ကောင်းမှုအမှတ် ၂၂သန်း...
Vol. 26 Ch. 403
"ကြီးမြတ်သူရှချင်၊ ကြီးမြတ်သူယုတိုင်၊ ကြီးမြတ်သူကုလီ သင်တို့ကန့်ကွက်စရာမရှိဘူးဆိုရင် ဒီအဋ္ဌမအလွှာကဏ္ဍရဲ့ တန်ဖိုးကို ကောင်းမှုအမှတ် ၂၂သန်းအဖြစ် သဘောတူပါလား။ ဉာဏ်ပညာနတ်ဘုရားက ပြောလိုက်သည်။
"ကောင်းမှုအမှတ် ၂၂သန်း..." ကြီးမြတ်သူရှချင်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။
ပုံမှန်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဋ္ဌမအလွှာကဏ္ဍက ကောင်းမှုအမှတ် ရှစ်သန်းမှ ဆယ်သန်းအထိ တန်ဖိုးရှိလေသည်။ ပို၍ ထူးခြားသော အဋ္ဌမအလွှာကဏ္ဍက ကောင်းမှုအမှတ် ၁၅သန်းမှ ၁၈သန်းအထိ ရောက်နိုင်လေသည်။
ကောင်းမှုအမှတ် ၂၂သန်းထက်ကျော်လွန်သော အဋ္ဌမအလွှာကဏ္ဍများက ကောင်းမွန်ရုံသာမက ထူးခြားသော အလားအလာတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။
" ငါ သဘောတူတယ်။ " ကြီးမြတ်သူရှချင်က ခေါင်းညိမ့်လိုက်သည်။
" ငါလည်း သဘောတူတယ်။ "
" သဘောတူတယ်။ "
ကြီးမြတ်သူယုတိုင်နှင့် ကြီးမြတ်သူကုလီတို့ကလည်း လက်ခံလိုက်ကြသည်။ သိုင်းတာအိုအဋ္ဌမအလွှာတွင် ပါဝင်သော စကြာဝဠာစွမ်းအားအမျိုးမျိုးက ကောင်းမှုအမှတ်တန်ဖိုးနှင့် ထိုက်တန်လေသည်။
၎င်းက စကြာဝဠာစွမ်းအားဖြစ်၏။ တစ်ခုကို နားလည်ခဲ့လျှင်တောင် နဝမအလွှာကို တက်လှမ်းပြီးနောက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိပေလိမ့်မည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်၏ စိတ်အသိက VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး သင့်တော်သော စွမ်းအားသလင်းကျောက်များ ဝယ်ယူရန် ပြင်ဆင်နေသည်။
အတွင်းကမ္ဘာက မိုင်သန်းနှစ်ဆယ်ကျော် ချဲ့ထွင်ရမည်ဖြစ်ပြီး လင်းယွမ်က ၎င်းကို ထောက်ပံ့နိုင်ရန် ကြီးမားသော စွမ်းအားပမာဏကို လိုအပ်လေသည်။ စကြာဝဠာစွမ်းအားကို စုပ်ယူခြင်းကလည်း ထိရောက်မှုနည်းပြီး နဂါးငွေ့တန်းပင်မကြယ်အပေါ် ထိခိုက်မှုများ ရှိနိုင်လေသည်။
" ဒီတစ်ခုပဲ။ " နောက်ဆုံးတွင် လင်းယွမ်က ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်သည်။
ထိုက်ဝေသလင်ကျောက်။ ၎င်းက ထိုက်ဝေလျို့ဝှက်နယ်မြေ၏ အဓိကစွမ်းအားတစ်ခုဖြစ်၏။ ၎င်း၏ အရည်အသွေးက အနီရောင်စိတ်ဝိညာဉ်အရည်လောက် သန့်စင်ခြင်းမရှိသော်လည်း အတွင်းကမ္ဘာချဲ့ထွင်ရန် လုံလောက်သည်ထက် ပိုလေသည်။
" စကြာဝဠာသလင်းကျောက် ရှစ်သောင်း..." လင်းယွမ်က အတွင်းကမ္ဘာ၏ မိုင် ၃၇.၅သန်း ချဲ့ထွင်ရန်အတွက် လိုအပ်သော ကုန်ကျစရိတ်ကို ခန့်မှန်းပြီး သွေးတက်သွားမိသည်။
သူက နဂါးငွေ့တန်းကြယ်နယ်မြေရှိ အထူးသက်ရှိများနှင့် မျိုးနွယ်ခြားများကို ရှင်းလင်းပြီးနောက် စကြာဝဠာသလင်းကျောက် တစ်သိန်းကျော်တန်ဖိုးရှိသော ရတနာများကို ရရှိခဲ့သည်။
