← Chapters

ကျောင်းသားသစ်

Vol. 3 Ch. 290

ကျောင်းသားသစ်

Vol. 3 Ch. 290

ချန်းဖန်နှင့် ဖန့်ချုံးတို့မှာ သူတို့ အစီအစဉ် ဆွဲထားသည့် အတိုင်း ကျင်းတက္ကသိုလ် ကဖေးဘား တစ်ခု၌ တွေ့ဆုံကြသည်။

"ကျောင်းယို့ယို့ရော ... သူ ပါမလာဘူးလား ...”

ချန်းဖန်က မေးလိုက်သည်။ ကျောင်းယို့ယို့မှာ အမြဲတမ်း ဖန့်ချုံးနှင့် ချန်းဖန်တို့ ဒိတ်တိုင်း ပါလာတတ်သည်။ ယခု သူမ ပါမလာခဲ့ခြင်းက ချန်းဖန်အား အံ့အားသင့် စေသည်။

"ကိုရီးယားကနေ ဒီကို ပြောင်းလာတဲ့ ကျောင်းသားသစ် တစ်ယောက် ရှိတယ်။ သူက ချောတယ် ပြောတာပဲ။ အဲဒီကိစ္စနဲ့ သူ အလုပ်ရှုပ်နေတာ ထင်တယ်”

ဖန့်ချုံးက သက်ပြင်း တစ်ချက်ချသည်။

"ကိုရီးယားက ပြောင်းလာတာ ...”

ချန်းဖန်လည်း အံ့အားသင့် သွားသည်။ ပထမ နှစ်ဝက်ပင် ကုန်ဆုံးတော့မည် ဖြစ်ရာ ကျောင်းသားအပြောင်း အရွေ့က မည်သည့်အတွက် ပေါ်လာကြောင်း သူ နားမလည်ချေ။

"အမှန်ပဲ။ သူက ကျောင်းယို့ယို့ ပြောသလို တကယ်ပဲ ချောပါတယ်။ သူ့ပုံစံက ကိုရီးယား ဒရမ်မာတွေထဲက ဇာတ်လိုက်လိုပဲ။ K-popကို ကျောင်းယို့ယို့ ဘယ်လောက် ကြိုက်ကြောင်း နင်သိတာပဲ ...”

ဖန့်ချုံးက ဆက်ပြောလိုက်သည်။

"ငါကြားတာ ကတော့ သူက ဆမ်ဆောင်း ကုမ္ပဏီကို စပြီး ထောင်ခဲ့တဲ့ လီမိသားစုကတဲ့ ...”

"ဆမ်ဆောင်း ဂရုရဲ့ လီမိသားစု ...”

ချန်းဖန် တွေးလိုက်မိသည်။ ဆမ်ဆောင်း ဂရုတွင် အလွန် များပြားသော စက်ရုံ အလုပ်ရုံများ ရှိကာ ဆေးရုံများ၊ စွမ်းအင်လုပ်ငန်း၊ ဖက်ရှင် စသည်ဖြင့် ...။ ဖုန်း၊ တီဗွီစသည့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုမှာ ထိုလုပ်ငန်းစု၏ သေးငယ်သော အစိတ်အပိုင်းလေးသာ ဖြစ်သည်။

"သေတော့ မသေချာဘူးဟ။ ကျောင်းယို့ယို့ ပြောတာ”

ဖန့်ချုံးက ပြောလိုက်သည်။ ဖန့်ချုံးက ပြောပြီးသည်နှင့် သူ၏ မှတ်စု စာအုပ်ကို ထုတ်ကာ အလုပ်ရှုပ် နေတော့သည်။ သူမမှာ အမြဲတမ်း လုပ်ငန်းများဖြင့် အလုပ် ရှုပ်နေတတ်သူ တစ်ယောက် ဖြစ်သည်။ တစ်ခါတလေတွင် နေ့လယ်စာပင် လွတ်ကြောင်း ချန်းဖန် သိသည်။

