← Chapters

ကိုးငရဲဂိုဏ်းချုပ် မူပိုင်ယိ

Vol. 31 Ch. 451

ကိုးငရဲဂိုဏ်းချုပ် မူပိုင်ယိ

Vol. 31 Ch. 451

ယွမ်ကျိ အကျဉ်းထောင်တောင်ထိပ်သို့ ရောက်လာသည်။ ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်နှစ်ယောက်ကိုကြည့်၍ ကလေးမျက်နှာနှင့်ဘိုးဘေးဆရာ အံ့အားသင့်နေသည်။

ဘယ်လောက်မှ မကြာသေး။ ယခု ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်နှစ်ခု ထပ်ရောက်လာသည်။

အချိန်ကိုတွက်ကြည့်လျှင် တစ်နှစ်အတွင်း ကူးဖြတ်ခြင်းအဆင့်‌လေးယောက် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ထိုနှုန်းအတိုင်းဆက်သွားလျှင် နှစ်အနည်းငယ်အတွင်း ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်များ ဘယ်သူမှမထိန်းချုပ်နိုင်သည့် ပမာဏမျိုး ဖြစ်လာလိမ့်မည်။

"တကယ်တော့ သုံးယောက်ပါ။ တစ်ယောက်ကို လက်နက်ဝိညာဉ်အဖြစ် ကျွန်မသန့်စင်လိုက်ပြီ။ သုံးယောက်လုံးကို ကျွန်မရဲ့ဂိုဏ်းတူမောင်‌လေး အပြင်ကိုခရီးထွက်ရင်း ဖမ်းလာတာပါ"

ဘိုးဘေးဆရာ မျက်ခုံးတစ်ချက်တွန့်သွားသည်။ သူ့မြေးတပည့်က ဝစီပိတ်ထက်ပင် ပိုအန္တရာယ်များနေသည်။

ယခုမှ ရွှေသန္ဓေအဆင့်သာရှိသေးသည်။ နောင်တစ်ချိန် ဘယ်လိုဖြစ်လာမည်မသိ။

"အငြိမ်းစားယူပြီးတာတောင် ငြိမ်းငြိမ်းချမ်းချမ်းမနေရပါလား"

ဘိုးဘေးဆရာ သက်ပြင်းချသည်။ သူစောစောစီးစီး အနားယူခဲ့သည်။ ဂိုဏ်းအရှုပ်အထွေးများကို ဝစီပိတ်တို့ကိုးယောက်လက်ထဲသို့ ထိုးအပ်ခဲ့သည်။ သူအရမ်းပင်ပန်းလွန်းသောကြောင့်ဖြစ်သည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ ထိုမျိုးဆက်သည် ထူးချွန်ပါရမီရှင်များစွာ ပေါ်ထွက်ခဲ့သည်။ အားလုံးထဲမှ အထူးချွန်ဆုံးကိုးယောက်ကို တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးဖော်ဟု ခေါ်ကြသည်။ ဂိုဏ်း၏ အနာဂတ်မျှော်လင့်ချက်ဟု သတ်မှတ်ကြသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုကိုးယောက်လုံးက သူ့တပည့်များဖြစ်သည်။ သူဂိုဏ်းချုပ်လုပ်စဉ်က ထိုတပည့်များလုပ်သည့် ပြဿနာပေါင်းသောင်းခြောက်ထောင်ကို နေ့တိုင်းရှင်းခဲ့ရသည်။

ထိုတပည့်များကျေးဇူးကြောင့် ထိုအချိန်က ကျင့်ကြံသူလောကတွင်ရှိခဲ့သည့် အဆင့်မြင့်ပုဂ္ဂိုလ်အားလုံးနှင့် သူသိကျွမ်းခဲ့ရသည်။

ထိုပေါက်လွှတ်ပဲစားများကို ရိုက်နှက်ဆုံးမနိုင်‌ဖို့ ကူးဖြတ်ခြင်းအဆင့်ရောက်အောင် သူကြိုးစားကျင့်ကြံခဲ့ရသည်။

ဆရာတစ်ယောက်အနေဖြင့် အပြင်လောကတွင် တပည့်များ ပြဿနာရှာနေသည်ကို မဆုံးမနိုင်ဘဲ လက်ပိုက်ကြည့်နေရလျှင် သူရူးသွားခဲ့နိုင်သည်။

