အရှင်သခင်တစ်ဦး မွေးဖွားလာရန်
Vol. 3 Ch. 293
"အထွတ် အထိပ် ဆရာချန်း …"
ချန်းဖန် ယုချင်ထံသို့ ရောက်သည်နှင့် သူမနှင့်အတူ အခြား အဘိုးအို တစ်ယောက်ကို တွေ့ရသည်။ ထိုအဘိုးအိုမှာ အသက်ရှစ်ဆယ်ခန့် ရှိပြီဟု ထင်ရသည့်တိုင် သူ၏ မျက်လုံးအစုံက ဉာဏ်ပညာ ကြီးမားမှုနှင့် အတူ တောက်ပနေသည်။ သူက ပခုံး၌ ကြယ်နှစ်ပွင့် ပါသည့် ယူနီဖောင်းကို ဝတ်ဆင်ထားသည်။
"ဒါက ဇီဝဗေဒ သုတေသန တက္ကသိုလ်ရဲ့ ဒါရိုက်တာပါ။ မစ္စတာ တင်းရှန်းရွယ်လို့ ခေါ်ပါတယ်။ နိုင်ငံတကာ ဇီဝဗေဒ ကောင်စီရဲ့ သုတေသန ပညာရှင် တစ်ယောက် ဆိုလည်း ဟုတ်ပါတယ်"
"မင်းက ကျုပ် ရောက်လာတာ အံ့သြမသွားတဲ့ ပုံပဲ"
ချန်းဖန်က ပြောသည်။
"ဆရာချန်းက လက်တွေ့ခန်းကို ပိတ်သိမ်း လိုက်တယ် ဆိုကတည်းက ကျွန်မတို့နဲ့ ဆွေးနွေးစရာ ရှိတယ် ဆိုတာ သိထားပါတယ်"
ယုချင်က ပြောသည်။ သူမက ကိုယ်ကျပ် ယူနီဖောင်း ဝတ်စုံကို ဝတ်ဆင် ထားကာ တစ်ဖက်ရှုံ့ ဦးထုပ် ဆောင်းထားသည်။ ထိုဝတ်စား ဆင်ယင်မှုကြောင့် သူမ၏ ကိုယ်မှ မျဉ်းကွေးများက ထင်ရှား ပေါ်လွင်နေ၏။
"အင်း … ရှင်သန်ခြင်း ရေစင်က ထုတ်လုပ် ပြီးပြီလို့ ပြောနိုင်တယ်။ ခုက ဈေးကွက်ကို စပြီး မိတ်ဆက်ဖို့ အချိန် ရောက်ပြီလေ"
ချန်းဖန် အတွက် ရှင်သန်ခြင်း ရေစင်မှာ ဝိညာဉ်ဆေးပင်များ ထုတ်လုပ်ရန် အကူပစ္စည်း တစ်ခုသာ ဖြစ်သည့်တိုင် သေမျိုးများ အတွက်မူ အလွန် အရေးပါသော အရာ ဖြစ်နေသည်။ ထိုအရာက လူသား ကမ္ဘာကို ကျင့်ကြံခြင်း ကမ္ဘာဖြစ်အောင် ပြောင်းလဲ ပေးနိုင်မည့် အရာလည်း ဖြစ်သည်။
ထိုနေ့ရက်က အမှန်တကယ် ရောက်လာမည် ဆိုလျှင်တောင် နှစ်ရာချီ၍ စောင့်ရမည် ဖြစ်သည်။ ထိုအချိန် ရောက်လျှင် ချန်းဖန် ကိုယ်တိုင်မှာမူ ဤကမ္ဘာမှ ထွက်ခွာ သွားလောက်ပြီ ဖြစ်သည်။
"ပြန်ခွင့် ပေးလိုက်တဲ့ သုတေသန ပညာရှင်တွေကို မင်း ဘာလုပ်ခဲ့လဲ"
ချန်းဖန်က မေးလိုက်သည်။
"လျှို့ဝှက်ချက် တွေကို သူတို့ ခိုးယူ မသွားစေဖို့ ဆရာချန်းမှာ အစီအစဉ် တစ်ခုရှိမယ် ဆိုတာ ကျွန်မတို့ သိပါတယ်။ ဒါပေမဲ့ သူတို့ကို ဒီအတိုင်းတော့ ပြန်မလွှတ်နိုင် ဘူးလေ"
ယုချင်က ပြုံးရင်း ဆက်ပြောသည်။
"ဂျပန်နဲ့ အမေရိကက သူလျှိုတွေ ကိုတော့ လွယ်လွယ်ကူကူ မပြန်နိုင်အောင် အချိန် ဆွဲထားခဲ့တယ်။ နောက်ပြီး ဆေးကုမ္ပဏီကြီးတွေ ကိုတော့ ဒဏ်ငွေ နင့်အောင် ရိုက်လိုက်တယ်။ ဒါပေမဲ့ ဆေးညွှန်း ကိုတော့ သူလျှိုတွေဆီက မတားဆီး နိုင်ခဲ့ဘူးလေ။ အနှေးနဲ့ အမြန် သူတို့ လိုချင်တာကို ရသွားမှာပဲ"