ချန်းဖန်ကမူ‌ အေးဆေးစွာ တွေးနေလိုက်သည်။ ကိုရီးယား လီမိသားစု၏ လွှမ်းမိုး နိုင်စွမ်းမှာ အလွန် ကြီးမားပြီး သမ္မတပင် သူတို့အား မလွန်ဆန် ရဲကြပေ။ သူတို့၏ လွှမ်းမိုး နိုင်စွမ်းက ဟောင်ဂိုဏ်းနှင့် တန်းတူလောက် ရှိသည်။ သို့သော် ချန်းဖန်အတွက် ထိုအရာက အရေး မကြီးပေ။ သူ့အနေဖြင့် လီမိသားစု တစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်သည့် အင်အားရှိသည်။

ရုတ်တရက် မိန်းကလေးများ၏ ဆူညံစွာ အော်ဟစ်သံက ကဖေးဘား အတွင်း ပျံ့နှံ့လာသည်။ ချန်းဖန်တို့ လှည့်ကြည့် လိုက်သည်နှင့် စုံတွဲတစ်တွဲ ဝင်လာသည်ကို တွေ့ရသည်။ ယောက်ျားလေးမှာ အရပ်ရှည်ပြီး ချောမောသည်။ သူ၏ ဆံပင်ကေက ကိုရီးယားပုံစံ ဖြစ်သည်။ သူ့တွင် ရှည်လျားသော ဂျပန်ဆန်ဆန် ခြေထောက်များ ရှိပြီး နားကပ် တစ်ဖက်လည်း ဝတ်ဆင် ထားသေးသည်။ သူ့ထံမှ အမှောင်တိမ်တိုက် ကဲ့သို့ အရှိန်အဝါ တစ်ခု ထွက်ပေါ်နေကြောင်း ချန်းဖန် ခံစားမိသည်။

သူ၏ ဘေးမှ မိန်းကလေးမှာမူ အနက်ရောင် စကတ်နှင့် ဖြစ်ပြီး သူမ၏ လှပ ရှည်လျားသော ခြေတံများကို လစ်ဟပြ ထားသည်။ သူမက မိတ်ကပ်ထူထူ လိမ်းခြယ်ထားကာ ဆွဲဆောင်မှု ရှိနေသည်။ သူမက ကျောင်းယို့ယို့ပင်။

သူတို့ အတွဲက ချန်းဖန်တို့ အနားသို့‌ လျှောက်လာခဲ့သည်။

"မိတ်ဆက်ပေး ရဦးမယ်။ သူက ငါ့ကောင်လေး လီဟွန်ဘင်တဲ့”

ကျောင်းယို့ယို့က ဂုဏ်ယူစွာဖြင့် ပြုံးကာ ပြောသည်။

"ဟိုင်း ... ကျွန်တော်က လီဟိုဘင်ပါ”

လူငယ်ကလည်း နှုတ်ဆက်လိုက်သည်။ သူ၏ တရုတ်သံထွက်က ပီသကာ ဝဲသည့်အသံ မပါပေ။

"ငါက ဖန့်ချုံး ... သူက ငါ့သူငယ်ချင်း ချန်းဖန်တဲ့ ...”

ဖန့်ချုံးက ပြန်လည် မိတ်ဆက်လိုက်သည်။ သူမ၏ လက်များက ချန်းဖန်၏ လက်မောင်းကို ကိုင်ထားတာ သူတို့၏ ဆက်ဆံရေးကို ဖုံးကွယ်လိုခြင်း မရှိပေ။ သုံးလအတွင်း အမြဲလိုလို တွေ့ဖြစ်သဖြင့် သူတို့ နှစ်ယောက်၏ ဆက်ဆံရေးက ကလေးဘဝ ကဲ့သို့ သက်သောင့်သက်သာ ရှိလာခဲ့သည်။

"ဟမ့် ...” ကျောင်းယို့ယို့က နှာခေါင်းတစ်ချက် ရှုံ့သည်။ သူ ချန်းဖန်ကို အမြဲကြည့် မရခဲ့ပေ။ ယခု သူ၏ ကောင်လေးမှာ ချန်းဖန်ထက် အင်အား ပိုမို ကြီးမားသော မိသားစုမှ ဖြစ်ရာ ချန်းဖန်အား သူမ ဂရုမစိုက်တော့ပေ။

ချန်းဖန် သူမကို ဂရုမစိုက်တော့ပဲ လီဟွန်ဘင်ကို အကဲခတ် လိုက်သည်။ လီဟိုဘင်တွင် သစ်ပင်မိစ္ဆာတို့ ကဲ့သို့ ထူးခြားမှု တစ်ခု ရှိနေသည်။

ကျောင်းယို့ယို့က သူ့ကောင်လေး၏ လက်ကို ဂုဏ်ယူစွာ ကိုင်လိုက်ရင်း ...

