← Chapters

နှင်းငှက် (၃)

Vol. 15 Ch. 149

နှင်းငှက် (၃)

Vol. 15 Ch. 149

အပူနှင့်အအေး၊ မီးနှင့်ရေတို့၏ တိုက်ပွဲမှ ထွက်ပေါ်လာသော စွမ်းအင်ကို ကြည့်ရင်း မျှော်စင်ပေါ်ရှိ ဧည့်ပရိတ်သတ်များ အားလုံး လိုလိုသည် အံသြတကြီးနှင့် အော်ဟစ် အားပေးကြတော့သည်။ ၎င်းတို့၏ အော်ဟစ် အားပေးသံသည် ပြိုင်ပွဲဝင်နှစ်ဦးကို ၎င်းတို့ တတ်နိုင်သလောက် ချီးမွမ်းလိုက်ခြင်း ဖြစ်သည်။ အသိအမှတ် ပြုလိုက်ခြင်း ဖြစ်သည်။

"ဒီလူငယ်ဟာ ခုချိန်ထိ သူ့အင်အားကို ဖုံးကွယ်ထားတုံးပဲ ဆိုတာ ဘယ်သူများ သတိထားမိကြသေးလဲ ဘုရား ဘုရား သူရဲ့ မီးလျှံငှက်က ဒီလောက်တောင် အင်အား ပြင်းထန်နေတာပဲကိုး"

မနေနိုင်တော့သော လူတချို့သည် အော်ကြီးဟစ်ကျယ်နှင့် စုချန်းကို ချီးမွမ်းကြတော့သည်။

သို့သော် လူစုလူဝေးအတွင်း ရှိနေကြသော လူတချို့ အတွက်ကား အခြေအနေမှာ ပိုမိုရှုပ်ထွေး လာသကဲ့သို့ ထင်ရ၏။ ကုချိန်းလွှာသည် အလင်းမျက်နှာပြင်ပေါ်တွင် အတိုင်းသား မြင်တွေ့နေရသော စုချန်းအား တွေဝေစွာ ငေးမောကြည့်ရှုနေ၏။ သူမသည် လက်ရှိ ဖြစ်ပျက်နေသော အကြောင်းချင်းရာများအား ဂဃနဏ နားလည်သူ လူနည်းစုများအနက် တစ်ဦးဖြစ်သည်။

စုချန်း ကနဦး အသုံးပြုလိုက်သည့် မီးလျှံငှက်သည် ပို၍ အင်အားကြီးမား လာသည်တော့ မှန်၏။ သို့သော် သူ့ချည်း သက်သက်ကြောင့်တော့ မဟုတ်ပေ။ ဆိုလိုသည်မှာ မီးလျှံငှက်၏ ပြင်းထန်စွာ ပေါက်ကွဲထွက်စေသော အင်အားသည် ငှက်၏ အတောင်ပံများကြောင့်သာ မဟုတ်ပဲ တွန်းပို့လိုက်သော လက်ချောင်းများနှင့်လည်း သက်ဆိုင်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကုမျိုးနွယ်စု၏ ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများပေလော။

စုချန်း အသုံးပြုနေသည့် မီးလျှံငှက်တွင် ကုမျိုးနွယ်စု၏ အငွေအသက် တချို့ ပါဝင်နေသည်ဟု ကုချိန်းလွှာတစ်ယောက် သံသယ ဖြစ်နေသည်မှာ ကြာပြီ။ ယခုတော့ လုံးဝ သေချာသွားလေပြီ။ လက်စသတ်တော့ ပေါက်ကွဲနေသော မီးလျှံငှက်သည် ကုမျိုးနွယ်မူပိုင် ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများနှင့် အခြား မူလစွမ်းရည် တစ်မျိုးမျိုး ပေါင်းစပ်ရာမှ ထွက်ပေါ်လာခြင်း ပေတကား။ သို့သော် ၎င်း၏ စွမ်းရည်မှာကား သွေးဗီဇ မပါသူ တစ်ဦး အသုံးပြုနိုင်သည့် နယ်နိမိတ်ကို ကျော်လွန်နေခဲ့၏။ အဘယ်ကြောင့် ဤသို့ဖြစ်ရေလေသနည်း။ တစ်ခုခုတော့ မှားယွင်း နေခဲ့လေပြီ။

