← Chapters

သူတို့ကို ငါ့နာမည် ပြောလိုက်

Vol. 3 Ch. 289

သူတို့ကို ငါ့နာမည် ပြောလိုက်

Vol. 3 Ch. 289

ချန်းဖန် ပြန်ရောက်ချိန်မှ စ၍ သုံးလခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ထိုသုံးလအတွင်း အချိန်အများစုကို အစိမ်းရောင်နဂါး အစီအရင် အတွက်သာ ချန်းဖန် ပေးခဲ့သည်။ ထို ဓမ္မအစီအရင်ကြီးမှာ ပြီးဆုံးလုနီးပါး ရှိနေခဲ့ပြီ ဖြစ်သည်။ ခေတ်မီ လက်နက်ကြီးများ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိသည်။

အစိမ်းရောင်နဂါး အစီအရင်မှာ ကျိုးတချီ၏ နဂါးကိုးကောင် အစီအရင်နှင့် များစွာ ခြားနားသည်။ အစိမ်းရောင်နဂါး အစီအရင်မှာ အကြိမ်ကြိမ် အသုံးပြုနိုင် သလို ထိန်းချုပ် ရန်မှာလည်း ပိုမို လွယ်ကူသည်။ ထိုအရာက ချီစုဆောင်းခြင်း၊ ခုခံခြင်း၊ တိုက်ခိုက်ခြင်း စသည်ဖြင့် များပြားသော လုပ်ငန်း တာဝန်များကိုလည်း ယူနိုင်သေးသည်။ ခေတ်အမီဆုံး အဏုမြူ လက်နက်များပင် ထိုအစီအရင်၏ အကာအကွယ်ကို ချိုးဖျက်ရန် မဖြစ်နိုင်ပေ။

"သူဌေး ... သူဌေး ... အထက်တန်းကျောင်းက ခပ်ဟော့ဟော့ ကောင်မလေးနဲ့ ဒီနေ့ပဲ သိခဲ့တယ်။ သူက အတန်းခေါင်းဆောင်လို့ ပြောတယ်ကွ။ သူ့မှာ သူငယ်ချင်း အချောလေးတွေမှ အများကြီးတဲ့။ ခုည အဲဒီကောင်မလေးနဲ့ ချိန်းထားတယ်။ အဲဒီဘားကို မင်းလိုက်ခဲ့မှာလား”

ချင်ရီလန်းက ချန်းဖန်ထံ ရောက်ချလာကာ ဆိုင်းမဆင့် ဘုံမဆင့် ပြောလိုက်သည်။

"သွားစမ်းပါကွာ ...”

ချန်းဖန်က လက်ကို ခါလိုက်သည်။

"ငါ ခုည ဖန့်ချုံးနဲ့ ဒိတ်ဖို့ ချိန်းထားတယ် ...”

"ဟက်ဟက်.. သူဌေး ... မင်းက ဘာဆိုတာကို နားမလည်သေးဘူးပဲ။ ရှောင်ချုံးက လှလည်းလှသလို တော်လည်း တော်ပါတယ်။ ဒါပေမဲ့ မင်းအနေနဲ့ သူတစ်ယောက်တည်းကိုပဲ ပုံအပ်နေလို့ မရဘူးလေ။ လောကကြီးရဲ့ အလှအပ ဆိုတာ ခံစားပေးဖို့ပဲ။ အဲဒါက မင်းတို့ရဲ့ အချစ်ရေးကိုလည်း ပိုပြီး အဆင်ပြေ စေတယ်ကွ”

ပြောနေရင်းနှင့် ချင်ရီလန်းမှာ တစ်ခုခုကို သတိရ သွားဟန်ဖြင့် ...

"အာ မေ့နေတာ။ ကျိုးချင်းရက သူ့ဘဲကြီးနဲ့ ပြန်ပြီး အဆင်ပြေသွားတဲ့ ပုံပဲ။ လုလုက သူတို့နှစ်ယောက် ဖာရာရီ တစ်စီးနဲ့ ဒင်နာသွားတာ မြင်လိုက် တယ်တဲ့ကွ”

"အေးပါကွာ ...”

ချန်းဖန်က ပြန်ပြောလိုက်သည်။

"မင်းမှားတာပဲ သူဌေး ... မင်းကျိုးချင်းရရဲ့ မှတ်ဉာဏ်တွေကို မဖျက်လိုက်သင့်ဘူး။ မင်း အဲဒီ လျှို့ဝှက်ချက်ကို သုံးပြီး သူနဲ့တောင် အိပ်လို့ရမယ့် အခွင့်အရေးကြီးကိုကွာ ...”