" ကိစ္စမရှိပါဘူး။ ငါ ပိုပြီးအားကောင်းလာတာနဲ့ မျိုးနွယ်ခြား နည်းနည်းကို သတ်လိုက်ရင် အားလုံးပြန်ရနိုင်တာပဲလေ။ စကြာဝဠာသလင်းကျောက် ရှစ်သောင်းလား။ အဋ္ဌမအလွှာတစ်ယောက်ရဲ့ တစ်ဝက်စျေးပဲရှိတယ်။ " လင်းယွမ်က မိမိကိုယ်ကို နှစ်သိမ့်ရင်း စကြာဝဠာသလင်းကျောက်များကို နာကျင်စွာ လွှဲပြောင်းပေးလိုက်သည်။
" မကြာခင်ရောက်လာမှာလား။ " လင်းယွမ်က ပို့ဆောင်ချိန်ကို ကြည့်လိုက်သည်။ စကြာဝဠာသလင်းကျောက် ရှစ်သောင်းတန်ဖိုးရှိသော ထိုက်ဝေသလင်းကျောက်က နဂါးငွေ့တန်းကြယ်နယ်မြေသို့ ရောက်ရန် လဝက်ခန့်သာ ကြာမည်ဖြစ်သည်။
" နောက်တစ်ခုက အတွင်းကမ္ဘာထဲက ဖန်တီးခြင်းစွမ်းအားအားလုံးကို စကြာဝဠာစွမ်းအားအဖြစ် ပြောင်းလဲရမယ်။ " လင်းယွမ်က အတွင်းကမ္ဘာနှင့် ပြင်ပကမ္ဘာကြား အတားအဆီးကို ဖယ်ရှားလိုက်သည်။
ခဏအတွင်း ဖန်တီးခြင်းစွမ်းအားများက မူလကမ္ဘာနှင့် လိုက်လျောညီထွေဖြစ်အောင် ပေါင်းစပ်သွားကြသည်။
" အတွင်းကမ္ဘာက မိုင် ၃၇.၅သန်း ချဲ့ထွင်ပြီးသွားရင် ဆန်းကြယ်တဲ့ ဘူးသီးခြောက်က အရည်ကို စုပ်ယူပြီးတာနဲ့ အတွင်းကမ္ဘာက မိုင်သန်းတစ်ရာနီးပါး ကျယ်ဝန်းသွားလိမ့်မယ်။ " လင်းယွမ်က တွေ့လိုက်သည်။
စိတ်ဝိညာဉ်ကမ္ဘာတွင် ဘူးသီးခြောက်မှ အရည်ကို ဆက်တိုက်စုပ်ယူပြီး ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်းကလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ထို့အပြင် ပြန်လည်စုပ်ယူခြင်းဖြစ်သောကြောင့် အချိန်ယူရမည်မဟုတ်ဘဲ ဆယ်ရက်ကျော်သာကြာပေလိမ့်မည်။
နေ့တစ်ဝက်ကြာပြီးသောအခါ ဉာဏ်ပညာနတ်ဘုရား၏ တည်ငြမ်သောအသံက ထွက်ပေါ်လာသည်။
" လေးစားရပါသော နဂါးငွေ့တန်းကြယ်သခင် အဋ္ဌမအလွှာကဏ္ဍကို အကဲဖြတ်ပြီးပါပြီ။ "
" ပြီးသွားပြီလား။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။ " ကောင်းမှုအမှတ် ဘယ်လောက်တန်လဲ။ "
" သိုင်းတာအိုရဲ့ အဋ္ဌမအလွှာကဏ္ဍက ကောင်းမှုအမှတ် ၂၂သန်း တန်ဖိုးရှိပါတယ်။ "
" ကောင်းမှုအမှတ် ၂၂ သန်း..." လင်းယွမ်က ပင့်သက်ရှိုက်သွား၏။
သူမှတ်မိသည်မှာ သတ္တမအလွှာကဏ္ဍက ကောင်းမှုအမှတ် သုံးသန်းသာ ရရှိခဲ့သည်။ ယခု အဋ္ဌမအလွှာကဏ္ဍက ၂၂သန်း တန်ဖိုးရှိပြီး များစွာ တိုးတက်လာခဲ့သည်။
" နတ်ဘုရားသုံးပါးက အဋ္ဌမအလွှာကို အရမ်းတန်ဖိုးထားကြတာလား။ " လင်းယွမ်က တွေးလိုက်သည်။ " ဒါမှမဟုတ် နတ်ဘုရားသုံးပါးတည်းမဟုတ်ဘူးလား။ "
ဤတစ်ကြိမ် အကဲဖြတ်မှုက ယခင်အကြိမ်များထက် ပို၍ ကြာခဲ့လေသည်။
" ကောင်းမှုအမှတ် ၂၂သန်း..." လင်းယွမ်က ပြုံးလိုက်သည်။ ၎င်းက အဋ္ဌမအလွှာ မျိုးနွယ်ခြားနှစ်ဆယ်ကို လုံးဝသတ်ဖြတ်ခြင်းမှရရှိသော ကောင်းမှုအမှတ်နှင့် ညီမျှလေသည်။
