင်အာ တို့ကလည်း ပြိုင်တူပင် အော်ဟစ် ထောက်ခံလိုက်ကြသည်။

မီးလျှံငှက်နှင့် တိမ်တိုက် ထက်ခြမ်းခွဲခြင်း မူလစွမ်းရည်တို့ကား နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာပြန်၏။ ထိုအခိုက်မှာပင် ချင်းလင်အာက ငိုသံတစ်ချက် ပြုလိုက်ရာ ပုန်းအောင်းနေသော ထိန်းချုပ်ခံ ပြိုင်ပွဲဝင်သည် ဝုန်းခနဲ ပေါ်ထွက်လာပြီး ဂျီဟန်းယင်ကို ပြေးဝင် တိုက်ခိုက် လိုက်တော့သည်။ ချင်းလင်အာ ကိုယ်တိုင်သည်လည်း ကျောက်စိမ်းနှင်းစက် အမွှေးနံသာကို ထုတ်လွှတ်ပြီး တစ်ဖက်တွင် သူမ၏ ဝိညာဉ်ပုံတူ နည်းစနစ်ကို ထုတ်ဖော်လိုက်၏။

ကံမကောင်း အကြောင်းမလှစွာပင် သူမ၏ ပြိုင်ဘက်ဖြစ်သူမှာ သန်မာလှ၏။ ဝိညာဉ်ပုံတူ နည်းစနစ်မှာ စိတ်လှည့်စားခြင်း နည်းစနစ် အုပ်စုဝင် နည်းစနစ်တစ်မျိုး ဖြစ်လေရာ ၎င်း၏ စွမ်းရည်မှာ တဖက်လူ၏ စိတ်စွမ်းအား အပေါ်တွင် မူတည်နေ၏။ ပြိုင်ဘက်သည် အားပျော့သူဖြစ်လျင် ထိုသူကို ချင်းလင်အာ အနေနှင့် အပြည့်အဝ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး အားကောင်းသူဆိုလျင်ကား စိတ်ပိုင်း ဆိုင်ရာမျှကိုသာ ထိခိုက်စေရန် စွမ်းဆောင် နိုင်ပေလိမ့်မည်။ သို့သော် ချင်းလင်အာ၏ မူလစွမ်းရည်သည် ဂျီဟန်းယင်ကို အနည်းငယ်မျှပင် ထိခိုက်စေနိုင်ခဲ့ဟန် မပေါ်။ စုချန်းပင် ပေါ့ကော့တန်တန် သဘောမထားရဲသော ထိုနည်းစနစ်ကို ဂျီဟန်းယင်ကတော့ ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် ယူဆပုံမရ။

လက်ဝါးရိုက်ချက် သုံးချက်သည် ပြင်းထန်သော ချီအားလှိုင်းများကို ဖြစ်ပေါ်လာစေ၏။ ဂျီဟန်းယင်သည် စုချန်းနှင့် ဝမ်တောက်ရှန်း၏ တိုက်ခိုက်မှုကို အမာ အမာချင်း ပြန်လည် တုံ့ပြန်လိုက်၏။ တဆက်တည်းမှာပင် သူမ၏ ကိုယ်ခန္ဓာကို လေထဲတွင် တွန့်လိမ် လှုပ်ရှားကာ ထိန်းချုပ်ခံပြိုင်ပွဲဝင်ကို လက်ဝါးဖြင့် ရိုက်ချ လိုက်တော့သည်။ ချင်းလင်အာ၏ ရုပ်သေးရုပ်မှာ ဂျီးဟန်းယင်၏ လက်ချက်ကြောင့် လေဟုန်စီး သွားရှာသည်။ သူမ၏ လှုပ်ရှားမှုမှာကား မယုံနိုင်ဖွယ်ရာ ချောမွေ့ပြီး သေသပ်လှသည်။