အမှန်ကတော့ စုချန်း၏ ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများ နည်းစနစ် ပို၍တိုးတက် လာသောကြောင့်သာ ဖြစ်လေသည်။ မူလပစ္စည်းဆေးဝါးကို အသုံးပြုပြီးနောက် ကုမျိုးနွယ် နည်းစနစ်များအပေါ် စုချန်း၏ ထိန်းချုပ်နိုင်စွမ်းသည် အလျင်အမြန်ပင် တိုးတက်လာခဲ့၏။ သို့သော် ထိုတိုးတက်မှုသည် သူ၏ လေ့ကျင့်နိုင်စွမ်း အပေါ်တွင်လည်း များစွာ မူတည်နေသေး၏။ တစ်နည်းအားဖြင့် ယခင်က စုချန်းသည် ကုမျိုးနွယ်နည်း စနစ်များကို သွေးဗီဇမရှိသူ တစ်ယောက်၏ အဆင့်အတန်းထိသာ လေ့ကျင့် နိုင်ခဲ့သော်လည်း မူလပစ္စည်းဆေးဝါးကို အသုံးပြုပြီးနောက် သွေးဗီဇ တစ်ဝက်ပါသူ တစ်ယောက်၏ အဆင့်ထိ တိုးမြှင့် လေ့ကျင့်နိုင်ခဲ့လေသည်။ သို့သော် ထိုအဆင့်အတန်းမျိုး ရရှိရန် ထိုက်သင့်သော ကြိုးစား အားထုတ်မှုတော့ ရှိရပေလိမ့်မည်။

အတိတ်ကာလတုန်းက စုချန်းအနေနှင့် ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများကို အားသွန်ခွန်စိုက် လေ့ကျင့်ခဲ့သော်လည်း သွေးဗီဇမရှိသူ တစ်ယောက်၏ အနေအထားထက် ကျော်လွန် လေ့ကျင့်နိုင်ခဲ့ခြင်း မရှိသေး။ ပြိုင်ပွဲသို့ စတင်ဝင်ရောက်ခဲ့ပြီး နောက်တွင်ကား သူသည် ထိုနည်းစနစ်နှင့် ပိုမို၍ အကျွမ်းဝင်လာခဲ့သလို ဘရုခ်ပုံသေနည်းနှင့် ပေါက်ကွဲနေသော မီးလျှံငှက်နည်းစနစ်ကို ရရှိခဲ့၏။ အောင်မြင်မှုရရှိရန် အကောင်းဆုံး နည်းလမ်းမှာ တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟူသော ဆိုရိုးစကားအတိုင်း သူသည် တိုက်ရင်း လေ့ကျင့်ရင်းနှင့်ပင် ဤနည်းစနစ်ကို သွေးဗီဇ တစ်ဝက်ပါသူ တစ်ယောက်၏ အနေအထားကို ပေါက်မြောက် အောင်မြင်အောင် လေ့ကျင့် နိုင်ခဲ့လေသည်။

ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများ၏ အဆင့် ပိုမိုမြင့် တက်လာသည်နှင့်အမျှ မီးလျှံငှက်၏ ပေါက်ကွဲ နိုင်စွမ်းမှာလည်း ပို၍ ပြင်းထန်လာခဲ့၏။ သို့သော် စုချန်းသည် ထိုတစ်ကွက်ကိုတော့ အချိန်မတန်သေးခင် မထုတ်ဖော်သေးပဲ ဆရာစား ချန်ထားခဲ့၏။ သူလတ်တလော အသုံးပြုနေခဲ့သော မီးလျှံငှက်မှာ သွေးဗီဇမပါသူ တစ်ယောက်၏ ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများနှင့် ပေါင်းစပ်ထားသော သာမာန် မီးလျှံငှက်နည်း စနစ်သာ ဖြစ်သည်။

မီးလျှံနှင့် ရေခဲ၏ ပေါက်ကွဲမှုကြောင့် ကောင်းကင် တစ်ခွင်လုံး ထိန်ထိန်လင်းနေသော အလင်းရောင်တန်းများ ထွက်ပေါက်လာ၏။ သို့တိုင်အောင် ထိုအလင်းတန်း များသည် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်နိုင်သော အရှိန်အဝါ တစ်မျိုးကို ဆောင်နေသေးသည်။ အားကောင်းလှသော မီးလျှံငှက်က ရေခဲလက်ဝါးကို ပြန်လည် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဝမ်တောက်ရှန်း၏ တိမ်တိုက်ထက်ခြမ်း ခွဲခြင်းသည် ပေါက်ကွဲမှု အနားသတ် စွမ်းအင်လှိုင်းများကို ဖြတ်သန်းပြီး ကောင်းကင်ပေါ်သို့ တိုးထွက်သွား၏။ အဖြူရောင် အလင်းတန်းများကား ဂျီဟန်းယင်ဆီသို့ ပြေးဝင်လာခဲ့လေပြီ။