စစ်မြေပြင်များတွင် အဋ္ဌမအလွှာ မျိုးနွယ်ခြားနှစ်ဆယ်ကို သတ်ရန်မှာ ကောင်းကင်ကို တက်သကဲ့သို့ ခက်ခဲလေသည်။ ၎င်းက ခွန်အားကြောင်းမဟုတ်ပေ။ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အဋ္ဌမအလွှာ မျိုးနွယ်ခြားတစ်ယောက် နှစ်ယောက်ကို သတ်နိုင်ခဲ့လျှင် နောက်ပိုင်း မျိုးနွယ်ခြားသန်မာသူများက ထိုလူကို မြင်သည်နှင့် ချက်ချင်း ထွက်ပြေးကြပေလိမ့်မည်။
" ကောင်းပြီ။ အဆင့်သတ်မှတ်ချက်တွေ ကြည့်ရအောင်။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
နတ်ဘုရားသုံးပါးက သိုင်းတာအိုအဋ္ဌမအလွှာကဏ္ဍကို အကဲဖြတ်ပြီးသည်နှင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်သတ်မှတ်ချက်များကို ပြန်လည်သတ်မှတ်မည်ဖြစ်သည်။
၎င်းတို့ကို လင်းယွမ်တစ်ယောက်သာ ဝင်ကြည့်နိုင်ပြီး အခြားသူများက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ အဆင့်သတ်မှတ်ချင်များကို ပြန်လည်သတ်မှတ်သော နံနက်အချိန်ထိ စောင့်ရမည်ဖြစ်သည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်.... ချီခွန်ကြယ်နယ်မြေမှာ... အဆင့်တစ်...." လင်းယွမ်က ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို ကြည့်ပြီး အံ့ဩခြင်းမရှိပေ။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သတ္တမအလွှာတွင် ရှိစဉ်ပင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှစ်ခုကို ကျော်လွန်ပြီး ဒုတိယနေရာကို ရရှိခဲ့သည်။ ယခု သူက အဋ္ဌမအလွှာကို တင်လိုက်ပြီဖြစ်သောကြောင့် မျှော်လင့်ထားသည့်အတိုင်း အဆင့်တစ်သို့ ရောက်သွားခဲ့သည်။
"ဟမ် အန်နန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာလည်း အဆင့်တစ်လား။ " လင်းယွမ်က ပိုမိုမြင့်မားသော အဆင့်သတ်မှတ်ချက်များကို တွေ့လိုက်ရသည်။
အန်နန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က အန်နန်ကြယ်မဟာမိတ်တွင် ထွက်ပေါ်လာသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထဲမှ ထိပ်ဆုံးဆယ်ခုကို စာရင်းလုပ်ထားခြင်းဖြစ်သည်။
ချီခွန်ကြယ်နယ်မြေက အန်နန်ကြယ်မဟာမိတ်ထဲတွင် ရှိလေသည်။ ကြယ်မဟာမိတ်တစ်ခုတွင် ကြယ်နယ်မြေအရေအတွက်က ရာဂဏန်းမှ ထောင်ဂဏန်းထိ ရှိလေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သတ္တမအလွှာတွင် ရှိနေစဉ် အန်နန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ အဆင့်တစ်ရာတွင် ရှိခဲ့သည်ကို လင်းယွမ် မှတ်မိလေသည်။
အန်နန်ကြယ်မဟာမိတ်မှ မှတ်တမ်းတင်ထားသော ထပ်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာတွင် နဝမအလွှာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ငါးခုပါဝင်လေသည်။
