နတ်မယ်၏ ရွှေလက်ညှိုး
Vol. 31 Ch. 459
ယွမ်ကျိသတိပေးချက်ကြောင့် နတ်မယ်မျက်နှာတွင် စိတ်မဝင်စားသည့်အမူအရာ ပေါ်လာသည်။
တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားနေသည့် အရာရှိတစ်ယောက် အားလပ်ရက်ထွက်နေရာမှ သူ့အကြီးအကဲက အလုပ်ပြန်လုပ်ရန် အခေါ်ခံရသည်နှင့် တူနေသည်။
ချက်ချင်းပင် သူပြန်ရှင်သန်စဉ်ကတည်းကရှိခဲ့သည့် သူ့လိုတရရွှေလက်ချောင်းကို ပြန်သတိရလာသည်။ ထိုရွှေလက်ချောင်းကြောင့် သူ့ဘဝသာယာချောမွေ့ခဲ့သည်။
"လုယန်၊ ဒီကိစ္စကို နင်လုပ်လိုက်"
တာဝန်က လုယန်ပုခုံးပေါ်ကျလာပြန်သည်။ ခန္ဓာကိုယ်ထိန်းချုပ်ခွင့် ပြန်ရလာသည်။
လုယန် "..."
နေနှင့်ဦးပေါ့။ တစ်နေ့နေ့ကျမှ ကူးဖြတ်ခြင်းအဆင့်သုံးယောက်ကိုဖမ်းပြီး ကျုပ်ယာယီဂိုဏ်းချုပ်လုပ်မယ်။ ခင်ဗျားကို ကျုပ်အလုပ်တွေ အကုန်လုပ်ခိုင်းမယ်။
ယွမ်ကျိက လုယန်ကို ကောင်းကင်ဂိတ်တောင်ထိပ်သို့ခေါ်သွားသည်။
"ဒါတွေအားလုံးစစ်ဆေးဖို့လိုတယ်..."
ယွမ်ကျိက အစီရင်ခံစာအထပ်လိုက် လုယန်ရှေ့သို့ထိုးပေးသည်။ သူ့ဆရာကို ထောင်ထဲမှသွားထုတ်ချိန်တွင် အစီရင်ခံစာတစ်ချို့တိုးလာသည်။ နန်တော်သို့ စည်းဝေးပွဲသွားချိန်တွင် နောက်ထပ်တိုးလာပြန်သည်။
နည်းနည်းချင်းစုစည်းလာသဖြင့် ယခုလောက်များလာခြင်းဖြစ်သည်။
"အရေးကြီးဆုံးကိစ္စက ကျိပြည်နယ်ကိုသွားစစ်ဆေးဖို့ ဘယ်သူ့ကိုလွှတ်မလဲဆိုတာပဲ"
လုယန်ကို ဦးစားပေးလုပ်ရမည့်ကိစ္စ သတိပေးသည်။
နောက်ပစ်မှတ်က ကျိပြည်နယ်ဟု ဝူယွီထောင်ပြောခဲ့သည်။ တော်ဝင်ရုံးတော်နှင့်မသေမျိုးငါးဂိုဏ်းက ကျိပြည်နယ်တွင် မဟာယုကျင့်ကြံသူများ၏ သဲလွန်စကို သေချာရှာဖွေစစ်ဆေးရန် ဆုံးဖြတ်ထားကြသည်။
"အကြီးအကဲကိုးယောက်ထဲကဆိုရင်..."
