← Chapters

ဒသမမြောက်ပြိုင်ဘက်....

Vol. 26 Ch. 397

ဒသမမြောက်ပြိုင်ဘက်....

Vol. 26 Ch. 397

ဝင်ပေါက်၏ အပြင်ဘက်တွင် ဟွမ်သွမ်အင်မော်တယ်ဘုရင်နှင့် အခြားသူများက ထိတ်လန့်တုန်လှုပ်နေကြသည်။ အစတွင် သိုင်းဘိုးဘေးက ပထမအလွှာရှိ ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် အနိုင်ယူပြီးနောက် နောက်ပိုင်းအလွှာများရှိပြိုင်ဘက်များကို အားထုတ်တိုက်ခိုက်ရမည်ဟု သူတို့က ထင်ခဲ့ကြသည်။

သို့သော် သိုင်းဘိုးဘေးအတွက်မူ ပထမအလွှာသာမက အခြားအလွှာများမှ ပြိုင်ဘက်များကိုလည်း တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ အလွှာများရှိ ပြိုင်ဘက်များ၏ ခွန်အားများက တူညီနေခြင်းမဖြစ်နိုင်ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ထိုသိုင်းဘိုးဘေးက အလွန်စွမ်းအားကောင်းနေခြင်းဖြစ်သည်။

" ဘုရားရေ အဲ့ဒါ နဂါးဘိုးဘေးပဲ။ စိတ်ဝိညာဉ်ကမ္ဘာက အစစ်အမှန်နဂါးတွေရဲ့ မူလဖခင်ပဲ။ စိတ်ဝိညာဉ်ကမ္ဘာက စဖြစ်တည်လာချိန်က မွေးဖွားလာပြီး ကာလမကုန်ခင် ပျောက်ကွယ်သွားခဲ့တယ်။ "

သိုင်းဘိုးဘေး၏ သတ္တမအလွှာရှိ ပြိုင်ဘက်မှာ မိုင်ပေါင်းသန်းချီရှည်လျားသော အစစ်အမှန်နဂါးဖြစ်ပြီး ၎င်း၏ နဂါးဦးချိုများက ရွှေရောင်ရှိကာ မြင့်မြတ်သော အော်ရာကို ထုတ်လွှတ်နေသည်။

အစစ်အမှန်နဂါး မူလဖခင်က နဂါးသွေးမျိုးဆက်ကို သတ္တများထံပေါင်းစပ်ခဲ့ပြီး စိတ်ဝိညာဉ်ကမ္ဘာရှိ နဂါသွေးမျိုးဆက်ရှိသော သက်ရှိအားလုံး၏ ဘိုးဘေးဟု ပြောနိုင်လေသည်။ ထို့ကြောင့် နဂါးဘိုးဘေး ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း နဂါးသွေးမျိုးဆက်က ဆက်လက်တည်ရှိနေခဲ့သည်။

တာအိုပြည်နယ်သုံးထောင်ရှိ ကျိုးကျန်းနယ်မြေက ကပ်ဘေးကျော်လွှားခြင်းအဆင့် အစစ်အမှန်နဂါးတစ်ကောင်ကို မွေးထုတ်ပေးခဲ့ဖူးသည်။ နဂါးဘိုးဘေးက အလွန်ကျော်ကြားလှပြီး အထွတ်အထိပ် အင်မော်တယ်ဘုရင်များစွာက ၎င်းကို တစ်ချက်ကြည်ရုံဖြင့် မှတ်မိကြလေသည်။

နဂါးဘိုးဘေး၏ စွမ်းအားက ကြောက်စရာကောင်းပြီး နဝမကောင်းကင်ဘုံဝင်ပေါက်၏ သတ္တမအလွှာတွင် ရှိနေသောကြောင့် နဂါးဘိုးဘေးက စိတ်ဝိညာဉ်ကမ္ဘာ၏ သမိုင်းတွင် စတုတ္ထမြောက် အသန်မာဆုံးဖြစ်သည်။