မထင်မှတ်သော ဖြစ်ရပ်ကြောင့် ဂျီဟန်းယင် အငိုက်မိသွား၏။ သူမအနေနှင့် ဤကဲ့သို့ ပြန်လည် တုံ့ပြန်ခံရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထား။ ထိုအခါ သူမ၏ မျက်နှာပေါ်တွင် အံ့သြသင့်သော အမူအရာများ ပေါ်ပေါက်လာ၏။ ကျောက်သား မျက်နှာပေးနှင့် မိန်းမချောလေး၏ ပထမဦးဆုံး လူသားဆန်သော အမူအရာဟု ဆိုရပေလိမ့်မည်။ ထိုအခိုက်မှာပင် အေးစက်သော အလင်းရောင်ချို့ ထွက်ပေါ်လာပြီး သူမ၏ ကိုယ်ခန္ဓာကို လွှမ်းခြုံ လိုက်လေသည်။ ဂျီဟန်းယင်သည် ဝမ်တောက်ရှန်း၏ တိုက်ခိုက်မှုကို သလင်းကျောက် အကာအကွယ်ဖြင့် ခုခံလိုက်ခြင်း ဖြစ်သည်။

သေစမ်း ... သူ့မှာလည်း အကာအကွယ် မူလစွမ်းရည် ရှိနေတာပဲဟ ...

သုံးဦးသား၏ ရင်ထဲတွင် ကျိန်စာ အတိုက်ခံလိုက် ရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ ပူးပေါင်း တိုက်ခိုက်မှု အလဟသ ဖြစ်သွားသည်နှင့် စုချန်းက အုံလိုက်ကျင်းလိုက် တိုက်စစ်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက များပြားလှသော မီးလျှံငှက်များကို အဆက်မပြတ် ဖော်ထုတ်ရင်း အလွန်တရာ ရှင်းလင်း ပြတ်သားသော လေသံဖြင့် သူ့အဖော် နှစ်ယောက်ကို အမိန့်ပေးလိုက်၏။

"ကျုပ်က ခံစစ်ကို တာဝန်ယူမယ် ဝမ်တောက်ရှန်း ခင်ဗျားက တန်ပြန် တိုက်စစ်အတွက် တာဝန်ယူ ချင်းလင်အာ ခင်ဗျားကတော့ သူ့ကို မလှုပ်ရှားနိုင်အောင် ထိန်းချုပ်ထားပေး"

"ကောင်းပြီ"

သူတို့နှစ်ယောက်လည်း ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ ဝမ်တောက်ရှန်း၏ လေသံမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်လျှမ်း နေသော်လည်း ချင်းလင်အာ၏ အသံမှာကား တစ်ခုခု မှားယွင်းနေသကဲ့သို့ ရှိလေသည်။

အကြောင်းမှာ အချက်အလက်အရ နှိုင်းယှဉ်လျင် သူမအနေနှင့် အတော်အတန် အင်အားကြီးမား သည်ကတော့ မှန်၏။ သို့သော် စိတ်လှည့်စားခြင်း ပညာရှင် တစ်ယောက်အနေနှင့် တိုက်ပွဲတွင် အစွမ်းပြနိုင်ရန်မှာ ပြိုင်ဘက်များ၏ စိတ်အခြေအနေပေါ်တွင် မူတည်နေသည်။ အကယ်၍ စိတ်ဓာတ် ပျော့ညံ့ပြီး ရုပ်ပိုင်းဆိုင်ရာ အင်အားကြီးမားသော ပြိုင်ဘက် တစ်ဦးဦးကိုသာ ထိန်းချုပ်နိုင်ခဲ့ပါက ဤတစ်ပွဲမှာ သူမ၏ပွဲ ဖြစ်သွားဖွယ်ရာ ရှိနေသည်။ သို့သော် အခြေအနေမှာကား ဤသို့မဟုတ်ခဲ့။ သူမ၏ လက်ရှိပြိုင်ဘက်မှာ ဂျီးဟန်းယင် ဖြစ်နေ၏။ စိတ်ဓာတ် မာကျောလှသော ဂျီဟန်းယင်ကို သူမအနေနှင့် အဘယ်မှာ ထိန်းချုပ်နိုင်အံ့နည်း။ သူမ အလွန်ဂုဏ်ယူသော ဝိညာဉ်ပုံတူ နည်းစနစ်နှင့် ကျောက်စိမ်း အမွှေးနံ့သာမှာ ဂျီဟန်းယင် အပေါ်တွင် လုံးဝ ထိရောက်ခြင်း မရှိလေရာ ချင်းလင်အာ အနေနှင့် လတ်တလောတွင် သာမာန် တိုက်ခိုက်ရေး စွမ်းရည်များကိုသာ အသုံးပြုနိုင်ရှာ၏။ သူမ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ မညံ့လှသော်လည်း စုချန်းနှင့် ဝမ်တောက်ရှန်း တို့နှင့်ကား နှိုင်းယှဉ်၍ မရသေး။ ထိုအခါ အချက်အလက်အရ အင်အားကြီးမား နေသော်လည်း လတ်တလောတွင် ချင်းလင်အာမှာ သုံးယာက်ထဲတွင် အင်အား အနည်းဆုံးသူ ဖြစ်နေရှာ၏။

