ကောင်းကင်ရုံးတော်ဂိုဏ်းသည် နတ်ဆိုးဂိုဏ်းသစ်တစ်ခုလေလော
Vol. 31 Ch. 452
မသေမျိုးငါးဂိုဏ်းနှင့် ဆွေးနွေးစရာများရှိသဖြင့် ရှားအင်ပါယာက ကုန်းကုန်းများ နန်းတွင်းအစေခံများကို ထွက်သွားခိုင်းသည်။
ကျယ်ဝန်းသည့် နန်းတော်ထဲတွင် လူခြောက်ယောက်သာ ကျန်ရစ်ခဲ့သဖြင့် တစ်ခုခုဟာနေသလို ခံစားရသည်။
"တာအိုရှင်ယွမ်၊ မတွေ့ရတာကြာပြီးနော်.."
"ဟုတ်ပါတယ် နန်းတော်သခင်"
"တာအိုရှင်ချိုး၊ ခင်ဗျားက ဟန်ရွှေ့ကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ကြားတယ်"
"အသက်မသေရုံတမယ်ပါပဲဗျာ"
လောကဝတ်စကားတစ်ချို့ ပြောကြသည်။ စွန်စီးကျောင်းထိုင်တစ်ယောက်သာ ဝစီပိတ်ကျင့်နေသူဖြစ်၍ အသံတိတ်နေသည်။
လူစုံပြီဖြစ်၍ အင်ပါယာရှားက စပြောသည်။
"ဟန်ရွှေ့ကိစ္စနဲ့ပတ်သက်လို့ ခင်ဗျားတို့ငါးယောက်လည်း နည်းနည်းသိထားကြပြီးဖြစ်မယ်ထင်ပါတယ်။ စွမ်းအားရှင်တစ်ချို့သာ အမှတ်မထင် ပေါ်မလာခဲ့ရင် နိုင်ငံ့ကံကြမ္မာစွမ်းအားက မဟာယုက်ထဲကို ပါသွားခဲ့မှာပဲ"
အစက လမ်းမှန်ဂိုဏ်းများစည်းဝေးပွဲတစ်ခုလုပ်ဖို့ ယွမ်ကျိရည်ရွယ်ခဲ့သည်။ သို့သော် ဟန်ရွှေ့သတင်းကြားပြီးချိန်တွင် အင်ပါယာရှားကိုယ်တိုင်က သူတို့ကို နန်းတော်သို့ စတင်ဖိတ်ကြားလာသည်။ ဘယ်လိုဖြစ်ဖြစ် သိပ်တော့မကွာလှပါ။
အင်ပါယာရှား၏မျက်လုံးတွင် ဒေါသရိပ်နည်းနည်းသန်းနေသည်။ နိုင်ငံကံကြမ္မာစွမ်းအား ဆုံးရှုံးခြင်းသည် အရေးကြီးကိစ္စဖြစ်သည်။ ဘိုးဘေးများကလည်း ထိုစွမ်းအားပြန်ယူဖို့ ကိုယ်တိုင်ဝင်လှုပ်ရှားကြမည်မဟုတ်။ ထိုသို့လုပ်လိုက်လျှင် နောက်ဆက်တွဲအစီအစဉ်အားလုံး ပျက်စီးသွားမည်။
"လောင်ချိုး၊ ခင်ဗျားက ဟန်ရွှေ့ကိစ္စကို ကိုယ်တိုင်ကြုံခဲ့တာပဲ။ အဖြစ်အပျက်ကို ပြန်ရှင်းပြပါဦး"
ထောင်ချုပ်ဂိုဏ်းချုပ်က ပြောသည်။ သူသည် ခွန်အားလေတောင့်တင်းသူဖြစ်သည်။ လည်ပင်း၊ လက်ကောက်ဝတ် လက်မောင်းတို့တွင် ဆေးမင်ကြောင်များ မြင်နေရသည်။ တစ်ကိုယ်လုံး တိုက်ပွဲဆေးမင်ကြောင်များ ထိုးထားကြောင်း သိသာသည်။
တိုက်ပွဲဆေးမင်ကြောင်ကျင့်စဉ်ပညာတွင် ကျွမ်းကျင်သည့်လက္ခဏာဖြစ်သည်။
