အဆင့်သတ်မှတ်ချက်များ
Vol. 15 Ch. 150
ဂျီဟန်းယင်ကို နောက်ဆုတ် သွားသည်အထိ တိုက်ခိုက်နိုင်ခဲ့ပြီးနောက် သူတို့အတွက် ဤပြိုင်ပွဲသည် ပန်းခြံထဲတွင် လမ်းလျှောက် သကဲ့သို့ လွယ်ကူသွားလေပြီ။ သူတို့ သုံးယောက်ပေါင်း အသင်းအဖွဲ့သည် ပြိုင်ပွဲနယ်မြေ တစ်ခုပြီး တစ်ခု ဖြတ်သန်းကာ တွေ့ကြုံလာသမျှ ပြိုင်ပွဲဝင်များအား ဆက်လက် အနိုင်ယူခဲ့ကြ၏။ သူတို့သည် မည်သည့် ပြိုင်ပွဲဝင်ကိုမဆို အမှုန့်ကြိတ် ချေမွပစ်လိုက်ကြ၏။ မည်သူ တစ်ဦးတစ်ယောက်မျှ သူတို့ကို မခုခံနိုင်ခဲ့။
လမ်းခရီးတစ်လျှောက်တွင် နောက်ထပ် အင်အားကြီးမားသော ပြိုင်ပွဲဝင်များနှင့် ထပ်မံတွေ့ကြုံခဲ့ ရသော်လည်း သူတို့သည် ဂျီဟန်းယင်လောက် အဆင့်မရှိလေရာ သူတို့အတွက် အထူးအထွေ ပြသာနာတော့ မဟုတ်ခဲ့။ ထိုပြိုင်ပွဲဝင်များကို အနိုင်ယူရင်းနှင့်ပင် သူတို့၏ ယုံကြည်မှုမှာလည်း ဆထက်တံပိုး မြင့်တက် လာကြကုန်၏။ ထို့နေ့တွင် သူတို့သုံးဦးသည် ပြိုင်ပွဲကာလ တစ်လျှောက် အမှတ်အများဆုံး စုဆောင်း နိုင်ခဲ့ကြလေသည်။
ထိုကာလတွင် စုချန်းသည် ပိုင်လိနှင့် လင်ချိန်းယွင် တို့ကို တွေ့နိုးတွေ့နိုးနှင့် ရှာဖွေသေးသော်လည်း သူတို့၏ မည်သည့် အရိပ်လက္ခဏာမျှကိုပင် မတွေ့ရ။ သူတို့အနေနှင့် နယ်မြေ(၁)သို့ ရောက်မရောက်ကိုပင် စုချန်းအနေနှင့် မသိရှိခဲ့ရပေ။
နေမင်းကြီး၏ ပထမဆုံး အလင်းရောင်သည် မိုးကုပ်စက်ဝိုင်းကို ဖြတ်သန်း၍ ပေါ်ပေါက်လာ၏။ ကျယ်လောင်သော ခရာမှုတ်သံတစ်ချက် ထွက်ပေါ်လာသည်။ ပုန်းအောင်းနေသော နဂါးကျောင်းတော်၏ သုံးရက်တာပြိုင်ပွဲ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင် များသည်လည်း ပြိုင်ပွဲနယ်မြေများမှာ အလျှိုလျှို ထွက်ခွာလာခဲ့ကြပြီး မျှော်စင်ရှေ့ ကွင်းပြင်ကြီးဝယ် နောက်တစ်ကြိမ် ပြန်လည် စုစည်းမိကြပြန်၏။ သူတို့အားလုံးသည် ဦးခေါင်းကို မော့ကာ အလင်းမျက်နှာပြင်ကို ပြူးပြဲကြည့်ရှုနေကြလေသည်။ အလင်းမျက်နှာပြင်ပေါ်တွင်ကား ပြိုင်ပွဲဝင်များ၏ ရမှတ်များနှင့် အမှတ်အလိုက် အဆင့် သတ်မှတ်ချက်များကို ဖော်ပြထား၏။