သို့သော် လင်းယွမ်၏ ရှေ့တွင် စွမ်းအားကြီးသော နဂါးဘိုးဘေး၏ ခန္ဓာကိုယ်က လက်သီးတစ်ချက်နှင့် ထိုးဖောက်ခံလိုက်ရပြီး ကျန်သော ခန္ဓာကိုယ်က အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားခဲ့သည်။

အထွတ်အထိပ် အင်မော်တယ်ဘုရင်များအားလုံးက တိတ်ဆိတ်သွားကြပြီး ဟွမ်သွမ်အင်မော်တယ်ဘုရင်က မှင်သက်နေသည်။

" အဲ့ဒါ ကောင်းကင်ဖီးနစ်ဘိုးဘေးပဲ။ ကောင်းကင်ဖီးနစ်ဘိုးဘေးက နဂါးဘုရင်ထက်တောင် စွမ်းအားကြီးသေးတယ်။ သူက နဝမကောင်းကင်ဘုံဝင်ပေါက်ရဲ့ အဋ္ဌမအလွှာမှာ ရှိနေတယ်။ "

လင်းယွမ်က အဋ္ဌမအလွှာသို့ ရောက်သွားချိန်တွင် အထွတ်အထိပ် အင်မော်တယ်ဘုရင်များအားလုံးက သူ၏ ပြိုင်ဘက်ကို ကြည့်ပြီး ဆွေးနွေးလိုက်ကြပြန်သည်။

ကောင်းကင်ဖီးနစ်ဘိုးဘေးကလည်း အစစ်အမှန်နဂါးဘိုးဘေးကဲ့သို့ စိတ်ဝိညာဉ်ကမ္ဘာဖြစ်နည်ချိန်တွင် စတင်မွေးဖွားခဲ့သော စွမ်းအားကြီးသည့် သက်ရှိတစ်မျိုးဖြစ်သည်။ တာအိုပြည်နယ်သုံးထောင်တွင် ဖီးနစ်သွေးမျိုးဆက်ကို ပိုင်ဆိုင်သော သက်ရှိများစွာ ရှိခဲ့လေသည်။

ကောင်းကင်ဖီးနစ်ဘိုးဘေးကို မြင်ချိန်တွင် အားလုံးက ဆွေးနွေးလိုက်ကြသော်လည်း အစစ်အမှန်နဂါးဘိုးဘေး၏ ကံကြမ္မာကို သတိရသွားပြီး သက်ပြင်ချလိုက်ကြသည်။

သူတို့ထင်သည့်အတိုင်း ကောင်းကင်ဖီးနစ်ဘိုးဘေးကို ရင်ဆိုင်ရချိန်တွင်လည်း လင်းယွမ်က လက်သီးတစ်ချက် ပစ်သွင်းပြီး ဖီးနစ်ခန္ဓာကိုယ်ကို ဆုတ်ဖြဲကာ နဝမအလွှာသို့ တက်ရောက်သွားခဲ့သည်။

မကြာမီ လင်းယွမ်က ဒသမအလွှာသို့ တက်ရောက်သွားခဲ့ပြန်သည်။ အထွတ်အထိပ်အင်မော်တယ်ဘုရင်များအားလုံးကလည်း အံ့အားသင့်နေကြသည်။

ဒသမအလွှာ။ နဝမကောင်းကင်ဘုံသို့ သွားရာလမ်း၌ နောက်ဆုံးအလွှာ။ ထို့အပြင် စိတ်ဝိညာဉ်ကမ္ဘာ သမိုင်းတစ်လျှောက်လုံး၏ အသန်မာဆုံး သက်ရှိတစ်ယောက် ရှိနေသော နေရာလည်း ဖြစ်သည်။ ထိုအလွှာကို ဖြတ်ကျော်ရန် စိတ်ဝိညာဉ်ကမ္ဘာ စတင်ကတည်းက အသန်မာဆုံး သက်ရှိကို အနိုင်ယူရမည်ဖြစ်သည်။