ချိုးကျင်အန်းက ဟန်ရွှေ့နောက်ဆက်တွဲကိစ္စများ ရှင်းလင်းပြီးဖြစ်၍ နန်းတော်သို့ စည်းဝေးပွဲလာတက်ခြင်းဖြစ်သည်။
"ဟန်ရွှေ့ကိစ္စက မထင်မှတ်ဘဲ ကြုံကြိုက်သွားတာပါ။ လူဆိုးတွေ အလစ်တိုက်ခိုက်လို့ ကျုပ်ကျိန်စာသင့်ခဲ့တယ်။ ကျိန်စာပယ်ဖျက်ဖို့ နိုင်ငံ့ကံကြမ္မာစွမ်းအားကို သုံးဖို့လိုတယ်။ ဒါကြောင့် အနီးဆုံးဖြစ်တဲ့ ဟန်ရွှေ့မြို့မှာ သွားပြီးအကူအညီတောင်းတာပါ။
အဲဒီ့အချိန် ဟန်ရွှေ့မြို့တော်မှာက မဟာယုကျင့်ကြံသူတွေ စီစဉ်ထားတဲ့ သရဲတွေက ဒုက္ခပေးနေပြီ။ ဒါပေယ့် အဲဒီတုန်းကတော့ ဘယ်သူလက်ချက်မှန််း မသိကြဘူးပေါ့။
နောက်တော့ ဝူယွီထောင်က ပေါ်လာတယ်။ ကူးဖြတ်ခြင်းအဆင့်စွမ်းအားနဲ့ ဟန်ရွှေ့မြို့က သတင်းမထွက်အောင် တားဆီးပြီး မြို့ထဲမှာ ဒုက္ခပေးတယ်"
"ခြောက်ဆက်မြောက်ယုအင်ပါယာ ဝူယွီထောင်လား"
"ဟုတ်ပါတယ်။ သူပါပဲ။ အင်ပါယာစွမ်းအင်ရောင် ပိုင်ထားတော့ တိုက်ပွဲမှာ ကျားနဂါးချီကို သူသုံးတယ်။ သူ့ကို ရင်ဆိုင်တိုက်ခိုက်ရတာ အရမ်းခက်ပါတယ်။ နယ်စားလွီနဲ့ကျုပ် နှစ်ယောက်ပေါင်းတာတောင် မနည်းခုခံကာကွယ်ခဲ့ရတယ်။
တိုက်ခိုက်နေတုန်းမှာ စက္ကူဖြူဦးထုပ်နဲ့လူတစ်ယောက် ပေါ်လာတဘ်။ သူ့တိုက်ခိုက်စွမ်းအားက ကျုပ်နဲ့တန်းတူပဲ"
"ခင်ဗျားနဲ့တန်းတူ...ဟုတ်လား"
ထောင်ချုပ်ဂိုဏ်းချုပ် နည်းနည်းအံ့အားသင့်သွားသည်။ ချိုးကျင်အန်းစွမ်းရည်ကို သူကောင်းကောင်းသိသည်။ ချိုးကျင်အန်းနှင့်တန်းတူအဆင့်ရှိသူကို သူမသိစရာအကြောင်းမရှိ"
"ဒီလူက သူဘယ်သူဆိုတာ လုံးဝထုတ်မပြောခဲ့ပေမယ့် တိုက်ခိုက်တဲ့ပုံစံက ကိုးငရဲဂိုဏ်းရဲ့ တိုက်ခိုက်နည်းမျိုးနဲ့ ဆင်တူပဲ။ ကိုးငရဲဂိုဏ်းထဲမှာ ကျုပ်နဲ့တန်းတူစွမ်းအားမျိုး ဂိုဏ်းချုပ်တစ်ယောက်ပဲ ရှိနိုင်ပါတယ်။
အဲဒီ့နောက်ပိုင်း ကျုပ်စုံစမ်းကြည့်တော့ ပြီးခဲ့တဲ့နှစ်ပိုင်းတွင်း သူ့ကို အရိုင်းနယ်မြေရဲ့ နေရာစုံမှာ မြင်ကြရတယ်လို့ သိရတယ်။ ကိုယ်ပွားပညာတစ်မျိုးသုံးပြီး နေရာတိုင်းမှာ ရာဇဝတ်မှုတွေ ကျူးလွန်တယ်။
အရိုင်းနယ်မြေအာဏာပိုင်တွေက အလိုရှိနေတဲ့လူပါ။
