နဝမကောင်းကင်ဘုံကို ဝင်ရောက်ခြင်း....
Vol. 26 Ch. 396
မူလစွမ်းအား ပထမနယ်ပယ်က တတိယနယ်ပယ်ရှိသော အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားကို ဖိနှိပ်နိုင်လေသည်။ ထိုစွမ်းအားကို လင်းယွမ်ပင် အံ့အားသင့်ခဲ့ရလေသည်။
" ဒီမှာ နေဖို့ ဆယ်နှစ်ကျော်ပဲ ကျန်တော့တယ်။ နဝမကောင်းကင်ဘုံကို စိန်ခေါ်ဖို့ အချိန်တန်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။ ၎င်းက သူ၏ မိဘများကို နှုတ်ဆက်ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်၏။
သူက နောက်ထပ် ဆယ်နှစ်ကျင့်ကြံနေလျှင်တောင် အကျိုးများစွာ မရှိတော့ပေ။ ထိုအစား ဒဏ္ဍာရီလာ နဝမကောင်းကင်ဘုံကို ဝင်ပြီး လေ့လာခြင်းက ပိုကောင်းလေသည်။
သိုင်းဘုရားကျောင်း။
လင်းယွမ်က အထက်တွင် ထိုင်နေပြီး သိုင်းတာအိုကျင့်ကြံသူများက အောက်တွင် ရိုသေစွာ ရပ်နေကြသည်။
နှစ်ငါးရာအတွင်း လင်းယွမ်က သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ သတ္တမအလွှာ ကျင့်ကြံသူရှစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ပျိုးထောင်ပေးခဲ့သည်။
လင်းယွမ်၏ တိုက်ရိုက်တပည့်ဖြစ်သော လီချင်းက ကိုယ်ပိုင်အတွင်းကမ္ဘာကို ဖန်တီးပြီး အဋ္ဌမအလွှာသို့ တက်လှမ်းသွားခဲ့သည်။
" သိုင်းဘိုးဘေး..." သိုင်းတာအိုကျင့်ကြံသူများစွာက လင်းယွမ်ကို ဦးညွှတ်လိုက်ကြသည်။
" ရာစုနှစ်အချို့အတွင်းမှာ သိုင်းတာအိုကျင့်ကြံသူတွေ အများကြီး ထွက်ပေါ်လာပြီး အင်မော်တယ်လမ်းစဉ် ကျင့်ကြံသူတွေကို ဖိနှိပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့ကစပြီး မင်းတို့ ပိုသတိထားရလိမ့်မယ်။ " လင်းယွမ်က လူအုပ်ကို ကြည့်ပြီး ပြောလိုက်သည်။
" သိုင်းဘိုးဘေးက တာအိုပြည်နယ်သုံးထောင်မှာ အသန်မာဆုံးပဲ။ အဲ့ဒီ ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်တွေတောင် သိုင်းဘိုးဘေးကို လေးစားကြတယ်။ ကျွန်တော်တို့က ဘာလို့သတိထားရမှာလဲ။ " ငယ်ရွယ်သော သတ္တမအလွှာ သိုင်းတာအိုကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ထိုကျင့်ကြံသူက သိုင်းတာအိုတွင် ပါရမီကြီးပြီး မိုးကြိုးလမ်းစဉ်ကို လိုက်ကာ ကမ္ဘာဖျက်မိုးကြိုးကို နားလည်ခဲ့သည်။
" ဒီနေ့ပြီးရင် ငါ တာအိုပြည်နယ်သုံးထောင်ကို ပြန်လာတော့မှာ မဟုတ်ဘူး။ မင်းတို့ကို မင်းတို့ပဲ အားကိုးရလိမ့်မယ်။ အဲ့ဒါကြောင့် မင်းတို့ သတိမထားရင် ဒုက္ခရောက်လိမ့်မယ်။ " လင်းယွမ်က အဝေးကို ကြည့်ရင်း ပြောလိုက်သည်။
သိုင်းတာအိုအဋ္ဌမအလွှာဖြစ်သော လီချင်း ရှိနေသောကြောင့် သူမရှိတော့လျှင်တောင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က နှစ်တစ်သန်း သို့မဟုတ် နှစ်ဆယ်သန်းလောက်ထိ မည်သည့်ပြဿနာမှ ကြုံတွေ့မည်မဟုတ်ပေ။
" သိုင်းဘိုးဘေးက ဘယ်သွားမလို့လဲ။ "