လွှတ်ရမည့်လူကို လုယန် ဆုံးဖြတ်ဖို့ခက်နေသည်။ ကျိပြည်နယ်တွင် မြို့တော်သုံးရာကျော်ရှိသည်။ လူအင်အားနည်းလျှင် မလုပ်မဖြစ်။ လူဘယ်လောက်လွှတ်ရမည်မသိ။
ဆဋ္ဌမအကြီးအကဲထောင်ယာက အပြင်ထွက်ဖို့အဆင်မပြေ။ အဋ္ဌမအကြီးအကဲလည်း အပြင်ထွက်သည်နှင့် ဝရမ်းပြေးဘဝရောက်မည်။ အဆင်မပြေ။
သူစဉ်းစားရကြပ်နေချိန်တွင် ယွမ်ကျိက ထပ်ပြောသည်။
"တာအိုလမ်းစဉ်ဂိုဏ်းမှာ အကြီးအကဲကိုးယောက်ရှိပေမယ့် စုစည်းခြင်းအဆင့်တွေက ကိုးယောက်ပဲရှိတာမဟုတ်ပါဘူး။
မစ်ရှင်ခန်းမ ဒုတာဝန်ခံ၊ သန့်စင်မှုတစ်ရာတောင်ထိပ်ဈေးတန်းတာဝန်ခံ၊ ဂိုဏ်းဈေးလမ်း တာဝန်ခံ၊ ရနံ့တစ်ရာစားသောက်ဆိုင်ပိုင်ရှင်။
သူတို့အားလုံး အကြီးအကဲတွေနဲ့မျိုးဆက်တူ စုစည်းခြင်းအဆင့်တွေပါ"
လုယန်တစ်ခါမှမတွေ့ဖူးသည့် လူတစ်ချို့ကို ယွမ်ကျိ ပြောပြသည်။
"အကြီးအကဲတွေနဲ့ မျိုးဆက်တူတွေ အတော်များများရှိပါတယ်။ တစ်ချို့က မစ်ရှင်ထွက်နေကြတယ်။
သူတို့ကျင့်စဉ်စွမ်းအားက အကြီးအကဲတွေနဲ့ မယှဉ်နိင်ပေမယ့် ဂိုဏ်းပြင်ပက စုစည်းခြင်းအဆင့်တွေထက်တော့ ပိုသာပါတယ်"
ထိုအဖြစ်ကို အစက လုယန် ထူးဆန်းသည်ဟုထင်ခဲ့သည်။ သူနှင့်မျိုးဆက်တူ ညီအကိုမောင်နှမများစွာရှိသည်။ အကြီးအကဲတို့မျိုးဆက်တွင် ထိုကိုးယောက်တည်းရှိခဲ့ခြင်းမဖြစ်နိုင်ဟု တွေးမိခဲ့သည်။
တစ်ခြားလူများ ဘယ်ရောက်နေသည်ကို စဉ်းစားမရခဲ့
ယခု ယွမ်ကျိရှင်းပြမှ သူနားလည်သည်။ အကြီးအကဲကိုးယောက်နှင့် ဘိုးဘေးဆရာက ဂိုဏ်းတာဝန်များ ဇွဲကောင်းကောင်းထမ်းဆောင်နေသည်။ တစ်ခြားလူများက ပုန်းအောင်းနေသဖြင့် မမြင်ရခြင်းဖြစ်သည်။
ဥပမာ လက်နက်အစားအသောက်များ ထုတ်လုပ်သည့်ဈေးတန်း။ သူအကြိမ်ကြိမ် သွားတယ်ခဲ့ဖူးသည်။ သို့သော် ဈေးတာဝန်ခံအကြောင်း သူယခုမှကြားဖူးခြင်းဖြစ်သည်။
ရနံ့တစ်ရာအိမ်တော်။ တစ်ခါနှစ်ခါသူရောက်ဖူးသည်။ ပိုင်ရှင်ကို တစ်ခါမှမမြင်ဖူး။
"ကျမ်းစာတိုက်က အကြီးအကဲထောင်ကရော ဘယ်လိုလူလဲ"
ကိုယ်ပိုင်ကျင့်စဉ်ပညာရေးသားရန် ကျမ်းစာတိုက်သို့သွားစဉ်က သူတွေ့ခဲ့သည့် ပုပျပ်ပျပ်ခါးကုန်းအဘိုးအိုကို ရည်ညွှန်းခြင်းဖြစ်သည်။
"အကြီးအကဲထောင်က ဘိုးဘေးဆရာနဲ့ မျိုးဆက်တူပါ။ သူက အနားယူပြီးပြီ။ အပြင်ကိစ္စတွေကို အရေးမစိုက်တော့ဘူး"
"ကောာင်းပြီလေ၊ ဒါဆို ဒုအကြီးအကဲ၊ တတိယအကြီးအကဲ၊ စတုတ္ထအကြီးအကဲ၊ မစ်ရှင်ခန်းမဒုတာဝန်ခံ၊ သန့်စင်မှုတစ်ရာတောင်ထိပ်ဈေးတန်းတာဝန်ခံ၊ ဂိုဏ်းဈေးလမ်းတာဝန်ခံ၊ ရနံ့တစ်ရာအိမ်တော်ပိုင်ရှင်...စုစုပေါင်း ခုနစ်ယောက် ကျိပြည်နယ်ကိုလွှတ်ကြမယ်"
မဟာာအကြီးအကဲက မစ်ရှင်ခန်းမတွင်သာနေရမည်။ ပဥ္စမအကြီးအကဲကျိုးရှင်းနှင့် သတ္တမအကြီးအကဲတို့က ဂိုဏ်း၏အဓိကဝင်ငွေလမ်းကြောင်းများကို စီမံနေသည်။ သူတို့သွားနိုင်မည်မဟုတ်။
"မစ်ရှင်ခန်းမမှာ ဒုတာဝန်ခံနှစ်ယောက်ရှိတယ်"
"ဒါဆို နှစ်ယောက်လုံးပို့မယ်လေ။ လူရှစ်ယောက်ပေါ့"
လုယန် ချက်ချင်းဆုံးဖြတ်လိုက်သည်။ ထိုစုစည်းခြင်းအဆင့် နာမည်ကျော်ပုဂ္ဂိုလ်များကို ကျိပြည်နယ်သို့ သွားကူညီရန် အမိန့်ချလိုက်သည်။
"အခုချက်ချင်းသွားပြီး အသိပေးလိုက်ပါ့မယ်"
ယွမ်ကျိ ခေါင်းညိမ့်၍ ထွက်သွားသည်။
အကြီးအကဲများနှင့် မျိုးဆက်တူများ သူသိထားသည်ထက် ပိုရှိနေဦးမည်ကို သူရိပ်မိသည်။ ယွမ်ကျိက ထိုလူများကိုလွှတ်ချင်၍ ထိုနာမည်များသာ ထုတ်ပြောခဲ့ခြင်းလော...