"ဟွန်ဘင်က ဆပ်ဆောင်းဂရုရဲ့ စီအီးအို တစ်ယောက်လေ။ နောက်ပြီးတော့ ဆိုးတက္ကသိုလ်၊ ဇီဝဗေဒ ဌာနမှာလည်း တက်ခဲ့ဖူးတယ်။ သူက ဟွာချင်တက္ကသိုလ် တက်ဖို့ ဒီကို လာခဲ့ပေမဲ့ နောက်ဆုံးမှာ ကျင်းတက္ကသိုလ်ကိုပဲ ရွေးခဲ့တယ်”

ဟွာချင် တက္ကသိုလ်မှာ တရုတ်၏ ထိပ်တန်း တက္ကသိုလ် တစ်ခု ဖြစ်ကာ ဘဝသိပ္ပံ ဌာနက ကမ္ဘာပေါ်၌ အကောင်းဆုံး ဌာနတစ်ခုဟု ဆိုနိုင်သည်။

"ရန်ကျင်းမြို့နဲ့ ယှဉ်ရင် ကျန်းနန်နယ်ရဲ့ စိမ်းလန်းတဲ့ မြင်ကွင်းတွေကို ငါက ပိုသဘော ကျတယ်လေ ...”

လီဟိုဘင်က ဆက်ပြောလိုက်သည်။

"နောက်ပြီးတော့ အရမ်းတော်တဲ့ ပါမောက္ခ တစ်ယောက်က ကျင်းတက္ကသိုလ်မှာ ရှိနေတယ် လို့ ကြားတယ်။ ‌သူနဲ့လည်း ငါဆုံချင်လို့ပါ ...”

"နင်ပြောတာ ပါမောက္ခချန်း ... ချန်းပေ့ရွှမ်း မလား ...”

ဖန့်ချုံးက မေးလိုက်သည်။

"ဟုတ်တယ် ...”

လီဟိုဘင်က ခေါင်းညိတ်လိုက်သည်။ ချန်းဖန်ကမူ ကျိတ်၍ ပြုံးလိုက်သည်။ ထို ကိုရီးယားသားမှာ သူ၏ ရှင်သန်ခြင်း ရေစင်အတွက် ရောက်လာခြင်း ဖြစ်ကြောင်းကို ချန်းဖန် သိလိုက်သည်။ ရှင်သန်ခြင်း ရေစင်၏ အောင်မြင်မှု သတင်းမှာ အလွန် ကျယ်ပြန့်နေပြီ ဖြစ်ရာ ဆမ်ဆောင်း ကဲ့သို့သော ကိုရီးယား ကုမ္ပဏီကြီး အနေဖြင့် သတင်းအနံ့ ရသည်က မထူးဆန်းပေ။

ထို့နောက် သူတို့ စကားအချို့ ရောက်တတ်ရာရာ ပြောမိကြသည်။ ထိုကိုရီးယား ကောင်မှာ ယဉ်ကျေးဟန် ရသည့်တိုင် သူ၏ အသံတွင် အထင်သေးခြင်းနှင့် မထီမဲ့မြင် ပြုခြင်းများ ပါဝင်နေသည်။ ထိုအချိန်မှာ ကိုရီးယားမှာ တရုတ်ထက် ပိုမို တိုးတက်သည် ဖြစ်ရာ သူ့ကဲ့သို့ ကိုရီးယား အထက်တန်းစား တစ်ဦး အနေဖြင့် တရုတ်ကောလိပ် ကျောင်းသားများကို အထင် သေးနေခြင်း ဖြစ်ပုံရသည်။

"မိန်းကလေးဖန့်က အလှကုန်ပစ္စည်း ကုမ္ပဏီတစ်ခု ထောင်ဖို့ ရှိတယ်ဆို”

လီဟွန်ဘင်က ဖန်ချုံးကို ကြည့်လိုက်သည်။

"ငါက အမိုရီဖာ့စဖစ် ကုမ္ပဏီရဲ့ ဆက်ခံသူနဲ့ သိတယ်။ တကယ်လို့ မိန်းကလေး ဖန့် စိတ်ဝင်စားရင် သူနဲ့ မိတ်ဆက်ပေးမယ်”

