ထာဝရသက်ရှည်နည်း
Vol. 31 Ch. 456
ကောင်းကင်ဂိတ်တောင်ထိပ်မှလွဲလျှင် ကျမ်းစာတိုက်သည် လုယန်အများဆုံးအချိန်ဖြုန်းသည်နေရာဖြစ်သည်။
လူအများစု၏ ကျင့်စဉ်နည်းများသည် ရှေ့မျိုးဆက်များ ရေးထားခဲ့သည့် ပညာရပ်များဖြစ်ည်။ သို့သော် လုယန်က ကိုယ့်ကျင့်စဉ်ပညာကို ကိုယ့်ဘာသာရေးခဲ့သည်။
သူ့ကျင့်စဉ်ပညာကိုရေးဖို့ ကျမ်းစာတိုက်တွင်နေခဲ့သည်။ စာအုပ်များစွာဖတ်ပြီး အားသာချက်များထုတ်နှုတ်၍ စုစည်းသည်။ နောက်ဆုံးတွင် "နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်"ဟူသည့် အံ့ဖွယ်ကျင့်စဉ်ပညာတစ်ခု ဖန်တီးနိုင်ခဲ့သည်။
ကျမ်းစာတိုက်တွင် စာဖတ်နေစဉ်က သက်ရှည်နည်းနှင့်ပတ်သက်သည့် မှော်ပညာကျမ်းတစ်ခု ဖတ်ခဲ့ဖူးသည်ကို ရေးတေးတေးမှတ်မိနေသည်။
ထိုစဉ်က သိပ်အရေးမစိုက်ခဲ့။ ခဏကြည့်ခဲ့ရုံသာဖြစ်သည်။
သူသည် ငယ်ရွယ်နုပျိုသည့် ရွှေသန္ဓေအဆင့်တစ်ယောက်ဖြစ်၍ သက်တမ်းပြဿနာ စိုးရိမ်စရာမရှိခဲ့။
"နတ်မယ်။ ခင်ဗျားမှာ သက်ရှည်မှော်ပညာ ဒါမှမဟုတ် ကျင့်စဉ်ပညာတစ်ခုခုရှိလား"
မသေမျိုးတစ်ယောက်ဖြစ်၍ သက်ရှည်ပညာကို သူကိုယ်တိုင်မကျင့်ကြံလျှင်ပင် ထိုပညာမျိုးတော့ သိထားပေလိမ့်မည်။
"အင်း..."
ထာဝရနတ်မယ် အလေးအနက် ပြန်တွေးနေသည်။
"သက်ရှည်ကျင့်စဉ်ပညာတော့မသိဘူး။ အသက်ဓာတ်ကိုစတေးပြီး တိုက်ပွန်းစွမ်းအားယာယီမြှင့်လို့ရတဲ့ မှော်ပညာတစ်ချို့တော့ သိထားပါတယ်။ ငါမသေမျိုးမဖြစ်ခင်က လေးငါးကြိမ်သုံးခဲ့ဖူးတယ်"
လုယန် တွေးကြည့်သည်။ နတ်မယ် အသက်ဓာတ်စတေးသည့်မှော်ပညာများ သုံးရသည်ဆိုလျှင် အခြေအနေက အတော်ဆိုးဝါး၍သာဖြစ်မည်။
"မသေမျိုးဖြစ်ပြီးတော့ရော ဘယ်လိုလဲ"
"မသေမျိုးဖြစ်လာတော့ မလိုအပ်တော့ဘူးလေ။ နင်စဉ်းစားကြည့်ပါ။ မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်က မသေမျိုးတစ်ယောက်ကို အနိုင်မယူနိုင်ဘူး။ မသေမျိုးရဲ့ ပြိုင်ဘက်ဆိုတာ တစ်ခြားမသေမျိုးတစ်ယောက်ပဲ ဖြစ်နိုင်တယ်။
မသေမျိုးတွေရဲ့ သက်တမ်းက အဆုံးအစမရှိဘူးဆိုတော့ တိုက်ပွဲတွေမှာ အသက်ဓာတ်စတေးပြီး တိုက်ခိုက်လည်း ဘာမှထူးခြားမလာပါဘူး"
သူ့စကား ယုတ္တိကျသည်ဟု လုယန်တွေးလိုက်သည်။
မသေမျိုးများတိုက်ခိုက်လျှင် အဓိကအားကိုးကြသည်မှာ သူတို့ကိုယ်ပိုင် အရိယဖလများသာဖြစ်မည်။
"အသက်ဓာတ်စတေးတာက အကျိုးမရှိပေမယ့် ခန္ဓာကိုယ်ဖောက်ခွဲနည်းကိုသုံးရင်တော့ အတော်ထိရောက်တယ်"
နတ်မယ်က ခပ်ညှင်းညှင်းရယ်၍ပြောသည်။ မသေမျိုးတစ်ယောက် ခန္ဓာကိုယ်ဖောက်ခွဲခြင်းသည် ကြယ်စုတစ်ခုပျက်စီးသွားနိုင်လောက်သည့် ကြောက်စရာစွမ်းအားမျိုးရှိသည်။
