နဝမကောင်းကင်ဘုံမှ ရတနာ....
Vol. 26 Ch. 394
" စွမ်းအားကြီးတဲ့သူတွေ အများကြီးပါလား။ "
ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်က အံ့အားသင့်သွားသည်။ ယခုမှ သူတို့၏ တက်လှမ်းခြင်းတိုက်ပွဲများက မည်မျှရယ်စရာကောင်းခဲ့သည်ကို နားလည်သွားသည်။
နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်တွင် ရပ်နေသော အထွတ်အထိပ် အင်မော်တယ်ဘုရင်များထဲမှ အနည်းငယ်ကပင် သူတို့အားလုံးကို အလွယ်တကူ ဖိနှိပ်နိုင်လေသည်။
ကျစ်ကောင်းအင်မော်တယ်ဘုရင်ကလည်း စိတ်များ တင်းကျပ်နေသည်။ လင်းယွမ်သာ သူတို့ရှေ့တွင် မရပ်နေခဲ့လျှင် သူတို့က ထွက်ပြေးချင်စိတ်ပင် ပေါက်လာပေလိမ့်မည်။
သမိုင်းမတိုင်မီခေတ်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်မဖား၏ ခေါင်းဆောင်မှာ ရှုပ်ထွေးအော်ရာရှိသော အရပ်မြင့်သည့် လူတစ်ယောက်ဖြစ်သည်။
" ဟွမ်သွမ်အင်မော်တယ်ဘုရင်..." လင်းယွမ်၏ အကြည့်များက တည်ငြိမ်နေသည်။
လင်းရှုအင်မော်တယ်ဘုရင်ကို စိတ်ဝိညာဉ်ရှာဖွေပြီးနောက် ဟွမ်သွမ်အင်မော်တယ်ဘုရင်က သမိုင်းမတိုင်မီခေတ်၏ အစွမ်းထက်ဆုံး အင်မော်တယ်ဘုရင်တစ်ယောက်ဖြစ်သည်ကို သိခဲ့ရသည်။
" သိုင်းဘိုးဘေး " ဟွမ်သွမ်အင်မော်တယ်ဘုရင်က လင်းယွမ်ကို လေးနက်စွာ ကြည့်လိုက်သည်။ " လင်းရှု ငါ့ကို ပြောပြီးပြီ။ "
" သိုင်းဘိုးဘေး မင်းရဲ့ ခွန်အားက ငါ့ထက်သာတယ်။ မင်းဘာလိုချင်လဲ ပြောပါ။ ငါလက်ခံပေးမယ်။ " ဟွမ်သွမ်အင်မော်တယ်ဘုရင်က အရှုံးပေးခြင်းမှာ ရှက်စရာတစ်ခုမဟုတ်သကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
လင်းရှုအင်မော်တယ်ဘုရင်က သတ္တမကောင်းကင်ဘုံမှ အဖြစ်အပျက်များကို ဟွမ်သွမ်အင်မော်တယ်ဘုရင်နှက့် အခြားသူများအား ပြထားခဲ့ပြီဖြစ်သည်။ သူတို့က လင်းယွမ် လုပ်ဆောင်သကဲ့သို့ မလုပ်နိုင်ကြသည်ကို ဝန်ခံခဲ့ကြသည်။
ဟွမ်သွမ်အင်မော်တယ်ဘုရင်၏ တွက်ချက်မှုအရ အထွတ်အထိပ်အင်မော်တယ်ဘုရင်အားလုံးပူးပေါင်းလျှင်တောင် လင်းယွမ်ကို ခဏ ခုခံနိုင်ရုံသာရှိပြီး နောက်ဆုံးတွင် ရှုံးနိမ့်ရပေလိမ့်မည်။ ရလဒ်ကို ကြိုတင်သိနေသောကြောင့် ဟွမ်သွမ်အင်မော်တယ်ဘုရင်က ခုခံခြင်းမရှိဘဲ ဆန္ဒအလျောက် လက်လျှော့၍ အရှုံးပေးကြောင်း ဝန်ခံခဲ့လေသည်။