ဤတစ်ကြိမ်တွင်လည်း စုချန်း၏ စွမ်းဆောင်မှုမှာ စောင့်ကြည့်သူများကို ရင်သပ်ရှုမော စေခဲ့ပြန်သည်။

သူ၏ ဝှက်ဖဲကို ထုတ်ဖော်ခဲ့ ပြီးသည့်နောက် စုချန်းသည် ရှိသမျှ အင်အားနှင့် စွမ်းရည်များကို အသုံးချကာ ဂျီဟန်းယင်အား မီးကုန်ယမ်းကုန်ပင် တိုက်ခိုက်တော့သည်။ သူသည် မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အမြင့်ဆုံး အနေအထားထိ နှိုးဆွလိုက်ရာ သူ့ကိုယ်ခန္ဓာသည် လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းပမာ တစ်ဟုန်ထိုး မြောက်တက်သွားပြီး လေထဲတွင် လွင့်မြော ပျံသန်းနေတော့သည်။ သူရောက်ရှိနေသော နေရာမှာလည်း ဂျီဟန်းယင်ထက်ပင် မြင့်၏။ ထို့နောက် သူသည် အင်အား ပြင်းထန်လှသော မီးလျှံငှက်များကို အဆက်မပြတ် ဖော်ထုတ်ကာ ဂျီဟန်းယင်အား အပေါ်စီးမှနေ၍ တိုက်ခိုက်တော့သည်။

အမှန်တော့ လောကတစ်ခွင်တွင် အနှိုင်းမဲ့ဟူ၍ မည်သူမျှ မရှိ။ လူတိုင်းလိုလိုတွင် ကိုယ်ပိုင် ကန့်သတ်ချက်ကိုယ်စီ ရှိကြသည်သာ။

တိုက်ခိုက်မှု တချို့ပြုလုပ်ပြီးနောက် စုချန်းသည် ဂျီဟန်းယင်၏ အားနည်းချက် တချို့ကို သတိထားမိခဲ့၏။ ပထမဆုံးအနေနှင့် သူသတိထားမိခဲ့သော အရာမှာ သူမသည် အပေါ်စီးမှ တိုက်ခိုက်လျင် ပို၍အင်အား ပြင်းထန်စွာ တိုက်ခိုက်နိုင်ကြောင်းပင်။ နှင်းခါး ရေခဲလက်သီး၊ ရေခဲလက်ဝါးနှင့် ဝိညာဉ်ခွဲ လက်ချောင်းတို့သည် အပေါ်စီးမှနေ၍ မိမိ၏ ပစ်မှတ်ကို အင်တိုက်အားတိုက် တိုက်ခိုက်ရသော နည်းစနစ်များ ဖြစ်ကြသည်။ ထိုအတွက်ကြောင့်ပင် ဂျီဟန်းယင်သည် လေထုအတွင်း လူးလား ပျံသန်းသွားလာနိုင်သော မူလစွမ်းရည်မျိုးကို အထူးတလည် သင်ယူ လေ့ကျင့်ထားခြင်း ဖြစ်သည်။