ထိုကုမ္ပဏီမှာ ကိုရီးယား၏ နာမည်ကြီး ကုမ္ပဏီကြီး တစ်ဖြစ်ကာ ကျော်ကြားသော ဘရန်း ကုန်ပစ္စည်းများကို ထုတ်လုပ်သည်။ လီဟွန်ဘင်က ဖန့်ချုံးအား စိတ်ဝင်စားနေပုံ ပေါ်သည်။ သူက အချိန်အများစု၌ ဖန့်ချုံးအား စကားပြောရန် ကြိုးစားနေသည်။

"တကယ်လား ...”

သူ၏ စကားက ဖန့်ချုံး၏ စိတ်ဝင်စားမှုအား ‌ဆွဲဆောင် နိုင်ခဲ့သည်။

"ငါ နည်းနည်းလောက် အကြံပေးချင်တယ်။ မင်း အဲဒီလုပ်ငန်း လုပ်ကိုင်ရင် အခြား ကုမ္ပဏီကြီး တစ်ခုရဲ့ ကိုယ်စားလှယ် အနေနဲ့ စတင်သင့်တယ်။ အမိုရီ ဖာ့စဖစ်မှာ အခုထိ တရုတ် ကိုယ်စားလှယ် မရှိသေးဘူးလေ။ မင်း စိတ်ဝင်စားရင် ငါပြောပေးမှာပေါ့ ...”

လီဟွန်ဘင်က ယုံကြည်မှုရှိစွာ ပြောသည်။

"ကျေးဇူးပါပဲ မစ္စတာလီ ...”

ဖန့်ချုံးမှာ ကိုယ်ပိုင် အစီအစဉ်ရှိပြီး ဖြစ်သော်လည်း လီဟွန်ဘင်၏ အကြံပေး စကားကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ သို့သော်လည်း လီဟွန်ဘင်၏ မျက်လုံးမှ ထူးဆန်းသော အကြည့်များကို သူမ သတိပြုမိသည်။ ထိုကြောင့် ချန်းဖန်ထံသို့ အနည်းငယ် တိုး၍ ကပ်ထိုင်လိုက်သည်။

ချန်းဖန်မှာ တည်တည် ငြိမ်ငြိမ်ပင် ရှိနေသေးသော်လည်း သူ၏ မျက်လုံးတွင်မူ အေးစက်စက် အရောင်တစ်ခု ဖြစ်ပေါ်နေသည်။

"ဒါနဲ့ ခင်ဗျားအကြောင်း ပြောပါဦး မစ္စတာချန်း ...”

ဖန့်ချုံး၏ ချန်းဖန်အပေါ် အမူအရာကို တွေ့သည်နှင့် လီဟိုဘင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"ငါလား .. ငါက ကျောင်းသား တစ်ယောက်ပဲလေ ...”

ချန်းဖန်က ပြန်ပြောလိုက်သည်။

"ခင်ဗျား စိတ်ဝင်စားရင် ကျောင်းပြီးတဲ့အခါ ဆမ်ဆောင်း ကုမ္ပဏီမှာ အလုပ်လုပ်လို့ ရတယ်နော်။ ကျင်းမြို့တော်က ဆမ်ဆောင်း ကိုယ်စားလှယ် လီဟောက်ဂူက ကျွန်တော့် ဦးလေးလေ ...”

လီဟွန်ဘင်က ပေါ့ပေါ့ပါးပါး ပြောသည်။

"ဟွန်ဘင် ... နင် တကယ်ပဲ ရှောင်ချုံးကို အမိုရီ ဖာ့စဖစ်ရဲ့ စီအိုးအိုနဲ့ မိတ်ဆက် ပေးမှာလား ...”

ကျောင်းယို့ယို့က လီဟွန်ဘင်ကို မေးသည်။

"ဒါပေါ့ ... ငါတို့က ကလေးဘဝတည်းက သူငယ်ချင်းတွေလေ”

လီဟွန်ဘင်က ပြောသည်။

"နောက်ပြီး သူက ကျင်းမြို့တော်က သိပ်မကြာခင်မှာ လာဖြစ်လိမ့်ဦးမယ် ...”

"တကယ်လား ...”

