← Chapters

အစိမ်းရောင်နဂါး အစီအရင်

Vol. 3 Ch. 291

အစိမ်းရောင်နဂါး အစီအရင်

Vol. 3 Ch. 291

လီဟွန်ဘင် ထွက်သွားသည်နှင့် ဖန့်ချုံးက ခဏမျှ စဉ်းစားရင်း ...

"ယို့ယို့ ... နင် သူနဲ့ ဝေးဝေး နေသင့်တယ်လို့ ငါထင်တယ်။ သူ ပုံစံက အန္တရာယ် ရှိတယ်”

ချန်းဖန်က ဖန့်ချုံးအား ထောက်ခံဟန် ခေါင်းညိတ်သည်။ အစမှ အဆုံးတိုင်အောင် လီဟွန်ဘင်၏ အမူအရာက လူကြီးလူကောင်း တစ်ယောက်နှင့် တူသည့်တိုင် ဖန့်ချုံးမှာ မျက်နှာဖုံး နောက်ကွယ်ကို မြင်ခဲ့ဟန် တူသည်။ ထိုအရာက ကျောက်စိမ်းဓမ္မ အဆောင်၏ အကျိုး သက်ရောက်မှု ကြောင့်ပင်။ ထိုအရာက သူမအား ပိုမို တိကျသော အာရုံခံစားမှုကို ပေးသည်။ ထို့ကြောင့် သူမ အနေဖြင့် အခြားလူများ၏ လွယ်လွယ်ကူကူ အရူးလုပ်ခြင်းကို ခံရတော့မည် မဟုတ်ပေ။

"ထားလိုက် စမ်းပါဟာ။ သူ ငါ့ကို ကစားချင်ရုံပဲ ဆိုတာ ငါသိတယ်။ ငါ သူ့ကို ဘာအခ္ငင့်အရေးမှ မပေးဘူး”

ကျောင်းယို့ယို့က စိတ်မရှည်ဟန် ပြောသည်။ သူမက ပြောရင်းဖြင့် ချန်းဖန်အား တစ်ချက် ခိုးကြည့်သည်။

"အင်း ... နင့်ကိုယ်နင် ဂရုစိုက်ရင် ပြီးတာပါပဲ” ဖန့်ချုံးက ပြောသည်။

ကျောင်းယို့ယို့၏ အကြောင်းကို ဖန့်ချုံးကောင်းစွာ သိသည်။ သူမက အလွန် တွက်ချက်တတ်သူ ဖြစ်သည်။ သူမတွင် ရည်းစားပေါင်း များစွာ ရှိခဲ့ဖူးသော်လည်း တစ်ယောက်ကိုမှ အတည် မချစ်ခဲ့ချေ။ သို့သော် လီဟွန်ဘင်ကမူ မတူချေ။ ကျောင်းယို့ယို့မှာ ထိုဝံပုလွေ ရှေ့တွင် အပြစ်ကင်းသော ငှက်ငယ်လေးလိုပင်။ ထို့ကြောင့် ဖန့်ချုံး သူမအတွက် စိုးရိမ်မိခြင်း ဖြစ်သည်။

ဖန့်ချုံး၏ စိတ်ပူနေသော ပုံကို ကြည့်ရင်း ချန်းဖန် သက်ပြင်းတစ်ချက် ချမိသည်။ ထို့နောက် သူမ၏ လက်အား ကိုင်လိုက်ရင်း ...

"စိတ်မပူပါနဲ့။ ငါ ယို့ယို့ကို စောင့်ရှောက် ပေးပါ့မယ် ..."

ဖန့်ချုံး ချန်းဖန်၏ မျက်လုံးများအား ကြည့်လိုက်မိသည်။ ချန်းဖန်မှာ သာမန်တက္ကသိုလ် ကျောင်းသား တစ်ယောက်ပင် ဖြစ်သည့်တိုင် သူ့အား ယုံကြည်မှု တစ်ခုက သူမ၏ နှလုံးသားတွင် မွေးဖွားလာသည်။

လီဟွန်ဘင်နှင့် တွေ့ဆုံမှုက ပဋိပက္ခ တစ်ခု၏ အစသာ ဖြစ်၏။

လီဟွန်ဘင်တွင် မည်သို့သော အင်အားများ ပိုင်ဆိုင်ပါစေ။ ချန်းဖန် အနေဖြင့် ဂရုစိုက်စရာ မလိုချေ။ သူ့အနေဖြင့် ဆမ်ဆောင်း ဂရုအား လွယ်ကူစွာ ချေမှုန်းနိုင်ရာ လီဟွန် တစ်ယောက်က စကားထဲပင် ထည့်ပြောစရာ မလိုချေ။

နောက်ရက်များတွင် ချန်းဖန် အစိမ်းရောင် နဂါးအစီအရင် တည်ဆောက်ခြင်း ပေါ်တွင်သာ အာရုံစိုက် ထားခဲ့သည်။

"ဒီညတော့ အစိမ်းရောင် နဂါးအစီအရင် အောင်မြင်တော့မယ် ..."