ထိုအချိန်တွင် စုချန်းက သူမထက် မြင့်မားသော နေရာသို့ ခုန်တက်၍ သူမကို အပေါ်စီးမှ တိုက်ခိုက် လိုက်သောအခါ ဂျီယန်းယင်ခမျာ အတော်လေး ထိတ်လန့် သွားတော့သည်။ သူမကလည်း အားကျမခံ ရေခဲလက်ဝါးတစ်ချက်နှင့် တုံ့ပြန်လိုက်သည်။ အအေးဓာတ်သည် ရိုးတွင်းချဉ်ဆီ ထိအောင် ထိုးဖောက်သွားလေရာ ဂျီဟန်းယင်၏ လက်ဝါးကွက် စွမ်းရည်မှာ ယခင်အတိုင်းဟု ထင်ရသည်။ သို့သော် လက်ဝါးကွက်၏ နောက်ကွယ်ရှိ အင်အားမှာကား ၅၀ရာခိုင်နှုန်းခန့် လျော့ကျ သွားကြောင်း စုချန်းက သိရှိခံစားနေရ၏။

ဤတစ်ကြိမ်တွင်လည်း စုချန်း၏ အတွေးအခေါ်မှာ မှန်ကန်နေခဲ့ ပြန်လေပြီ။

အင်အား ကြီးမားလှသော မီးလျှံငှက်သည် ရေခဲလက်ဝါးကို ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်လိုက်ရာ နောက်တစ်ကြိမ် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြန်၏။ ဤတစ်ကြိမ်တွင်ကား မီးလျှံနှင့် ရေခဲသည် ကြာရှည် ပူးကပ်နေခြင်း မရှိတော့။ ဟုန်းဟုန်း ထနေသော မီးလျှံများသည် ရေခဲနှင့် ဆီးနှင်းများကို ဖိနှိပ်လိုက်ပြီး ဂျီဟန်းယင်ထံသို့ ဆက်လက် တိုးဝင်သွားတော့သည်။ ထိုအခိုက်မှာပင် ဝမ်တောက်ရှန်း၏ တိမ်တိုက် ထက်ခြမ်းခွဲခြင်းနှင့် ချင်းလင်အာ၏ လိပ်ပြာတောင်ပံ ဓားတို့က ကြောက်မက်ဖွယ် အသံပြုလျက် ဂျီဟန်းယင်ထံသို့ ပြေးဝင်လာ၏။

ဂျီဟန်းယင်၏ မျက်နှာပေါ်တွင် ထိတ်လန့်သော အမူအရာများ ပေါ်ပေါက်လာပြီး စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဤတစ်ကြိမ်သည် ပြိုင်ပွဲတစ်လျှောက်လုံး ဂျီဟန်းယင်၏ နှုတ်ဖျားမှ ပထမဆုံးအကြိမ် အသံပြုလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူမက လက်နှစ်ဖက်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ ရေခဲသလင်းကျောက် အကာအကွယ်သည် ပြန်လည် ပေါ်ပေါက်လာပြန်၏။ ဤတစ်ကြိမ် ဂျီဟန်းယင် ဖော်ထုတ်လိုက်သည့် နည်းစနစ်မှာကား စုချန်းတို့ တစ်ခါမှ မမြင်ဖူးသေးသည့် နည်းစနစ် အသစ်အဆန်း ဖြစ်ပုံရသည်။ ကောင်းကင်ပေါ်တွင် မရေမတွက်နိုင်သော လက်ဝါးအရိပ်များ ပေါ်ပေါက်လာပြီး ထိုလက်ဝါးများမှ ထွက်ပေါ်လာသော လေအဟုန်သည် လေတံတိုင်းကြီးပမာ ဂျီဟန်းယင်အား အကြားအလပ်မရှိ ကာကွယ်ထားလေသည်။

တဖုန်းဖုန်း တဒိုင်းဒိုင်းနှင့် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများ အဆက်မပြတ် ပေါ်ပေါက်လာပြီး ဂျီဟန်းယင်၏ အကာအကွယ်များသည် တစစီ ကျိုးပဲ့ပျက်စီး ကုန်တော့သည်။ သူမ၏ ခုခံခြင်း စွမ်းရည်သည် တိုက်စစ်စွမ်းရည်ထက် နိမ့်ပါးနေလေရာ စုချန်းတို့ သုံးယောက်၏ ပူးပေါင်း တိုက်ခိုက်မှုသည် သူမ၏ အကာအကွယ်များကို ကျိုးပဲ့ကြေမွ သွားစေရန် လုံလောက်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။ နောက်ဆုံး အကာအကွယ် ပျက်စီးသွားသည်နှင့် ဂျီဟန်းယင်က နောက်သို့ တစ်ဟုန်ထိုး ခုန်ဆုတ်လိုက်၏။ ဤတစ်ကြိမ်သည်လည်း ပြိုင်ပွဲကာလ တစ်လျှောက် ဂျီဟန်းယင်အဖို့ ပထမဆုံးအကြိမ် နောက်ဆုတ် ပေးလိုက်ရခြင်း ဖြစ်သည်။