သုံးရက်တိုင်တိုင် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရပြီး ပြိုင်ပွဲဝင်များအဖို့ ဤယနေ့သည် ကြိုးစားမှု၏ အသီးအပွင့်များကို ခံစားရမည့်နေ့ ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် အလင်းမျက်နှာပြင်ပေါ်ရှိ ၎င်းတို့၏ နာမည်များကို အသည်းအသန် ရှာဖွေနေကြ၏။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေ၏။ ပတ်ဝန်းကျင် တစ်ခုလုံး ဝရုန်းသုန်းကားနှင့် အသံများ ဆူညံစွာ ထွက်ပေါ်နေသည်။ ပျော်ရွှင်စွာ ရယ်မောသံများ၊ အလိုမကျ ဆဲဆိုသံများသည် နိုင်သူရှုံး သူတို့၏ သဘော သဘာဝအတိုင်း ဟိုမှသည်မှ ထွက်ပေါ်နေ၏။
အမှန်တော့ လူ၁၀၀လျင် ၉၉ယောက်ခန့်က နဂါးကျောင်းတော်ဝင်ခွင့်ကို လွဲချော်ခဲ့ရသည် ဖြစ်လေရာ ဝမ်းနည်း စိတ်ပျက် ဒေါသထွက်နေသူ များကသာ လူများစုဖြစ်သည်။ ထိုအထဲမှ လူတချို့သာလျင် စိတ်လှုပ်ရှား နေဟန်ရှိလေရာ သူ့ပတ်ဝန်းကျင်ရှိ လူများနှင့် နှိုင်းယှဉ်လျင် အားနာစရာပင် ကောင်းနေသေးသည်။
ပြိုင်ပွဲဝင်အများစုသည် နဂါးကျောင်းတော် ဝင်ခွင့်ကိုသာ အာရုံထားသော်လည်း ထိုထက်ပို၍ ရည်မှန်းချက် မြင့်မြင့်မားမားထားသော လူတချို့လည်း ရှိတော့ရှိနေသည်သာ။
ချင်းလင်အာသည် အလင်း မျက်နှာပြင်ပေါ်တွင် သူမ၏ နာမည်ကို စိတ်ရှုပ်ထွေးစွာဖြင့် ရှာဖွေနေ၏။ သူမသည် ထိပ်ဆုံးလူမှ စတင်ရှာဖွေလိုက်ပြီး မကြာမီ သူမ၏ နာမည်ကို တွေ့ရှိလိုက်ရသည်။ သူမ၏ နာမည်သည် အဆင့်၁၀တွင် ရှိနေ၏။ သူမ၏ ရမှတ်မှာကား ၇၇၂မှတ် ဖြစ်သည်။
"ဟူး ငါလုပ်နိုင်ခဲ့ပြီပဲ"
ထိုအခါကျမှ ချင်းလင်အာက စိတ်သက်သာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ စုချန်းထံသို့ သူမ၏ အမှတ်အတော်များများ ရောက်ရှိသွားလေရာ ချင်းလင်အာအဖို့ အတော်လေး စိုးရိမ်စရာ အနေအထားကို ရောက်ရှိသွားခဲ့၏။ ထိုအခါ သူမသည် ကွာဟချက်ကို ကျဉ်းမြောင်းသွားစေရန် အသည်းအသန် ကြိုးစားခဲ့ရသည်။ မည်သို့ဆိုစေ နောက်ဆုံးတွင်ကား သူမသည် အဆင့်တစ်ဆယ်အတွင်း ဝင်ရောက်နိုင်ခဲ့လေပြီ။ ထိုအခါ ချင်းလင်အာ၏ စိတ်ထဲတွင် အတော်လေး သက်တောင့်သက်သာ ဖြစ်သွား၏။ ထိပ်ဆုံး ဆယ်ယောက်အနက် ပထမ၊ ဒုတိယနှင့် တတိယ သုံးယောက်သည် ကျန်ခုနှစ်ယောက်နှင့်စာလျင် အဆင့်မြင့်သည်ဟု သတ်မှတ်ခြင်း ခံရသော်လည်း ကွာဟချက်မှာ ကြီးကြီးမားမား မရှိလှ။ အဆင့်တစ်ဆယ် အတွင်း ဝင်ရောက်နိုင်ခဲ့ပြီဖြစ်၍ ထိုမျှလောက်သော ကွာဟချက်ကိုတော့ သူမ လက်သင့်ခံနိုင်၏။