ထိန်းချုပ်ခံ ပြိုင်ပွဲဝင်သည် လေထဲသို့ လွင့်ထွက် သွားပြီးနောက် မြေကြီးပေါ်သို့ ဝုန်းခနဲပြုတ်ကျကာ အစိတ်အပိုင်းလေးများ အဖြစ် ကြေမွပြီး ပျောက်ကွယ် သွားတော့သည်။ တွက်တည်းနှင့် စုချန်းတို့ဘက်မှ အင်အားတစ်ယောက် လျော့သွားခဲ့ပေပြီ။ ကြောက်မက်ဖွယ်ရာ ဂျီဟန်းယင်ပေတကား။ ဤမိန်းကလေးသည် ဖန်းယွဲ့ကဲ့သို့ ရလေသည်။ သွေးဆာနေသော လူသတ်သမား မဟုတ်သော်လည်း သနား ကြင်နာမှုကင်းမဲ့ပြီး စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်တတ်ပုံ ထိုအချိန်မှာပင် ဂျီဟန်းယင်က နောက်တစ်ကြိမ် ပြန်လည် တိုက်ခိုက် လိုက်ပြန်သည်။ နှင်းမုန်တိုင်း တစ်ခုသည် တဝီဝီအော်မြည်လျင် စုချန်းတို့ သုံးယောက်ထံသို့ ဦးတည် ပြေးဝင်လာ၏။

ထိုအခိုက်မှာပင် စုချန်းက တစ်စုံတခုကို ချက်ချင်းပင် နားလည် သဘောပေါက် လိုက်သည်။ ဤမိန်းကလေးသည် အားကောင်းလှသော မူလစွမ်းရည် သုံးမျိုးအပြင် သူမ၏ အပြင်အား အတွက် အနည်းဆုံးအနေနှင့် ကိုယ်ခန္ဓာ စွမ်းအင်စုဆောင်ခြင်း နည်းစနစ် နှစ်မျိုးအထိ လေ့ကျင့် ထားသည်မှာ သေချာ နေခဲ့ပေပြီ။ လျှပ်ပြက်သလို လှုပ်ရှားနိုင်သည့် အမြန်နှုန်းကြောင့် သူမသည် အမြန်နှုန်းနှင့် ဆိုင်သည့် မူလစွမ်းရည်တစ်မျိုး လေ့ကျင့်ထားကြောင်း မြင်သာနေသလို လေထဲတွင် လမ်းလျှောက် သကဲ့သို့ လှုပ်ရှားနိုင်သည့်အတွက် လေထုနှင့်ဆိုင်သည့် မူလစွမ်းရည် တစ်မျိုးကိုလည်း လေ့ကျင့် ထားပေလိမ့်မည်။ တစ်ဖန် ရန်သူကို တိကျစွာ တိုက်ခိုက်နိုင်သည့် မူလစွမ်းရည် တစ်မျိုးကိုလည်း သူမ လေ့ကျင့်ထားလိမ့်မည်ဟု စုချန်းက ယူဆမိလေသည်။ နောက်ဆုံးအနေနှင့် ပြောရလျှင် များပြားလှသည့် စွမ်းအင်သုံးစွဲမှုကို ထေမိကာမိစေရန် မြန်မြန်ဆန်ဆန် စွမ်းအင် စုပ်ယူနိုင်သည့် နည်းလမ်း တစ်မျိုးကိုလည်း သူမ သေချာပေါက် လေကျင့်ထား ပေလိမ့်မည်။

စုချန်း၏ ထင်မြင်ယူဆချက်မှာ မှန်ကန်၏။ အဘယ်ကြောင့်ဆိုသော် ဂျီဟန်းယင်သည် စွမ်းအင်များကို မြန်ဆန်စွာ သုံးစွဲနေပြီး ထိုစွမ်းအင် များကိုလည်း မြန်မြန်ဆန်ဆန်ပင် ပြန်လည် ဖြည့်ဆည်းနိုင်ကြောင်း တွေ့ရှိရလေသည်။ ထို့ကြောင့် ထပ်ဖြည့်ပြောရလျှင် ဂျီဟန်းယင်၏ ကိုယ်ခန္ဓာစွမ်းအင် အဆင့်အတန်းသည် စုချန်းနှင့် အတူတူ သို့မဟုတ် စုချန်းထက်ပင် တစ်လွှာခန့် မြင့်မားပေလိမ့်မည်။

နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြောက်စရာ ကောင်းလှသည့် မိန်းကလေး ပေတကား။ ဤအနေအထားတွင် ဂျီဟန်းယင် တစ်ယောက် မည်သူနှင့်မျှ ညှိုနှိုင်းရန် စိတ်မဝင် စားသည်မှာ အံ့သြစရာ မဟုတ်တော့။ သူမ၏ လက်ရှိ အခြေအနေ အရဆိုလျင် ဤပြိုင်ပွဲတစ်ခုလုံးတွင် မည်သူ့ကိုမျှ ဂရုစိုက်နေစရာ မလို။ ကြိုက်သောအချိန် ကြိုက်သောနေရာတွင် ကြိုက်သောသူကို ကြိုက်သလို တိုက်ခိုက်နိုင်၏။ ဤနှစ်၏ ပြိုင်ပွဲဝင်များအနက် မည်သူမျှ သူမ၏ ပြိုင်ဘက်မဟုတ်။

ဒါနဲ့ပဲ မင်းကို ပြိုင်ဘက်ကင်းလို့ သတ်မှတ်ရတော့မှာလား …

ဂျီဟန်းယင်ကို စူးရှသော မျက်လုံးအစုံနှင့် စိုက်ကြည့်နေရင်း စုချန်း၏ အာရုံထဲတွင် တိုက်ခိုက်ရေး နည်းဗျူဟာတစ်ရပ် ပေါ်ပေါက် လာတော့သည်။

ထိုအခိုက်မှာပင် ဂျီဟန်းယင်၏ နှင်းခါးရေခဲ လက်ဝါးရိုက်ချက်က ထပ်မံပေါ်ထွက် လာပြန်၏။ သူမသည် လေထဲသို့ ခုန်ထွက်ရင်း လက်ဝါးကွက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ လက်ဝါးသဏ္ဌာန် ဆီးနှင်းပုံရိပ်သည် ကြည့်နေရင်းနှင့်ပင် တဖြည်းဖြည်း ကြီးမားလာပြီး စုချန်းတို့ထံသို့ တိုးဝင်လာ၏။ ထိုအခါ စုချန်းက လက်ဝါးနှစ်ဖက်ကို ပက်လက်လှန်ရင်း လှုပ်ရှားလိုက်ရာ ပေါက်ကွဲနေသော မီးလျှံငှက် တစ်ကောင် ပေါ်ထွက်လာ၏။ ဤတစ်ကြိမ် စုချန်း၏ မီးလျှံငှက်သည်ကား သာမာန်နှင့်မတူပဲ အရွယ်အစား ကြီးမားလှပြီး သွေးနီရောင် အလင်းတန်းများ တဖျပ်ဖျပ် လင်းလက် တောက်ပ နေလေသည်။ ဂျီးဟန်းယင်၏ ရေခဲလက်ဝါ သူတို့ထံ ကျရောက် မလာခင်မှာပင် မီးလျှံငှက်သည် ကောက်ခါငင်ခါ ထပျံသွားရင် လက်ဝါးသဏ္ဌာန် ဆီးနှင်းပုံရိပ်ကို တစ်ဟုန်ထိုး ဝင်ရောက် တိုက်ခိုက် လိုက်တော့သည်။

မီးလျှံငှက်နှင့် ရေခဲလက်ဝါး ဆုံတွေ့သည့် အချိန်မှာပင် ကျယ်လောင်လှသော အသံနက်ကြီး ထွက်ပေါ်လာပြီး အင်အား ပြင်းထန်လှသော အားလှိုင်းများသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်ကုန်၏။ ထို့နောက်တွင်ကား မီးရောင်များ တဖြည်းဖြည်း ဖျော့တော့လာပြီး ကောင်းကင်ပေါ်မှ နှင်းမိုးများ ရွာချလာတော့သည်။

***

All Chapters