"ဒီလိုမှန်းသိခဲ့ရင် အရင်က ငါ့ညီနဲ့ နေရာချင်းလဲခဲ့ပါတယ်။ သူ့ကို အကျဉ်းထောင်တောင်ထိပ်ကိုလွှတ်ပြီး ကျမ်းစာတိုက်မှာပဲ ငါနေခဲ့မှာ"

ဘိုးဘေးဆရာ သက်ပြင်းချ၍ ဝူယွီထောင်နှင့် စန်းလဲ့ကု အချုပ်ခန်းထဲထည့်လိုက်သည်။

.............

အရှင်ဝူကျိဝိညာဉ်ကို ကြိုးဖြင့်ဆွဲလျက် တာအိုလမ်းစဉ်ဂိုဏ်းထဲတွင် လုယန် ဆောင့်ကြွားကြွားလမ်းလျှောက်နေပုံက တကယ့်ရိုက်ပေါက်ဖြစ်သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် အရိုက်မခံရဘဲ သန့်စင်မှုတစ်ရာတောင်ထိပ်သို့ သူရောက်လာသည်။

လီဟော်ရန်နှင့် ချင်ယန်ယန် လေ့ကျင့်တိုက်ခိုက်နေသည်ကို မြင်ရသည်။

ချင်ယန်ယန်ခန္ဓာကိုယ် အမြူရောင်မြူခိုးလိုဖြစ်နေသည်။ ဝိညာဉ်အရိပ်လို မှုန်ဝါးဝါးဖြစ်နေသည်။ ထိုမြူခိုးငွေ့ကြားတွင် လီဟော်ရန်ကို အလစ်အငိုက်တိုက်ခိုက်နိုင်သည့် မှောင်အဆောင်များ ပုန်းကွယ်နေသည်။

လီဟော်ရန်ကလည်း ခံစစ်အနေအထားမဟုတ်။ ခေါင်းမှဆံပင်တုကိုချွတ်လိုက်သည်။ ဆံပင်တုက လျင်မြန်စွာလည်ပတ်လျက် မြူခိုးများကို ရှင်းထုတ်သည်။

သားအဖနှစ်ယောက် လက်ရည်ညီမျှနေသည်။

"တိမ်ဖြူသန္ဓေလား"

ချင်ယန်ယန်၏ ရွှေသန္ဓေကို လုယန်နားလည်သွားသည်။ ပထမအဆင့် ရွှေသန္ဓေဖြစ်သည်။

ထိုရွှေသန္ဓေမျိုးသည် ကျင့်ကြံသူတစ်ယောက်ကို အသွင်သာရှိပြီး ကိုယ်ထည်မရှိသည့် မြူခိုးတိမ်တိုက်များအဖြစ် ပြောင်းလဲပေးနိုင်သည်။ တိုက်ခိုက်ဖို့ရော ထွက်ပြေးဖို့ပါ အသုံးဝင်သည်။

လီဟော်ရန် သူ့ဘဝဟောင်းမှသမီးကို ထိုမျှကြာအောင် အဖော်ပြုလေ့ကျင့်ပေးနေသည်မှာ မဆန်းတော့။

"ရွှေသန္ဓေတည်ဆောက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်"

လုယန် ပြုံး၍ပြောသည်။ သားအဖနှစ်ယောက် လုယန်ရောက်လာသည်ကိုမြင်သဖြင့် လေ့ကျင့်မှုရပ်လိုက်ကြသည်။

"အကိုလု ဘာကိစ္စရှိလို့ ရောက်လာတာလဲ"

လုယန်နှင့်မုန်ကျင်းကျိုး အရိုင်းနယ်မြေသို့ ခရီးထွက်ခဲ့သည်ကို သူမသိ။ ထိုနှစ်ယောက်မရှိသဖြင့် သူတို့ဂိုဏ်းတွင် ထူးထူးခြားခြားတိတ်ဆိတ်ငြိမ်သက်နေသည်ကိုသာ ခံစားမိသည်။

