← Chapters

ဖန်မိသားစု ပါတီပွဲ

Vol. 3 Ch. 288

ဖန်မိသားစု ပါတီပွဲ

Vol. 3 Ch. 288

ဓာတ်ကူသွေးကြည် ပရောဂျက်မှာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်တက်ရန် အတွက် ချန်းဖန် ရည်ရွယ် ထားခဲ့ခြင်း ဖြစ်သည်။ အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို ရရှိပြီးနောက်၌ နောက်တစ်ဆင့် တက်ရေးမှာ အလွန်ပင် ခက်ခဲ လာခဲ့သည်။ လိုအပ်သော ချီစွမ်းအင် ပမာဏကလည်း အလွန် များပြားလာသည်။ အကယ်၍ သူသာ နောက်တစ်ဆင့်သို့ တက်လိုလျှင် အနည်းဆုံး သုံးနှစ်အထိ ကျင့်ယူရမည် ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် မူလ စိတ်ဝိညာဉ် နယ်ပယ်သို့ ရောက်လိုလျှင် အနည်းဆုံး ဆယ်နှစ်အထိ ကျင့်ကြံ ရလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ဓာတ်ကူ သွေးရည်ကြည် ပရောဂျက်က ချန်းဖန်၏ ကျင့်ကြံနှုန်းကို ပိုမို တိုးမြှင့်ပေး နိုင်သည်။ ဓာတ်ကူ သွေးရည်ကြည်မှာ ယွင်ဝူရေ၏ ပိုမို သိပ်သည်းသော ပုံစံတူ တစ်ခု ဖြစ်ကာ ဝိညာဉ် ဆေးပင်များ၏ ကြီးထွားနှုန်းကိုပင် ပိုမို တိုးမြှင့်ပေး နိုင်သည်။ အစိမ်းရောင် နဂါး အစီအရင် နယ်ပယ် အတွင်း၌ ဓာတ်ကူ သွေးရည်ကြည်၏ အကူအညီဖြင့် ဝိညာဉ် ဆေးပင်များကို လျင်မြန်စွာ စိုက်ပျိုး နိုင်လိမ့်မည်။

ထိုဆေးပင်များဖြင့် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို လျင်မြန်စွာ တိုးတက် စေနိုင်မည့် ဆေးများကို ဖော်စပ်နိုင်ပေ လိမ့်မည်။ ထိုဆေးများနှင့် ဆိုလျှင် စိတ်ဝိညာဉ် ပင်လယ် အဆင့်ကို နှစ်နှစ်အတွင်း ရောက်လိမ့်မည် ဖြစ်သည်။

***

ကျင်းမြို့တော် တက္ကသိုလ်၊ ဇီဝဗေဒ လက်တွေ့ခန်းထဲတွင် ...

ချန်းဖန်မှာ ဖန်ပေါင်းညောင် အသေးလေးကို ကိုင်ရင်း သေချာစွာ စစ်ဆေး နေခဲ့သည်။ သူ၏ ပုံစံက ချန်းပေ့ရွှမ်း၏ ပုံသို့ ပြောင်းလဲထားကာ အဖြူရောင် လက်တွေ့ခန်း ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူ၏ ဆံနွယ်များက ပခုံးပေါ်တွင် လျော့ကျနေပြီး အသားအရောင်က ကျောက်စိမ်းရောင် ရေးရေး သန်းနေခဲ့၏။

ချန်းဖန် လက်ထဲရှိ ဖန်‌ပေါင်းညောင်ကို လှုပ်ကြည့်လိုက်သည်။ ထိုအထဲတွင် အပြာရင့်ရောင် သန်းနေသော နီလာသွေး အလား ထင်ရသည်။ ထိုအရည်များထဲတွင် ချီအမတေ စွမ်းအင်များ စီးဆင်းနေကြောင်း ချန်းဖန် ခံစား၍ ရနေသည်။ သို့သော်လည်း ထိုချီများမှာ အလွန် အားနည်းပြီး အမတေစွမ်းအင် စုစည်းခြင်း ဆေး၏ အပုံတစ်ထောင်ပုံ တစ်ပုံ၊ ယွင်ဝူရေ၏ အပုံတစ်ရာပုံ တစ်ပုံသာ အစွမ်းထက်သည်။

ချန်းဖန်၏ မျက်နှာ၌ အပြုံးတစ်ခုက မွေးဖွားလာသည်။

"အခု ဒါတွေကို အမြောက်အမြား ထုတ်လုပ်နိုင်ပြီ ...”