ဒါပေမယ့် သူ့ဉာဏ်စွမ်းကိုပဲ အသုံးချပြီး ပြစ်မှုကျူးလွန်ခဲတာဆိုတော့ သူ့ကျင့်စဉ်စွမ်းအားအစစ်ကို လျှော့တွက်ခဲ့ကြတယ်။
ကျုပ်တို့သုံးယောက်ပေါင်းပြီး ဝူယွီထောင်ကို အနိုင်ယူတော့မယ့်အချိန်မှာ အရှင်စန်းလဲ့ပေါ်လာတယ်။ ဒီထက်ပိုဆိုးတာက အလောင်းထိန်းဂိုဏ်းချုပ်ကို အရှင်ဝူကျိက ပူးကပ်ထားတာပဲ။
ဒီတော့ ဟန်ရွှေ့မြို့ကိုအန္တရာယ်ပေးမယ့် ကူးဖြတ်ခြင်းစွမ်းအားရှင် သုံးယောက်ဖြစ်လာတယ်လေ။
အရှင်ဝူကျိက အလောင်းထိန်းဂိုဏ်းချုပ်နေရာဝင်ယူပြီး အရိုင်းနယ်မြေတံဆိပ်နဲ့ နယ်စားလွီဆီက နိုင်ငံ့စွမ်းအားကို ခဏလက်လွှဲယူဖို့တောင် ကြိုးစားခဲ့ပါတယ်။
ကျုပ်အသက်စွန့် တိုက်ခိုက်တော့မယ်ပြင်နေတုန်းမှာ မိန်းကလေးစွမ်းအားရှင်တစ်ယောက်ပေါ်လာတယ်။ သူ့စွမ်းအားနဲ့ နောက်ခံကိုတော့မသိဘူး။ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ မဟာကောင်းကင်အဓိပဓိ ပဲဝါအရှင်လို့ သူ့ကိုယ်သူကြေညာခဲ့တယ်။
ပိုင်ရှင်မဲ့နေတဲ့ နိုင်ငံ့ကံကြမ္မာစွမ်းအားကိုသုံးပြီး ဝူယွီထောင်တို့သုံးယောက်ကို တစ်ကိုယ်တော် အနိုင်ယူခဲ့တယ်"
ဒါပေမယ့် ကံမကောင်းဘူး။ နောက်ဆုံးတော့ သူတို့သုံးယောက် လွတ်သွားတယ်"
နယ်စားလွီက ထိုအဖြစ်ကို သတင်းပို့ပြီးဖြစ်သော်လည်း ချိုးကျင်အန်း ပြန်ပြောသည့်အချိန်တွင် အင်ပါယာရှား အံ့အားသင့်နေဆဲဖြစ်သည်။
ပြိုင်ဘက်သုံးယောက်ကို တစ်ကိုယ်တော်တိုက်ခိုက်နိုင်သည်ဆိုလျှင် ပဲဝါအရှင်၏ကျင့်စဉ်အဆင့်က ဝူယွီထောင်တို့ထက် များစွာသာလွန်နေသည့်သဘောဖြစ်သည်။
အနည်းဆုံး မသေမျိုးတစ်ဝက်အဆင့်ရှိမည်။
"ကောင်းကင်ရုံးတော်ဂိုဏ်းက ဘယ်လိုအဖွဲ့အစည်းမျိုးလဲ။ ကျုပ်တစ်ခါမှလည်း မကြားဖူးဘူး"
ထောင်ချုပ်ဂိုဏ်းခေါင်းဆောင် လူတိုင်းသိချင်နေသည့်မေးခွန်းကို အရင်ထုတ်ပြောသည်။
အားလုံး ဦးနှောက်ကိုဖျစ်ညှစ်အောင်စဉ်းစားကြသည်။ ရှေးဟောင်းမှတ်တမ်းများတွင် "ကောင်းကင်ရုံးတော်"အကြောင်း ဖော်ပြချက်များရှိဖူးသည်ကိုသာ မှတ်မိကြသည်။
သို့သော် "ကောင်းကင်ရုံးတော်"အကြောင်း ဖော်ပြချက်များက အမျိုးမျိုးကွဲပြားနေသည်။ သမိုင်းပညာရှင်များ ထိုရုံးတော် တကယ်ရှိမရှိ အတည်ပြုနိုင်ဖို့ အမြဲတမ်းကြိုးစားခဲ့ကြသည်။