၎င်းက ခေတ်တစ်ခေတ်၏ အသန်မာဆုံးမဟုတ်ဘဲ ကမ္ဘာတစ်ခု စတင်ချိန်မှ စပြီး အသန်မာဆုံး သက်ရှိဖြစ်သည်။

" စိတ်ဝိညာဉ်ကမ္ဘာစတင်ချိန်ကစပြီး အသန်မာဆုံး သက်ရှိက ဘာဖြစ်မလဲ။ "

အထွတ်အထိပ် အင်မော်တယ်ဘုရင်များက ဒသမအလွှာကို အာရုံစိုက်ပြီး ကြည့်နေကြသည်။

" ငါတို့ လူသားမျိုးနွယ်ကများလား။ "

" မဟုတ်လောက်ဘူး။ သတ္တမ၊ အဋ္ဌမနဲ့ နဝမအလွှာတွေကို ကြည့်လေ။ သူတို့က လူသားမျိုးနွယ်က မဟုတ်ဘူး။ နဂါးမျိုးနွယ်၊ ဖီးနစ်မျိုးနွယ်တို့လို မွေးရာပါ စွမ်းအားကြီးတဲ့ သက်ရှိတွေပဲ။ "

ခေတ်ကာလများ ကုန်ဆုံးလာပြီး အစွမ်းထက်သော သွေးမျိုးဆက်များသာ ပျောက်ကွယ်မသွားခဲ့လျှင် ခေတ်များကို အုပ်စိုးခဲ့သူများမှာ လူသားမျိုးနွယ်မှ ဖြစ်လာမည်မဟုတ်ပေ။

" နဂါးမျိုးနွယ်နဲ့ ဖီးနစ်မျိုးနွယ်တို့လို ကမ္ဘာဦးစမှာ မွေးဖွားခဲ့တဲ့ သတ္တဝါတစ်ကောင်ဖြစ်နိုင်တယ်။ "

အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ယောက်က ပြောလိုက်ပြီး အခြားသူများကလည်း ခေါင်းညိမ့်လိုက်ပြသည်။

ထိုအချိန်တွင် ဒသမအလွှာ၏ မြူခိုးများထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်က လူသားသဏ္ဍန်ရှိပြီး အင်္ကျီစများက လေနှင့်အတူ လွင့်မျောနေသည်။ ထိုနေရာတွင် ရပ်နေရုံဖြင့် ကြောက်မက်ဖွယ်ရာ အော်ရာကို ထုတ်လွှတ်နေသည်။

" သိုင်းဘိုးဘေး..... အဲ့ဒါ သိုင်းဘိုးဘေးလား...."

" ဒသမအလွှာက သက်ရှိက သိုင်းဘိုးဘေးလား...."

" သိုင်းဘိုးဘေးက စိတ်ဝိညာဉ်ကမ္ဘာစတင်ကတည်းက အသန်မာဆုံး သက်ရှိလား။ "

အင်မော်တယ်ဘုရင်များ၏ အံ့ဩသံများက ပျံ့လွင့်လာသည်။

စိတ်ဝိညာဉ်ကမ္ဘာစတင်ချိန်မှစ၍ အသန်မာဆုံး သက်ရှိဖြစ်ခြင်းက အလွန်မြင့်မြတ်သော ဘွဲ့ထူးတစ်ခုဖြစ်ပြီး ထိုအသန်မာဆုံးက သိုင်းဘိုးဘေးဖြစ်လိမ့်မည်ဟု သူတို့တစ်ခါမှ မစဉ်းစားဖူးပေ။

" ဟုတ်သားပဲ။ သိုင်းဘိုးဘေးက အရင်ပြိုင်ဘက်ကိုးယောက်ကို အလွယ်တကူ အနိုင်ယူသွားတာဆိုတော့..." ဟွမ်သွမ်အင်မော်တယ်ဘုရင်က ရေရွတ်လိုက်သည်။