" အို..." လင်းယွမ်က ဟွမ်သွမ်အင်မော်တယ်ဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။
" မင်းရဲ့ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို ခွဲထုတ်လိုက်။ ငါ စိတ်ဝိညာဉ်ရှာဖွေမှုလုပ်မယ်။ " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။
သူက စိတ်ဝိညာဉ်ရှာဖွေမှုကို တိုက်ရိုက်မပြုလုပ်ခြင်းမှာ ဟွမ်သွမ်အင်မော်တယ်ဘုရင်က အစကတည်းက တိုက်ခိုက်ခြင်းမရှိဘဲ အရှုံးပေးရန် ရွေးချယ်ခဲ့သောကြောင့် သူ့ကို မျက်နှာသာပေးခြင်းသာ ဖြစ်သည်။
" ပြဿနာမရှိဘူး။ " ဟွမ်သွမ်အင်မော်တယ်ဘုရင်က စိတ်ဝိညာဉ်အပိုင်အစတစ်ခုကို ထုတ်ပေးလိုက်သည်။
ထိုစိတ်ဝိညာဉ်အပိုင်းအစတွင် သူ၏ မှတ်ဉာဏ်အားလုံး ပါဝင်ပြီး လင်းယွမ်က ၎င်းကို စိတ်ဝိညာဉ်ရှာဖွေမှုပြုလုပ်လိုက်သည်နှင့် သူသိသမျှ အားလုံးကို သိသွားပေလိမ့်မည်။
လင်းယွမ်က ဟွမ်သွမ်အင်မော်တယ်ဘုရင်၏ စိတ်ဝိညာဉ်အပိုင်းအစကို ယူလိုက်ပြီး ခဏအတွင်း စိတ်ဝိညာဉ်ရှာဖွေမှု ပြီးဆုံးသွားသည်။
" အဲ့လိုကိုး။ " လင်းယွမ်က စိတ်ထဲမှ အချို့ကို နားလည်သွားသည်။
ဟွမ်သွမ်အင်မော်တယ်ဘုရင်၏ မှတ်ဉာဏ်ထဲတွင် သမိုင်းမတိုင်မီခေတ် အဆုံးသတ်ခြင်း၏ အကြောင်းရင်းရှိနေသည်။ သမိုင်းမတိုင်မီခေတ်ကုန်ဆုံးချိန်တွင် နဝမကောင်းကင်ဘုံမှ ရတနာတစ်ခု ပြုတ်ကျလာခဲ့သည်။
ထိုရတနာကြောင့် သမိုင်းမတိုင်မီခေတ်မှ အင်မော်တယ်ဘုရင်များကြား ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲကြောင့် စိတ်ဝိညာဉ်ကမ္ဘာက ကပ်ဘေးတစ်ခုကြုံတွေ့ရသကဲ့သို့ အင်မော်တယ်ဘုရင်များစွာလည်း ကျဆုံးသွားခဲ့သည်။
နောက်ဆုံးတွင် ဟွမ်သွမ်အင်မော်တယ်ဘုရင်က ရတနာကို ရရှိခဲ့ပြီး သူ၏ နောက်လိုက်များနှင့်အတူ အဋ္ဌမကောင်းကင်ဘုံသို့ ဝင်ရောက်ခဲ့သည်။
သမိုင်းမတိုင်မီခေတ်အဆုံးသတ်ပြီးနောက် စိတ်ဝိညာဉ်ကမ္ဘာက တဖြည်းဖြည်း ကောင်းမွန်လာပြီး နောက်တစ်ခေတ်သို့ ဝင်ရောက်သွားခဲ့သည်။
တာအိုပြည်နယ်သုံးထောင်ခေတ်။ ယနေ့အချိန်ထိ တာအိုပြည်နယ်သုံးထောင်ခေတ်က သမိုင်းမတိုင်မီခေတ်၏ ခြေဖျားပင် မမီသေးပေ။
" ငါ့ကို ရတနာပေး။ " လင်းယွမ်က ဟွမ်သွမ်အင်မော်တယ်ဘုရင်ကို ကြည့်လိုက်သည်။