ချင်ရီလန်းက စိတ်ပျက် လက်ပျက် ဆိုသည်။ ထိုညက ရေမင်းသမီးပေါ်တွင် ချန်းဖန် မိန်းကလေး သုံးယောက်၏ မှတ်ဉာဏ်များကို ဖျက်ဆီး ပစ်ခဲ့သည်။ မိန်းကလေးများ အနေဖြင့် ထိုညက ဖြစ်ပျက်ခဲ့ သည်များကို မှတ်မိလိမ့်မည် မဟုတ်ပေ။

"ငါတို့က ညီအစ်ကိုတွေ လေကွာ။ ဒါပေမဲ့ မိန်းမတွေကိုတော့ ငါမယုံဘူး။ သူတို့က ကောလာဟလတွေ လျှောက်ဖြန့်မှာကွ”

"အေးလေ ... ဒါလည်း ဟုတ်တာပဲ။ ဒါနဲ့ စွန်းဝူခုန်း (ချီဝမ်စန်း) အကြောင်း တစ်ခုခု သတိထားမိလား ...”

ချင်ရီလန်းက ခေါင်းစဉ် ပြောင်းလိုက်သည်။

ချင်ရီလန်း၏ အမေးကြောင့် ချန်းဖန် မျက်မှောင်ကြုတ် လိုက်သည်။ ချီဝမ်စန်းမှာ တစ်ခုခု ထူးဆန်းနေသည်ကို ချန်းဖန်လည်း သတိပြုမိသည်။ ဥပမာအားဖြင့် အဆောင်တွင် ချီဝမ်စန်း နေသည့် အချိန် သိပ်မရှိပေ။ သူက မနက်လင်းသည်နှင့် ထွက်သွားတတ်ကာ ညဉ့်နက်မှ ပြန်ရောက် လာတတ်သည်။ ထို့အပြင် သူဖုန်းပြောလျှင်လည်း တိတ်ဆိတ်သည့် နေရာတစ်ခုသို့သာ သွား၍ ပြောသည်။ ချန်းဖန်အနေဖြင့် ချီဝမ်စန်း ဖုန်းပြောသည်ကို ကြားနိုင်သော်လည်း တစ်ခါမျှ မနားထောင် ဖြစ်ခဲ့ပေ။ သူ့အနေဖြင့် သူ့အခန်းဖော်၏ ကိုယ်ရေး ကိုယ်တာကို ဝင်ရောက် စွက်ဖက်လိုစိတ် မရှိပေ။

ချန်းဖန် အတိတ်ဘဝမှ အဖြစ်အပျက်များကို ပြန်တွေးကြည့် လိုက်သည်။ ယခုဘဝကဲ့သို့ပင် ချီဝမ်စန်းမှာ အမြဲတမ်း တိတ်ဆိတ်ကာ တစ်ယောက်တည်း နေလေ့ရှိသည်။ ချန်းဖန် ချီဝမ်စန်း အကြောင်း သိသမျှမှာ သူက တရုတ်မြောက်ပိုင်း မိသားစုကြီး တစ်ခုမှ ဖြစ်ကြောင်းနှင့် သူ့တွင် စေ့စပ်ထားသော သတို့သမီး ရှိကြောင်းသာ ဖြစ်သည်။ ယခုကဲ့သို့ တရုတ်နိုင်ငံ တောင်ပိုင်းရှိ ကျင်းတက္ကသိုလ်သို့ လာတက် ရခြင်းမှာ သူမချစ်သည့် သတို့သမီးကို ရှောင်ရန်သာ ဖြစ်သည်။ သူ ကျင်းတက္ကသိုလ်မှ ဘွဲ့ရပြီးသည်နှင့် နိုင်ငံခြားသို့ ထွက်သွားခဲ့သည်။

***

ထိုအချိန် အဆင့်မြင့် ဂျပန်လူမျိုး အနားယူခန်း တစ်ခုတွင် ...

စားသောက်ဆိုင် တစ်ခုလုံးမှာ ကင်မွန်ရိုးရာ ဝတ်ဆင်ထားသည့် အစေခံ မိန်းကလေးများနှင့် ပြည့်လျက်ရှိသည်။

"သခင်လေး ... ဒီအစေခံတွေ အားလုံးက ဂျပန်ကနေ ခေါ်လာတာလေ။ သူတို့အားလုံးက အထက်တန်း အောင်ပြီးပြီ။ သူတို့အထဲက အများစုက အပျိုရည် မပျက်သေးဘူး။ သခင်လေးအ တွက် တစ်ယောက်ပြင်ဆင် ပေးရမလား ...”