ထိုအခါ သူမက စုချန်း၏ နာမည်ကို ထပ်မံ ရှာဖွေလိုက်ပြန်သည်။ စုချန်းသည် ရမှတ် ၈၁၄မှတ်ဖြင့် အဆင့်၅နေရာတွင် ရှိနေ၏။ ထိုအခါ ချင်းလင်အာက စုချန်းကို ဂုဏ်ပြု စကားပြောလိုက်သည်။
"ဟေ့ ရှင် အဆင့်၅ ဝင်တယ်ဆိုတော့ ဂုဏ်ယူပါတယ်ရှင်"
"အဆင့်၅နဲ့ အဆင့်၁၀နဲ့ ဘာမှ မကွာပါဘူးဗျာ"
စုချန်းက မည်သို့မျှ မထူးခြားသော လေသံနှင့် ပြန်ပြောလိုက်သည်။ သူက အမှန်အတိုင်း ပြောလိုက်ခြင်းသာ ဖြစ်သည်။ အဆင့်၅နှင့် အဆင့်၁၀ဟူသည် ထူးထူးခြားခြား ကွဲပြား ခြားနားခြင်း မရှိလှ။
"ဟေ့ ဟေ့ ဘာပဲဖြစ်ဖြစ် မင်းတို့ကမှ အနည်းဆုံး အဆင့်၁၀အတွင်း ဝင်ကြသေးတယ် ကျုပ်ဆိုရင် ကြည့်စမ်းပါအုံး အဆင့် ၁၆တဲ့ ဆိုးပကွာ"
ဝမ်တောက်ရှန်းက သက်ပြင်းချကာ ဝင်ပြောလိုက်သည်။ သူသည် အစောပိုင်း ကတည်းက ရမှတ်အတော်များများ ပြတ်ကျန် နေခဲ့လေရာ စုချန်းတို့ နှစ်ယောက်အား အမှီလိုက်နိုင်ခြင်း မရှိခဲ့။
"အို အဆင့် ၁၆ဆိုတာ သိပ်တော့လည်း မဆိုးပါဘူးရှင် ဘာပဲဖြစ်ဖြစ် ရှင်ဟာ နဂါးကျောင်းတော်ရဲ့ ကျောင်းသားတယောက်တော့ ဖြစ်လာခဲ့ပြီပဲဟာကို"
ချင်းလင်အာက နှစ်သိမ့်လိုက်၏။ ထို့နောက်တွင်တော့ သူတို့ သုံးယောက်သည် အလင်းမျက်နှာပြင်ကို ထပ်မံကြည့်ရှုလိုက်ကြသည်။ ဂျီဟန်းယင်သည်ကား အငြင်းပွားစရာ မရှိအောင် အမှတ်အများဆုံး ရရှိသူဖြစ်သည်။ သူမသည် သူတို့သုံးယောက်အား ရှုံးနိမ့်ခဲ့သည့်တိုင် လမ်းတစ်လျှောက်လုံးတွင် အမှတ်အများအပြား ထပ်မံစုဆောင်း နိုင်ခဲ့ပုံရ၏။ သူမ၏ ရမှတ်မှာကား ၁၃၄၅မှတ်ဖြစ်၍ ကြောက်လန့်ဖွယ်ရာပင်။ ထိုအမှတ်သည် စုချန်းနှင့်ဆိုရင် အမှတ်ပေါင်း ၅၀၀တိတိ ကွာခြားနေ၏။ ဒုတိယနေရာရရှိသော သွေးနတ်ဆိုး ကျုံးတင်သည်ပင် သူမနှင့် အမှတ် ၄၀၀ကွာခြားနေကြောင်း အံ့သြသင့်ဖွယ်ရာ တွေ့ရှိရလေသည်။ ကျန်ကိုးယောက်၏ ရမှတ်များမှာကား တစ်ယောက်နှင့် တစ်ယောက် သိပ်မကွာခြားလှပေ။