ကံကြမ္မာကျိန်စာသင့်ခြင်းသည် ဂုဏ်ယူစရာကိစ္စမဟုတ်သဖြင့် မုန်ကျင်းကျိုးကလည်း တစ်ခြားလူများကိုထုတ်မပြောခဲ့။

ချိုးကျင်အန်း တာအိုလမ်းစဉ်ဂိုဏ်းကို အလစ်ဝင်တိုက်ခိုက်ခဲ့သည့်အကြောင်းသာ အများကသိသည်။ အသေးစိတ်ကို မသိကြ။

"ဪ...လောင်မုန်နဲ့ငါ အရိုင်းနယ်မြေကိုသွားရင်း ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်တစ်ယောက် ဖမ်းလာတယ်။ အမယွမ်က အကြီးအကဲကျိုးဆီ သွားပို့ခိုင်းလိုက်လို့ပါ"

လုယန်က လက်ထဲမှသံကြိုးကိုမြှောက်၍ ခပ်အေးအေးအမူအရာဖြင့် ပြောသည်။ အကြောင်းမသိလျှင် ခရီးထွက်ရင်း အမှတ်တရလက်ဆောင်ယူလာသယောင် ထင်ရသည်။

လုယန်၏ ထူးခြားသည့်ကံကြမ္မာနှင့် ရင်းနှီးနေသည့် သားအဖနှစ်ယောက်ပင် ဘာပြောရမှန်းမသိတော့။

ခရီးထွက်ရင်း ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်တစ်ယောက်‌ တွေ့လာသည်။ ထိုစွမ်းအားရှင်မျိုးသည် ဂေါ်ဖီထုပ်များကဲ့သို့ ပေါများနေလေသလော။

"ဆရာက တောင်ထိပ်မှာ ပစ္စည်းတွေသန့်စင်နေတယ်"

လီဟော်ရန် တောင်ထိပ်ဆီ လက်ညှိုးထိုးပြသည်။

"အင်း...ငါခဏနေပြန်လာမယ်။ မင်းကို မေးစရာရှိသေးတယ်"

လီဟော်ရန် တွေးရခက်သွားသည်။

လုယန် တောင်ထိပ်သို့ရောက်ချိန်တွင် အိုးတစ်လုံးကို ငုံ့ကြည့်၍ မျက်မှောင်ကျုံ့နေသည့် ကျိုးရှင်းကို တွေ့ရသည်။

"အကြီးအကဲကျိုး၊ ဘာတွေလုပ်နေတာလဲ"

"ငါတို့ကောင်းကင်ရုံးတော်ဂိုဏ်းက သူ့ဘာသာအသားကင်တဲ့ မှော်စက်ဝန်းကိုသုံးပြီး ကိုးငရဲဂိုဏ်းနဲ့ လုပ်ငန်းစပ်တူလုပ်တယ်မဟုတ်လား။

ဒီတော့ အလိုအလျောက် မွှေကြော်ဟင်းလုပ်နိုင်မယ့် ပစ္စည်းမျိုး တီထွင်စမ်းသပ်ကြည့်နေတာ"

"အောင်မြင်ပြီလား"

"မအောင်မြင်သေးဘူး။ ပြဿနာတွေ အများကြီးကြုံရတယ်။ ဥပမာပြောရရင် ဒီအိုးရဲ့ တိုက်ခိုက်စွမ်းအားက မြင့်လွန်းနေတယ်။ ဘယ်နားက လိုအပ်ချက်ရှိနေတယ်မသိဘူး။ ဒါနဲ့မင်းဘာလာလုပ်...ဟား...ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်လား"

ကျိုးရှင်း အတွေးနစ်နေရာမှ အသိပြန်ဝင်လာသည်။ လုယန်လက်ထဲမှ ဝူကျိဝိညာဉ်ကိုကြည့်၍ မျက်လုံးများ အရောင်လက်လာသည်။ သူ့မိန်းမကို မြင်ရသည်ထက်ပင် ပိုစိတ်လှုပ်ရှားနေဟန်ရှိသည်။

လက်ဝါးနှစ်ဘက်ကိုပွတ်လျက် ပါးစပ်ကနားရွက်ကိုတက်ချိတ်မတတ် ဖြဲနေသည်။

"အမယွမ်က ဒါကို ပေးခိုင်းလိုက်လို့ပါ။ လက်နက်ဝိညာဉ်အဖြစ်သုံးလို့ရနိုင်တယ်လို့ ပြောတယ်"