လှပစွာ မပြင်ဆင် ထားသည့်တိုင် ခမ်းနားသော အခန်းတစ်ခု အတွင်း၌ ခေါင်းပြောင်နေသော လူတစ်ယောက်နှင့် အခြားလူငယ် တစ်ယောက်တို့ ရှိနေခဲ့သည်။ ခေါင်းပြောင် လူကြီးမှာ အရပ် နှစ်မီတာခန့်အထိ ရှိပြီး သူ၏ လက်မောင်းတွင် နဂါးပုံသဏ္ဌာန် ဆေးမင်ကြောင် တစ်ခု ရေးထိုးထားသည်။ သူ၏ ခန္ဓာကိုယ်တွင်မူ အမာရွတ်ကြီး တစ်ခုရှိကာ ထိုအရာက သူ၏ ပြောင်လက်နေသော ခေါင်းအထိ ရောက်သည်။

သူ၏ ဘေးမှ လူငယ်မှာမူ တည်ငြိမ်ဟန် ရပြီး မျက်မှန်ဝိုင်းကြီး တစ်ခုအား တပ်ဆင်ထားသည်။ သူ၏ မျက်နှာက ပိန်ပါးပြီး မေးစေ့ချွန်သည်။ သူကား ချန်းဖန်၏ အခန်းဖော် ချီဝမ်စန်းပင်။ ချီဝမ်စန်း၏ ယခု အပြုအမူမှာ ကောလိပ်ကျောင်းသား တစ်ယောက်နှင့် လားလားပင် မတူတော့ချေ။ သူက ခါးကိုဆန့်၍ ထိုင်နေသလို သူ၏ မျက်လုံးများကလည်း စူးရှ နေသည်။ သူ၏ အသွင်အပြင်က စွမ်းအားကြီးသော သူဌေးတစ်ယောက် အလားပင်။

ထိပ်ပြောင်ကြီးမှာ ချီဝမ်စန်းရှေ့တွင် ခေါင်းကို ရိုသေစွာ ငုံ့ထားခဲ့သည်။

"မလိုဘူး ... ငါ ခုည ပျော်ပါး ချင်ရင်တောင် တိုကျို တက္ကသိုလ်က အပျိုတစ်ယောက်ကို ရှာလိုက်မယ် ...”

ချီဝမ်စန်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ သခင်လေးရဲ့။ သခင်လေးက တုံရှန်း လုပ်ငန်းစုရဲ့ ဆက်ခံသူပဲလေ။ သခင်လေးသာ လိုချင်ရင် ဂျပန်တော်ဝင် မိသားစုကတောင် ကောင်မလေး တစ်ယောက် ရနိုင်တယ်။ ခုတော့ တိုကျို တက္ကသိုလ်က မိန်းကလေး တဲ့လား ...”

ထိပ်ပြောင်ကြီးက ပြုံးရင်း ပြောသည်။

"လိုရင်းကို သွားမယ် မင်း ငါ့ဆီက ဘာလိုချင်လို့လဲ။ ပင်လယ်ဝါမှာ အရှုပ်အရှင်း တစ်ခုမှ ငါမလုပ်ချင်ဘူးနော် ...”

ချီဝမ်စန်းက လက်ထဲမှ ဝိုင်ခွက်ကို ချရင်း ပြောလိုက်သည်။ ထို ထိပ်ပြောင်ကြီးမှာ သူ့အဖေ၏ အယုံကြည်ရဆုံး လက်ထောက်များ အနက် တစ်ယောက် ဖြစ်သည်။ သူ့အဖေ၏ အောင်မြင်မှုများ၌ အဓိက နေရာမှ ပါဝင်ခဲ့သည့် တစ်ယောက် ဆိုလျှင်လည်း မမှားချေ။

"သခင်လေးရဲ့ အဖေနဲ့ အမေက သခင်လေး ကျင်းတက္ကသိုလ်မှာ ပညာသင်နေတုန်း ကျွန်တော့်ကို စောင့်ရှောက်ခိုင်း ထားလို့ပါ ...”

ထိပ်ပြောင်ကြီးက ပြုံးရင်း ပြောသည်။

"အိမ်မှာ တစ်ခုခု ဖြစ်ပျက်တာ ရှိသေးလား ...”

ချီဝမ်စန်းက မေးလိုက်သည်။

"အီ အန် ...” ထိပ်ပြောင်ကြီးက တစ်ခုခု လိမ်ရန် တွေးနေပုံ ရသည်။ ထို့နောက် ငိုမဲ့မဲ့ မျက်နှာဖြင့် ...