ရှေးဟောင်းကောင်းကင်ရုံးတော်နှင့် ကောင်းကင်ရုံးတော်ဂိုဏ်း ပတ်သက်နေလေသလော။
"ကျုပ်လည်း တစ်ခါမှမကြားဖူးဘူး။ ဝူယွီထောင်တို့အမူအရာကြည့်ရတာ သူတို့လည်း ကြားဖူးပုံမရဘူး။ ဒါပေမယ့် ကျုပ်ဘေးက ကိုးငရဲဂိုဏ်းချုပ်ကတော့ ကောင်းကင်ရုံးတော်ဂိုဏ်းရှိနေတာကို သိတဲ့ပုံပဲ။
ပဲဝါအရှင်ပေါ်လာတာမြင်တော့ သူကမအံ့ဩတဲ့အပြင် ပျော်တောင်ပျော်နေသေးတယ်။ ပဲဝါအရှင်ဟာ ကြယ်တွေကို ပဲစေ့တွေလိုထိန်းချုပ်နိုင်တဲ့ လျှို့ဝှက်စွမ်းအားရှင်တစ်ယောက်လို့ သူကျုပ်ကိုပြောတယ်။
"ကြယ်တွေကိုထိန်းချုပ်တာလား။ ပဲဝါအရှင်က ရှေးဟောင်းစွမ်းအားရှင်များလား"
အင်ပါယာရှား စားပွဲကို လက်ဖြင့် စည်းချက်ကျကျခေါက်နေသည်။
ယခုရှိနေသူအားလုံးသည် ကျင့်ကြံသူလောကတွင် အဆင့်မြင့်ပုဂ္ဂိုလ်များဖြစ်သည်။ လျှို့ဝှက်ချက်တစ်ချို့ သူတို့သိထားည်။
ပျောက်ကွယ်သွားသည့် ကောင်းကင်မှကြယ်များကို ယွမ်ကျိက သူ့ရွှေသန္ဓေများဖြင့် အစားထိုးထားကြောင်း သူတို့သိထားသည်။
တစ်နည်းပြောရလျှင် လက်ရှိခေတ်ကျင့်ကြံသူလောကတွင် ကြယ်များကို ပဲစေ့လိုထိန်းချုပ်နိုင်သူ တစ်ယောက်မှမရှိ။
ပဲဝါအရှင်သည် ရှေးဟောင်းစွမ်းအားရှင်သာဖြစ်ရမည်။
မဟာယုနှင့် မဟာချန်ခေတ်မှ ကျင့်ကြံသူများနှင့်အတူ သူတို့ထက်ပိုရှေးကျသည့် ကျင့်ကြံသူများပါ ထွက်ပေါ်နေသည်။ သူတို့အားလုံး ရှေးဟောင်းစွမ်းအားရှင်များဖြစ်သည်။
သို့သော် ဤပဲဝါအရှင် ဘယ်သူနည်း။ ရှေးဟောင်းသမိုင်းမှတ်တမ်းများစွာ ပျောက်ပျက်ခဲ့သော်လည်း ထိုမျှစွမ်းအားအဆင့်မျိူးရှိသည့် ကျင့်ကြံသူများနာမည်ကို မေ့ပျောက်သွားဖို့ မဖြစ်နိုင်။
"မဟာကပ်အပြိုင်အဆိုင်ကာလအတွက် ပေါ်လာတဲ့ စွမ်းအားရှင်တွေ တဖြေးဖြေးပိုများလာပြီပဲ"
ထေင်ချုပ်ဂိုဏ်းချုပ် သက်ပြင်းချသည်။
ချိုးကျင်အန်း ခေါင်းငြိမ့်သည်။
"ကျုပ်လည်း အဲလိုပဲတွေးပါတယ်။ ဒီကောင်းကင်ရုံးတော်ဂိုဏ်းဟာ ရှေးဟောင်းကောင်းကင်ရုံးတော်နဲ့ ပတ်သက်နေမယ်လို့ ကျုပ်ယူဆတယ်။ ရှေးခေတ်ကောင်းကင်ရုံးတော်အကြောင်း မှတ်တမ်းအမျိုးမျိုးကွဲလွဲနေပေမယ့် တူညီတဲ့အချက်တစ်ခုကတော့မပြောင်းလဲဘူး။