"မဟုတ်ဘူး၊ မဟုတ်နိုင်ပါဘူး"
လုယန် ခေါင်းခါလိုက်သည်။ သူအတွေးလွန်နေခြင်းဖြစ်မည်ဟု ယူဆသည်။
ထိပ်ဆုံးအစီရင်ခံစာကို ကောက်ကိုင်၍ ဖွင့်ဖတ်လိုက်သည်။ ယွန်ပြည်နယ်ပွဲတော် ဖိတ်ကြားစာဖြစ်သည်။
စာအရ တာအိုလမ်းစဉ်ဂိုဏ်းမှ လူငယ်တပည့်များစေလွှတ်၍ ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန်ပေးဖို့ တောင်းဆိုထားခြင်းဖြစ်သည်။
သို့သော် လောကဝတ်စကားများရွှန်းရွှန်းဝေအောင်ပြီးနောက် နောက်ဆုံးမှတ်ချက်တွင် 'ဖြစ်နိုင်လျှင် လုယန်နှင့် မုန်ကျင်းကျိးဆိုသည့် တပည့်နှစ်ယောက်ကို မလွှတ်စေချင်ပါ'ဟု ရေးထားသည်။
လုယန် "..."
မုန်ကျင်းကျိုးနဲ့ငါက ဘာဖြစ်လို့လဲ။ ချင်းကျိုးမှာ ငါတို့နာမည်ကျော်ခဲ့ပြီး တစ်လောကလုံးသိသွားကြတာပဲမဟုတ်လား။
ယခုနစ်ကျင်းပသည့် ပြည်နယ်ဆယ့်ခုနစ်ခုပွဲတော်များတွင် ချင်းကျိုးပွဲတော်သာ နာမည်အကြီးဆုံးဖြစ်သည်။ လုယန်နှင့်မုန်ကျင်းကျိးတို့ အတော်အားစိုက်ခဲ့မှန်း သိသာသည်။
လုယန် မှတ်ချက်ရေးပေးလိုက်သည်။
"ဝေ့နန်ဖေးနဲ့ ကျင်းချင်ချင်ကို ပွဲတော်မှာသွားယှဉ်ပြိုင်ပါစေ"
ထိုတပည့်နှစ်ယောက်လည်း သူနှင့်အတူ ဂိုဏ်းသို့ဝင်ခဲ့သများဖြစ်သည်။ တစ်ယောက်က ကလေးဘဝတွင် အကိုတိုင်ပုဖန် ကယ်တင်ပေးခဲ့သူ။ တစ်ယောက်က ကလေးဘဝတွင် သစ်စိမ်းမသေမျိုးသစ်သီးစားမိခဲ့သူ။
လုယန်တို့ထက် ကျင့်စည်တိုးတက်နှုန်းနှေးသော်လည်း အခြေခံခိုင်မာပြီး ဖြေးဖြေးမှန်မှန် တိုးတက်ကြသည်။ လုယန်လိုကျင့်စဉ်စွမ်းအားအဆင့်သို့ရောက်လျှင် သူတို့သည် လီဟော်ရန်နှင့် တန်းတူ ယှဉ်နိုင်လောက်သည်။
ထိုနှစ်ယောက်သည် တာအိုလမ်းစဉ်ဂိုဏ်း၏ အနာဂတ်အမာခံကျောရိုးဖြစ်သည်။
ထိုမျှစည်ကားသည့် ပွဲတော်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် သူတို့အနာဂတ်အတွက်လည်း အထောက်အကူဖြစ်သည်။
ဥပမာ မဟာယုကျင့်ကြံသူများ ပွဲတော်တွင်း၌ အမှတ်မထင်ပေါ်လာလျှင် သူတို့အမြင်ကျယ်မည်။
နောက်ထပ် အစီရင်ခံစာက ရွှေဗုဒ္ဓနိုင်ငံမှ ပေးပို့လိုက်သည့် တရားဝင်ရုံးစာတစ်စောင်ဖြစ်သည်။