"သခင်လေး ... ကျွန်တော့်ကို အတင်း ဖိအား မပေးပါနဲ့။ ကျွန်တော် မဖြေနိုင် ...”

"ငါ့အဖေ တစ်ခုခု ဖြစ်လို့လား ...”

ချီဝမ်စန်းက ထပ်မံဖိအား ပေးလိုက်သည်။

"တုန်ရှန်း လုပ်ငန်းစုနဲ့ ဖူဟိုင် လုပ်ငန်းစုတို့ ပြဿနာ ဖြစ်နေတယ်။ အဲဒါကြောင့် သခင်လေးကို ကာကွယ်ဖို့ အတွက် သခင်ကြီးက ကျွန်တော့်ကို လွှတ်လိုက်တာ”

ထိပ်ပြောင်ကြီးက ကြောက်ရွံ့စွာ ပြန်ဖြေလိုက်သည်။

"ဖူဟိုင် လုပ်ငန်းစု ...”

ချီဝမ်စန်း နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ တုန်ရှန်း လုပ်ငန်းစုနှင့် ဖူဟိုင် လုပ်ငန်းစုတို့မှာ တရုတ်နိုင်ငံ မြောက်ပိုင်း၌ ပြိုင်ဘက် ကုမ္ပဏီများ ဖြစ်ကြသည်။ ထိုကုမ္ပဏီ နှစ်ခုလုံးမှာ ကုန်သွယ်ရေး၊ ပင်လယ်စာ၊ သင်္ဘောကျင်း လုပ်ငန်း၊ အိမ်မြေခြံယာ စသည့် လုပ်ငန်းများစွာကို လုပ်ကိုင်ကြသည်။ ချီဝမ်စန်း ငယ်စဉ်ကပင် တုန်ရှန်း လုပ်ငန်းစုနှင့် ဖူဟိုင် လုပ်ငန်းစုတို့မှာ ပြိုင်ဘက်များ ဖြစ်ပြီး ဂျပန် ကုန်သွယ်ရေး လမ်းကြောင်းကို လွှမ်းမိုးရန် ကြိုးစား နေကြသည်။

"ဖူဟိုင်က တရုတ်အရှေ့ မြောက်ပိုင်းက အင်အားကြီး လူတစ်ယောက်ရဲ့ ထောက်ခံမှုကို ရတဲ့ပုံပေါ်တယ်။ ဒါကြောင့် သူတို့ လှုပ်ရှားလာတာ။ သခင်ကြီးက မေးခိုင်း လိုက်သေးတယ်။ သခင်လေး အနေနဲ့ ဂျပန်က ကျွန်တော်တို့ရဲ့ မဟာမိတ် မိသားစုရဲ့ သမီးကို လက်ထပ် နိုင်မလားတဲ့ ...”

ထိပ်ပြောင်ကြီးက မေးသည်။

"မလုပ်နိုင်ဘူး ...”

ချီဝမ်စန်းက အော်လိုက်သည်။ သူ၏ မျက်နှာက နီရဲနေပြီ ဖြစ်သည်။

"ချီတုန်ရှန်းက သူ့ရဲ့ လုပ်ငန်းတွေကို ဂျပန်မှာ တိုးချဲ့ချင်နေတာ။ သူပဲ လက်ထပ်ပါစေ”

ချီဝမ်စန်းက‌ ပြောပြီးသည်နှင့် ထိုင်ရာမှ ထကာ အခန်း အပြင်ဘက်သို့ ထွက်လာခဲ့သည်။ ထိပ်ပြောင်ကြီးမှာ ချီဝမ်စန်းကို တားရန် ဟန်ပြင် လိုက်သော်လည်း သက်ပြင်းချ၍သာ ကျန်ရစ်ခဲ့သည်။

"သခင်လေး ... သခင်ကြီးမှ ခု ခြေတစ်ဖက်ပဲ ကျန်တော့တယ်။ ဒီ ပြဿနာမှာ ကျွန်တော်တို့ရဲ့ လူ တစ်ဒါဇင်လောက် ဆုံးရှုံးခဲ့ ရတယ်။ သူတို့ရဲ့ အရှေ့မြောက်ပိုင်းက မဟာမိတ်ကလည်း စပြီး လှုပ်ရှားနေပြီ ...”