လမင်းကား ကြယ်များ၏ အလယ်၌ ထည်ဝါစွာ ထွန်းတောက်နေပြီး တသုန်သုန် တိုက်ခတ်နေသော လေညင်းက လူတိုင်းအား ကြက်သီးထဖွယ် ခံစားချက်ကို ပေးသည်။ ချန်းဖန် အရှေ့ တောင်ထိပ်ပေါ်တွင် ရပ်ရင်း တောင်ကြား ဒေသကို အပေါ်မှ စီးကာ ကြည့်လိုက်သည်။

ဓာတ်ကူ သွေးရည်ကြည် ထုတ်လုပ် ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဤတောင်ကြား၌ ဆေးပင်များ စိုက်ပျိုးရန်သာ ဖြစ်သည်။ ပိုက်ဆံက သူ၏ အဓိက ရည်ရွယ်ချက် မဟုတ်ပေ။

အကယ်၍ ပရောဂျက်သာ အောင်မြင်သွားလျှင် ဝိညာဉ်ဆေးပင် အရင်းအမြစ်ကို သူ လုံလောက်စွာ ရမည် ဖြစ်သည်။ ထို့နောက် ကျင့်ကြံခြင်း အဆင့် မြှင့်တင်ရာတွင် အရေးပါသည့် ဆေးများအား ဖန်တီးကာ ကောင်းကင် ပင်လယ်အဆင့်ထိ ရောက်အောင် မြှင့်တင်ရမည်။ ထိုအချိန် ရောက်လျှင် ကမ္ဘာပေါ်၌ အစွမ်းအထက်ဆုံး လူတစ်ယောက် ဖြစ်လာလိမ့်မည်။

"အစိမ်းရောင် နဂါး အစီအရင်က သစ်သား ဒြပ်စင်ပေါ်မှာ အခြေခံ ထားတယ်။ နောက်ပြီး အစိမ်းရောင် နဂါး ရေကန်က ဝိညာဉ်ချီတွေကို သွယ်ယူဖို့ ဓမ္မအစီအရင် ခုနစ်ဆယ့် နှစ်ခုကို သုံးထားတယ်။ အဲဒါက စွမ်းအင် စီးဆင်းမှုကို ပြည့်ပြည့်စုံစုံ ထိန်းချုပ်ထားပြီး ကမ္ဘာမြေနဲ့ တိုက်ရိုက် ဆက်သွယ်တယ်။ ဒါက ဒီဘဝမှာ ငါ ဖန်တီးခဲ့တဲ့ အစွမ်း အထက်ဆုံး အစီအရင်ပဲ”

ချန်းဖန် လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း တွေးတော နေခဲ့သည်။ ထိုအစီအရင်ကြီး တည်ဆောက်ရန် ငွေဘီလျံနှင့် ချီကာ အသုံးပြု ခဲ့ရသည့်အပြင် ရှေးဟောင်း သစ်ပင်အို တစ်သောင်းခန့်ကိုပါ ချိတ်ဆက်ခဲ့ ရသည်။ ဟောင်ကောင်မှ ရသော ဓမ္မအစီအရင် များကိုလည်း သန့်စင်၍ ခုနစ်ဆယ့် နှစ်ခုသော ဓမ္မရတနာ အစီအရင်များ အဖြစ် သန့်စင်ခဲ့သည်။ အချို့က ခုခံရန်၊ အချို့က တိုက်ခိုက်ရန်၊ အချို့က စွမ်းအင် သယ်ဆောင်ရန် စသည်ဖြင့်။

သူဖန်တီး ဖူးခဲ့သည့် မြူနှင်း အစီအရင်ပင် အစိမ်းရောင် နဂါး အစီအရင်ကို အဘက်ဘက်မှ မယှဉ်နိုင်ပေ။

ချန်းဖန် လက်တစ်ဖက်ကို လှုပ်ရှား၍ အဝါရောင် ကျောက်မျက်ကို ထုတ်ယူလိုက်သည်။ ထိုအရာမှာ မျက်နှာပြင်ပေါ်မှ သင်္ကေတ အနည်းငယ်က လွဲလျှင် ပြောင်ချောနေသည်။ သိမ်မွေ့သော စွမ်းအင်လှိုင်း တစ်ခုက မျက်နှာပြင်ပေါ်တွင် စီးဆင်းနေကာ အစိမ်းရောင် ဖျော့ဖျော့က တောက်ပနေသည်။