"ထင်တဲ့အတိုင်းပါပဲ"

ကျိုးရှင်း သံကြိုးကို ရတနာတစ်ခုလို တယုတယဆွဲယူသည်။

ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်ရှိလျှင် ကူးဖြတ်ခြင်းအဆင့်ရတနာတစ်ခု သန့်စင်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။ သူ့ပစ္စည်းသန့်စင်စွမ်းရည်ကို များစွာတိုးတက်စေမည့် ရှားပါးအတွေ့အကြုံတစ်ခု ဖြစ်လာမည်။

အော်တိုမွှေကြော်အိုးကို ဘေးသို့လွှင့်ပစ်လိုက်သည်။ ကူးဖြတ်ခြင်းအဆင့်ရတနာသန့်စင်စရာရှိလျှင် မွှေကြော်အိုးကို ဘာကြောင့်အာရုံစိုက်နေတော့မည်နည်း။

ဝိညာဉ်အပေါ်သာအာရုံစိုက်နေသည့် ကျိုးရှင်းကို နှုတ်ဆက်၍ လုယန် တောင်ပေါ်မှပြန်ဆင်းလာသည်။

လီဟော်ရန်ကို သူမေးချင်သည့်ကိစ္စ ထုတ်မေးသည်။

"အရိုင်းနယ်မြေကိုသွားတုန်းက ကိုးငရဲဂိုဏ်းဝင်တစ်ယောက်တွေ့ခဲ့တယ်။ မင်းသူ့ကို မှတ်မိမလားလို့ပါ"

လုယန် မှော်စွမ်းအားဖြင့် စက္ကူဖြူဦးထုပ်နှင့်လူ၏ ပုံရိပ်ကို ပြလိုက်သည်။

"မူပိုင်ယိလား"

"သူ့နာမည်က မူပိုင်ယိပေါ့"

"ဟုတ်တယ်။ မူပိုင်ယိပါ။ ချင်ဟော်ရန်ရဲ့ မှတ်ဉာဏ်ထဲမှာ သူက ကိုးငရဲဂိုဏ်းဒုဂိုဏ်းချုပ်လေးယောက်ထဲက တစ်ယောက်ပဲ။ လေးယောက်ထဲမှာ အငယ်ဆုံးပါ"

"သူကအခု ကိုးငရဲဂိုဏ်းချုပ်ဖြစ်နေပြီ"

ဟန်ရွှေ့မြို့တော်တွင် မူပိုင်ယိထုတ်ပြခဲ့သည့် စွမ်းအားအရ ဂိုဏ်းချုပ်ဖြစ်ကြောင်း သေချာသည်။

"သူက ဂိုဏ်းချုပ်ဖြစ်လာတာလား"

လီဟော်ရန် နည်းနည်းအံ့အားသင့်သွားသည်။ ဝါစဉ်နှင့် ကျင့်စဉ်စွမ်းအားအရ မူပိုင်ယိသည် သိပ်ထူးခြားလှသူမဟုတ်။ ကျောက်ရိုးကပင် သူ့ထက်ပို၍ ဂိုဏ်းချုပ်ဖြစ်နိုင်ခြေများသေးသည်။

"သူကတိတစ်ခုခု ပေးခဲ့လိုများလားမသိဘူး။ ဖုန်ဒူတည်ဆောက်မယ်တို့ဘာတို့ပေါ့"

လီဟော်ရန် စဉ်းစားနေသည်။ မူပိုင်ယိသည် ဘယ်ဘက်ကမှ အသာစီးရစရာမရှိ။ ဂိုဏ်းချုပ်ဖြစ်လာလျှင် ဖုန်ဒူတည်ဆောက်မည်ဟု ကတိပေး၍ စည်းရုံးသိမ်းသွင်းခဲ့ခြင်းသာ ဖြစ်မည်။

"ဒါပေမယ့် ဒါလည်းမဖြစ်နိုင်ဘူး။ ကိုးငရဲဂိုဏ်းက အရမ်းဆင်းရဲတာ။ ချင်ဟော်ရန်နောက်ကို ကြွေးရှင်တွေ အမြဲတမ်းလိုက်နေခဲ့တာ။ ဖုန်ဒူတည်ဆောက်ဖို့ငွေကို ဘယ်ကရနိုင်မှာလဲ"

