← Chapters

အလှည့်ကျ

Vol. 31 Ch. 460

အလှည့်ကျ

Vol. 31 Ch. 460

ဓားမျှော်စင်၏ ဖိတ်ကြားချက်ကို လုယန် ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ ယွမ်ကျိက ကတိပေးထားသည့်အတိုင်း ဘေးစားပွဲတွင် စာတစ်စောင်ရေးနေသည်။ ဝစီပိတ်ကို ကျိပြည်နယ်သို့ အခြေအနေသွားကြည့်ရန်ပြောသည့်စာဖြစ်သည်။

"အမယွမ်က ဆရာ့ကို ရှာနိုင်တယ်ပေါ့"

သူ့ဆရာသည် တစ်လောကလုံးတွင် ရန်သူများပြည့်နေသည်။ အလွန်ဖမ်းရခက်သည်ဟု နာမည်ကြီးသည်။ သူပုန်းခိုသည့်နေရာ များစွာရှိသည်။

"ရှာနိုင်ပါတယ်"

ပြောရင်းမှာပင် ဝစီပိတ်ဆီပို့မည့်စာကို ရေးပြီးသွားသည်။ စက္ကူကို ကြိုးကြာပုံစံခေါက်နေသည်။

ထို့နောက် စက္ကူကြိုးကြာကို လေတစ်ချက်ညင်သာစွာမှုတ်လိုက်သည်။ ကြိုးကြာ အသက်ဝင်လာသည်။ မျက်လုံးများ အရောင်တောက်လာသည်။ တောင်ပံတဖျတ်ဖျတ်ခတ်၍ လှိုဏ်ဂူထဲမှ ပျံထွက်သွားသည်။

"ဒါကဘာလဲ.."

ထိုမှော်ပညာမျိုး လုယန်တစ်ခါမှမမြင်ဖူး"

"ငါအချိန်အားတုန်း အပျင်းပြေ တီထွင်ထားတဲ့ မှော်ပညာလေးပါ။ စက္ကူမှော်ပညာလို့ ခေါ်တယ်"

ယွမ်ကျိ ပုံမှန်လေသံဖြင့် ပြောသည်။

လုယန် မင်သက်မိသွားသည်။ အပျင်းပြေအချိန်ဖြုန်းရင်း မှော်ပညာတီထွင်သည်တဲ့။ ယုံနိုင်စရာပင်မရှိ။

လူအချင်းချင်း ကွာခြားချက် ထိုမျှကြီးမားနေသလော။ သူကဘာကြောင့် ထာဝရနတ်မယ်ပြောသည် ရှေးဟောင်းအနက်ရောင်သမိုင်းများသာ နားထောင်ရင်း အချိန်ဖြုန်းနေရသနည်း။

အစက လုယန် နတ်မယ်ဇာတ်လမ်းများကို နားထောင်ရာတွင် အတော်သတိထားခဲ့သည်။ ရှေးဟောင်းခေတ်မသေမျိုးများ စုပေါင်းပြီး သူ့ကိုနှုတ်ပိတ်ပစ်မှာ ကြောက်ခဲ့သည်။ ယခု သူမကြောက်တော့။

ကြောက်စရာလည်းမလို။ ထိုလျှို့ဝှက်ချက်များ တစ်နည်းနည်းဖြင့် အပြင်သို့သတင်းပျံ့သွားသည်နှင့် သူအသတ်ခံမည်။

နားထောင်ထောင် မထောင်ထောင် သေမည်။ သေမထူးနေမထူးဖြစ်၍ နောက်ထပ်ဇာတ်လမ်းတစ်ချို့ ဆက်နားထောင်ရုံသာရှိသည်။

"မှော်ပညာတီထွင်တာက အဲလောက်လည်းမခက်ပါဘူး"

လုယန် အတွေ့အကြုံအရမ်းနည်းသေးသည်ဟု ထာဝရနတ်မယ် ယူဆသည်။

"ငါရွှေသန္ဓေအဆင့်မှာတုန်းကလည်း မှော်ပညာတွေတီထွင်ခဲ့တာပါပဲ။ သေဟန်ဆောင်ပညာကို အဲဒီတုန်းက တီထွင်ခဲ့တာလေ။ ငါ့နဲ့သာ ထပ်ကြပ်မကွာနေပါ။ နင်လည်း မှော်ပညာတွေ တီထွင်နိုင်လာလိမ့်မယ်"