သိုင်းဘုရားကျောင်း၏ အဆင့်မြင့်ကျင့်ကြံသူများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။ သိုင်းဘိုးဘေးက တာအိုပြည်နယ်သုံးထောင်ကို ပြန်မလာတော့ဘူးဟု ပြောသည်မှာ ဘာကိုဆိုလိုတာလဲ။
" အားလုံးဂရုစိုက်ကြပါ။ " လင်းယွမ်က နောက်ထပ်ရှင်းပြခြင်း မရှိတော့ပေ။
သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ဆယ်မျှင်ကို အသုံးပြုပြီး စိတ်ဝိညာဉ်ကမ္ဘာသို့ ပြန်လာနိုင်သော်လည်း အမှန်တကယ် မလိုအပ်လျှင် သူက အသုံးပြုမည်မဟုတ်ပေ။ နောက်ဆုံး သိုင်းဘုရားကျောင်း ပျက်ဆီးသွားလျှင်တောင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ဆက်လက်ပျံ့နှံ့နေသရွေ့ သူက ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။
အဋ္ဌမကောင်းကင်ဘုံ။
ဟွမ်သွမ်အင်မော်တယ်ဘုရင်၊ ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများက နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်တွင် စုဝေးနေကြသည်။
" သိုင်းဘိုးဘေးက ငါတို့က ဒီခေါ်တာ ဘာအတွက်လဲ။ "
" သူက နဝမကောင်းကင်ဘုံကို စိန်ခေါ်တော့မှာလား။ "
" သိုင်းဘိုးဘေးရဲ့ ခွန်အားနဲ့ဆို နဝမကောင်းကင်ဘုံကို တကယ်ဝင်နိုင်လောက်တယ်။ "
" နဝမကောင်းကင်ဘုံရဲ့ ဝင်ပေါက်မှာ စိတ်ဝိညာဉ်ကမ္ဘာစကတည်းက အစွမ်းထက်ဆုံးဆယ်ရောက်ရဲ့ အသက်တံဆိပ်တွေ ရှိနေတယ်။ သိုင်းဘိုးဘေးက အစွမ်းထက်တာ မှန်ပေမယ့် ရှေးခေတ်ကနေ အခုထိ အစွမ်းထက်ဆုံး ဆယ်ယောက်နဲ့ ယှဉ်ရင်တော့...."
အထွတ်အထိပ် အင်မော်တယ်ဘုရင်များက အမျိုးမျိုး ဆွေးနွေးနေကြသည်။
စိတ်ဝိညာဉ်ကမ္ဘာ၏ သမိုင်းကြောင်းက နက်နဲဆန်းကြယ်ပြီး ထိုရှေးဦးခေတ်များတွင် စိတ်ဝိညာဉ်ကမ္ဘာနှင့် တစ်ပြိုင်တည်းမွေးဖွားလာသော သတ္တဝါများပင် ရှိခဲ့လေသည်။
ထိုအချိန်တွင် လင်းယွမ်၏ ပုံရိပ်က တိတ်ဆိတ်စွာ ပေါ်လာသည်။
" သိုင်းဘိုးဘေး...."
" သိုင်းဘိုးဘေး..."
အထွတ်အထိပ်အင်မော်တယ်ဘုရင်များက လင်းယွမ်ကို အရိုအသေပေးလိုက်ကြသည်။
" ငါ နဝမကောင်းကင်ဘုံကို ဝင်တော့မယ်။ မင်းတို့ ကြည့်ချင်ရင် ကြည့်ကြ။ " လင်းယွမ်က စကားပြောပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်တွင် ပေါ်လာသည်။
" သိုင်းဘိုးဘေးက နဝမကောင်းကင်ဘုံကို တကယ်စိန်ခေါ်တော့မှာလား။ "
" မြန်မြန်ကြည့်ရအောင်။ ဒါက ခေတ်တစ်ခေတ် အဆုံးသတ်ရင်တောင် မြင်ရခဲတဲ့ တိုက်ပွဲပဲ။ "
" သိုင်းဘိုးဘေးက ဘယ်အထိ ရောက်နိုင်မလဲ သိချင်မိတယ်။ "
အင်မော်တယ်ဘုရင်များက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။
နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်တွင် အလွှာဆယ်ခုရှိ၏။ အလွှာတစ်ခုစီတွင် သက်ရှိပုံရိပ် တစ်ခုစီရှိသည်။ ထိုဆယ်ယောက်က စိတ်ဝိညာဉ်ကမ္ဘာ ဖြစ်တည်ချိန်မှစ၍ အစွမ်းထက်ဆုံး သက်ရှိဆယ်ယောက်ဖြစ်လေသည်။
