မိဘများကို နှုတ်ဆက်ခြင်း...
Vol. 26 Ch. 395
လင်းယွမ်က နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်တွင် မမျှော်လင့်ထားသော အခြေအနေများ ကြုံတွေနိုင်သောကြောင့် အလျင်စလို မလုပ်ခဲ့ပေ။
ဟွမ်သွမ်အင်မော်တယ်ဘုရင်က ယခင်ကြိုးစားဖူးပြီး ပထမဆုံး အသက်တံဆိပ်နှင့် ရင်ဆိုင်ပြီး ဆုတ်ခွာခဲ့သောကြောင့် ဆုတ်ခွာခြင်းကလည်း ရွေးချယ်စရာတစ်ခု ဖြစ်နေသေးသည်။
သို့သော် လင်းယွမ်က ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ပြီးမှ ပြန်လည်ဆုတ်ခွာနိုင်ဦးမလား မသေချာပေ။
အခြားအင်မော်တယ်ဘုရင်များက နဝမကောင်းကင်ဘုံသို့ တက်လှမ်းလိုခြင်းမှာ နောက်တစ်ဆင့်သို့ တက်ချင်ကြသောကြောင့် ဖြစ်သည်။ လင်းယွမ်တွင် ထိုဆန္ဒမရှိပေ။ မူလကမ္ဘာမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာက ပြည့်စုံပြီးသား ဖြစ်သောကြောင့် လင်းယွမ်က နဝမအလွှာသို့ တက်လှမ်းရန် နည်းလမ်းများစွာ ရှိလေသည်။
ယခု သူ၏ တာဝန်မှာ ဘေးကင်လုံခြုံစွာဖြင့် အကျိုးအမြတ်များ ရရှိရန်သာ ဖြစ်သည်။
" ကောင်းပြီ။ မင်းတို့ ဖန်တီးခြင်းစွမ်းအားတစ်မျှင်စီ ငါ့ကို ပေးကြ။ " လင်းယွမ်က သမိုင်းမတိုင်မီခေတ်မှ အင်မော်တယ်ဘုရင်များကို ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ဟွမ်သွမ်အင်မော်တယ်ဘုရင်က လင်းယွမ်မှာ ဖန်တီးခြင်းစွမ်းအားတစ်မျှင်စီကို ဘာကြောင့်တောင်းမှန်းမသိသော်လည်း သူက မေးခွန်းထုတ်ရဲခြင်းမရှိဘဲ ဖန်တီးခြင်းစွမ်းအားတစ်မျှင်ကို ပေးလိုက်သည်။
" ကောင်းတယ်။ " လင်းယွမ်က ဖန်တီးခြင်းစွမ်းအားများကို ကြည့်လိုက်ရာ သူမတွေ့ဖူးသော အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားများပါဝင်သောကြောင့် ကျေနပ်သွားသည်။
ထိုသို့ဖြင့် လင်းယွမ်က သူ၏ မူလခန္ဓာကိုယ်ဖြင့် နဝမကောင်းကင်ဘုံဝင်ပေါက်ရှေ့တွင် ထိုင်ပြီး ထပ်မံကျင့်ကြံလိုက်သည်။
အချိန်များကုန်လွန်လာပြီး နှစ်ငါးရာက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ရှန်ယောင်မြို့၊ လင်းအိမ်တော်။
လင်းယွမ်၊ လင်းကျန်းပင်းနှင့် ရှန်ကျန်းတို့က ဟင်းလျာများ စားသောက်ရင်း စကားပြောနေကြသည်။
လွန်ခဲ့သော နှစ်ငါးရာအတွင်း သိုင်းဘိူးဘေး၏ ကျော်ကြားမှုက တာအိုပြည်နယ်သုံးထောင်တစ်လျှောက် ပျံ့နှံ့သွားခဲ့ပြီး သမိုင်းမတိုင်မီခေတ်မှ အစွမ်းထက်ဆုံးသော ဟွမ်သွမ်အင်မော်တယ်ဘုရင်ပင် သူထံ၌ ဆန္ဒအလျောက် အညံ့ခံခဲ့လေသည်။
သို့သော် သိုင်းဘိုးဘေး၏ မိဘများအကြောင်း သိသူများက အလွန်နည်းပါးလေသည်။ လင်းယွမ်ကလည်း တမင် လျို့ဝှက်ထားခြင်းဖြစ်သည်။