လုယန် ခပ်ခွာခွာနေဖို့သာ ဆုံးဖြတ်ချက်ချထားသည်။ ထာဝရနတ်မယ်၏ မဟာကတိစကားများကို လုံးဝနားမယောင်။

သေဟန်ဆောင်ပညာက ဘာအသုံးဝင်မည်နည်း။ အနည်းဆုံး‌ ရေကွင်းပညာလို မှော်ပညာမျိုးဖန်တီးလျှင် တော်သေးသည်။

လုယန် အစီရင်ခံစာများကို ဆက်ဖတ်သည်။

အကြီးအကဲအားလုံး ငွေလိုကြောင်း ညည်းညူ၍ ဝိညာဉ်ကျောက်များ ထပ်တောင်းထားသည်။ မဟာအကြီးအကဲက မစ်ရှင်ခန်းမ၏ ဆုကြေးများအတွက် ဝိညာဉ်ကျောက်လိုသည်ဟုပြောသည်။ ဒုအကြီးအကဲက ဆေးစိုက်ခင်းမှော်စက်ဝန်းများ စွမ်းအားကုန်တော့မည်ဖြစ်၍ ဝိညာဉ်ကျောက်လိုသည်ဟုပြောသည်။ တတိယအကြီးအကဲက သူသည် ဆရာဖြစ်ပြီး မုန်ကျင်းကျိုးလောက်ပင် ဝိညာဉ်ကျောက်မရှိဟု ပြောသည်။

ပေးကြသည်အကြောင်းပြချက်အားလုံးက ကျိုးကြောင်းဆီလျော်နေသည်။ ထိုတောင်းဆိုချက်များကို အတည်ပြုရမလား ငြင်းပယ်ရမလား သူမဆုံးဖြတ်တတ်တော့။

"ဒီကိစ္စ ငါရှင်းလိုက်ပါမယ်"

ယွမ်ကျိက သူ့လက်ထဲမှ အစီရင်ခံစာများကိုယူသည်။ လုယန်အနေဖြင့် ထိုကိစ္စမျိုး ဖြေရှင်းဖို့ စောလွန်းသေးသည်ဟု သူယူဆသည်။

အကြီးအကဲများကို စီမံထိန်းချုပ်နိုင်ဖို့ စွမ်းရည်လိုသည်ဟု လုယန်တွေးမိသည်။ သူအသက်ငယ်လွန်းသေးသည်။ အခြေအနေကို သူခွဲခြား၍မစိစစ်တတ်သေး။ အမယွမ်ဆီမှ ထပ်ပြီးသင်ယူရဦးမည်။

သူကြည့်နေစဉ်မှာပင် ယွမ်ကျိက အစီရင်ခံစာများအဆုံးတွင် စာတိုတစ်ခုရေးသည်။

"ရံပုံငွေမပေး"

လုယန်စိတ်ပျော့သွားမည်စိုး၍ သူချက်ချင်းငြင်းပယ်လိုက်ခြင်းဖြစ်သည်။

အစီရင်ခံစာအားလုံး ဖြေရှင်းချက်ပေးပြီးနောက် လုယန်ပင့်သက်ရှည်တစ်ချက်မှုတ်ထုတ်၍ ကုလားထိုင်တွင် နောက်မှီလှဲလိုက်သည်။

"ဟူး...ပြီးသွားပြီ"

စွမ်းအားလုံးဝမကျန်တော့သလို သူခံစားရသည်။ မသေမျိုးတစ်ယောက်၏ စမ်းသပ်ချက်များက တကယ်ခက်ခဲသည်။

ဤစမ်းသပ်ချက်ကို အခက်အခဲကြီးကြီးမားမားမတွေ့ပဲ ဖြတ်ကျော်နိုင်ခဲ့၍ တော်သေးသည်။

"နင့်ခန္ဓာကိုယ်လွှဲပေးဦး"

တာဝန်ပြီးသွားသည်ကိုမြင်သဖြင့် နတ်မယ်က လုယန်ခန္ဓာကိုယ်ကို အပိုင်သိမ်း၍ ဟန်‌ရေးလုပ်ရန် ကြိုးစားပြန်သည်။

"ကွက်တိပါပဲ။ အစီရင်ခံစာတွေ ပြီးသွားပြီဆိုတော့ ဂိုဏ်းနှစ်ပတ်လည်ပွဲအတွက် ဖိတ်ကြားရမယ့်ဧည့်သည်စာရင်းလုပ်ရမယ်"

ယွမ်ကျိက အရပ်အပြုံးကင်းမဲ့သည့်မျက်နှာဖြင့် နတ်မယ်ကိုပြောသည်။

ထာဝရနတ်မယ် "..."