စာဖော်ပြချက်အရ လုယန်တစ်ခါမှမတွေ့ဖူးသည့် ဒုစီနီယာအကိုသည် ခြောက်ပေရွှေခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ကြံခဲ့သည်။ ဘုံကျောင်းမှ ဗုဒ္ဓရုပ်ထုများကို ရွှေ့ပြောင်းပြီး သူကိုယ်တိုင် ထိုနေရာတွင် ရွှေခန္ဓာဖြင့် ဝင်ထိုင်သည်။ သူ့ရွှေခံန္ဓာကျင့်စဉ်စွမ်းအားက
ကောင်းလွန်းသဖြင့် ဗုဒ္ဓရုပ်ထုများထက်ပင် ကြည်ညိုစရာကောင်းနေသည်။ ဘုံကျောင်းမှကိုယ်တော်များ မရိပ်မိကြ။
တစ်ပတ်ကြာပြီးနောက် ကျောင်းထိုင်ကိုယ်တော်က သူတို့ရှိခိုးနေသည်မျာ ဗုဒ္ဓရုပ်ထုမဟုတ်ဘဲ လုယန်၏စီနီယာအကိုဖြစ်ကြောင်း ရိပ်မိသွားသည်။
ထိုတစ်ပတ်လုံးလုံး လုယန်၏အကိုက ခြောက်ပေရွှေခန္ဓာဖြင့် နေခဲ့သည်။
စာထဲတွင် ရေးထားသည့်အသုံးအနှုန်းလေသံအရ သူ့အကို ထိုကိစ္စမျိုးလုပ်ဖူးသည်မှာ ပထမဆုံးအကြိမ် ဟုတ်ဟန်မတူ။ ဗုဒ္ဓနိုင်ငံမှလူများက သူ့အကိုကို တာအိုလမ်းစဉ်ဂိုဏ်းသို့ မြန်မြန်ပြန်ခေါ်ရန် တောင်းဆိုထားသည်။
"အကိုနှစ်က တကယ်နာမည်ကြီးနေတာပဲ။ ဆရာ့ရဲ့အမွေခံပီသတယ်"
လုယန် စိတ်ရင်းဖြင့် ချီးကျူးမိသည်။
နောက်ထပ် ဓားမျှော်စင်မှ ဖိတ်ကြားလွှာတစ်ခုလည်း ရှိသည်။ စာတစ်စောင့် ပူးတွဲပါသည်။ စာထဲတွင် တာအိုရှင်ဝစီပိတ်သည် ယနေ့ခေတ်၏ဓားတာအိုတွင် နံပတ်တစ်ဖြစ်ကြောင်း ဓားမျှော်စင်၏ ဝါရင့်ကျင့်ကြံသူများက သတ်မှတ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် တာအိုရှင်ဝစီပိတ်ကို ဓားမျှော်စင်တွင် "ဓားတာအိုနံပတ်တစ်"ဂုဏ်ပြုတံဆိပ်ပြား ချီးမြှင်ချင်သည်။ ဓားတာအိုကျွမ်းကျင်သည့် စွမ်းအားမြင့်ပုဂ္ဂိုများစွာ ထိုဂုဏ်ပြုပွဲသို့ တက်ရောက်မည်။
ဓားမျှော်စင်က ဝစီပိတ်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေကြကြောင်း ရေးထားသည်။
ဓားမျှော်စင်သည် ရှုပြည်နယ်တွင်ရှိသည်။ ပထမအဆင့်ဂိုဏ်းများကြားမှာပင် နာမည်ကြီးသည်။ အစဉ်အလာဓားတာအိုကို လေ့လာလိုက်စားသည်။ တစ်ချိန်ကသူတို့သည် မဟာထိပ်သီးဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ အဓိပဓိဓားတာအိုသခင် သေဆုံးပြီးနောက် ပထမအဆင့်ဂိုဏ်းအဖြစ် လျှောကျသွားသည်။