"နောက်ပြီးတော့ ဆေးညွှန်း ဖော်မြူလာက ဘာမှ အသုံးမကျဘူး ဆိုတာ သူတို့ နားလည် သွားလိမ့်မယ်"
ချန်းဖန်က ပြုံးရင်း ဝင်ပြောသည်။
ယုချင်နှင့် စုကျောင်း နှစ်ယောက် စလုံး ပြုံးလိုက် မိကြသည်။
"အစတည်းက ကျွန်တော်တို့ သံသယ ဖြစ်နေတာ။ အဲဒါကို ဆေးညွှန်း အတိုင်း အကြိမ်ကြိမ် လုပ်ကြည့်တာပဲ။ ဒါပေမဲ့ လိုချင်တဲ့ ရလဒ် တစ်ခါမှ မရခဲ့ဘူးလေ"
တင်းရှန်းရွယ်က ဝင်ပြောသည်။
"အဲဒါက ဘာကြောင့်လဲ။ ပါဝင်တဲ့ ပစ္စည်းတွေ ကြောင့်လား။ ဒါမှမဟုတ် ခြေလှမ်း တစ်လှမ်း၊ နှစ်လှမ်း မှားသွားတာလား"
"နှစ်ခုလုံး မဟုတ်ဘူး"
ချန်းဖန်က ခေါင်းကိုခါရင်း ပြောလိုက်သည်။
"မစ္စတာတင်း … အဲဒီ ရှင်သန်ခြင်း ရေစင်က အရှင်သခင် တစ်ယောက် ဖြစ်အောင် လုပ်နိုင်မယ်လို့ ခင်ဗျားထင်လား"
"အရှင်သခင် …"
တင်းရှန်းရွယ်က ခဏမျှ စဉ်းစားကာ ဆက်ပြောသည်။
"အဲဒီအထဲမှာ လူသား ခန္ဓာကိုယ်ကို ဆင့်ကဲ ပြောင်းလဲစေတဲ့ လျှို့ဝှက်တဲ့ စွမ်းအား တစ်မျိုး ပါနေတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ခေတ်သစ် ကိရိယာတွေနဲ့ စစ်ဆေးရင်တော့ အဲဒါက ဘာတွေ အကျိုး သက်ရောက်မှု ရှိလဲဆိုတာ တိတိကျကျ မသိရဘူး"
"အမှန်ပဲ။ ခင်ဗျား ခုနက ခေါ်လိုက်တဲ့ လျှို့ဝှက် စွမ်းအား ဆိုတာကို ကျုပ်တို့က ဝိညာဉ်ချီ ဒါမှမဟုတ် ချီအမြုတေ လို့ ခေါ်တယ်"
ချန်းဖန်က လက်နှစ်ကို နောက်သို့ ပစ်ရင်း ရှင်းပြလိုက်သည်။
"ချီအမြုတေ … ဝိညာဉ်ချီ …"
လူတိုင်းက ထိုနာမည်ကို နားမလည်စွာ ရေရွတ် မိကြသည်။
"ဝိညာဉ်ချီ ဆိုတာက နေရာတိုင်းမှာ ရှိတယ်။ အဲဒါက လေထုရဲ့ မော်လီကျူး သေးသေးလေးတွေ ထဲမှာ ရှိနေတာကြောင့် ဘယ်စက်ကိရိယာ နဲ့မှ စစ်ဆေး မရဘူး။ ဒါကြောင့် ဝိညာဉ်ချီ ဆိုတာ မရှိဘူးလို့ ထင်ထားကြတာ"
ချန်းဖန်က မျက်လုံးများကို ပိတ်ရင်း လေကို လေးလံစွာ ရှူသွင်းလိုက်သည်။
"ဒါပေမဲ့လည်း ကျုပ်တို့လို ကျင့်ကြံသူတွေ ကျတော့ အဲဒီလို စွမ်းအားတွေကို ခံစားပြီး စုစည်း နိုင်ကြတယ်။ ကျင့်ကြံသူ တစ်ယောက်ရဲ့ ရည်ရွယ်ချက်က အဲဒီ စွမ်းအားတွေကို ထိန်းချုပ်နိုင်ဖို့ သင်ယူခြင်းပဲ"