ဤယနေ့သည်ကား ဂျီဟန်းယင်အဖို့ ပထမဆုံးအရာများ စတင်သည့်နေ့ဟုပင် တင်စား ရပေတော့မည်။ ဤသုံးယောက်နှင့်တွေ့မှ သူမသည် ပထမဆုံးအကြိမ် ကြောက်လန့် တကြားနှင့် အော်ဟစ်ခဲ့ရ၏။ ပထမဆုံးအကြိမ် အကာအကွယ်များကို အသုံးပြုခဲ့ရ၏။ ပထမဆုံးအကြိမ် နောက်ဆုတ် ပေးလိုက်ရ၏။ အမှန်တော့ ပထမဆုံး အရာများမှာ အဆုံးမသတ်သေး။ အကြောင်းမှာ သိပ်မကြာမီ သူမသည် ပထမဆုံးအကြိမ် ဒဏ်ရာ ရရှိခဲ့သောကြောင့်ပင်တည်း။

ဝုန်း …

ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထပ်မံ ထွက်ပေါ်လာပြီး ဂျီဟန်းယင်က ခေါင်းကို မော့လိုက်သည်။ သူမ၏ ပါးစပ်အတွင်းမှကား သွေးများ ယိုစီးကျနေ၏။

ဒဏ်ရာ ရသွားပါလား … ငါ ... ငါဘယ်လိုလုပ် ဒဏ်ရာရသွားတာလဲ ...

သူမက စုချန်းကို ထိတ်လန့်တကြားနှင့် စိုက်ကြည့်လိုက်သည်။

သူ ဘယ်လိုများ လုပ်လိုက်တာလဲ ... ငါ့ရဲ့အကာအကွယ်က မထိရောက်ဘူးဆိုတဲ့ သဘောလား ...

ဂျီဟန်းယင်ကား ဘုမသိဘမသိနှင့် ဒဏ်ရာ ရသွားသည်ဟုသာ ဆိုရတော့မည်။ သူမကို ဒဏ်ရာ ရသွားစေသော လက်နက်မှာ မည်သည့် အရာမှန်းပင် ဂဃနဏ မသိလိုက်ရှာ။ သို့သော် မျှော်စင်ပေါ်ရှိ လူအများသည်ကား စုချန်း၏ လုပ်ရပ်ကို ရှင်းရှင်းလင်းလင်းပင် မြင်တွေ့ လိုက်ကြသည်။ သူသည် ဂျီဟန်းယင်ကို မီးလျှံငှက်နှင့် တိုက်ခိုက် နေစဉ်မှာပင် ပေါက်ကွဲစေတတ်သော ဝိုင်းကရား သုံးခုကို တိတ်တဆိတ် ပစ်လွှင့်လိုက်ခြင်း ဖြစ်သည်။ သို့သော်ငြားလည်း သူသည် ထိုဝိုင်ကရား များကို ပစ်လွှတ်ရာတွင် ဂျီဟန်းယင်ထံသို့ ဦးတည်ပစ်လွှတ်ခြင်း မဟုတ်။ လေထဲသို့သာ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူသည် ချင်းလင်အာနှင့် တိုက်ခိုက်စဉ် ကဲ့သို့ပင် ဝိုင်ကရားများကို အချိန်နောက်ကျမှ ပေါက်ကွဲစေရန် ပြုလုပ်ထား ပြီးလေပြီ။

ထိုအချိန်တွင် ဂျီဟန်းယင်သည် စုချန်းတို့ သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို အာရုံစိုက်ကာ ခုခံနေရလေရာ သူမနောက်ကျောရှိ လေထုအတွင်းသို့ ရောက်ရှိနေသော ဝိုင်ကရားများကို အနည်းငယ်မျှပင် သတိမပြုမိချေ။ သို့တိုင်အောင် ထိုအချိန်တွင် နောက်ဆုတ် ရှောင်တိမ်းခြင်းသာ မရှိလျင် သူမအနေနဲ့ မည်သည့်ဒဏ်ရာမျှ ရရှိအုံးမည် မဟုတ်။ ယခုတော့ အလောတကြီး နောက်ဆုတ် လိုက်သည့်အတွက် ဝိုင်ကရားများ၏ ပေါက်ကွဲမှု ဧရိယာအတွင်း ရောက်ရှိသွားကာ သူမခမျာ မထင်မှတ်ပဲ ဒဏ်ရာ ရရှိသွားခြင်းပင် ဖြစ်သည်။ သူမအနေနဲ့ မဆိုစလောက် ကံကောင်း သွားသည်မှာ စုချန်းသည် သူမကို ဝိုင်ကရားသုံးခု၏ အလယ်ဗဟိုသို့ ရောက်အောင် တွန်းပို့နိုင်ခဲ့ခြင်း မရှိသောကြောင့် ပေါက်ကွဲမှု သုံးခုအနက် တစ်ခုသာ ထိမှန်သွားခြင်း ဖြစ်သည်။