သို့တိုင်အောင် စုချန်း၏ နာမည်ကို လူအများအပြားကို ဖမ်းစားနိုင်ဆဲသာ ဖြစ်သည်။ ထိပ်ဆုံးဆယ်ယောက်အနက် သွေးဗီဇ မပါသူဟူ၍ သူတစ်ယောက်သာလျင် ရှိလေရာ လူများ စိတ်ဝင်စား သည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။ သူ့နာမည်သည် အဆင့်၅နေရာတွင်သာ ရှိနေသော်လည်း လူအများ၏ အာရုံကို ဖမ်းစားနိုင်စွမ်းမှာကား ဂျီဟန်းယင်ထက် မလျော့လှ။
"စုချန်း … ဘယ်သူတုန်းဟ စုချန်းဆိုတာ ဒီကောင်က သွေးဗီဇတောင်မပါပဲနဲ့ ဘယ်လိုလုပ်ပြီး အဆင့်၅ ဖြစ်နေတာတုန်း"
"သူ့ကို ကျုပ်သိတယ် ဒီကောင်ဟာ ချင်းလင်အာနဲ့ အသင်းဖွဲ့နိုင်ခဲ့တယ် ဒါကို အကြောင်းပြုပြီး အဆင့်၅ရအောင် အမြတ်ထုတ်နိုင်ခဲ့ပုံရတယ်"
"ဒီလိုလည်း မဟုတ်သေးဘူးကွ သူက ချင်းလင်အာကို အနိုင်ယူခဲ့တယ် ပြီးတော့မှ သူတို့နှစ်ယောက် အသင်းဖွဲ့လိုက်တာ"
အစောပိုင်း ကတည်းက ပြိုင်ပွဲ အပြင်ရောက်ပြီး စုချန်းတို့၏ တိုက်ပွဲကို အလင်းမျက်နှာပြင်ပေါ်တွင် ကြည့်ရှုနေခဲ့သော ပြိုင်ပွဲဝင် တစ်ယောက်က ရှင်းပြလိုက်သည်။
"မဖြစ်နိုင်တာကွာ ဒီလိုကောင်မျိုးက ချင်းလင်အာကို ဘယ်လိုလုပ်နိုင်မှာတုန်း ငါထင်တာကတော့ ဒီကောင်ဟာ ရုပ်ချောလို့ ချင်းလင်အာက ကျသွားတာပဲ ဖြစ်ရမယ်"
မျှော်စင်ရှေ့ ကွင်းပြင်ကြီးတွင် စကားပြောသံများဖြင့် ဆူညံနေ၏။ လူအများသည် ကိုယ့်အတွေးနှင့်ကိုယ် ထင်ရာမြင်ရာ ပြောဆိုနေကြလေသည်။ ထိုအထဲတွင်မှ တချို့သည် စုချန်းအား သဘောကျသလို တချို့မှာလည်း စုချန်း၏ လက်ချက်ကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ရသူများ ဖြစ်ကြလေရာ မှိုချိုးမျှစ်ချိုးပင် ပြောဆို နေကြလေသည်။ တချို့မှာကား အဖြစ်အပျက် တစ်ခုလုံးတွင် အစိတ်အပိုင်း သေးသေးလေးမျှသာ ပါဝင်ခဲ့သော်လည်း အမှန်တရား တစ်ခုလုံးကို သိရှိသည့်ဟန်ဖြင့် အာဘောင်အာရင်းသန်သန်နှင့် ပြောဆိုနေကြကုန်၏။ မည်သည့်ဆိုစေ သူတို့ ပြောဆို နေသမျှသော အကြောင်းအရာများ အားလုံးသည် ပြိုင်ပွဲတစ်လျှောက်လုံး စုချန်း အသုံးပြုခဲ့သော နည်းဗျူဟာများနှင့် ပတ်သက် ဆက်နွယ်နေသည်ကသာ များလေသည်။ စုချန်းကို ကြိုက်သူရှိ၏။ မုန်းသူ ရှိ၏။ သို့သော် သူ့နာမည်သည် ပြိုင်ပွဲဝင်များ အကြားဝယ် တောမီးသဖွယ် ပျံ့နှံ့သွားခဲ့လေပြီ။