" ငါက သမိုင်းမတိုင်မီခေတ်ရဲ့ အစွမ်းထက်ဆုံးသူတစ်ယောက်ဖြစ်ပေမယ့် ပထမအလွှာ သက်ရှိရဲ့ ရှေ့မှာ ခုခံနိုင်စွမ်းမရှိခဲ့ဘူး။ သိုင်းဘိုးဘေးက ပထမအလွှာက သက်ရှိကို အနိုင်ယူနိုင်ပါ့မလားမသိဘူး။ " ဟွမ်သွမ်အင်မော်တယ်ဘုရင်က အနည်းငယ် မျှော်လင့်နေပုံရသည်။
လွန်ခဲ့သော နှစ်ငါးရာက သူက သိုင်းဘိုးဘေးကို မယှဉ်နိုင်ကြောင်း သိရှိခဲ့ပြီး ခုခံခြင်းမရှိဘဲ ဆန္ဒအလျောက် လက်နက်ချခဲ့သည်။ သိုင်းဘိုးဘေးက အလွန်သန်မာသည်ကို သူသိလေသည်။ သို့သော် မည်မျှသန်မာသည်ကို အတိအကျမသိပေ။ ယခု သိုင်းဘိုးဘေးက နဝမကောင်းကင်ဘုံကို စိန်ခေါ်ပြီဖြစ်သောကြောင့် သူ၏ အစစ်အမှန်ခွန်အားကို သိနိုင်တော့မည်ဖြစ်သည်။
" ပထမအလွှာ သက်ရှိပုံရိပ်...." လင်းယွမ်က ဝင်ပေါက်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားသည်နှင့် မြူခိုးများ လွင့်ပျယ်သွားပြီး လူသဏ္ဍန်အရိပ်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
ထိုပုံရိပ်က အနီရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ထိုနေရာတွင် ရပ်နေရုံဖြင့် စိတ်ဝိညာဉ်ကမ္ဘာ၏ နေမင်းကြီးသဖွယ် ပြင်းထန်သော အလင်းနှင့် အပူလှိုင်းများကို ထုတ်လွှတ်နေသည်။
နဝမကောင်းကင်ဘုံ၏ လမ်းကြောင်းရှိ ပထမအလွှာ၏ သက်ရှိပုံရိပ်က အလွှာဆယ်ခုတွင် အားအနည်းဆုံးဖြစ်သည်။ သို့သော် ထိုအားအနည်းဆုံးမှာ စိတ်ဝိညာဉ်ကမ္ဘာ ဖြစ်တည်လာချိန်မှစ၍ ယခုအချိန်ထိ အသန်မာဆုံး ဆယ်ယောက်ထဲမှ အားအနည်းဆုံး ဖြစ်သည်။
" မင်း..." အနီရောင်ချပ်ဝတ်နှင့် ပုံရိပ်က လင်းယွမ်ကို အထက်စီးမှ ကြည်လိုက်သည်။ အသက်တံဆိပ်မှ အသက်ပြန်ဝင်လာသူဖြစ်သကဲ့သို့ စိတ်ခံစားချက်များမရှိဘဲ တိုက်ခိုက်လိုစိတ်များဖြင့်သာ ပြည့်နှက်နေသည်။
အပြင်ဘက်တွင် ဟွမ်သွမ်အင်မော်တယ်ဘုရင်နှင့် အခြားသူများက မျက်လုံးများ ပြူးလျက် အံ့အားသင့်နေကြသည်။ သူတို့က သိုင်းဘိုးဘေး၏ ခွန်အားကို ပထမအလွှာကတည်းက ခန့်မှန်းနိုင်ပြီဖြစ်သည်။
" သိုင်းဘိုးဘေးက ဘယ်နှစ်ကွက်ခုခံနိုင်မလဲမသိဘူး။ " ဟွမ်သွမ်အင်မော်တယ်ဘုရင်က သေချာကြည့်နေသည်။ သူက သိုင်းဘိုးဘေး အနိုင်ရလျှင်တောင် ခက်ခက်ခဲခဲအနိုင်ရရှိခြင်း သို့မဟုတ် နိုင်မှာမဟုတ်ဘူးဟုပင် ထင်နေသည်။
လင်းယွမ်က သူ၏ ပြိုင်ဘက်ကို အကဲခတ်နေသည်။
" မသိဘူး။ "
သူက ခေါင်းခါလိုက်သည်။ စိတ်ဝိညာဉ်ကမ္ဘာ၏ ခေတ်အဆက်ဆက်တွင် မရေတွက်နိုင်သော အစွမ်းထက်သူများက သမိုင်းထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
လင်းယွမ်က တာအိုပြည်နယ်သုံးထောင်ခေတ်ကို အများဆုံးသိပြီး သမိုင်းမတိုင်မီခေတ်ကို အနည်းငယ် သိသော်လည်း ပို၍ ရှေးကျသော ခေတ်များကိုမူ မသိတော့ပေ။
" သူကျွမ်းကျင်ထားတဲ့ ဖန်တီးခြင်းစွမ်းအားက ငါနားလည်ပြီးသားပဲ။ " လင်းယွမ်က အနည်းငယ် စိတ်ပျက်သွားပြီး တိုက်ပွဲကို မြန်မြန်အဆုံးသတ်ရန် စီစဉ်လိုက်သည်။
ဝုန်း....