သူ့အရိယဖလသည် ခန္ဓာကိုယ်ဖောက်ခွဲနည်းသုံးဖို့ အသင့်တော်ဆုံးဖြစ်သည်။
ယင်ထန်နှင့်တစ်ခြားလူများက ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်သည်နှင့် အဆုံးသတ်သွားမည်။ သူက ချက်ချင်းပြန်ရှင်သန်နိုင်သည်။ နောက်ထပ်ဆက်၍ ဖောက်ခွဲနိုင်သည်။
အသက်ရှူချိန်ပင် ယူစရာမလို။ သူရပ်နားဖို့ မဆုံးဖြတ်မချင်း ဆက်တိုက်ဖောက်ခွဲနိုင်သည်။
လုယန် နတ်မယ်ကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်နေသည်။ ခန္ဓာကိုယ်ဖောက်ခွဲနည်း အထပ်ထပ်သုံးသည့်အဖြစ်မျိုး သူပထမဆုံးကြားဖူးခြင်းဖြစ်သည်။
ထိုအရိယဖလက ကြောက်စရာကောင်းလွန်းသည်။ ထိုတိုက်ခိုက်နည်းမျိုးက ဘယ်သူမကြောက်ဘဲရှိမည်နည်း။
လုယန်နှင့်ထာဝရနတ်မယ် ကျမ်းစာတိုက်သို့ရောက်လာသည်။ ယနေ့အစောင့်ကျသူက စီနီယာအမကျိုးလုလုဖြစ်သည်။
အမကျိုး စာဖတ်နေသည်။ အနက်ရောင်ဆံချည်မျှင်တစ်ချို့ ဝဲကျနေသဖြင့် နူးညံ့သည့်သူ့အသွင် ပို၍ထင်ရှားနေသည်။ အဝေးမှကြည့်လျှင် လှပသည့် ပန်းချီကားတစ်ချပ်လို တည်ငြိမ်အေးချမ်းသည့်အသွင်ကို ဆောင်နေသည်။
ထာဝရနတ်မယ်သာ သူ့ဟန်ပန်အမူအရာ တစ်စိတ်တစ်ပိုင်းလောက် သင်ယူနိုင်လျှင် လုယန်စိတ်ထဲမှ လေးစားမှုများ သိသိသာသာမြင့်တက်လာနိုင်သည်။
"အမကျိုး၊ မတွေ့တာကြာပြီနော်"
လုယန် ပြုံး၍နှုတ်ဆက်သည်။ ဂိုဏ်းဝင်စအချိန်က ကျိုးလုလုသည် သူ့ကို များစွာကူညီခဲ့သည်။
သူဂိုဏ်းဝင်စတွင် အကိုတစ်ယောက်ဖော်စပ်သည့်ဆေးနံ့ကြောင့် သူသတိလစ်ခဲ့သည်။ အမယွမ်က ရေဆူကန်ထဲတွင် သူ့ကိုစိမ်ခဲ့သည်။ ရက်ပေါင်းများစွာ ရေစည်မ,ရသည်။ တို့ဟူးဖြင့် လေ့ကျင့်ခဲ့ရသည်။
သို့သော် ကျိုးလုလုက ကျမ်းစာတိုက်သို့ရောက်သည်နှင့် သူလေ့လာသင့်သည့်စာအုပ်များကို အကြံပေးသည်။ ခရီးသွားရာတွင် အရေးကြီးသည့် စာအုပ်များကို ညွှန်းပေးသည်။ မစ်ရှင်ခန်းမထက် ဈေးဆိုင်တန်းမှလက်နက်များက ပိုဈေးသက်သာကြောင်းပြောသည်။ သူ့အတွက် များစွာအထောက်အကူဖြစ်ခဲ့သည်။
လုယန်အသံကို ရုတ်တရက်ကြားသဖြင့် ကျိုးလုလု နည်းနည်းလန့်သွားပြီး မျက်နှာတစ်ဝက်ကို စာအုပ်ဖြင့် အမြန်ကာ၍ မျက်လုံးဝေ့ကြည့်သည်။
"ဪ..မောင်လေးလုပဲ"
လုယန် နည်းနည်းစိတ်ပျက်သွားသည်။ သူစကားကျယ်ကျယ်အော်ပြောလိုက်လျှင် အမကျိုးလန့်သေသွားမလားမသိ။
အမကျိုးသည် ပဥ္စမအကြီးအကဲကျိုးရှင်း၏ သမီးဖြစ်ပြီး နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်သည်။ စွမ်းအားကြီးသည်။ ဓာတ်ငါးမျိုးဂိုဏ်းနှင့် နှီးနှောဖလှယ်ပွဲတွင် နတ်ဝိညာဉ်အဆင့်ပြိုင်ပွဲ၌ ထူးချွန်ထင်ရှားခဲ့သည်။ ဓာတ်ငါးမျိုးဂိုဏ်းမှကျင့်ကြံသူများကို အပြတ်အသတ်အနိုင်ယူခဲ့သည်။