ချန်းဖန် စကားပြောနေစဉ် မှာပင် မြူနှင်းကဲ့သို့ အရာနှစ်ခုက သူ၏ နှာခေါင်းမှ ထွက်ပေါ် လာကာ လေထဲတွင် ပွားပြီး ပိုမို များပြားသော ပမာဏဖြင့် သူ၏ နှာခေါင်းတွင်း ပြန်လည် ဝင်ရောက်သွားသည်။ ထိုမြင်ကွင်းကို ကြည့်၍ အခြား လူများမှာ ပါးစပ် အဟောင်းသား ဖြစ်နေ ကြတော့သည်။
တင်းရှန်းရွယ်က ချန်းဖန်၏ ရှင်းပြချက်ကို နားလည်ဟန် ခေါင်းညိတ်သည်။
"အဓိက အကြောင်းကိုပဲ သွားရအောင်။ ခင်ဗျားတို့က ရှင်သန်ခြင်း ရေစင် အတွက် ဘာကမ်းလှမ်းမလဲ"
ချန်းဖန်က မေးလိုက်သည်။
"ဆရာချန်း ဘာလိုချင်လဲ ဆိုတဲ့ အပေါ် မူတည်တယ်"
ယုချင်က ပြောသည်။
"သူဌေးက ဆရာချန်းနဲ့ ပတ်သက်တဲ့ ကိစ္စတိုင်းမှာ ကျွန်မကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထားတယ်။ နှစ်ဖက်စလုံး အတွက် အကျိုးရှိရင် အဆင်ပြေတယ်"
ချန်းဖန်က သူမကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ ထိုကမ်းလှမ်းမှုက သူအား ငြင်းပယ်ရန် အခွင့်အရေး မပေးပေ။
"ရိုးရိုးသားသား ပြောရရင် ရှင်သန်ခြင်း ရေစင်က အစားစား ရှိတယ်"
ချန်းဖန်၏ အမူအရာက တည်ငြိမ် နေသလို သူ၏ စကားသံ ကလည်း ရှင်းလင်း ပြတ်သားနေခဲ့သည်။
"ခင်ဗျားတို့ကို ကျုပ်ပြတဲ့ဟာက အခြေခံ အကျဆုံး အမျိုးအစားပဲ။ အဲဒါကို ပိုပြီး ကောင်းမွန်တဲ့ ရှင်သန်ခြင်း ရေစင်အဖြစ် အဆင့်မြှင့်လို့ ရသေးတယ်"
"မူလ ရေစင်နဲ့ ပိုအဆင့်မြင့်တဲ့ ရေစင် ကြားက ကွာခြားချက်ကရော …"
ယုချင်နှင့် တင်းရှန်ရွယ်တို့က မေးလိုက်သည်။
"ပိုအဆင့်မြင့်တဲ့ ရေစင်ကို ထုတ်လုပ်မယ် ဆိုရင် အမျိုးမျိုးပေါ့ဗျာ။ နှစ်ဆ ပိုပြီး စွမ်းအင်ပါတဲ့ ရေစင်။ သုံးဆ။ လေးဆ။ အဲဒီလိုပေါ့"
ချန်းဖန်က ယုံကြည်မှု ရှိစွာ ပြောသည်။
"ဒါက အရမ်းမိုက်တဲ့ အိုက်ဒီယာ (အကြံ)ပဲ"
တင်းရှန်းချန်က သဘောကျစွာ ခေါင်းညိတ်သည်။
"အရည်အသွေး ပိုကောင်းတာနဲ့ ဈေးက ပိုမြင့်သွားမယ်။ ဒါက ဈေးကွက် မျှခြေကိုလည်း ဖန်တီး ပေးနိုင်စွမ်း ရှိတယ်"
"ဗိုလ်ချုပ်ချန်း … ပိုပြီး အဆင့်မြင့်တဲ့ ရေစင်တွေ ကိုရော အများကြီး ထုတ်လုပ် နိုင်မှာလား"
ယုချင်ကလည်း မေးသည်။ သူမ၏ မျက်လုံးများက စိတ်ဝင်စားမှုဖြင့် တလက်လက် တောက်ပနေ၏။
"ဒါပေါ့ …"
ချန်းဖန်က ပြန်ဖြေသည်။
"ကျုပ်တို့က ပထမဆုံး ကမ္ဘာ့ ဈေးကွက်ကို မူလ ရေစင်နဲ့ပဲ ထိုးဖောက်မယ်။ နှစ်ဆ ထိရောက်တဲ့ ရေစင်ကိုတော့ တရုတ်မှာပဲ ဖြန့်ဖြူးမယ်။ သုံးဆ ထိရောက်တဲ့ ရေစင်ကိုတော့ စစ်တပ် အတွက်ပဲ ထုတ်လုပ်မယ်"