"ငါဒီလောက်အကြာကြီး တစ်စက်မှမနားပဲ အလုပ်လုပ်နေခဲ့ရတာလေ"

နတ်မယ် နှုတ်ခမ်းစူသည်။ သို့သော် လုယန်မျက်နှာကိုသုံးထားခြင်းဖြစ်၍ နှုတ်ခမ်းစူနေသည့်အမူအရာက နည်းနည်းကြောင်တက်တက် ဖြစ်နေသည်။

ယွမ်ကျိက အမူအရာမပြောင်းလဲ။ နတ်မယ်၏ အသေးအဖွဲလှည့်ကွက်များကို သူရိပ်မိသည်။

"ခုနက အစီရင်ခံစာတွေ စစ်ဆေးခဲ့တာ လုယန်ပါ။ အခု ရှင့်အလှည့်ရောက်ပြီ"

နတ်မယ် ကဖျစ်ကညှစ်ပြုံး၍ လုယန်ကို အချိုသပ်ရန်ကြိုးစားသည်။

"လုယန်၊ ငါ့နင့်ခန္ဓာကိုယ်ကို ပြန်ပေးမယ်လေ"

လုယန်လည်း အမူအရာမပြောင်း။ စိတ်ရင်းမပါသည့် နတ်မယ်အပြုံးကို သူရိပ်မိသည်။

မတတ်သာသည့်အဆုံးတွင် နတ်မယ် စိတ်ပျက်လက်ပျက်ဖြင့် ဧည့်သည်စာရင်း ပြင်ဆင်ရသည်။

"ဒါတွေအားလုံးက ရုံးတော်မှာ မှတ်ပုံတင်ထားတဲ့ မဟာထိပ်သီးဂိုဏ်းနဲ့ ပထမအဆင့်ဂိုဏ်းတွေပါ"

ယွမ်ကျိက စာရင်းတစ်ခု ကြိုတင်ပြင်ဆင်ထားသည်။

တော်ဝင်ရုံးတော်နှင့် မသေမျိုးလေးဂိုဏ်းကိုတော့ မဖြစ်မနေဖိတ်ကြားရမည်။

နတ်မယ် စာရင်းထဲမှ ဂိုဏ်းများကို ရေတွက်သည်။

"မဟာထိပ်သီးဂိုဏ်းရှစ်ဂိုဏ်း၊ ပထမအဆင့်ဂိုဏ်း တစ်ရာတစ်ဆယ့်ခြောက်ဂိုဏ်း"

မသေမျိုးငါးဂိုဏ်းအပြင် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ရှိသည့် တစ်ခြားဂိုဏ်းရှစ်ဂိုဏ်း ရှိသည့်သဘောဖြစ်သည်။

(**ပထမအဆင့်ဂိုဏ်းသည် စုစည်းခြင်းအဆင့်တစ်ယောက် အနည်းဆုံးရှိရသည်။ မဟာထိပ်သီးဂိုဏ်းသည့် ကူးဖြတ်ခြင်းအဆင့်တစ်ယောက် အနည်းဆုံးရှိရသည်။ မသေမျိုးဂိုဏ်းသည် ကူးဖြတ်ခြင်းတစ်ယောက်မကရှိပြီး ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှိသည့် ရတနာ၊ ကျင့်စဉ်ပညာများရှိရသည်။

ယခုရောက်နေသည့် ဇာတ်ကွက်အထိကြည့်လျှင် တာအိုလမ်းစဉ်ဂိုဏ်းတွင် ယွမ်ကျိ၊ ဘိုးဘေးဆရာထန်ရှန်းယိနှင့် ကျမ်းစာတိုက်မှ ဘိုးဘေးဆရာ၏ ဂိုဏ်းတူညီငယ်အဘိုးအိုတို့သည် ကူးဖြတ်ခြင်းအဆင့်များဖြစ်သည်)