သို့သော် ထိုပေါက်ကွဲမှုသည်ပင် ဂျီဟန်းယင်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့၏။ ယခုအချိန်တွင် သူမ ဒဏ်ရာ ရရှိသွားလေပြီ။ နဂါးကျောင်းတော်၏ ပြိုင်ပွဲ စတင်ခဲ့ကတည်းက နှင်းငှက်ဂျီဟန်းယင် ဟူသည် တိုက်ပွဲမှန်သမျှကို နောက်ကောက်ချ နိုင်ခဲ့သည်ချည်းသာ။ မည်သည့်အခါမျှ အနာတရ မဖြစ်စဖူး။ ဤဒဏ်ရာသည် ပြိုင်ပွဲတစ်လျောက် ဂျီဟန်းယင်၏ ပထမဆုံးဒဏ်ရာပင် ဖြစ်လေသည်။

ထိုအချိန်တွင် စုချန်း၏ ဒုတိယမြောက် တိုက်ခိုက်မှုက ပြန်လည် ထွက်ပေါ်လာ၏။ ပေါက်ကွဲနေသော မီးလျှံငှက်သည် တဟီးဟီး အသံပြုလျက် ဂျီဟန်းယင်ထံသို့ ပျံသန်းလာ၏။ ထို့နောက်တွင်ကား ဝိုင်ကရား သုံးခုသည် ကြိဂံပုံစံ ပျံသန်းကာ မီးလျှံငှက်၏ နောက်မှ ထပ်ချပ် လိုက်ပါလာသည်။ စုချန်းသည် မြူခိုးကြားမှ မြွေခြေလှမ်းကို အမြင့်ဆုံးထိ နှိုးဆွကာ လေထဲသို့ ခုန်တက် ပျံသန်းပြီး သူမကို အပေါ်စီးမှနေ၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူမ၏ အောက်ဘက်တွင်လည်း ဝမ်တောက်ရှန်းနှင့် ချင်းလင်အာတို့က ပြိုင်တူ တိုက်ခိုက် လိုက်ကြသည်။

သူတို့ သုံးယောက်၏ ပူးပေါင်း တိုက်ကွက်မှာကား ကြောက်မက်ဖွယ် ကောင်းလှသည်။ ဂျီဟန်းယင် အတွက်ကား သေရေးရှင်ရေး အခိုက်အတန့်သို့ ရောက်ရှိ သွားခဲ့လေပြီ။ မိမိ၏ အခြေအနေမှာ အလွန်အန္တရာယ် များနေသည်ကို တွေ့သောအခါ ဂျီဟန်းယင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အသက်ကို ပြင်းထန်စွာ ရှုသွင်းလိုက်၏။ ထိုအခိုက်မှာပင် နှိုင်းယှဉ်၍ မရလောက်အောင် ပြင်းထန်လှသော အအေးဓာတ်သည် သူတို့၏ နှလုံးသား တိုင်အောင် ရိုက်ခတ် လာလေရာ ဝိညာဉ်များပင် တုန်ယင်သွားသည်ဟု ထင်မှတ်ရသည်။ တစ်ဆက်တည်းမှာပင် ကြီမားသော ဆီးနှင်းလှိုင်းကြီး တစ်ခု ဂျီဟန်းယင်၏ ကိုယ်ပေါ်မှာ တိုးထွက်လာပြီး သူတို့ထံသို့ ပြေးဝင် လာတော့သည်။ ဆီးနှင်း လှိုင်းလုံးကြီး၏ အင်အားမှာကား အထူးပင် ပြင်းထန်လှ၏။ စုချန်းတို့ သုံးဦးသား၏ ကြိုးစားပမ်းစား တိုက်ခိုက်မှုသည် အေးစက်သော လေထု၏ အောက်ဝယ် ကစားစရာ အရုပ်များသဖွယ် ဖြစ်ကုန်ကြပြီး သူတို့၏ ကိုယ်ခန္ဓာမှာလည်း ကြိုးပြတ်သွားသော စက္ကူစွန်များပမာ လေဟုန်စီးကုန် ကြတော့သည်။