ထိုသို့ဆိုလျှင်တောင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့်တစ်တွင် ရပ်တည်ခဲ့ပြီး နတ်ဘုရားသုံးပါးက ၎င်းကို မည်မျှအလေးထားသည်ကို မြင်နိုင်လေသည်။
" ဒီလိုဆိုရင် သိုင်းတာအိုဆင့်ကဲပြောင်းလဲသူအရေအတွက်က တိုးလာဦးမှာပဲ။ "
ကြယ်မဟာမိတ်နှင့် ကြယ်နယ်မြေများ၏ စာရင်းဝင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက လူသိများရန် အရေးပါသော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ၎င်းက လူများ အလွယ်တကူ ဝင်ရောက်နိုင်သော VR ကမ္ဘာ၏ အလယ်ပိုင်းဧရိယာတွင် ပြသထားလေသည်။
" တောင်ပိုင်းကြယ်ဒေသရဲ့ ဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို ကြည့်ရအောင်... ဟမ် ထိပ်ဆုံးတစ်ရာတောင် မပါသေးဘူးပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။
တောင်ပိုင်းကြယ်ဒေသက လူသားမျိုးနွယ်၏ အဓိကကြယ်ဒေသငါးခုထဲမှ တစ်ခုဖြစ်သည်။ တောင်ပိုင်းကြယ်ဒေသအပြင် အရှေ့ပိုင်းကြယ်ဒေသ၊ အနောက်ပိုင်းကြယ်ဒေသ၊ မြောက်ပိုင်းကြယ်ဒေသနှင့် အလယ်ပိုင်းကြယ်ဒေသတို့ရှိသည်။
လူသားမျိုးနွယ်၏ လက်ရှိနယ်မြေကို ကြယ်ဒေသငါးခုဖြင့် ဖွဲ့စည်းထားသည်။ အဓိကကြယ်ဒေသငါးခုထဲမှ အသေးဆုံး အလယ်ပိုင်းကြယ်ဒေသက ကြယ်မဟာမိတ် တစ်သိန်းနီးပါးကို လွှမ်းခြုံထားသည်။ ကျန်ကြယ်ဒေသလေးခုက အမြဲတမ်းတိုးချဲ့နေပြီး အကြီးဆုံးကြယ်ဒေသက ကြယ်မဟာမိတ် နှစ်သိန်းကျော်ပါဝင်လေသည်။
လင်းယွမ် လက်ရှိရောက်နေသော နဂါးငွေ့တန်းကြယ်နယ်မြေနှင့် ယခင် ချီခွန်ကြယ်နယ်မြေတို့က တောင်ပိုင်းကြယ်ဒေသအတွင်း ပါဝင်လေသည်။
ကြယ်မဟာမိတ် ၁၈၀၀၀၀ ကျော်ရှိသော တောင်ပိုင်းကြယ်ဒေသတွင် ဆင့်ကဲပြောင်းလဲခြင်းအဆင့်များက ပြိုင်ဆိုင်မှုပြင်းထန်လှသည်။ ယခုတော့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထိပ်ဆုံးတစ်ရာထဲသို့ မရောက်သေးပေ။
" ဒါက ဖြစ်သင့်ပါတယ်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အလားအလာက ဘယ်လောက်ကောင်းကောင်း အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပဲရှိသေးတယ်။ နဝမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အချို့ကို ကျော်လွန်တာတောင် ထူးခြားနေပြီ။ ကြယ်ဒေသအဆင့်သတ်မှတ်ချက်တွေမှာ ပါဝင်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေနဲ့ ဘယ်ယှဉ်နိုင်ဦးမလဲ။ " လင်းယွမ်က ၎င်းကို ကောင်းစွာ နားလည်လေသည်။
လင်းယွမ်က လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက်မှ ပါရမီရှင်များကို လျှော့တွက်ခြင်းမရှိပေ။ ပါရမီရှင်များစွာက သူတို့ရွေးချယ်ခဲ့သော လမ်းကြောင်းများ မှားယွင်းသောကြောင့်မဟုတ်ဘဲ မတော်တဆမှုအမျိုးမျိုးကြောင့်သာ အဆုံးထိ မရောက်နိုင်ကြခြင်းဖြစ်သည်။