"နေဦး...အခု ကိုးဂိုဏ်းဖြစ်သွားပြီလေ။ အလောင်းထိန်းဂိုဏ်းလည်း မဟာထိပ်သီးဂိုဏ်းလို့ သတ်မှတ်လို့ရသွားပြီ"

အလောင်းထိန်းဂိုဏ်းချုပ်သည် သူ့ဂိုဏ်းကို မဟာထိပ်သီးဂိုဏ်းအမည်ခံနိုင်ရုံမျှသာ မြှင့်တင်ပေးခဲ့နိုင်သည်။

မဟာထိပ်သီးဂိုဏ်းအရေအတွက်သည် နှစ်ရာချီကြာသည်တိုင် ပြောင်းလဲလေ့မရှိ။ ယွမ်ကျိပေးသည့်စာရင်းသည် ပြီးခဲ့သည့်လက နောက်ဆုံးအတည်ပြုထားသည့် စာရင်းဖြစ်သည်။

အလောင်းထိန်းဂိုဏ်းချုပ်က ထိုစာရင်းအတည်ပြုပြီးမှ အဆင့်တက်ခဲ့သည်။

အများသိ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်များကို လုယန် ရေတွက်ကြည့်သည်။ မသေမျိုးဂိုဏ်းမှ ငါးယောက်။ မဟာထိပ်သီးဂိုဏ်းများမှ ရှစ်ယောက်။

မဟာရှားရုံးတော်တွင် ကူးဖြတ်ခြင်းအဆင့် များစွာရှိသည်မှာ သေချာသည်။ နယ်စပ်အရပ်လေးမျက်နှာကို စောင့်ကြပ်နေသည့် စစ်သူကြီးလေးယောက်လည်းပါသည်။ တစ်ယောက်က ဟန်ရွှေ့မြို့ တိုက်ပွဲပြီးချိန်တွင် ရောက်လာသဖြင့် လုယန်မြင်ဖူးသည်။

ထာဝရဂိုဏ်းဖြိုခွဲချိန်ကလည်း ရုံးတော်က ကူးဖြတ်ခြင်းအဆင့်တစ်ယောက် လွှတ်ခဲ့သည်။

ရှေးဟောင်းကျင့်ကြံသူများပြဿနာကို အဓိကဖြေရှင်းသည့် လော်ရွှေတပ်တွင်လည်း ကူးဖြတ်ခြင်းအဆင့်များ ရှိပေလိမ့်မည်။ တစ်ယောက်ထက်ပိုလောက်သည်။

ထိုအရေအတွက်က အပေါ်ယံမြင်ရသည့်အင်အားသာဖြစ်သည်။ လူလုံးထွက်မပြဘဲ နောက်ကွယ်တွင်ပုန်းနေသူများ သေချာပေါက်ရှိမည်။ အလောင်းထိန်းဂိုဏ်းချုပ်မှလွဲလျှင် ကူးဖြတ်ခြင်းအဆင့်ရောက်ပြီးသူအားလုံးသည် ဝါစဉ်ကြီးသူများဖြစ်သည်။ အပြင်ထွက်၍ လှုပ်ရှားလေ့သိပ်မရှိ။

"မဟာထိပ်သီးကိုးဂိုဏ်းကို မဖြစ်မနေဖိတ်ရမယ်။ ပထမအဆင့်ဂိုဏ်း တစ်ရာတစ်ဆယ့်ခြောက်ဂိုဏ်းကိုတော့ ရွှေးချယ်စစ်ထုတ်ပြီးဖိတ်ဖို့လိုတယ်"

ယွမ်ကျိက ဂိုဏ်းစစ်ထုတ်ရွေးချယ်ပုံကို နတ်မယ်အား စိတ်ရှည်လက်ရှည် သင်ပြပေးသည်။

ဉာဏ်အလွန်ကောင်းသူဖြစ်သည့် ထာဝရနတ်မယ်က စစ်ထုတ်နည်းတစ်ခု ချက်ချင်းစဉ်းစားမိသည်။

"တာအိုရှင်ဝစီပိတ်နဲံ ရန်ညှိုးရှိတဲ့ဂိုဏ်းတွေအားလုံးကို ပယ်ထုတ်လိုက်ကြမလား"