လူအတော်များများသည် ဤပြိုင်ပွဲမှနေ၍ ပါရမီရှင် တစ်ယောက် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်ကြောင်း လက်ခံလိုက်ကြသည်။ ထိုသူသည် သွေးဗီဇ မပါရှိသော်လည်း ပြိုင်ပွဲနယ်မြေများကို လွှမ်းမိုးနိုင်ခဲ့၏။
စုချန်းမှာကား သူနှင့်ပတ်သက်၍ ပြောဆိုနေကြသော အကြောင်းအရာများအား ဂရုမစိုက်လှ။ သူသည် အလင်း မျက်နှာပြင်ပေါ်တွင် လင်ချိန်းယွင်နှင့် ပိုင်လိတို့၏ နာမည်ကို လျင်မြန်စွာ ရှာဖွေလိုက်သည်။ သူတို့ကို ရှာဖွေရသည်မှာ သိပ်မခက်လှ။ လင်ချိန်းယွင်သည် ၂၃၆မှတ်ဖြင့် အဆင့်၈၈တွင် ရပ်တည်နေပြီး ပိုင်လိမှာ လင်ချိန်းယွင်ထက် နှစ်မှတ်သာ လျော့နည်းပြီး ၂၃၄မှတ်ဖြင့် အဆင့်၈၉ နေရာတွင် ရပ်တည်နေ၏။ ထိုနှစ်ယောက်သည် စုချန်းကို ဖယ်၍ မြောက်ပိုင်း မြို့တော်မှ အဆင့်တစ်ရာ အတွင်း ဝင်ရောက်နိုင်ခဲ့သော ဒုတိယနှင့် တတိယလူ ဖြစ်သည်။ ထိုအဖြစ်မျိုးမှာ အလွန်ပင် ရှားလှ၏။
ထိုနှစ်ယောက်သည် နယ်မြေ၅အထိ ရောက်ရှိနိုင်ခဲ့ကြောင်း နောက်ဆုံးတွင် စုချန်းက သဘောပေါက် လိုက်သည်။ ၎င်းမှာ သူတို့၏ အမြင့်မားဆုံး စွမ်းဆောင်ရည်ပင် ဖြစ်၏။ နယ်မြေ၅သို့ ရောက်၍မှ သိပ်မကြာသေး သူတို့သည် အလွန်အားကောင်းသော ပြိုင်ပွဲဝင်များနှင့် တွေ့ဆုံခဲ့ရာ လျင်လျင်မြန်မြန်ပင် ဆုတ်ခွာခဲ့ကြပုံရသည်။ ထိုအချိန်တွင် စုချန်းသည် ဝိညာဉ်မြှုပ်နှံခြင်း တံခါးပေါက် အတွင်း၌သာ ရှိနေပေအုံးမည်။
လင်ချိန်းယွင်နှင့် ပိုင်လိတို့ သည်လည်း နတ်ဆိုးမျက်နှာသည် စုချန်းမှန်း သိရှိသွားကြလေပြီ။ ဂျီဟန်းယင်အား စုချန်းက နောက်ဆုတ်သွားအောင် တိုက်ခိုက်ပြလိုက်သည်ကို မြင်တွေ့သောအခါ သူတို့နှစ်ယောက် အံ့သြသင့်လိုက် သည်မှာ ပြောဖွယ်ရာပင် မရှိတော့။ အမှန်တော့ စုချန်းသည် ဝိညာဉ်မြှုပ်နှံခြင်း ဆိုင်ရာ တံခါးပေါက် အတွင်းသို့ အချိန်မှီ ဝင်ရောက်နိုင်ရန် သူတို့အား တစ်ဖက်လှည့်နှင့် အသုံးချခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် အဖြစ်မှန်ကို မသိကြရှာသော ထိုနှစ်ယောက်သည် သူတို့၏ ပြိုင်ပွဲကြောင့်သာ အဆင့်တစ်ရာ အတွင်း ဝင်ရောက်နိုင်ခဲ့သည်ဟု ယူဆပြီး စုချန်းကို အတော်ပင် ကျေးဇူးတင် နေကြရှာသည်။