သူက စိတ်ဝိညာဉ်ကမ္ဘာတွင် နေထိုင်ချိန်မှာ အကန့်အသတ်ရှိပြီး လင်းကျန်းပင်းနှင့် ရှန်ကျန်းတို့ကို အချိန်တိုင်း ကာကွယ်ပေးနိုင်ခြင်းမရှိသဖြင့် သူတို့ကို သိုင်းဘိုးဘေးနှင့် ဆက်နွယ်မှုမှ ခွဲထုတ်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
" ချန်အာ ဒါလေးစားကြည့်။ " ရှန်ကျန်းက လင်းယွမ်ကို ပြုံး၍ပြောလိုက်သည်။
သူတို့သုံးယောက် စားသောက်ပြီးသွားသောအခါ အချိန်အတော်ကြာ တိတ်ဆိတ်သွားကြသည်။
" ကျွန်တော် အချိန်အတော်ကြာထိ ပြန်လာနိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က စပြောလိုက်သည်။
သူ၏ နေထိုင်ချိန်အကန့်အသတ်သို့ ရောက်ရန် နှစ်အနည်းငယ်သာ ကျန်တော့သဖြင့် လင်းယွမ်၏ အစီအစဉ်အရ ယခု သူ၏ မိဘများကို နောက်ဆုံး တွေ့ဆုံခြင်းဖြစ်သည်။
" အချိန်အကြာကြီးလား။ "
လင်းကျန်းပင်းနှင့် ရှန်ကျန်းတို့က စိတ်မကောင်းဖြစ်သွားကြသော်လည်း လင်းယွမ်က ခေတ်တစ်ခေတ်၏ အစွမ်းထက်ဆုံးသူဖြစ်သောကြောင့် ၎င်းကို မျှော်လင့်ထားခဲ့ကြပြီး ဖြစ်သည်။ ထိုကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်က သူ့ကိုသူ မြို့ငယ်လေးတစ်မြို့တွင် ချုပ်နှောင်ထားမည်မဟုတ်ပေ။
" ချန်အာ သားလုပ်စရာရှိတာ လုပ်ပါ။ အဖေတို့က လက်ရှိဘဝနဲ့တင် ကျေနပ်နေပါပြီ။ " လင်းကျန်းပင်းက ပြောလိုက်သည်။
လင်းယွမ်သာ မရှိလျှင် လင်းမိသားစုက ရှန်ယောင်မြို့တွင် သေးငယ်သော မိသားစုလေးတစ်ခုအဖြစ်သာ ရှိနေမည်ဖြစ်ပြီး ယခုကဲ့သို့ အဆင့်အတန့်မြင့်မားစွာ နေနိုင်မည်မဟုတ်ပေ။
" အဖေတို့ အကူအညီလိုရင် လီချင်းကို သွားရှာပါ။ သူမ အားလုံး စီစဉ်ပေးလိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။
လင်းအိမ်တော်မှ ထွက်လာပြီးနောက် လင်းယွမ်က ရှန်ယောင်မြို့၏ လမ်းပေါ်တွင် လမ်းလျှောက်နေသည်။
လွန်ခဲ့သော နှစ်ငါးရာအတွင်း ရှန်ယောင်မြို့က တုန်ယွင်တာအိုပြည်နယ်၏ အစည်ကားဆုံး မြို့တစ်မြို့ ဖြစ်လာခဲ့သည်။ မြို့က ဆယ်ဆမက ကျယ်ဝန်းလာပြီး မိုင်သန်းပေါင်းများစွာကို လွှမ်းခြုံထားသည်။
နေ့တိုင်း အစစ်အမှန်အင်မော်တယ်များနှင့် အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်များစွာက ဝင်ထွက်နေကြပြီး ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်များပင် ရှိနေလေသည်။
သိုင်းတာအိုကျင့်ကြံခြင်းစနစ်က တာအိုပြည်နယ်သုံးထောင်လုံး ပျံ့နှံ့သွားပြီး အင်မော်တယ်ကျင့်ကြံခြင်းစနစ်အောက် နိမ့်ကျခြင်းမရှိတော့ပေ။ အမှန်တော့ ရှန်ယောင်မြို့ကဲ့သို့သော နေရာများတွင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က အင်မော်တယ်ကျင့်ကြံခြင်းစနစ်ထက်ပင် သာလွန်နေသည်။
သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ တိုးတက်မှုက အထွတ်အထိပ်သို့ ရောက်နေပြီး အင်မော်တယ်ဘုရင်များပင် ၎င်းကို ဆန့်ကျင်ရဲခြင်းမရှိကြပေ။