ချန်းဖန် ခေါင်းကို ညိတ်ရင်း ပြောလိုက်သည်။ စုကျောင်းနှင့် အခြား လူများမှာလည်း ဂုဏ်ယူစွာ ပြုံးလိုက်ကြသည်။

"ပါမောက္ခချန်း ... ဒါက လူသားတွေ သမိုင်းမှာ အကြီးမားဆုံး တီထွင်မှုတွေထဲက တစ်ခုပဲ။ အဲလို အစွမ်းထက်တဲ့ ဆေးဝါးမျိုး ရှိလိမ့်မယ်လို့ ကျွန်မတို့ ထင်မထားခဲ့ကြဘူး။ ကြွက်တွေနဲ့ စမ်းသပ်ချက် အရ ဒီဆေးရည် နေ့တိုင်း တိုက်တဲ့ ကြွက်က ကိုယ်ကာယပိုင်း ပိုမို သန်မာလာပြီး ကြွက်အုပ်စုကို ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့ ခေတ်မီ စက်ကိရိယာတွေနဲ့ စစ်ဆေးရင် ဘာထူးခြားချက်မှ မရှိဘူး”

စုကျောင်းက လက်ထဲမှ မှတ်စု စာအုပ်ကို လှန်လှောရင်း ပြောသည်။ လက်တွေ့ခန်းထဲရှိ လူများစွာကလည်း စုကျောင်း၏ စကားကို ထောက်ခံဟန် ခေါင်းညိတ် လိုက်ကြသည်။ ထိုသွေးရေကြည်တွင် ပုံမဖော်နိုင်သော စွမ်းအားများ ပါရှိပြီး သက်ရှိတိုင်း အတွက် အသုံးပြုနိုင်သည်။ ထိုအရာကိုသာ အမြောက်အမြား ထုတ်လုပ်နိုင်လျှင် ဆင့်ကဲ သီအိုရီကို ပိုမို ထောက်ပံ့ကာ သမိုင်းတစ်ခေတ်၏ တစ်ဆစ်ချိုးပင် ဖြစ်နိုင်သည်။

"ဘာကြောင့်လဲ ဆိုတော့ ဒါက သိပ္ပံပညာကို အသုံးပြုပြီး ဖန်တီးထားတာ မဟုတ်ဘူးလေ”

ချန်းဖန်ကာ ပြုံးရင်း ပြန်ပြောလိုက်သည်။ ထိုအရာကို ထုတ်လုပ်ရာ၌ အိဒ်အင်တာ နေရှင်နယ် ကုမ္ပဏီမှ စက်ကိရိယာများကို အသုံးပြုသည့်တိုင် အဓိက ပါဝင်သော ပစ္စည်းများမှာမူ ချန်းဖန် သန့်စင်ထားသည့် အရာများသာ ဖြစ်သည်။

ထို့ကြောင့် ဓာတ်ကူ သွေးရည်ကြည်ကို သိပ္ပံနှင့် ကျင့်ကြံခြင်းတို့၏ အချိုးညီညီ ပေါင်းစပ်မှု ရလဒ်ဟု ဆိုနိုင်သည်။

ချန်းဖန်တွင် ထိုအရာအတွက် ရှင်းပြရန် အချိန် မရှိပေ။ သူက ဖန်ပေါင်းညောင်ကို ကိုင်၍ ကျေနပ်စွာ ပြုံးရင်း ...

"ခုက စပြီး ငါတို့ အလုပ်ကို နှစ်ဆ ကြိုးစားရမယ်။ အဲဒါမှ ငါတို့ရဲ့ ထုတ်ကုန်က ပိုတည်ငြိမ် လာပြီးတော့ ထုတ်လုပ်မှု ပမာဏလည်း တိုးလာလိမ့်မယ်”

"ပါမောက္ခချန်း.. ကျွန်မတို့ ဒါကို ဘယ်လို နာမည် ပေးရမလဲ ...”