မြောက်ပိုင်းမြို့တော်၏ စတုတ္တမြောက် လူမှာကား လင်ကျင်းချွင်း ဖြစ်သည်။ သူသည် အမှတ်ပေါင်း ၁၁၅မှတ်ရကာ အဆင့် ၁၇၈တွင် ရပ်တည်နိုင်ခဲ့၏။ လင်ချူးယွဲ့ကား သူ့ထက် သုံးမှတ်ခန့် နည်းသွားလေရာ နဂါးကျောင်းတော် ဝင်ခွင့်နှင့် လွဲချော်ခဲ့ရလေသည်။ လင်ကျင်းချွင်း တစ်ယောက် ထိုအဆင့်အတန်းမျိုး ရရှိခဲ့သည်မှာ အမှန်တော့ စုချန်း၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။ စုချန်းသည် ၎င်းအား နောင်အခါတွင် ဆက်လက် အသုံးချနိုင်ရန် ရည်ရွယ်ထားသည် ဖြစ်လေရာ သူနှင့်အတူ နဂါးကျောင်းတော်သို့ တက်ရောက်ခွင့် ရစေရန် ပေါက်ကွဲစေတတ်သော ဝိုင်ကရာ အများအပြားကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့၏။
ဤနှစ်အတွက် ရလဒ်များမှာကား မြောက်ပိုင်း မြို့တော်အတွက် အံမခန်းပင် ဖြစ်သည်။ စုချန်းသည် ထိပ်ဆုံးဆယ်ယောက် အတွင်း ဝင်ရောက်နိုင်ခဲ့လေရာ မြောက်ပိုင်း မြို့တော်အနေနှင့် များစွာ ဂုဏ်တက်ခဲ့ရ၏။ နောက်ထပ်လည်း အကျိုးအမြတ်များစွာ ရရှိပေအုံးမည်။ စုချန်း၏ စွမ်းဆောင်ရည်ကြောင့် နဂါးကျောင်းတော်ပြိုင်ပွဲကို မြောက်ပိုင်း မြို့တော်အနေနှင့် ငါးနှစ်စော၍ ပါဝင်ခွင့် ရမည်ဖြစ်ပြီး ဝင်ခွင့် အရေအတွက်မှာလည်း ငါးနေရာမှ ခြောက်နေရာအထိ တိုးမြှင့်ရရှိမည် ဖြစ်သည်။
ထို့ကြောင့် မြောက်ပိုင်းမြို့တော်၏ အရှင်သခင်ဖြစ်သူ ယွဲ့ဝေချုံတစ်ယောက် အလွန်ပင် ဝမ်းသာ ပျော်ရွှင်နေ၏။ ချီးမွမ်းထောပနာပြုမှု အများအပြားကို သူလက်ခံရရှိနေသည် မဟုတ်ပါလား။ ဤအောင်မြင်မှုအတွက် သူ့အနေနှင့် စိုးစဉ်းငယ်မျှပင် အားမထုတ်ခဲ့ရသော်လည်း နိုင်ငံရေးအရ ကြီးမားသော အကျိုးအမြတ်ကို ဖြစ်ပေါ်စေခဲ့လေရာ မြို့တော်၏ အရှင်သခင် တစ်ယောက်အနေနှင့် ဝမ်းသာပျော်ရွှင်သည်မှာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ယွဲ့ဝေချုံက ယူဆလေသည်။