ယခင်ပြိုင်ဘက်ကိုးယောက်က သိုင်းဘိုးဘေး၏ လက်သီးတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ကြပေ။ စိတ်ဝိညာဉ်ကမ္ဘာစတင်ချိန်မှစ၍ အသန်မာဆုံးမှာ သိုင်းဘိုးဘေးမဖြစ်လျှင် ဘယ်သူဖြစ်နိုင်မှာလဲ။

" စိတ်ဝိညာဉ်ကမ္ဘာတစ်ခုလုံးရဲ့ အသန်မာဆုံး... ဒီလိုအင်အားကြီးတဲ့သူတစ်ယောက်ကို မြင့်တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ "

" မှန်တယ်။ နဂါးဘိုးဘေးနဲ့ ကောင်းကင်ဖီးနစ်ဘိုးဘေးတို့ကို ကျော်လွန်သွားတာ သိုင်းဘိုးဘေးက တကယ်အံ့ဩစရာကောင်းတာပဲ။ "

အထွတ်အထိပ် အင်မော်တယ်ဘုရင်များက စိတ်လှုပ်ရှားသွားကြပြီး နောက်ဆုံး နားလည်သွားကြသည်။ သိုင်းဘိုးဘေးက စိတ်ဝိညာဉ်ကမ္ဘာစတင်ချိန်မှစ၍ အသန်မာဆုံး သက်ရှိဖြစ်ပြီး အကြီးမားဆုံး တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်လေသည်။

ဒါပေမယ့် သိုင်းဘိုးဘေးက သူ့ကိုသူ ဘယ်လိုအနိုင်ယူမှာလဲ။

" ဒါကြီးက မတရားဘူး။ နဝမကောင်းကင်ဘုံရဲ့ ဝင်ပေါက်ကို ဘယ်လိုလုပ် ဖြတ်ကျော်နိုင်မှာလဲ။ "

" စိတ်ဝိညာဉ်ကမ္ဘာရဲ့ အသန်မာဆုံး ဖြစ်တဲ့ ကိုယ့်ကိုကိုယ် အနိုင်ယူရမှာလား။ "

" ဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲ။ "

အထွတ်အထိပ် အင်မော်တယ်ဘုရင်များက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ သက်ရှိပုံရိပ်မှ ဖြစ်ပေါ်လာသော ပြိုင်ဘက်က တိုက်ခိုက်ရေးစွမ်းအား အနည်းငယ်မျှ လျှော့နည်းခြင်းမရှိသည့်အပြင် နည်းစနစ်များ၊ စွမ်းရည်များနှင့် အရည်အချင်းများ အားလုံးကို အသုံးပြုနိုင်လေသည်။

ထို့ကြောင့် အင်မော်တယ်ဘုရင်များ၏ တုံ့ပြန်မှုက ပြင်းထန်နေခြင်းဖြစ်သည်။ နောက်ဆုံး အသန်မာဆုံးသူကို အနိုင်ယူခြင်းက ဖြစ်နိုင်သော်လည်း ကိုယ်ကိုကိုယ် အနိုင်ယူရန် မလွယ်ကူလှပေ။

ထို့အပြင် သက်ရှိပုံရိပ်မှ ဖြစ်ပေါ်လာသော ပြိုင်ဘက်က စိတ်ခံစားချက်များမရှိဘဲ တိုက်ခိုက်လိုစိတ်သာ ရှိသဖြင့် သူတို့က ပိုမိုအစွမ်းထက်လေသည်။

နှစ်ယောက်လုံးက တူညီသော စွမ်းအားနှင့် နည်းလမ်းများရှိသောကြောင့် သိုင်းဘိုးဘေးကလည်း ပြိုင်ဘက်ကို အနိုင်မယူနိုင်သကဲ့သို့ ပြိုင်ဘက်ကလည်း သိုင်းဘိုးဘေးကို အနိုင်ယူနိုင်မည်မဟုတ်ပေ။