တတိယနှစ် ကျောင်းသူ တစ်ယောက်က မေးလိုက်သည်။

"နာမည်လား ...”

ချန်းဖန် သူ၏ ခေါင်းကို အလုပ်ပေး လိုက်သည်။ အတန်ကြာမှ လျှို့ဝှက်စွာ ပြုံးလိုက်ရင်း ...

"ရှင်သန်ခြင်း ရေစင်လို့ ခေါ်ကြတာပေါ့ ...”

ရှင်သန်ခြင်းရေစင် အောင်မြင်မှု မရခင်ထိ ချန်းဖန် အလွန် အလုပ်ရှုပ် နေခဲ့သည်။ ဟောင်ကောင်မှ ကျန်းလုပ်ငန်းစုနှင့် လုံမိသားစုတို့မှာ အရှေ့တောင်ကြား ပရောဂျက် အတွက် များပြားစွာ ရင်းနှီးမြှုပ်နှံ ခဲ့သည်။ အစိမ်းရောင်နဂါး အစီအရင်ကလည်း တစ်နေ့ထက် တစ်နေ့ များစွာ တိုးတက် လာနေသည်။

ချန်းဖန်မှာ ထိုအစီအရင် အတွက် များပြားသော ဓမ္မပစ္စည်းများ၊ ကုန်ကြမ်းများကို ရင်းနှီးမြှုပ်နှံ ခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့ မထင်မှတ် ထားလောက်သည့် နှုန်းဖြင့် တိုးတက်လာခြင်း ဖြစ်သည်။ အစီအရင် ပြီးမြောက်သည့် နေ့တွင် ဆေးပင်များ စိုက်ပျိုးရန်လည်း ချန်းဖန် စီစဉ်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ထိုအရာကို မလုပ်ရသေးခင်မှာပင် ဖန့်ချုံး သူ့ထံသို့ ရောက်လာခဲ့သည်။

"နင် ခရီးသွားတည်းက ငါ့မိဘတွေက နင့်ကို ဒင်နာဖိတ်ဖို့ ခဏခဏ ပြောနေတော့တာပဲ”

မိန်းကလေးက ညည်းညူလိုက်သည်။

"ဒီညလည်း နင့်ကို ညစာလာစား လှည့်ပါတဲ့။ မိသားစု ထမင်းဝိုင်း သဘောလောက်ပဲ။ နင်အများကြီး ခေါင်းထဲ မထည့်ထားနဲ့ ...”

"အိုး ... ယောက္ခကြီးတွေက ငါ့ကို အရမ်း တွေ့ချင်နေတာပဲ ...”

ချန်းဖန်က နောက်ပြောင်လိုက်သည်။

"နင်နော် ... ပေါက်ကရ လျှောက်မပြောနဲ့ ...”

ဖန်ချုံးက အော်ကာ ချန်းဖန်၏ ဗိုက်ကြောကို လိမ်ဆွဲလိုက်သည်။

"ကြောက်ပါပြီဗျ ... အရှုံးပေးပါတယ်”

ချန်းဖန်၏ အရှက်မရှိ အော်သံကြောင့် ဖန့်ချုံးက သူ၏ ဗိုက်ကြောကို လွှတ်ပေးလိုက်သည်။

"နင် ကျင်းတက္ကသိုလ်မှာ တက်နေတည်းက အမေက နင့်ကို တွေ့ချင်နေတာ။ အိမ်ကို လာရင် လက်ဗလာနဲ့ မလာနဲ့ဦး။ ‌ငါ့မိဘတွေအတွက် လက်ဆောင်လေး ဘာလေး ယူလာခဲ့။ ကြားလား ...”

မိန်းကလေးက ချန်းဖန်အား အစ်မတစ်ယောက်က မောင်ငယ်အား သွန်သင်နေဟန် စိတ်ရှည်စွာ ပြောဆို နေခဲ့သည်။

"ဟုတ်ကဲ့ပါဗျာ ...”