အမှန်တော့ ဗျူရိုကရေစီ ဟူသည်မှာ ဤအတိုင်းသာ။ သင်၏ အုပ်ချုပ်မှုအောက်ရှိ တစ်စုံတစ်ယောက်၏ အောင်မြင်မှုသည် သင့်အောင်မြင်မှု ဖြစ်သလို သင့်လက်အောက်ရှိ တစ်စုံတစ်ယောက်၏ အမှားအတွက်လည်း သင်တာဝန် ခံရပေလိမ့်မည်။
ဤကဲ့သို့ ကြီးမားသော အောင်မြင်မှုမျိုးကို တရားဝင် မှတ်တမ်းတင်ထားပြီး အနာဂတ် ရာထူးရာခံအဆင့် သတ်မှတ်ချက်များတွင် ထည့်သွင်း စဉ်းစားမည်ဟု ယွဲ့ဝေချုံက ဆုံးဖြတ်လိုက်သည်။ မည်သို့ဆိုစေ ဤတစ်ကြိမ် အောင်မြင်မှုကိုကား သူ့အနေနှင့် အနည်းငယ်မျှ အားစိုက် ထုတ်စရာမလိုပဲ ရရှိခဲ့လေပြီ။ ထို့နောက် သူက စုချန်းကို တစ်ချက်လှမ်းကြည့်ပြီး စုမျိုးနွယ်စုအား ချီးကျူး ဂုဏ်ပြုစကားပြောရန် လျှောက်လာခဲ့၏။
ထိုအခိုက်မှာပင် ဘေးနားတွင် မတ်တတ်ရပ်နေသော သူ၏ အကြံပေးအရာရှိက သူ့အား မျက်နှာပူရမည့်အရေးမှ အချိန်မီ ကယ်တင်လိုက်၏။ သူက ယွဲ့ဝေချုံအား တီးတိုး ပြောဆိုလိုက်သည်။
"သွားမလုပ်နဲ့သခင် မှားသွားလိမ့်မယ် စုချန်းနှင့် စုမျိုးနွယ်ဟာ ဘာပတ်သက်မှုမှ မရှိတော့ဘူး လွန်ခဲ့တဲ့ နှစ်ဝက်လောက်က စုချန်းဟာ သူ့မိထွေး လုပ်သူကို ဘဝပျက်စေခဲ့တယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့အဖေက ဒေါသတကြီးနဲ့ စုချန်းကို သတ်ပစ်ဖို့အထိ လုပ်ခဲ့တယ် အဲဒီကတည်းက သူတို့နှစ်ယောက် မျက်လုံးချင်း မဆုံတော့တာ ဒီနေ့အထိပဲ စုချန်းရဲ့စိတ်ထဲမှာ စုချန်းအန်ကို သူ့ဖခင်အဖြစ် သတ်မှတ်ထားတော့ဟန် မတူဘူး"
"ဟင် ဘယ်လိုဖြစ်ကြတာလဲ"
ယွဲ့ဝေချုံ အလွန် အံ့သြသွား၏။ သို့သော် သူက ချက်ချင်းပင် တစ်စုံတရာကို စဉ်းစားမိပြီး ဦးခေါင်းကိုနှိမ့်ကာ လေသံတိုးတိုးနှင့် ပြောလိုက်သည်။
"ဒီအတိုင်းသာဆိုရင် စုမျိုးနွယ်စုကို သွားပြီး ပစားပေးနေစရာ ဘာအကြောင်းမှ မရှိတော့ဘူးပေါ့ စုချန်းဟာ ခုဆိုရင် နဂါးကျောင်းတော်ရဲ့ အမွေခံ မျိုးဆက်တယောက် ဖြစ်သွားပြီ ဒီတော့ သူ့ရဲ့ အနာဂတ် အလားအလာဟာလည်း ဘာကန့်သတ်ချက်မှ မရှိတော့ဘူးဆိုတဲ့ သဘောပေါ့ မင်းအနေနဲ့ သူ့ကို ဆွဲဆောင် သိမ်းသွင်းဖို့ မကြိုးစားကြည့်ဘူးလား စုမျိုးနွယ်စု ဆက်ဆံတဲ့နေရာမှာ ကျုပ်တို့ရဲ့ အကူအညီကို သူများ လိုအပ်မလားဆိုပြီး ကမ်းလှမ်းဖို့ မသင့်ပေဘူးလား"