အဓိပဓိသခင် ကွယ်လွန်သွားသော်လည်း သူ့တာအိုမျိုးဆက်နှင်အမွေအနှစ်များ ယနေ့ထိ ရှိနေသေးသည်။ ဓားမျှော်စင်၌ ဓားပညာကျွမ်းကျင်သည့် စုစည်းခြင်းအဆင့် ဆယ်ယောက်ကျော်ရှိသည်။ အတော်အင်အားကြီးသည်။
ဓားမျှော်စင်၏စွမ်းအားသည် မဟာထိပ်သီးဂိုဏ်းအမည်ခံ အလောင်းထိန်းဂိုဏ်းထက်ပင်သာသည်ဟု ဆိုနိုင်သည်။
ဓားမျှော်စင်က အစဉ်အလာဓားတာအိုကို ကိုယ်စားပြုသည်။ တာအိုရှင်ဝစီပိတ်က အမြင့်ဆုံးဓားတာအိုကို ကိုယ်စားပြုသည်။
တစ်ချိန်က ဓားမျှော်စင်သို့ ဝစီပိတ်သွား၍ ဓားကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို ဆက်တိုက်အနိုင်ယူခဲ့သည်။ နောက်ဆုံးတွင် ဓားတာအိုသခင်ကိုပါ အနိုင်ယူသည်။
သို့သော် ဓားမျှော်စင်က တာအိုရှင်ဝစီပိတ်ကို ဘယ်တုန်းကမှ အထင်မကြီးခဲ့။ ယခု တံဆိပ်ချီးမြှင့်လိုခြင်းသည် ရှေ့တိုးမည့်ဆင် ခြေတစ်လှမ်းဆုတ်ခြင်းများလားမသိ။
ထိုစဉ် ယွမ်ကျိပြန်ရောက်လာသည်။ ဓားမျှော်စင်ဖိတ်စာကိုင်၍ အတွေးနစ်နေသည့်လူယန်ကို မြင်ရသည်။
"ဓားမျှော်စင်က ဂုဏ်ပြုတံဆိပ်ကို လက်ခံဖို့ ဆရာ့ကို လွှတ်ချင်နေတာလား"
"ဟုတ်တယ်၊ အဲလိုဆို ဆရာနဲ့ ဓားမျှော်စင်ကြား ဆက်ဆံရေးပိုပြေလည်လာမယ်ထင်တယ်"
"လက်လျှော့လိုက်ပါတော့။ ဆရာက သွားမှာမဟုတ်ဘူး"
"ဘာလို့လဲ...ဆရာက ဓားမျှော်စင်ကလူတွေနဲ့ ပြေရာပြေကြောင်းမဖြစ်ချင်လို့လား"
"ဓားမျှော်စင်က ဆရာ့အကြောင်းသိပြီးသားပါ။ ဆရာ့ရဲ့အဆင့်အတန်းကိုလည်း အသိအမှတ်ပြုတယ်။ သူတို့ဆရာ့ကို ဂုဏ်ပြုချီးမြှင့်ဖို့ ကမ်းလှမ်းတာ ဒါပထမဆုံးမဟုတ်ဘူး။ ဒါပေမယ့် ဆရာဘယ်တော့မှမသွားဘူး"
"ဆရာက နာမည်ဂုဏ်သတင်းနဲ့ ပစ္စည်းဥစ္စာကို မမက်မောလို့လား"
"ဂုဏ်ပြုပွဲတက်ဖို့ ဖိတ်ထားတဲ့ ဧည့်သည်တွေအားလုံးက သူနဲ့ပြဿနာဖြစ်ထားတဲ့လူတွေမို့ပါ။ သူသွားရင် ထောင်ချောက်ထဲဝင်သလို ဖြစ်မယ်လေ"
"...ဆရာ့ရန်သူတွေက ထင်မှတ်မထားဆုံးနေရာတွေမှာ ရှိနေတာပဲ။ ဪ..ဒါနဲ့ ဆရာ့ကိုရော ကျိပြည်နယ်ကို လွှတ်လို့ရလား"
ယွမ်ကျိခဏစဉ်းစားသည်။
"မင်းက ယာယီဂိုဏ်းချုပ်ပဲလေ။ ဆရာက ဂိုဏ်းချုပ်အစစ်ပါ။ မင်းသူ့ကို အမိန့်ပေးလို့မရဘူး"
"ဒါဆို လွှတ်လို့မရဘူးပေါ့"
"မဟုတ်ပါဘူး။ ဆရာ့ကို ကျိပြည်နယ်ကိုလွှတ်ဖို့ ငါစာတစ်စောင်ရေးပို့လို့ရတယ်လို့ ပြောတာပါ"