" ဒီနဝမကောင်းကင်ဘုံးက တကယ်ပဲ ငါတို့ကို ဖြတ်သန်းခွင့်မပေးချင်ဘူးထင်တယ်။ " ဟွမ်သွမ်အင်မော်တယ်ဘုရင်က လင်းယွမ်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

ဒသမအလွှာတွင် လင်းယွမ်က ပြိုင်ဘက်ကို ကြည့်လိုက်သည်။ သူနှင့် လုံးဝခွဲမရဘဲ တူညီသောအော်ရာ၊ တူညီသော အသက်စွမ်းအားနှင့် အတွင်းကမ္ဘာ၏ အော်ရာပင် အနည်းငယ် ထွက်ပေါ်နေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ပြိုင်ဘက်က အေးစက်နေပြီး စိတ်ခံစားချက်များ ကင်းမဲ့နေခြင်းဖြစ်သည်။

" ဒီစိတ်ဝိညာဉ်ကမ္ဘာ..." လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

သူက သူ၏ အသက်တံဆိပ်ကို စိတ်ဝိညာဉ်ကမ္ဘာနှင့် ပေါင်းစပ်ခြင်းမပြုခဲ့သေည်လည်း သူက စိတ်ဝိညာဉ်ကမ္ဘာတွင် ရှိနေပြီး အဆင့်တစ်ခုသို့ ရောက်လျှင် စိတ်ဝိညာဉ်ကမ္ဘာက သူ၏ အသက်တံဆိပ်ကို အလိုအလျောက်မှတ်တမ်းတင်ထားမည်ဖြစ်သည်။

လင်းယွမ်က တိတ်ဆိတ်စွာ ရပ်နေသည်။

သက်ရှိပုံရိပ်များဖြင့် ဖွဲ့စည်းထားသော သိုင်းဘိုးဘေးက စတင်လှုပ်ရှားလိုက်သည်။ သူက စိတ်ခံစားမှု သို့မဟုတ် အတွေးများမရှိဘဲ လင်းယွမ်ကို အနိုင်ယူရန်ဟူသော အတွေးတစ်ခုသာ ရှိလေသည်။

ဝုန်း....

ကြောက်စရာကောင်းသော အော်ရာတစ်ခုက ဝင်ပေါက်အလွှာကိုးခုကို ထိုးဖောက်သွားပြီး အဋ္ဌမကောင်းကင်ဘုံတစ်ခုလုံး ပျံ့နှံ့သွားသည်။

" အဲ့လောက်တောင် အားကောင်းတာလား။ "

" အရင် သိုင်းဘိုးဘေးက သူ့ရဲ့ စွမ်းအားကို အကုန်မထုတ်ခဲ့ဘူးပဲ။ "

အထွတ်အထိပ် အင်မော်တယ်ဘုရင်များက ကျောရိုးတစ်လျှေက် အေးစိမ့်သွားကြပြီး ချက်ချင်း အစွမ်းကုန် ခုခံလိုက်ကြသည်။

ဒသမအလွှာမှ လင်းယွမ်နှက့် သိုင်းဘိုးဘေးတို့၏ ရင်ဆိုင်မှုမှ ထွက်ပေါ်လာသော စွမ်းအားလှိုင်းများကပင် အလွှာကိုးခုကို ထိုးဖောက်ပြီး အဋ္ဌမကောင်းကင်ဘုံသို့ ရောက်ရှိပြီးနောက် ကောင်းကင်နှင့် မြေကြီးပင် ပျက်ဆီးသွားသည်ဟု ထင်ရသည်။

တိုက်ပွဲက ဒသမအလွှာတွင် မဟုတ်ဘဲ အဋ္ဌမကောင်းကင်ဘုံတွင် ဖြစ်လျှင် အဋ္ဌမကောင်းကင်ဘုံတစ်ခုလုံး ပျက်ဆီးသွားပေလိမ့်မည်။ သတ္တမနှင့် ဆဋ္ဌမကောင်းကင်ဘုံများကိုပင် ထိခိုက်သွားစေနိုင်သည်။

All Chapters