ချန်းဖန် လက်ဝှေ့ယမ်း လိုက်ရာ ထိုအရာက ကောင်းကင်ထံ အနည်းငယ် ပျံတက်ကာ မြေပြင်သို့ ညင်သာစွာ ကျရင်း အလင်းတန်း တစ်ခု ပေါက်ကွဲထွက်သည်။ ထိုအလင်းတန်းက အရှေ့တောင်ကြား ဒေသကို စတင် ဖုံးလွှမ်းကာ ခုနစ်ဆယ့် နှစ်မျိုးသော အလင်းတန်းများကို ဖြစ်ပေါ်စေသည်။

"ဝိညာဉ်ချီ စုဆောင်းခြင်း အစီအရင် ... နိုးထစမ်း ..."

ချန်းဖန် အမိန့်ပေး လိုက်သည်။ ရုတ်တရက် အလင်းရောင် ကိုးခုက ပိုမို လင်းလက်လာကာ ထူးဆန်းသော ခံစားချက်ကို ပေးသည်။ အစီအရင် ကိုးခုမှာ အလွန် အရည်အသွေး ကောင်းသော ကျောက်စိမ်းများနှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုအလင်းတန်း ကိုးခုမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ တောင်ကြား တစ်ခုလုံးကို ဖုံးလွှမ်းကာ ဝိညာဉ်ချီ စုဆောင်းခြင်း အစီအရင်ကို တည်ဆောက်သည်။ ဝိညာဉ်ချီ စုဆောင်းခြင်း အစီအရင် အောင်မြင်သည်နှင့် ရိုင်းစိုင်းသော လေပြင်းက တောင်ကြား တစ်ခုလုံးကို ဖြတ်သန်း တိုက်ခတ်သည်။ အဇူရာ အလင်းရောင် ဖျော့ဖျော့က လေကို တိုက်စားသည်။

"နေရာရွေး မှန်ခဲ့တာပဲ။ ဝိညာဉ်ချီ စုဆောင်းခြင်း အစီအရင် တစ်ခုတည်းကတင် မြူနှင်း အစီအရင်ထက် ဝိညာဉ်ချီတွေကို ပိုစုဆောင်း ပေးနိုင်တယ်”

"ဝိညာဉ်ချီ ဆက်သွယ်ခြင်း အစီအရင် ... နိုးထစမ်း ..."

ချန်းဖန် မြေပြင်အား ဆောင့်နင်းရင်း ရေရွတ်လိုက်သည်။ အခြား အလင်းရောင် ကိုးခုက ပေါက်ကွဲကာ အဇူရာ အလင်းရောင်များ တောက်ပလာ၏။ ထိုအစီအရင် ကိုးခုမှာ ကျောက်စိမ်းများနှင့် သစ်ပင်အိုကြီးများ၏ ပေါင်းစပ်မှု ဖြစ်သည်။ မရေမတွက်နိုင်သော သင်္ကေတများက ယင်ခရိုက်စတယ်များနှင့် ရေစွမ်းအင်များကို ပေါင်းစည်းထားသည်။

ချန်းဖန် နောက်တစ်ကြိမ် ခြေဖဝါးကို ဆောင့်နင်း လိုက်ပြန်သည်။ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုနှင့် အတူ အစိမ်းရောင်နဂါး ရေကန်၏ ဝိညာဉ်ချီများက ထုတည် ကြီးမားစွာ စီးဆင်းလာသည်။ ရေ၏ ထိတွေ့မှုဖြင့် တစ်သောင်းသော သစ်ပင်အိုကြီးများက စတင် လှုပ်ယမ်းကာ အစိမ်းရောင် စွမ်းအင်များကို ထုတ်လွှတ်သည်။ ရေနှင့် သစ်သား ဒြပ်စင်များမှာ ဝိညာဉ်ချီ၏ ပွတ်တိုက်မှုနှင့် အတူ စတင် အလုပ် လုပ်ကြသည်။

ရုတ်တရက် မိုးကြိုးကဲ့သို့ အသံများက ကောင်းကင်တွင် ဆူညံ နေတော့သည်။ တောင်ခြေတွင် ရှိသော လူများမှာ စတင် နိုးလာကြသည်။ ယခုလို ရာသီမျိုး၌ မိုးကြိုးသံများ ကြားရခြင်းက အနည်းငယ် ထူးဆန်းနေသည်။

မတူညီသော စွမ်းအင်နှစ်ခု ပေါင်းစည်းသည်နှင့် အလင်းတစ်ခုက အရှေ့ တောင်ကြားတွင် စတင်ကာ မွေးဖွားလာသည်။ ရေများမှာ အစိမ်းရောင် အသွင်သို့ ပြောင်းလဲသည်။ ထိုအရာက မြေဆီလွှာနှင့် စတင် ထိတွေ့သည်နှင့် အဇူရောင် တိမ်တိုက်များ လေထဲတွင် ဖြစ်တည်လာသည်။

"မြူနှင်း အစီအရင် ... နိုးထစမ်း ..."