ချန်းဖန်က နွေးထွေးစွာ ပြုံးရင်း ဖန့်ချုံးကို ပြန်ပြောလိုက်သည်။ သူ၏ မျက်လုံးတွင်မူ ထူးဆန်းသော အရိပ်အယောင် တစ်ခုက ရစ်သိုင်းလျက်။

"နောက်ဆုံးတော့ ခင်ဗျားနဲ့ ထပ်တွေ့ရဦးမှာပေါ့ ... စုစု"

စုစုမှာ ဖန့်ချုံး၏ မိခင်ဖြစ်ပြီး အတိတ်ဘဝက ချန်းဖန်နှင့် ဖန့်ချုံး ကွဲရန် အမြဲကြိုးစားခဲ့သူ ဖြစ်သည်။ ချန်းဖန် မှတ်မိ နေသေးသည်။ အတိတ်ဘဝက သူနှင့် ဖန့်ချုံးတို့ နှစ်ယောက် နောက်တစ်ဆင့်သို့ တက်ရန် အဆင်သင့် ဖြစ်နေချိန်၌ ဖန့်ချုံး၏ အဖေက အားပေး ခဲ့သော်လည်း စုစုက သဘောမတူခဲ့ပေ။ သူမက ဖန့်ချုံးကို ရှန်းချန်ဝမ်နှင့်သာ သဘော တူခဲ့သည်။

"ငါတို့ မိသားစုနှစ်ခုက ငါငယ်ငယ်တည်းက ရင်းနှီးခဲ့တယ်။ ငါ့အဖေနဲ့ ဖန့်ချုံး အဖေကလည်း အတန်းဖော် သူငယ်ချင်းတွေ။ ဒါပေမဲ့ စုစုက ဘယ်တုန်းကမှ ငါတို့ကို ကြိုက်ပုံမရဘူး။ သူက အတွင်းစိတ်ကို မျက်နှာပေါ်မှာ မပြပေမဲ့ ငါတို့ကို အမြဲအထင် သေးခဲ့တယ်။ သူက ငါ့အဖေကို‌ နောက်ကွယ်မှာ အတင်းပြောပြီး အမြဲ ရယ်နေခဲ့တာ။ အန်ကယ်ဖန်ကို ကျင်းမြို့တော်ကို အတင်းအကျပ် ပြောင်းခိုင်းတာလည်း သူပဲ။ သူက သူ့ယောက်ျားကို ငါ့အဖေ အရှုံးသမားနဲ့ အရောမဝင် စေချင်ဘူး"

အတိတ်ဘဝတွင် မည်ကသို့ပင် ဖြစ်ခဲ့သည် ဖြစ်စေ ဖန့်ချုံးနှင့် ပတ်သက်လျှင် ချန်းဖန် အမြဲသည်းခံမည် ဖြစ်သည်။ ယခုဘဝ၌ ဖန့်ချုံး၏ ဘေးတွင် သူ နေလိုပြီး သူမ၏ ရည်ရွယ်ချက်များ ပေါက်မြောက်အောင် ကူညီပေးချင်သည်။ ထို့အပြင် သူမကို ကျင့်ကြံခြင်း ခရီးလမ်းကိုပါ ဆွဲခေါ်မည်။ ယခုဘဝ၌ စုစု၏ သဘောထားက မည်သို့ပင် ဖြစ်ပါစေ ချန်းဖန်အတွက် ကိစ္စမရှိပေ။ သူ့အား ရပ်တန့်နိုင်မည့်သူ မရှိပေ။

ဖန့်စံအိမ်မှာ ကျင်းမြစ်ဝှမ်း၏ အမြင့်ပိုင်းတွင် တည်ရှိသည်။ ထိုနေရာရှိ အသိုင်းအဝိုင်းတွင် သူဌေးကြီးများနှင့် နိုင်ငံရေး သမားများသာ နေထိုင်ကြသည်။ ဆယ်စုနှစ် တစ်ခု အတွင်းမှာပင် ဖန့်မင်ဒီမှာ မင်ဒီ လုပ်ငန်းစုကို ယွမ်ဘီလျံနှင့် ချီ၍ တန်ကြေးရှိသည့် အဖွဲ့တစ်ခု အဖြစ် ပြောင်းလဲ နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ကျင်းမြို့တော်၏ အထက်တန်းစားများ ထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။

***

ချန်းဖန် ဖန့်ချူတို့ အိမ်ကို လျင်မြန်စွာပင် ရှာတွေ့ခဲ့သည်။ သူ တံခါး ခေါင်းလောင်းကို တီးလိုက်သည်နှင့် စိတ်လှုပ်ရှားနေသော ဖန့်ချုံးက တံခါးလာဖွင့် ပေးသည်။

"လာလာ ...”