သမိုင်းမတိုင်မီခေတ်တွင် ဟွမ်သွမ်အင်မော်တယ်ဘုရင်က အစွမ်းထက်ဆုံးသူများထဲမှ တစ်ယောက်သာ ဖြစ်သည်။
" ဒီမှာ ရတနာ..." ဟွမ်သွမ်အင်မော်တယ်ဘုရင်က ခဏတုံ့ဆိုင်းသွားပြီး ရတနာကို ထုတ်ပေးလိုက်သည်။
သူ၏ စိတ်ဝိညာဉ်အပိုင်းအစကို ရှာဖွေပြီးသွားသောကြောင့် လင်းယွမ်ကလည်း ထိုရတနာအကြောင်း သူသိသမျှ အားလုံး သိထားလေသည်။
ရတနာက ပုံမှန်မဟုတ်သော ကျောက်တုံးတစ်တုံးဖြစ်ပြီး နက်နဲဆန်းကြယ်သည့် ရှေးဦးအော်ရာတစ်ခု ထုတ်လွှတ်နေသည်။
" အဲ့ဒီကျောက်တုံးထဲမှာ အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားထက် ကျော်လွန်တဲ့ ဖန်တီးခြင်းစွမ်းအားရဲ့ အော်ရာတစ်ခု ပါဝင်နေတယ်။ အဲ့ဒါကို နားလည်နိုင်ရင် အဆင့်မတက်ရင်တောင် အထွတ်အထိပ် အင်မော်တယ်ဘုရင်အဆင့်မှာ အများကြီး တိုးတက်လာလိမ့်မယ်။ " ဟွမ်သွမ်အင်မော်တယ်ဘုရင်က လင်းယွမ်လက်ထဲမှ ကျောက်တုံးကို ကြည့်ပြီး ရှင်းပြလိုက်သည်။
" ကံမကောင်းတာက နှစ်ပေါင်းများစွာကြာတာတောင် ငါက နဝမကောင်းကင်ဘုံနဲ့ နီးကပ်နေပေမယ့် အဲ့ဒါကို ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး။ "
နဝမကောင်းကင်ဘုံမှ ထွက်ပေါ်နေသော နက်ရှိုင်းသည့်အော်ရာကလည်း ထိုကျောက်တုံးနှင့် ဆင်တူပြီး နဝမကောင်းကင်ဘုံအနီးတွင် နေထိုင်ခြင်းက ကျောက်တုံးကို နားလည်ရန် အထောက်အကူဖြစ်လိမ့်မည်ဟု ဟွမ်သွမ်အင်မော်တယ်ဘုရင်က ယုံကြည်ခဲ့သည်။
သို့သော် နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း ဟွမ်သွမ်အင်မော်တယ်ဘုရင်က နားလည်နိုင်ခြင်းမရှိဘဲ အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားထက် သာလွန်သော စွမ်းအားက သူလက်လှမ်းမမီနိုင်သော အရာတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် သူက ကျောက်တုံးကို လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဟွမ်သွမ်အင်မော်တယ်ဘုရင်က ခေတ်အဆက်ဆက် ကြာခဲ့လျှင်တောင် သူက ကျောက်တုံးထဲမှ ဖန်တီးခြင်းစွမ်းအားကို နားမလည်နိုင်ဘူးဟု ခံစားခဲ့ရသည်။
" အဆင့်မြင့်ဖန်တီးခြင်းစွမ်းအားထက် ကျော်လွန်တဲ့ စွမ်းအားလား။ "