ကောင်းကင်ရုံးတော်ဂိုဏ်းဟာ ရှေးဟောင်းခေတ်ရဲ့အုပ်ချုပ်သူပဲ"
သူသည် ရှေးဟောင်းဗဟုသုတများ နှံ့စပ်သူဖြစ်၍ ရဲရဲဝံ့ဝံ့ကောက်ချက်ချသည်။
"ထပ်ပြီးခန့်မှန်းကြည့်ရရင် ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ရည်ရွယ်ချက်ဟာ ရှေးဟောင်းကောင်းကင်ရုံးတော်ရဲ့ ဩဇာကို ပြန်တည်ဆောက်ဖို့ဖြစ်နိုင်တယ်။ ဒါကြောင့် ပဲဝါအရှင်က ဝူယွီထောင်ကို ပစ်မှတ်ထားတာ။
သူတို့ချင်း ဩဇာပြိုင်ဆိုင်မှုပဋိပက္ခတွေ ဖြစ်စရာရှိလာမယ်လေ"
လောဟုန်ရှားက သူ့သုံးသပ်ချက်ကို ထပ်ဖြည့်သည်။
"ကိုးငရဲဂိုဏ်းက ပဲဝင်အရှင်နဲ့ သိကျွမ်းတယ်ဆိုရင် ဒီဂိုဏ်းနှစ်ခုကြားမှာ အဆက်အသွယ်ရှိတဲ့သဘောပဲ"
ထောင်ချုပ်ဂိုဏ်းချုပ်ကလည်း ထိုသဲလွန်စကို ထပ်ဖြည့်ပြန်သည်။
"ပဲဝါအရှင်လိုလူမျိုး ရှိတယ်ဆိုတော့ ကောင်းကင်ရုံးတော်ဂိုဏ်းဟာ အတော်စွမ်းအားကြီးလောက်တယ်။ သူတို့အကြောင်း ကျုပ်တို့ဘာမှမသိခဲ့ရဘူး။ သူတို့ဟာ အရိပ်ထဲကနေ လှုပ်ရှားနေခဲ့တာပဲဖြစ်မယ်။
အခုမှ သူတို့အကြောင်း လောကတစ်ခုလုံးသိအောင် ကြေညာဖို့ စွမ်းအားထုတ်ပြကြတာပဲ"
စွန်စီးကျောင်းထိုင် စကားပြောချင်သ်ောလည်း ဝစီပိတ်ကျင့်နေသဖြင့် မပြောနိုင်။ အင်ပါယာရှားက သူ့ကိုယ်စား ဝင်ပြောသည်။
"ဒီကောင်းကင်ရုံးတော်ဂိုဏ်းဟာ နတ်ဆိုးဂိုဏ်းအသစ်တစ်ခု ဖြစ်ဖို့များတယ်။ ထာဝရဂိုဏ်းပြိုကွဲသွားတော့ နတ်ဆိုးဂိုဏ်းကြီးလေးဂိုဏ်းမှာ သုံးဂိုဏ်းပဲကျန်တယ်။ အခု ကောင်းကင်ရုံးတော်ဂိုဏ်း ထပ်တိုးလာတော့ လေးဂိုဏ်းပြန်ဖြစ်လာပြီ"
အားလုံး အင်ပါရာရှားသုံးသပ်ချက်ကို ခေါင်းငြိမ့်ထောက်ခံကြသည်။
ထိုစဉ် ချိုးကျင်အန်းက တစ်ချိန်လုံး အသံတိတ်နေသည့်ယွမ်ကျိကို သတိထားမိသဖြင့် လှမ်းမေးသည်။
"တာအိုရှင်ယွမ်၊ ခင်ဗျားက ဗဟုသုတများပြီး ကျုပ်တို့ထဲမှာ ကျင့်စဉ်စွမ်းအားအမြင့်ဆုံးပါ။ ကောင်းကင်ရုံးတော်ဂိုဏ်းကို ဘယ်လိုမြင်လဲ"
ယွမ်ကျိက အားလုံးကိုမျက်လုံးတစ်ချက်ဝေ့ကြည့်ပြီး တည်ငြိမ်စွာပြောသည်။
"ကျွန်မက ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ"
"..."