ဖန့်ချုံးက ချန်းဖန်အား ဦးဆောင်ကာ အခန်း အတွင်းသို့ ဝင်လာခဲ့သည်။ အထဲသို့ ရောက်သည်နှင့် မိတ်ကပ်များ လိမ်းထားသည့် အသက် လေးဆယ်ခန့် မိန်းမ တစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက အသက် သုံးဆယ်ခန့်ဟုသာ ထင်ရကာ ဖန့်ချုံးနှင့် ယှဉ်လျှင်ပင် ညီအစ်မကဲ့သို့ ထင်ရစေသည်။

"အန်တီစု ... တွေ့ရတာ ဝမ်းသာပါတယ်”

ချန်းဖန်က နှုတ်ဆက်လိုက်သည်။ စုစုက ပြုံးရင်း ခေါင်းညိတ်ပြ လိုက်သည်။

"မင်းကို နောက်ဆုံး တွေ့တုန်းက မင်းက အလယ်တန်းပဲ ရှိဦးမယ်။ ခြောက်နှစ်လောက် ရှိပြီပေါ့”

စုစုက ချန်းဖန်ကို အကဲခတ်ရင်း ပြောသည်။ ထို့နောက် သူမက ဖန့်ချုံးအား လက်ဖက်ရည် တစ်ခွက် ဖျော်ခိုင်းကာ မီးဖိုချောင် ရှိရာသို့ ဝင်ရန်ပြင်လိုက်ကာ ...

"မီးဖိုချောင်မှာ လုပ်စရာ တစ်ချို့ ရှိသေးလို့ ခဏလောက် ခွင့်ပြုဦးနော် ...”

"ဟုတ်ကဲ့ ...”

ချန်းဖန်က ခေါင်းညိတ်ပြ လိုက်သည်။ ချန်းဖန်က အေးဆေးစွာပင် ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။ သူ၏ ဘေးတွက် လက်ဖက်ရည် ဖျော်နေသော ဖန့်ချုံးကို ကြည့်ကာ ချန်းဖန် ရင်များ ခုန်လာခဲ့သည်။ ဖန့်ချုံးမှာ သူ၏ မျက်လုံးထဲ၌ ပြည့်စုံသော ကောင်မလေး ဖြစ်သည်။ သူမက ထူးချွန် ထက်မြက်သကဲ့သို့ ဦးဆောင် နိုင်စွမ်းလည်း ရှိသည်။ အတိတ်ဘဝတွက် ဖန့်ချုံးမှာ မင်ဒီလုပ်ငန်းစုကို ဆက်ခံပြီး နောက်ပိုင်းတွင် ကုမ္ပဏီကို တရုတ်၏ ထိပ်တန်း ဆေးကုမ္ပဏီ တစ်ခု ဖြစ်အောင် ပြောင်းလဲ နိုင်ခဲ့သည်။

ချန်းဖန်၏ စူးစူးရှရှ အကြည့်များကို သတိထားမိသော ဖန့်ချုံးက သူ့အား မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

သိပ်မကြာခင်မှာပင် ညစာကို စတင် သုံးဆောင်ကြသည်။ စုစုမှာ အချက်အပြုတ် အမှန်တကယ် တော်သည့် အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်သည်။ သူမချက်ပြုတ်သော ဟင်းလျာများက အမှန်ပင် အရသာ ရှိသည်။

"အန်ကယ်ဖန့် ... ခင်ဗျားက တကယ် ကံကောင်းတာပဲ။ အန်တီစု ချက်ကျွေးတဲ့ ညစာကို အမြဲ စားနေရတာ ...”