လီဟော်ရန် စည်းစားမရတော့။

"မူပိုင်ယိက ကိုယ်ပွားပညာနဲ့ အသွင်ပြောင်းပညာတွေမှာ အတော်ဆုံးပဲ။ လူကြီးပုံစံ လူငယ်ပုံစံ သူအားလုံး အသွင်ပြောင်းနိုင်တယ်။

သူငယ်ငယ်က ဂိုဏ်းကျောင်းတစ်ခုမှာ ပညာသင်တယ်။ သူ့ဂိုဏ်းတူအကိုတွေက အတန်းမတက်ချင်ကြဘူး။ သူတို့ဘာသာ ကျင့်ကြံနေချင်တယ်။

ဒါပေမယ့် ဂိုဏ်းအကြီးအကဲတွေက နေ့တိုင်း ကျောင်းသားတက်ရောက်စာရင်းခေါ်တယ်။ အဲတော့ ဂိုဏ်းတူအကိုတွေက မူပိုင်ယိကို ဝိညာဉ်ကျောက်တွေပေးပြီး နာမည်ခေါ်တဲ့ချိန်မှာ သူတို့ကိုယ်စား ဖြေခိုင်းတယ်။

မူပိုင်ယိက ဆင်းရဲတဲ့မိသားစုကလာတာဆိုတော့ ဝိညာဉ်ကျောက်လိုတယ်လေ။ ဒီတော့ သူကလည်းလက်ခံတယ်။

သူအတော် ဇွဲကောင်းတယ်။အကြီးအကဲတွေမရိပ်မိအောင် ကိုယ်ပွားပညာနဲ့ အသွင်ပြောင်းပညာတွေ ကျိတ်ပြီးလေ့လာတယ်။ တက်ရောက်စာရင်းခေါ်တဲ့အချိန်မှာ ဒါတွေကို အသုံးချတယ်"

"ဒါဆိုသူဘာလို့ အဲဒီ့ဂိုဏ်းကျောင်းမှာ ပညာဆက်မသင်ဘဲ ကိုးငရဲဂိုဏ်းထဲ ဝင်ခဲ့တာလဲ။ သူလိမ်တာ မိသွားလို့လား"

လုယန် စပ်စုလိုက်သည်။

ဘယ်သူမှ လမ်းမှန်ဂိုဏ်းကျောင်းတစ်ခုမှထွက်၍ နတ်ဆိုးဂိုဏ်းတစ်ခုကို ဝင်ချင်ကြမည်မဟုတ်။

"မဟုတ်ဘူး။ နောက်ပိုင်းမှာ အဲဒီ့ဂိုဏ်း‌ကျောင်း ဖျက်သိမ်းလိုက်လို့ပါ"

"ဖျက်သိမ်းတယ်...ဟုတ်လား"

လုယန် ပို၍ပင်အံ့အားသင့်သွားသည်။ ပြည့်စုံကောင်းမွန်သည့် ဂိုဏ်းကျောင်းတစ်ခု ဘာကြောင့်ဖျက်သိမ်းရသနည်း။

"ဒီဂိုဏ်းက အတော်ထူးဆန်းတယ်။ တပည့်တွေအများကြီး အတန်းတက်ကြတယ်။ တက်ရောက်တဲ့နှုန်းကလည်း ရာနှုန်းပြည့်ပဲ။ ဒါပေမယ့် နှစ်ကုန်ချိန် စာမေးပွဲစစ်တော့ ရမှတ်အဆင့်‌တွေ အရမ်းဆိုးဝါးနေတယ်။ မူပိုင်ယိတစ်ယောက်ပဲ ရမှတ်ကောင်းတယ်။

ဒီတော့ ဂိုဏ်းကျောင်းက သူတို့သင်ပြတဲ့စွမ်းရည်ညံ့တယ်လို့ ယူဆတယ်။ တပည့်တွေကို မနစ်နာစေချင်ဘူး။ ဒါကြောင့် ဂိုဏ်းကျောင်းကို ဖျက်သိမ်းလိုက်တာပါ"

လုယန် - "..."

All Chapters