" ငါ့ရဲ့ လက်ရှိခွန်အားက အတိုင်းအတာတစ်ခုထိတော့ ရောက်နေပြီ..." လင်းယွမ်က တွေးလိုက်သည်။
လွန်ခဲ့သော နှစ်နှစ်ရာကျော်ကပင် လင်းယွမ်က သိုင်းတာအို အဋ္ဌမအလွှာကို ပြည့်စုံအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ထိုအချိန်မှစ၍ အဋ္ဌမအလွှာကဏ္ဍကို စတင်ခဲ့ပြီး နဝမအလွှာအတွက်မူ လင်းယွမ်က ထိုက်ကျိနိယာမကို လေဟာနယ်နိယာမနှင့် ပေါင်းစပ်ရန် ကြိုးစားခဲ့ရာ တိုးတက်မှုအချို့ ရှိခဲ့ပြီး လက်ရှိပေါင်းစပ်မှုမှာ ၂၀ မှ ၃၀ ရာခိုင်နှုန်းထိ ရှိလာခဲ့သည်။
ထို့အပြင် လင်းယွမ်က ပင်မလေဟာနယ်ပုံစံ ၅၅၀၀ကို နားလည်ခဲ့ပြီဖြစ်သည်။ နှစ်ငါးရာအတွင်း သူက ပင်မလေဟာနယ်ပုံစံ ကိုးရာကျော်ကိုသာ နားလည်ခဲ့သော်လည်း ၎င်းကို နှစ်သုံးရာအတွင်း နားလည်ခဲ့သော ပင်မလေဟာနယ်ပုံစံ ၁၆၀၀နှင့် ယှဉ်မရပေ။
ပင်မလေဟာနယ်ပုံစံ ၇၇၈၂ခုက နောက်ပိုင်းအဆင့်များရောက်လေ ပိုမိုခက်ခဲလေဖြစ်သည်။ အဋ္ဌမအလွှာ အထွတ်အထိရှိ ဆင့်ကဲပြောင်းလဲသူများပင် ပင်မလေဟာနယ်ပုံစံများကို အပြည့်အဝ နားမလည်သောကြောင့် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ကြသည်။ လင်းယွမ်က နှစ်ငါးရာအတွင်း ပင်မလေဟာနယ်ပုံစံ ကိုးရာကျော်ကို နားလည်ခဲ့ခြင်းမှာ အမှန်ပင် မယုံကြည်နိုင်စရာကောင်းလှသည်။
" လေဟာနယ်နိယာမကို ကျွမ်းကျင်ဖို့ ပင်မလေဟာနယ်ပုံစံ နှစ်ထောင်ကျော်ပဲ ကျန်တော့တယ်။ " လင်းယွမ်က တွေးလိုက်သည်။
လေဟာနယ်နိယာမက မူလကမ္ဘာ၏ အခြေခံနိယာမတစ်ခုဖြစ်ပြီး နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် အပြည့်အဝ နားမလည်ကြသေးပေ။ အဋ္ဌမအလွှာတွင် လေဟာနယ်နိယာမကို အပြည့်အဝ နားလည်နိုင်သည်ဟု ဆိုသော်လည်း လက်ရှိအချိန်ထိ ဘယ်သူမှမလုပ်နိုင်သေးပေ။
အဋ္ဌမအလွှာမှ နဝမအလွှာသို့ တက်လှမ်းရန် ပေါင်းစပ်နိယာမကို လိုအပ်လေသည်။ သို့သော် အခြေခံနိယာမအဖြစ် လေဟာနယ်နိယာမကို ပေါင်းစပ်ရန်အတွက် အပြည့်အဝ နားလည်ထားရန် မလိုအပ်ပေ။
အဋ္ဌမအလွှာတွင် လေဟာနယ်နိယာမကို နားလည်ရန်နှင့် စကြာဝဠာစွမ်းအားတစ်ခုကို ကျွမ်းကျင်ရန် ကြိုးစားခြင်းက အချိန်အလွန်ကုန်သော အလုပ်နှစ်ခုဖြစ်ပြီး နဝမအလွှာသို့ တက်လှမ်းရန် နှောင့်နှေးစေသည်ဟု ယူဆနိုင်လေသည်။
" ပင်မလေဟာနယ်ပုံစံ ၅၅၀၀နဲ့ ဆိုရင် မိုင်၇.၅ သန်းရှိတဲ့ အတွင်းကမ္ဘာကို ထိန်းသိမ်းထားဖို့ လုံလောက်ပြီ။ ပြီးတော့ ဘူးသီးခြောက်ရဲ့ ဆယ့်သုံးဆ အားဖြည့်မှုနဲ့ဆို ငါ့ရဲ့ အတွင်းကမ္ဘာက မိုင် ၉၇.၅သန်း ရှိသွားလိမ့်မယ်။ တစ်ဘီလီယံနီးပါးပဲ။ "
ဆန်းကြယ်သော ဘူးသီးခြောက်အတွင်းမှ အစိမ်းရောင်အရည်ကို စုပ်ယူခြင်းက ယခင်သုံးမျိုးထက် ပို၍ ခက်ခဲပြီး လင်းယွမ်က နှစ်ငါးရာအတွင်း ၉၉ ရာခိုင်နှုန်းနီးပါးသာ စုပ်ယူနိုင်ခဲ့သည်။