သူသာ အမကျိုးနှင်တိုက်ခိုက်လျှင် ခွေးရိုက်နွားရိုက် အရိုက်ခံရလောက်သည်။ သို့သော် အမကျိုးသည် အလွန်အရှက်အကြောက်ကြီးသည်။ စကားပင်ကောင်းကောင်းမပြောရဲ။
သူ့ပင်ကိုယ်စရိုက်ကြောင့် လုယန်အနေဖြင့် ပြိုင်ဘက်ကင်းသန္ဓေစွမ်းအားသုံးလျှင် အနိုင်ရနိုင်ခြေရှိသည်။
အမကျိုးဖတ်နေသည့်စာအုပ်က "တူပညာတစ်ရာ့ရှစ်ကွက်"ဖြစ်သည်။ သူ့ဟန်ပန်နှင့်မလိုက်ဖက်သော်လည်း သူ့စွမ်းအားနှင့် ကိုက်ညီမှုရှိသည်။
"ကျမ်းစာတိုက်မှာ လေ့လာချင်တာရှိလို့ ရောက်လာတာလား"
ကျိုးလုလုကမေးသည်။ သူကူညီနိုင်လျှင် ကူညီဖို့ဖြစ်သည်။
"သက်တမ်းဆွဲဆန့်နိုင်တဲ့ မှော်ပညာတစ်ခုလာရှာတာပါ"
လုယန် ထိုထက်ပိုမပြော။ အင်ပါယာရှား၏ပြဿနာ သတင်းပြန့်သွားလျှင် ဆိုးဝါးသည့်နောက်ဆက်တွဲကိစ္စများ ဖြစ်လာမည်။ သိသူနည်းလေ ပိုကောင်းလေဖြစ်သည်။
"သက်တမ်းဆွဲဆန့်နိုင်တဲ့ မှော်ပညာလား....ငါစဉ်းစားကြည့်မယ်။ "ထာဝရအမြဲစိမ်းပညာ"ဆိုတာလား။ သစ်ပင်တစ်ပင်အဖြစ် အသွင်ပြောင်းနိုင်တယ်။ မြေကြီးထဲမှာ အမြစ်တွယ်ပြီး လေပြင်းနှင့်တိမ်တိုက်တွေကို စောင့်ကြည့်နိုင်တယ်လေ။
ဒါမှမဟုတ်...လိပ်အသက်ရှူပညာလား။ အဲဒါက လိပ်တွေရဲ့ အပြုအမူကို အတုခိုးပြီး သက်တမ်းကို ဆွဲဆန့်တာ"
"အဲဒါတွေ မဟုတ်လောက်ဘူး"
ထိုပညာများကို သူမရင်းနှီး။ သူ့ဖတ်ဖူးသည့်ပညာရပ်မျိုးမဟုတ်။
"ဒါဆိုရင်တော့ ငါမသိတော့ဘူး"
ကျိုးလုလု ညင်သာစွာ ခေါင်းခါသည်။ သူလည်း ကျမ်းစာတိုက်မှ စာအုပ်အားလုံး ဖတ်ဖူးသည်မဟုတ်။
ကျယ်စာတိုက်က အလွန်ကြီးမားသည်။ စာအုပ်ပေါင်းမရေမတွက်နိုင်အောင်ရှိသည်။ တစ်ချို့စာအုပ်များက အချိန်ကြာလာသည်နှင့် မေ့ပျောက်ခံဘဝ ရောက်သွားသည်မှာ မဆန်းလှ။
ဥပမာ လုယန် ကျမ်းစာတိုက်သို့ ပထမဆုံးအကြိမ် ရောက်လာစဉ်က "နဂါးနှင့်ဖီးနစ် အသွင်ပြောင်းနည်း"ဟူသည့် တားမြစ်စာအုပ်တစ်အုပ် တွေ့ခဲ့ဖူးသည်။
"ဒီနားလေးမှာ ရှိနေတာကို ငါမှတ်မိတယ်...ဟား...တွေ့ပြီ"
ထောင့်စွန်းတစ်နေရာမှ စာအုပ်တစ်အုပ်ကို တွေ့သွားပြီး လုယန်မျက်လုံးများ အရောင်လက်လာသည်။ ကျင့်စဉ်နာမည်က ရိုးရှင်းခမ်းနားသည်။
"ထာဝရရှင်သန်နည်း"
"ငါအမှတ်မမှားဘူးပဲ"
သူပျော်သွားသည်။ ဤကျမ်းစာတိုက်သည် ရတနာတိုက်အစစ်ဖြစ်သည်။ ယခုလိုဒဏ္ဍာရီမှော်ပညာမျိုးပင် ရှိနေသည်။
"ဒီလိုမှော်ပညာမျိုး တကယ်ရှိတယ်ပေါ့"
ထာဝရနတ်မယ်လည်း တအံ့တဩစုပ်သပ်နေသည်။ တကယ်ကောင်းသည့် ပညာရပ်တစ်ခုကို တွေ့ခြင်းဖြစ်သည်။
သူမသုံးနိုင်သော်လည်း နောင်တစ်ချိန် လုယန်အတွက် အသုံးတည့်လာနိုင်သည်။