ချန်းဖန် လက်သင်္ကေတ တစ်ခုကို ပြုလုပ်ကာ ပစ်လွှတ် လိုက်သည်နှင့် အစီအရင် ခုနစ်ခုက အသက်ဝင်ကာ အလင်းရောင် အချို့ ဖြစ်ပေါ်လာသည်။ ထိုအစီအရင်ကို ယင်ခရိုင်စတယ် ခုနစ်ခုဖြင့် အသက် သွင်းခဲ့ခြင်း ဖြစ်သည်။ ယင်စွမ်းအင်များက တောင်ကြားတစ်လျှောက် ပျံ့နှံ့သွားပြီး ထူထပ်သော မြူနှင်းများ ဖြစ်တည်လာသည်။ အကယ်၍ တစ်ယောက်ယောက်ကသာ တောင်ခြေမှ အရှေ့တောင်ကြား ဒေသအား ကြည့်လျှင် ထူထပ်သော မြူများကိုသာ မြင်တွေ့ရမည် ဖြစ်သည်။ ချန်းဖန်မှာ ထိုမြူနှင်း အစီအရင်ကို အခြေခံ တည်ဆောက်ခြင်း အဆင့်ကပင် ခင်းကျင်း နိုင်ခဲ့ခြင်း ဖြစ်ရာ ယခုဆိုလျှင် မြို့တစ်မြို့လုံးကိုပင် ဖုံးလွှမ်းနိုင်မည့် အစီအရင်ကို တည်ဆောက် နိုင်နေပြီ ဖြစ်သည်။

"လှည့်ဖြားခြင်း အစီအရင် ... နိုးထစမ်း ..."

"သစ်သား ဘီလူးအစီအရင် နိုးထစမ်း ..."

"ရှင်သန်ခြင်း စွမ်းအား အစီအရင် ... နိုးထစမ်း ..."

"နောက်ဆုံးတစ်ခု ... အစိမ်းရောင် နဂါး အစီအရင် ..."

အစီအရင် ကိုးခုလုံး စုံမှသာ အစိမ်းရောင် နဂါး အစီအရင် အပြည့်အဝ နိုးထသည်ဟု ဆိုနိုင်သည်။

ချန်းဖန် နဖူးမှ စီးကျလာသော ချွေးများကို သုတ်လိုက်သည်။ အဇူရာ သက်ရှည် ခန္ဓာကိုယ် ပိုင်ဆိုင် ထားသည့်တိုင် ယခုအရာက အလွန် ပင်ပန်းသည့် အလုပ်တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် အစိမ်းရောင် နဂါး အစီအရင်မှာ ကောင်းကင်ပင်လယ် အဆင့် ရောက်မှသာ တည်ဆောက် နိုင်လိမ့်မည် ဖြစ်သည်။

ချန်းဖန် လေကို ရှူသွင်းလိုက်ရင်း ကျယ်လောင်စွာ အော်လိုက်သည်။

"ထုံရှန်း ..."

ထိုအသံက အဇူရာ မီးတောက်အလား တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ထုံရှန်းက ကြီးမားသော ကျောက်စိမ်းကြီး တစ်ခုကို ထမ်းပိုးရင်း ရှေ့သို့ လျှောက်လာသည်။ ထိုကျောက်စိမ်းကြီး၏ အတွင်းပိုင်းတွင် တွန့်လိန်နေသော မြွေတစ်ကောင် ရှိသည်။ ထိုအရာက ယွင်ဝူတောင်မှ အစီအရင် ဝိညာဉ်ပင် ဖြစ်၏။ ချန်းဖန်မှာ ထိုအရာကို ချူကျိုးမြို့မှ ဤနေရာသို့ ယူခဲ့ရန် ထုံရှန်းအား စေခိုင်းခဲ့ခြင်း ဖြစ်သည်။

ချန်းဖန် သင်္ကေတ တစ်ခုကို ဖန်တီးရင်း ဝိညာဉ်မြွေကို ကျောက်တုံးထဲမှ ထုတ်ယူကာ ဓမ္မအစီအရင် တစ်ခုနှင့် ပေါင်းစပ်လိုက်သည်။ ရုတ်ခြည်းပင် အစီအရင်အား အသက်သွင်းရင်း အော်ဟစ်လိုက်သည်။

"အစိမ်းရောင် နဂါး အစီအရင် ... နိုးထစမ်း ..."

***

All Chapters