ဟွမ်သွမ်အင်မော်တယ်ဘုရင်နှင့်ယှဉ်လျှင် လင်းယွမ်က မူလကမ္ဘာမှ လာသူဖြစ်ပြီး စကြာဝဠာစွမ်းအား၏ အနှစ်သာရကို နားလည်ထားသူဖြစ်သည်။ အဆင့်မြင့် စကြာဝဠာစွမ်းအားထက် ကျော်လွန်သော စွမ်းအားကို နဝမအလွှာ ဆင့်ကဲပြောင်းလဲသူသာ ထိန်းချုပ်နိုင်သည်ကို သူသိလေသည်။
လင်းယွမ်က ကျောက်တုံးကို သေချာလေ့လာကြည့်လိုက်သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော မူလအစကို လေ့လာပြီး ၎င်း၏ စွမ်းအားကို စတင်နားလည်လာပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော မူလအစကို လေ့လာပြီး ၎င်း၏ စွမ်းအားကို စတင်နားလည်လာပါပြီ။ ]
" ဆန်းကြယ်တဲ့ မူလအစ..." လင်းယွမ်က တွေးလိုက်သည်။
သေချာသည်မှာ ထိုကျောက်တုံးထဲမှ အော်ရာက အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားထက် အမှန်တကယ် ကျော်လွန်လေသည်။
သို့သော် ပိုအဆင့်မြင့်သော ဖန်တီးခြင်းစွမ်းအားဆိုလျှင် သူက အနည်းဆုံး တစ်ခုခု နားလည်လောက်ပြီ ဖြစ်သော်လည်း ယခု သူက ကျောက်တုံးမှ ဘာမှမရသေးပေ။
" နဝမကောင်းကင်ဘုံ... " လင်းယွမ်က ကျောက်တုံးကို သိမ်းဆည်းလိုက်ပြီး နဝမကောင်းကင်ဘုံဝင်ပေါက်ကို ကြည့်လိုက်သည်။
ယခင် ကောင်းကင်ဘုံရှစ်ခုနှင့်ယှဉ်လျှင် နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်က ကျယ်ပြန့်လှပြီး အထွတ်အထိပ် အင်မော်တယ်ဘုရင်များကို ဝင်ရောက်ရန် ကြိုဆိုနေသည်ဟု ထင်ရသည်။
သို့သော် ဟွမ်သွမ်အင်မော်တယ်ဘုရင်၏ မှတ်ဉာဏ်များအရ နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်က အလွန်ကြောက်စရာကောင်းသည်ကို လင်းယွမ်က သိနေသည်။
နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်တွင် စိတ်ဝိညာဉ်ကမ္ဘာ၏ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး အထွတ်အထိပ် အင်မော်တယ်ဘုရင်ဆယ်ယောက်၏ အသက်တံဆိပ်များ ရှိနေသည်။
ဆိုလိုသည်မှာ နဝမကောင်းကင်ဘုံသို့ ဝင်ရောက်ရန် စိတ်ဝိညာဉ်ကမ္ဘာတွင် ရှိဖူးသမျှထဲမှ အစွမ်းထက်ဆုံး အထွတ်အထိပ် အင်မော်တယ်ဘုရင် ဆယ်ယောက်ကို အနိုင်ယူရမည်ဖြစ်သည်။ ထို့အပြင် အချို့က အင်မော်တယ်ဘုရင်အဆင့်ကို ခြေလှမ်းတစ်ဝက် ကျော်လွန်သွားကြပြီဖြစ်သည်။