ထို့နောက် သူတို့သုံးဦးသည် မြေကြီးပေါ်သို့ ဝရုန်းသုန်းကားနှင့် ပြုတ်ကျသွားကြ၏။ သူတို့၏ ပါးစပ်များမှလည်း သွေးများ ကိုယ်စီ စီးကျလာကြသည်။ သူတို့၏ ထိတ်လန့်မှုမှာကား ပြောဖွယ်ရာပင် မရှိ။ ဤမိန်းကလေးတွင် ဤမျှ ကြောက်စရာ ကောင်းသော နည်းစနစ်တစ်မျိုး ရှိနေသေးသည် တကား။ သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုသည်ပင် ဤမိန်းကလေးကို အံ့တုရန် မလုံလောက်သေးသည့် သဘောပေလော။

ဝမ်တောက်ရှန်းနှင့် ချင်းလင်းအာ တို့သည် ပါးစပ်အတွင်းမှ အလွန်ခါးသက်သော အရသာတစ်မျိုး ပေါ်ပေါက် လာသကဲ့သို့ ခံစားနေရလေသည်။ သို့သော် ဂျီဟန်းယင်သည် ထိုအချိန်တွင် သူတို့အား ပြေးဝင် တိုက်ခိုက်ရမည့်အစား နေရာမှ လျင်မြန်စွာ ထွက်ခွာ သွားတော့သည်။

သူတို့၏နားထဲတွင်တော့ အေးစက်သော စကားပြောသံကို ကြားလိုက်ရသည်။

"အထင်ကြီးလောက်စရာပဲ ငါမင်းကို ကောင်းကောင်း မှတ်မိတယ်"

ဘာလဲဟ …

ဘာအဓိပ္ပာယ်လဲ …

ဝမ်တောက်ရှန်းနှင့် ချင်းလင်အာ တို့သည် အခြေအနေကို နားမလည်နိုင်ဟန်ဖြင့် တစ်ယောက်ကို တစ်ယောက် ဖြတ်ခနဲ ကြည့်ရှု လိုက်ကြသည်။ ထိုအခါ စုချန်းက ပြောလိုက်၏။

"နောက်ဆုံးတော့ သူ့ကို ကျုပ်တို့ နိုင်ခဲ့ပြီပဲ"

ထိုအခါကျမှ ဝမ်တောက်ရှန်းနှင့် ချင်းလင်အာ တို့က အခြေအနေကို နားလည် သဘောပေါက် လာကြသည်။ ဂျီဟန်းယင်၏ နောက်ဆုံး တစ်ကွက်သည် သူမ၏ ရှိရှိသမျှ အင်အားတို့ကို ကုန်ခန်း သွားစေခဲ့၏။ သူမအနေနှင့် ဆက်လက် တိုက်ပွဲဝင်ရန် မဖြစ်နိုင်တော့။ ထို့အတွက်ကြောင့်ပင် ဤနေရာမှ တချိုးတည်း လစ်ပြေးသွားခြင်း ဖြစ်သည်။

"ဟေး ငါတို့ နိုင်ပြီကွ"

ဝမ်တောက်ရှန်းတို့ နှစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် လိုက်ကြ၏။ သူတို့အတွက်တော့ ဂျီဟန်းယင်ကို အနိုင်ရလိုက်ခြင်းသည် ကြီးမားသော အောင်မြင်မှုပင် ဖြစ်သည်။

သို့သော် စုချန်းမှာမူ အနည်းငယ်မျှ ဝမ်းသာဟန်မရှိပဲ ထွက်ပြေးသွားသော ဂျီဟန်းယင်၏ ကျောပြင်ကို ငေးမာ ကြည့်ရှုနေ၏။ သူ့မျက်လုံးများမှာကား ညအခါ ကောင်းကင်ယံတွင် တောက်ပ နေတတ်သည့် ငွေကြယ်ပွင့်များပမာ တဖျပ်ဖျပ် လင်းလက် တောက်ပ နေလေသည်။

သူ့စိတ်ထဲတွင်ကား စကားတစ်ခွန်းတည်းကို အထပ်ထပ်အခါခါ ရေရွတ် နေလေသည်။

"နောက်တစ်ခါကျရင် ဘယ်သူမှမပါပဲ ငါတစ်ယောက်တည်းနဲ့ မင်းကို အနိုင်ယူပြမယ်"

All Chapters