ကျောင်းယို့ယို့၏ မျက်နှာက စိတ်ဝင်စား မှုများဖြင့် ပြည့်သွားသည်။ ဖန့်ချုံးပင်လျှင် အနည်းငယ် စိတ်ဝင်စားဟန် ရသည်။

"တကယ်ပေါ့ ...”

လီဟွန်ဘင်က ခေါင်းညိတ်လိုက်သည်။

သိပ်မကြာခင်မှာပင် လီဟွန်ဘင်က ပြန်ရန် ဟန်ပြင်လိုက်သည်။ ကျောင်းယို့ယို့က နေရန် ဆွဲသည့်တိုင် သူက နွေးထွေးစွာ ပြုံးပြရင်း ငြင်းဆန်ခဲ့သည်။ ထို့နောက် သူက ကဖေးဘားထဲမှ ထွက်လာခဲ့ကာ လမ်းဘေးရှိ မာစီဒီးဘန့် ဂျီစီးရီး ကားတစ်စီး အတွင်းသို့ ဝင်လိုက်သည်။

ကားထဲမှ အသက်လတ် လူတစ်ယောက်က ဖိုင်တွဲတစ်ခုကို လီဟွန်ဘင်အား ကမ်းပေးလိုက်သည်။ လီဟွန်ဘင်က ထိုဖိုင်တွဲကို ယူကာ ဖတ်လိုက်သည်။

"အချက် အလက်တွေကတော့ အပေါ်ယံလောက်ပဲ။ အဲဒီ ချန်းပေ့ရွှမ်း ဆိုတာ ဘယ်သူလဲ။ သူက ဘယ်မှာ နေတာလဲ။ သူက ဘယ်မိသားစုကလဲ။ အဲဒါတွေ စုံစမ်းဖို့ လိုတယ်”

"ငါ ဒီကိုလာတာ ရှင်သန်ခြင်း ရေစင်ရဲ့ ဆေးညွှန်းရဖို့ပဲ။ ခုတော့ ဒီချီးထုပ်နဲ့ လာ အလုပ်ရှုပ် နေတယ် ...”

လီဟွန်ဘင်က လက်ထဲမှ ဖိုင်တွဲကို လီဟောက်ဂူ၏ မျက်နှာကို ပစ်ပေါက်ရင်း ပြောလိုက်သည်။ လီဟောက်ဂူမှာ လီဟွန်ဘင်၏ ဦးလေးဟု ဆိုသည့်တိုင် သူက ကပျာကယာ လီဟွန်ဘင်ကို တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် ... ကျွန်တော်တို့က တရုတ်မှာဆိုတော့ လုပ်နိုင်စွမ်းက အကန့်အသတ် ရှိလို့ပါ။ ကျွန်တော် တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်”

"ရှင်သန်ခြင်း ရေစင်က အရမ်း အရေးကြီးတယ်။ ငါ ကြားရသလောက် အဲဒါက ဈေးကွက်ကြီး တစ်ခုလုံးကို လွှမ်းခြုံမယ့် သဘော ရှိတယ်။ ရှင်သန်ခြင်း ရေစင်ကို ထိန်းချုပ်နိုင်တဲ့ ဘယ်သူမဆို ဇီဝဗေဒရဲ့ အနာဂတ်ကို ထိန်းချုပ်မယ့် သဘောရှိတယ် ...”

လီဟွန်ဘင်၏ မျက်လုံးမှ နက်မှောင်သော အလင်းကို ရင်မဆိုင်ရဲသည့် အလား လီဟောက်ဂူ ခေါင်းကို ငုံ့လိုက်သည်။

"မိန်းကလေး ကျောင်းကိုရော ဘယ်လို လုပ်မှာလဲ ...”

လီဟောက်ဂူက မေးသည်။

"သူက ငါတရုတ်မှာနေတုန်း ကစားဖို့ပဲလေ ...”

လီဟွန်ဘင်က အေးစက်စွာ ပြုံးလိုက်သည်။ ထို့နောက် ကဖေးဘားတွင် တွေ့ခဲ့သည့် ဆွဲဆောင်မှု ရှိသော ကောင်မလေးအကြောင်း ထပ်မံ တွေးမိလိုက်သည်။ သူ၏ မျက်လုံးကမူ အနက်ရောင် အလင်းများဖြင့် ပိုမို တောက်ပ နေတော့သည်။

***

All Chapters