သမိုင်းမတိုင်မီခေတ်၊ တာအိုပြည်နယ်သုံးထောင်ခေတ်။ ၎င်းတို့က အနီးစပ်ဆုံး ခေတ်နှစ်ခေတ်ဖြစ်၏။ ထိုခေတ်များမတိုင်မီ ပို၍ ရှေးကျသော ခေတ်ကာလများပင် ရှိခဲ့လေသည်။ စိတ်ဝိညာဉ်ကမ္ဘာက မည်သည့်အချိန်ကတည်းက တည်ရှိခဲ့မှန်း ဘယ်သူမှမသိနိုင်ပေ။
" သိုင်းဘိုးဘေးရဲ့ ခွန်အားနဲ့ဆို နဝမကောင်းကင်ဘုံရဲ့ ဝင်ပေါက်ကို ဖြတ်ကျော်နိုင်မှာ သေချာပါတယ်။ " ဟွမ်သွမ်အင်မော်တယ်ဘုရင်က ပြောလိုက်သည်။
သူက ၎င်းကို ကြိုးစားကြည့်ခဲ့သော်လည်း ပထမ အင်မော်တယ်ဘုရင်၏ အသက်တံဆိပ်ကိုပင် ရှုံးနိမ့်ခဲ့လေသည်။
" မင်းက ငါ့ကို ကြိုးစားကြည့်စေချင်တာလား။ " လင်းယွမ်က ဟွမ်သွမ်အင်မော်တယ်ဘုရင်ကို ကြည့်လိုက်သည်။ " မလောနဲ့။ "
လင်းယွမ်ကိုယ်တိုင်ပင် စိတ်ဝိညာဉ်ကမ္ဘာ၏ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ဆယ်ယောက်ကို အထင်မသေးဝံ့ပေ။ ၎င်းက ခေတ်တစ်ခေတ် သို့မဟုတ် အချိန်ကာလတစ်ခုမဟုတ်ဘဲ စိတ်ဝိညာဉ်ကမ္ဘာ မွေးဖွားလာသည့် အချိန်ကတည်းကဖြစ်သည်။
လင်းယွမ်က နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်ကို စိန်ခေါ်ရန် ရည်ရွယ်ထားသော်လည်း ယခုတော့မဟုတ်သေးပေ။ သူ၏ စွမ်းအားအထွတ်အထိပ်သို့ ရောက်မှသာ ကြိုးစားမည်ဖြစ်သည်။
လက်ရှိတွင် လင်းယွမ်က ဟွမ်သွမ်အင်မော်တယ်ဘုရင်ကဲ့သို့ ခေတ်တစ်ခေတ်၏ အစွမ်းထက်ဆုံးသူများကို ကျော်လွန်နေသော်လည်း သူ၏ ကန့်သတ်ချက်များကို ရောက်ရန် ဝေးကွာနေဆဲ ဖြစ်သည်။
သူက ဘူးသီးခြောက်ထဲမှာ အစိမ်းရောင်အရည်ကို စုပ်ယူနေဆဲ ဖြစ်သည့်အပြင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဋ္ဌမအလွှာကဏ္ဍကလည်း မပြည့်စုံသေးပေ။ ထို့အပြင် ပင်မလေဟာနယ်ပုံစံများကိုလည်း အပြည့်အဝ နားမလည်သေးပေ။
ထိုက်ကျိစွမ်းအားကို ကျင့်ကြံခြင်းကလည်း တတိယနယ်ပယ်ကို မရောက်သေးပေ။ အခြားအဆင့်မြင့် ဖန်တီးခြင်းစွမ်းအားနှင့် သာမန်စွမ်းအားများကလည်း ပထမနယ်ပယ်တွင်သာ ရှိနေကြသည်။
ယခု ဟွမ်သွမ်အင်မော်တယ်ဘုရင်ဆီမှ ရသော ကျောက်တုံးလည်း ရှိနေပြီး ထိုထဲတွင် အဆင့်မြင့်ဖန်တီးခြင်းစွမ်းအားထက် ကျော်လွန်သော စွမ်းအားတစ်ခု ရှိနေလေသည်။
ထို့ကြောင့် လင်းယွမ်က သူ၏ ကန့်သတ်ချက်များနှင့် ဝေးကွာနေဆဲ ဖြစ်သည်။ ဆင်းသက်မှုအတွင်း သူ၏ နေထိုင်ချိန်က နှစ်ကိုးရာကျော်ပြီး ယခု လေးရာကျော်သာ ကုန်ဆုံးသေးသည်။