ထိပ်ပြောင်ကြီး တွေးနေသည့် အရှေ့မြောက်ပိုင်းမှ ပုဂ္ဂိုလ်မှာ ရုရှား နယ်စပ်ထိပင် အာဏာဖြန့်ကြက် ထားနိုင်သည့် လူတစ်ယောက် ဖြစ်သည်။ သူက အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက်လည်း ဖြစ်သည်။ အကယ်၍ ဂျပန်ရှိ ယူကီရှီရို မိသားစု၏ ထောက်ပံ့မှုသာ မရှိလျှင် တုန်ရှန်းလုပ်ငန်းစု ကျဆုံး သွားလောက်ပြီ ဖြစ်သည်။

ချီဝမ်စန်းတစ်ယောက် မှုန်ကုပ်ကုပ် မျက်နှာဖြင့် သူနေထိုင်ရာ အခန်းသို့ ပြန်လာခဲ့သည်။ သူ၏ အခန်းဖော်များမှာ ဝင်လာကတည်းက သူ့အား တိတ်ဆိတ်စွာ ကြည့်နေကြသည်။

"ဘာလဲဟ ...”

ချီဝမ်စန်းက မလုံမလဲ ဖြစ်ကာ မေးသည်။

"အဲဒါ ငါတို့ မေးရမှာကွ။ မင်း ပျောက်နေတာ ကြာပြီ။ ငါတို့ သူဌေး အတိုင်းပဲ”

ချင်ရီလန်းက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"ငါတို့က ညီအစ်ကိုတွေရော ဟုတ်သေးရဲ့လား။ တကယ်လို့ ညီအစ်ကိုတွေလို့ ယူဆရင် ဘာတွေ ဖြစ်နေတယ် ဆိုတာ ပြောပြ။ ဘာမှ စိတ်ပူမနေနဲ့။ ငါတို့မှာ သူဌေးရှိတယ်။ သူက အားလုံးကို ဖြေရှင်းနိုင်တယ်”

"မိသားစု ပြဿနာပါပဲ ...”

ချီဝမ်စန်း ခေါင်းကို ခါယမ်းလိုက်သည်။ ကျင်းတက္ကသိုလ်သို့ လာရောက် ပုန်းအောင်း နေစဉ်မှာပင် ထိုမိန်းမထံမှ ပုန်းကွယ် မနေနိုင်ခဲ့ပေ။ ထိုအတွေးက ချီဝမ်စန်းအား အေးစက်မှုများ ပေးသည်။ ထိုမိန်းကလေး၏ အပြစ်ကင်းသော မျက်လုံးများ နောက်မှ ကြောက်စရာများကို ချီဝမ်စန်း ခံစားမိသည်။ အကယ်၍ သူမသာ အပြစ်ကင်း၍ ချစ်စရာ ကောင်မလေး ဖြစ်ခဲ့လျှင် ယူကီရှီရို မိသားစု ခေါင်းဆောင်အဖြစ် အသက် ဆယ့်ရှစ်နှစ်တည်းဖြင့် ဆက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူမမှာ ခူရှု့၏ ကြွယ်ဝမှု တစ်ခုလုံးကို ပိုင်ဆိုင်ပြီး ဆူမီလုပ်ငန်းစု ပိုင်ရှင်လည်း ဖြစ်သည်။

ချီဝမ်စန်း၏ တွန့်ဆုတ်နေသော ပုံစံကြောင့် လူတိုင်းတွင် မေးခွန်းများ ကိုယ်စီ ထွက်ပေါ်လာသည်။ ချန်းဖန်က သူ့အနားသို့ လျှောက်သွားလိုက်ကာ ပခုံးကို ကိုင်လိုက်သည်။

"မင်း တစ်ခုခု ဒုက္ခရောက်နေရင် ငါ့နာမည်ကို ပြောလိုက်။ အဲဒါက မင်းကို ကူညီပေးလိမ့်မယ်”

"မင်းရဲ့ နာမည် ...”

ချီဝမ်စန်းက အံ့အားသင့်စွာ မေးသည်။

"ချန်းပေ့ရွှမ်း ...”

ချန်းဖန်က ပြောရင်း အခန်းထဲမှ ထွက်လာလိုက်သည်။ ချီဝမ်စန်းက တစ်ခုခုကို တွေးမိသည့် အလား မျက်မှောင်ကြုတ် သွားသည်။ သူ၏ မိသားစုမှာ ချန်းဖန်၏ နောက်ခံအား ရရန် ဆွေးနွေးဖူးသည်ကို သူမှတ်မိ လိုက်သည်။ သူ၏ မိသားစုကဲ့သို့ အင်အား ကြီးမားပြီး လက်တံရှည်သော မိသားစု တစ်ခုအနေဖြင့် ချန်းဖန်အား သတိထား မိသည်မှာ ဖြစ်နိုင်သည်။

***

All Chapters