လင်းယွမ်က သူ၏ ညာလက်ကို မြှောက်၍ ရှေ့သို့ ဖိချလိုက်သည်။
ကြောက်မက်ဖွယ်ရာ ကမ္ဘာစွမ်းအားက လျင်မြန်စွာ ထွက်ပေါ်လာသည်။ အနီရောင်ချပ်ဝတ်နှင့် ပုံရိက်က ခဏသာ ခုခံနိုင်ပြီးနောက် ပေါက်ကွဲသွားခဲ့သည်။
လင်းယွမ်က သန်းတစ်ရာနီးပါးရှိသော အတွင်းကမ္ဘာနှင့် ဖန်တီးခြင်းစွမ်းအားများစွာတို့၏ အားဖြည့်မှုဖြင့် သူ၏ ခွန်အားက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ အထူးလှုပ်ရှားမှုများ သို့မဟုတ် နည်းစနစ်များ မလိုအပ်ဘဲ အကြွင့်မဲ့ စွမ်းအားဖြင့် လုံလောက်လေသည်။
" ဘာ..."
" ပြီးသွားပြီလား။ "
" သိုင်းဘိုးဘေးက အရမ်းအားကောင်းတာပဲ။ "
အပြင်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များက အံ့အားသင့်သွားကြသည်။ သိုင်းဘိုးဘေးက မရှုံးနိမ့်မီ ဘယ်နှစ်ကွက်ခုခံနိုင်မလဲဟု သူတို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် သူတို့မထင်ထားသည်မှာ အခြေအနေက လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။ စိတ်ဝိညာဉ်ကမ္ဘာ၏ သမိုင်းတွင် အဆင့်တစ်ဆယ်ရှိသော ပုံရိပ်က သိုင်းဘိုးဘေး၏ တစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။
" သိုင်းဘိုးဘေး..." ဟွမ်သွမ်အင်မော်တယ်ဘုရင်က မယုံကြည်နိုင်ဖြစ်နေသည်။ သူက ပထမအလွှာကို ကြိုးစားဖူးပြီး ထိုပုံရိပ်က မည်မျှကြောက်စရာကောင်းသည်ကို သိထားလေသည်။
ဝင်ပေါက်အတွင်း လင်းယွမ်က ပထမအလွှာကို ဖြတ်ကျော်ပြီး ဒုတိယအလွှာသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ထို့နောက် တတိယအလွှာ၊ စတုတ္ထအလွှာနှင့် ပဉ္စမအလွှာတို့ကို ဆက်တိုက် ဖြတ်ကျော်သွားခဲ့သည်။
ထိုသက်ရှိပုံရိပ်များက လူသားများသာမဟုတ်ဘဲ အစစ်အမှန်နဂါး၊ ကောင်းကင်လေ၊ ချီလင်နှင့် အခြားအစွမ်းထက်သော သတ္တဝါများ ပါဝင်လေသည်။ ထိုသက်ရှိများက အထွတ်အထိပ် အင်မော်တယ်ဘုရင်များထက် လုံးဝ သာလွန်သော်လည်း လင်းယွမ်၏ ရှေ့တွင် ပုရွက်ဆိတ်များသဖွယ် ဖျက်ဆီးခံလိုက်ရသည်။
တစ်ချက်တည်းနှင့် ထိုးဖောက်သွားခဲ့သည်။ မကြာမီ လင်းယွမ်က ဒသမအလွှာသို့ ရောက်သွားခဲ့သည်။ ထိုအလွှာရှိ သက်ရှိက စိတ်ဝိညာဉ်ကမ္ဘာ၏ သမိုင်းတစ်ခုလုံးတွင် အသန်မာဆုံးဖြသ်သည်။
တိမ်များနှင့် မြူခိုးများ ဝန်းရံလျှက် လင်းယွမ်က တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။
မကြာမီ တိမ်များကြားမှ အရည်ရှည်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်က ငယ်ရွယ်ပုံရပြီး သူ၏ ခန္ဓာကိုယ်မှ အကန့်အသတ်မဲ့သော သွေးစွမ်းအားများ စီးဆင်းနေသည်။