ချန်းဖန်က ဖားယားလိုက်သည်။

"မင်းရဲ့ အန်ကယ်ဖန့်က အိမ်မှာ ညစာ စားခဲတယ်။ သူက အလုပ်များနေတာ။ အမြဲတမ်းပဲ”

စုစုက ဝင်ပြောလိုက်သည်။

"ရှောင်ချုံးက အန်တီ့ကို ပြောပြသေးတယ်။ မင်းရဲ့ အမေက ချန်းလုပ်ငန်းစုကို ဦးဆောင်နေတယ်ဆို။  ငါတို့ မိသားစုနှစ်ခု ဆွေးနွေး ရလိမ့်ဦးမယ် ထင်တယ်”

သူမ၏ စကားက ယဉ်ကျေးဟန် ရသော်လည်း အမိန့်ပေးသံ ပါဝင်နေသည်။

"ဟုတ်ကဲ့ ... အန်တီစု"

ချန်းဖန် ပြန်ပြောလိုက်သည်။ စုစုမှာ ချန်းဖန် အမေ၏ အကြောင်းကို ပြောလိုက်တိုင်း သူမ၏ မျက်နှာတွင် ရှက်ရွံ့သည့် ပုံစံတစ်ခု ဖြစ်ပေါ်နေကြောင်း ချန်းဖန် ခံစားမိသည်။ သူမတို့ကြားတွင် ပုံပြင်ဟောင်း တစ်ခု ရှိခဲ့ဟန် တူသည်။

ညစာစားပွဲက တိတ်ဆိတ် လေးလံစွာဖြင့်ပင် ပြီးဆုံးသွားခဲ့သည်။ ညစာ စားပြီးသည်နှင့် ဖန့်ချုံးက ချန်းဖန်အား လိုက်ပို့သည်။ ထိုအချိန်၌ စုစုထံမှ ရေခဲကဲ့သို့ အေးစက်သော အကြည့် တစ်ခုကို ချန်းဖန် ခံစားလိုက်မိသည်။

သူတို့ နှစ်ယောက် မြစ်ကမ်း နံဘေးတွင် ဖြည်းညင်းစွာ လမ်းလျှောက် လာခဲ့ကြသည်။ ချန်းဖန်က ရုတ်တရက် ရယ်ရင်း မေးလိုက်သည်

"နင့်အမေက ငါ့ကို ကြိုက်တယ် လို့ နင်ထင်လား ...”

"ဘာလို့ ဂရုစိုက်နေလဲ ...”

ဖန့်ချုံးက ပြန်မေးသည်။

"သူ ငါ့ကို မကြိုက်ရင် ငါနင့်ကို ယူလို့ ဘယ်ရမလဲ ...”

ချန်းဖန် ပြန်ဖြေလိုက်သည်။ ချန်းဖန် စကားကြောင့် ဖန့်ချုံး ငြိမ်ကျသွားသည်။

"ရှောင်ဖန် ... ငါလည်း တကယ် မသိတော့ ပါဘူးဟာ။ ငါ အမေနဲ့ ဆယ့်ရှစ်နှစ် အတူတူ နေလာပေမဲ့ သူ့စိတ်ကို နားမလည်ဘူး”

ချန်းဖန်က မိန်းကလေး၏ လက်အား ကိုင်လိုက်သည်။

"စိတ်မပူပါနဲ့။ သူဘယ်လိုပဲ တွေးပါစေ။ ငါ အရှုံးမပေးဘူး”

ဖန့်ချုံးက ဘာမှ ပြန်မပြောပဲ ချန်းဖန် အနားသို့ ပိုမို တိုးကပ်လာသည်။

ထိုအခိုက်၌ မြစ်ရေများက တိတ်ဆိတ် ညင်သာစွာ စီးဆင်း နေကြပြီး မီးရောင်စုံများက လှိုင်းများထက်တွင် ကခုန် နေကြတော့သည်။

"ဒီလို အခိုက်အတန့်လေး အတွက် နှစ်ငါးရာ အကွာက ငါပြန်လာခဲ့တယ်”

"အတိတ်ဘဝမှာ ငါမင်းကို ဆုံးရှုံးခဲ့တယ်။ ဒီဘဝမှာတော့ မင်းကိုငါ ထာဝရ ပိုင်ဆိုင်ရမယ် ...”

***

All Chapters