ထိုအခါ အရာရှိက ပြန်လည် ရှင်းပြလိုက်သည်။
"ကျွန်တော်မျိုးအနေနဲ့ စုချန်းရဲ့ စိတ်ဓာတ်ကို အတော်လေး နားလည် သဘောပေါက် ထားပါတယ် သခင် ဒီကောင်လေးဟာ သူ့ရဲ့ အမုန်းတရား၊ အာဃာတတွေနဲ့ ပတ်သက်လာရင် အတော်လေး ပြတ်ပြတ်သားသား ဖြေရှင်းတတ်တဲ့ သဘောမှာရှိတယ် သူ့ရဲ့လုပ်ဆောင်ပုံအရ သုံးသပ်ကြည့်ရင် သူဟာ စုမျိုးနွယ်စုကနေ ခွဲထွက်ပြီး ကိုယ့်လမ်းကိုလျှောက်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတဲ့ဟန်ပဲ ဒီတော့ ကျွန်တော်မျိုးတို့ အနေနဲ့ စုမျိုးနွယ်စုနဲ့ ပတ်သက်ပြီး ဘာမှဆက်လုပ်နေစရာ မလိုတော့ဘူးလို့ ယူဆပါတယ် မိသားစုဝင်တွေဆိုတာ မကြာခန အချင်းများတတ်တဲ့ အမျိုးပဲ ကျွန်တော်မျိုးတို့သာ ကြားဝင်လိုက်ရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
"အင်း မင်းပြောတာလည်း အဓိပ္ပာယ်ရှိသားပဲကွဲ့"
ယွဲ့ဝေချုံက ခေါင်းကို တဆတ်ဆတ် ညိတ်ကာ ပြောလိုက်သည်။ ထိုအခါ အရာရှိက စကားဆက်ပြန်သည်။
"ထပ်ပြောရရင် စုချန်းဟာ ခုဆိုရင် ဖန်းမျိုးနွယ်စုရဲ့ ရန်သူ ဖြစ်သွားခဲ့ပြီ ဒါပေမဲ့ သူ့ရဲ့စိတ်ဓာတ်အရ ဆိုရင်တော့ ဒီကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ဖို့ ကြိုးစားလိမ့်မယ် ဘယ်သူ ကြားဝင်တာကိုမှ ကြိုက်မဲ့ကောင်စားမျိုး မဟုတ်ဘူး နောက်ပြီးတော့ ဖန်းမျိုးနွယ်စုဘက်က ဘယ်လိုလာမလဲဆိုတာ ကျွန်တော်မျိုးတို့ မသိသေးဘူး ဒီတော့ ဆုံးဖြတ်ချက် မစောပါနဲ့ သခင်"
ထိုအခါ ယွဲ့ဝေချုံက ပြောလိုက်သည်။
"မင်းပြောတာလည်း မမှားဘူး ဒါပေမဲ့ စုချန်းဟာ ထိပ်ဆုံးဆယ်ယောက် အတွင်း ဝင်ရောက်ပြီး မြို့တော်ရဲ့ ဂုဏ်ကို ဆောင်နိုင်ခဲ့ပြီ ဒါကို မြို့တော်ရဲ့ အရှင်သခင် တစ်ယောက်အနေနဲ့ တစ်ခုခုတော့ လုပ်ပေးသင့်တာပေါ့ ကျုပ်ပြောတာ မဟုတ်ဘူးလား"
"သူတို့အတွက် လက်ဆောင် တချို့ပေးပို့လိုက်ပါ ဒါပေမဲ့ အနားကိုတော့ မကပ်ပါနဲ့သခင်"
ယွဲ့ဝေချုံက တစိမ့်စိမ့်နှင့် တွေးတောလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ကောင်းပြီ အဲဒီအတိုင်းပဲ ဆုံးဖြတ်လိုက်တာပေါ့"
***