သူ့စိတ်ကူးကကောင်းသည် ဝစီပိတ်နှင့် ရန်ညှိုးရှိသည့်ဂိုဏ်းများကို ဖိတ်ကြားလျှင် နှစ်ပတ်လည်ပွဲ၌ ပြဿနာရှာလာနိုင်သည်။

"အဲလိုဆိုရင် တစ်ဂိုဏ်းမှဖိတ်ဖို့ကျန်မှာမဟုတ်ဘူး"

"ဪ..အေးပါလေ"

နတ်မယ်၏ ပထမစိတ်ကူး ကျဆုံးသွားသည်။

ယွမ်ကျိလမ်းညွှန်မှုဖြင့် ဖိတ်ကြားမည့်စာရင်းတစ်ခု နတ်မယ်အမြန်ဖန်တီးသည်။

"ဆရာတူအကိုနှစ်နဲ့ပတ်သက်တဲ့ကိစ္စ ဘယ်လိုဖြေရှင်းရမလဲဆိုတာ အမယွမ်ကိုမေးလိုက်ဦး"

ခန္ဓာကိုယ်လက်လွှဲထားရသည့်လုယန်က သိစိတ်နယ်မြေမှလှမ်းပြောသည်။

ယွမ်ကျိ ဂိုဏ်းပြင်ပသို့ ရောက်နေချိန်တွင် ရွှေဗုဒ္ဓနယ်မြေမှ သူ့စီနီယာအကိုနှင့်ပတ်သက်၍ တိုင်ကြားစာတစ်စောင်ရထားသည်ကို ပြန်သတိရလာသောကြောင့်ဖြစ်သည်။ ထိုကိစ္စ သူဘယ်လိုစာပြန်ရမှန်းမသိ။

နတ်မယ် အစီရင်ခံစာများအောက်မှစာကို ချက်ချင်းဆွဲထုတ်လိုက်သည်။

ယွမ်ကျိက တစ်ချက်သာကြည့်ပြီး သဘောပေါက်သွားသည်။

"ဪ...အကိုနှစ်ကိစ္စ လာပြန်ပြီလား"

"အဲဒါ ဘယ်လိုလုပ်ကြမလဲ"

"စိတ်မပူပါနဲ့။ အကိုနှစ် ဒီလိုကိစ္စတွေလုပ်တာ ပထမဆုံးအကြိမ်မဟုတ်ဘူး။ ဗုဒ္ဓနိုင်ငံက အရင်ကလည်း တိုင်စာပို့ဖူးတယ်။ ဒီအတိုင်းသာ ပစ်ထားလိုက်ပါ"

"ဪ"

နတ်မယ် စကားတစ်လုံးသာ ရေရွတ်ပြီး ဗုဒ္ဓနယ်မြေသို့ ပြန်ပို့မည့်စာတွင် "သူ့ကိုပစ်ထားလိုက်ပါ"ဟု ရေးလိုက်သည်။

လုယန် ခန္ဓာကိုယ်ထိန်းချုပ်ခွင့်ပြန်ရလာသည်။ မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည့် ခြောက်ပေ‌ရွှေခန္ဓာအကြောင်းဖတ်ပြီး အတော်သဘောကျသွားသည်။

"အမယွမ်၊ ခြောက်ပေရွှေခန္ဓာပညာကို ကျုပ်သင်လို့ရနိင်လား"

တိုက်ပွဲတွင် အော်ဟစ်ကြုံးဝါးလိုက်သည်နှင့် ခြောက်ပေမြင့်သည့် ရွှေခန္ဓာတစ်ခု ထိုးထွက်လာမည်။ နတ်ဘုရားတစ်ပါးလိုခမ်းနားသည်။ မဟာဗုဒ္ဓလို တည်ကြည်သည်။ ရန်သူအားလုံးကို ဖျက်ဆီးနိုင်သည်။။

တွေးကြည့်ရုံဖြင့် ကျေနပ်အားရစရာကောင်းသည်။

"ကြိုးစားကြည့်လို့ရပါတယ်"

All Chapters