"လေးဆနဲ့ ငါးဆကြားက ကွာခြားချက်ကရော …"
ယုချင်က ထပ်မေးသည်။
ချန်းဖန်က အဖြေမပေးဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ ထို့နောက် တင်းရှန်းရွယ် ဘက်သို့ လှည့်ရင်း …
"မစ္စတာတင်း … ခင်ဗျားက သုတေသန တက္ကသိုလ် အတွက် အလုပ်လုပ်တာ ဆိုတော့ အရှင်သခင်တွေကို တွေ့ဖူးတယ် မလား"
"အင်း… ခင်ဗျားပြောတာ စူပါလူသား တွေမလား။"
တင်းရှန်းရွယ်က ဆက်ပြောသည်။
"သူတို့ကတော့ သူတို့ကိုယ်ကို အရှင်သခင် တွေလို့ ခေါ်တယ်။ ကျွန်တော်တို့ ကတော့ စူပါလူသား ဒါမှမဟုတ် စူပါနေထရယ် (သဘာဝလွန် လူသား)လို့ ခေါ်တယ်"
"အတူတူပါပဲ"
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
"စူပါလူသားပဲ ထားပါတော့လေ။ သူတို့မှာ ရှိတဲ့ စွမ်းအားတွေကို နိုးထဖို့ ရှင်သန်ခြင်း ရေစင်လိုမျိုး အကူပစ္စည်းတွေ လိုတယ်။ ငါးဆ ပိုထိရောက်တဲ့ ရှင်သန်ခြင်း ရေစင်က အဲဒီလို စွမ်းအားတွေ ရရှိဖို့ ပိုပြီး အခွင့်အရေး များစေတယ်"
"တကယ်လား …"
ယုချင်မှာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့သလို တင်းရှန်းရွယ် မှာလည်း သူ၏ လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်သပ် နေမိသည်။ ချန်းဖန်၏ စကားလုံးများမှ အဓိပ္ပာယ်မှာ မည်မျှ အထိ လေးနက်ကြောင်း သူတို့ ခံစားမိသည်။
"ကျုပ်ရဲ့ သုတေသနကို အခြေခံ ပြောရမယ် ဆိုရင် … သာမန် ရေစင်က အပုံ တစ်သောင်းပုံ တစ်ပုံ အခွင့်အရေး တိုးစေတယ်။ နှစ်ဆ ပိုကောင်းတဲ့ ရေစင်က နှစ်ဆ ပိုတိုးစေသလို၊ သုံးဆ ပိုကောင်းရင်တော့ သုံးဆ။ အဲဒီလိုပေါ့လေ။ အခွင့်အရေးက အရမ်း သေးငယ်တယ် ဆိုပေမဲ့ အချိန်ကြာကြာ သုံးပေးတာနဲ့ ပိုအခွင့်အရေး များလာလိမ့်မယ်"
ချန်းဖန်က ရှင်းပြလိုက်သည်။
"ငါးဆ ထိရောက်တဲ့ဟာ ဆိုရင်ရော …"
ယုချင်က မေးလိုက်သည်။
"အယောက် တစ်သောင်းမှာ တစ်ယောက် ပေါ်လာလိမ့်မယ်"
ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
"တစ်သောင်းမှာ တစ်ယောက် … ဒါက လုံလောက်တယ်"
တင်းရှန်းရွယ်က စိတ်လှုပ်ရှားစွာ ပြောသည်။
"တရုတ်မှာ စစ်သား ၁.၃ သန်း ရှိတယ်။ အဲဒီလိုဆိုရင် စစ်သား တစ်ရာ့ သုံးဆယ်က စူပါစစ်သားတွေ ဖြစ်လာမှာပေါ့"
တင်းရှန်းရွယ်က ချန်းဖန်အား လောဘတကြီး ကြည့်လိုက်ရင်း …
"ဗိုလ်ချုပ်ချန်း… ခင်ဗျား အဲဒီ ရေစင်အတွက် ဘာလိုချင်လဲ …"
***