သီအိုရီအရ ဘူးသီးခြောက်ထဲမှ အရည်လေးမျိုးကို စုပ်ယူနိုင်လျှင် အတွင်းကမ္ဘာမြှင့်တင်မှုက ၁၃.၃ဆ ဖြစ်သွားပေလိမ့်မည်။ခု လင်းယွမ်က ၁၃ဆထိ ရောက်နေပြီး အစိမ်းရောင်အရည်ကို အပြည့်အဝ စုပ်ယူနိုင်ရန် သိပ်မလိုတော့ပေ။
" ဖန်တီးခြင်းစွမ်းအား..." လင်းယွမ်က ဤဆင်းသက်မှုမှ အကြီးမားဆုံး အကျိုးအမြတ်ကို တွေးလိုက်သည်။
ယခင်ရရှိခဲ့သော အကျိုးအမြတ်များက လင်းယွမ်အတွက် မည်သည့်နေရာတွင်မဆို လုပ်ဆောင်နိုင်ပြီး စိတ်ဝိညာဉ်ကမ္ဘာဟူ၍ သီးသန့်မရှိပေ။
သို့သော် ဖန်တီးခြင်းစွမ်းအားနှင့် ပက်သက်၍ စိတ်ဝိညာဉ်ကမ္ဘာတွင်သာ ထိုသို့သော စကြဝဠာစွမ်းအားများအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးပြီး လင်းယွမ်က အင်မော်တယ်ဘုရင်များဆီမှ အမျိုးမျိုးသော ဖန်တီးခြင်းစွမ်းအားများကို နားလည်ရာတွင် အံ့မခန်းတိုးတက်မှုများ ရှိခဲ့လေသည်။
" အခု ငါက အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား ဆယ့်နှစ်မျိုးနဲ့ သာမန်ဖန်တီးခြင်းစွမ်းအား ခြောက်ဆယ်ကျော်ကို နားလည်ထားပြီးပြီ။ "
အမှန်တွင် လင်းယွမ်က လွန်ခဲ့သော နှစ်သုံးလေးရာအတွင်း သာမန်ဖန်တီးခြင်းစွမ်းအားများကို လေ့လာရာတွင် လက်လျှော့လိုက်သည်ဟု ပြောနိုင်လေသည်။ အဆင့်မြင့်ဖန်တီးခြင်းစွမ်းအားတစ်ခုတွင် သာမန်ဖန်တီးခြင်းစွမ်းအားများစွာ၏ အနှစ်သာများပါဝင်နေသောကြောင့် အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား တစ်ခုကို နားလည်ခြင်းက သာမန်ဖန်တီးခြင်းစွမ်းများကို နားလည်သွားခြင်းနှင့် တူညီလေသည်။
" အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား ဆယ့်နှစ်မျိုး..." လင်းယွမ်၏ အကြည့်များက စိတ်လှုပ်ရှားလာပြီး သူ၏ အာရုံက ထိုစွမ်းအား ဆယ့်နှစ်မျိုးတွင် မဟုတ်ဘဲ အတွင်းကမ္ဘာအတွင်းရှိ မူလအနှစ်သာရတစ်မျှင်ကို ခံစားနေခြင်းဖြစ်သည်။
၎င်းက ဟွမ်သွမ်အင်မော်တယ်ဘုရင်ပေးခဲ့သော နဝမကောင်းကင်ဘုံမှ ကျလာသည့် ရတနာမှ လင်းယွမ် နားလည်ခဲ့ခြင်းဖြစ်သည်။ သမိုင်းမတိုင်မီခေတ်၏ အဆုံးသတ်က ထိုကျောက်တုံးသဏ္ဍန် ရတနာနှင့် ပက်သက်နေသည်။
ဟွမ်သွမ်အင်မော်တယ်ဘုရင်က ၎င်းအတွင်း အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားထက် ကျော်လွန်သော စွမ်းအားတစ်ခု ပါဝင်သည်ဟု ခန့်မှန်းခဲ့သော်လည်း နှစ်ပေါင်းများစွာတိုင်အောင် သူက နားလည်ခြင်း မရှိခဲ့ပေ။
" မူလစွမ်းအား..." လင်းယွမ်က စိတ်လှုပ်ရှားမိသည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် ၎င်းကို နားလည်ရန် နှစ်လေးရာကျော် အချိန်ယူခဲ့ရသည်။
လင်းယွမ်က ထိုစွမ်းအားကို မူလစွမ်းအားဟု အမည်ပေးခဲ့ပြီး အရာအားလုံး၏ မူလအစကို ရည်ညွှန်းခြင်းဖြစ်သည်။