← Chapters

ကောင်းကင်ဖွင့်သည့်ဓား

Vol. 31 Ch. 463

ကောင်းကင်ဖွင့်သည့်ဓား

Vol. 31 Ch. 463

ပြီးခဲ့သည့်ရက်ပိုင်းက သူထောင်မှလွတ်သည်။ ယွမ်ကျိနှင့်လမ်းခွဲပြီးနောက် တိုက်နယ်တစ်ခွင်ခရီးဆန့်၍ 'တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ'ကို ဖြန့်သည်။ တစ်လက်စတည်း သူ့နာမည်ဂုဏ်သတင်းကိုလည်း မြှင့်တင်သည်။

ကျိပြည်နယ် တိန်ရှင်းမြို့တော်သို့ သူရောက်လာသည်။ မြို့တော်ကို စည်းမျဉ်းများဖုံးအုပ်ထားပြီးဖြစ်ကြောင်း တွေ့ရာသည်။ ဝင်၍သာရသည်။ ပြန်ထထွက်၍မရ။ အပြင်မှကြည့်လျှင် မြို့တော်က ပုံမှန်အတိုင်း လည်ပတ်နေသယောင်ထင်ရသည်။

လူအဝင်အထွက်လည်း ပုံမှန်အတိုင်းရှိသည်။

အမှန်တော့ ထိုမြင်ကွင်းက စည်းမျဉ်းများ၏ စွမ်းအားဖြစ်သည်။ မြို့တော်သို့ဝင်နိုင်သည်။ ပြန်မထွက်နိုင်။ မြို့ထဲမှထွက်သွားသည့်လူများသည် စည်းမျဉ်းဖြင့် ဖန်တီးထားသည့် လူအတုများဖြစ်သည်။

ထိုလူအတုများသည်လည်း လူအစစ်နှင့် ခွဲမရ။ လူ့မှတ်ဉာဏ်မျိုး ဓလေ့စရိုက်အပြုအမူမျိုးရှိသည်။ စည်းမျဉ်းများ ပျောက်ကွယ်သွားမှသာ သူတို့လည်း ပျောက်ကွယ်သွားလိမ့်မည်။

အစက စည်းမျဉ်းစွမ်းအားကို သူ့ဓားစွမ်းဖြင့် ဖျက်ဆီးဖို့ကြံခဲ့သည်။ သူလှုပ်ရှားရန်ကြံနေချိန်တွင် တိုက်ပွဲအသိကြောင့် ဖြစ်ပေါ်လာသည့် သူ့ဆဋ္ဌမအာရုံက မလုပ်ဖို့ တားဆီးသည်။

ထိုစည်းမျဉ်းများသည် စုစည်းခြင်းအဆင့်မဟုတ်ဘဲ ကူးဖြတ်ခြင်းအဆင့်ဖြစ်ကြောင်း နားလည်လိုက်သည်။ သူလှုပ်ရှားလျှင် စည်းမျဉ်းတည်ဆောက်သူ သတိထားမိသွားမည်။ ခက်ခဲသည့်အခြေအနေမျိုး ကြုံရမည်။

"ဆိုးလိုက်တဲ့ကံကွာ"

မြေပြင်ပေါ် တံတွေးတစ်ချက်ထွေး၍ တန်ပြတိုက်စစ်ဆင်ဖို့ သူနည်းလမ်းစဉ်းစားခဲ့သည်။

အရင်ဆုံး ဆင်းရဲသားတာအိုအဘိုးအိုတစ်ယောက်လို ရုပ်ဖျက်၍ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပုံပြင်ပြောရင်း စည်းမျဉ်းစွမ်းအားကို စတင်လေ့လာသည်။

ထိုစည်းမျည်းများဖန်တီးထားသည်မှာ နည်းနည်းကြာခဲ့ပုံရသည်။ မြို့ထဲမှ အရာအားလုံးက ပုံမှန်ရှိနေသည်။ စည်းမျဉ်းတည်ဆောက်သူက မြို့တော်ကိုဖျက်ဆီးရန် မရည်ရွယ်သည့်သဘာဖြစ်သည်။

လေးငါးရက်ကြာ လေ့လာပြီးချိန်တွင် လက်ဖက်ရည်ဆိုင်က တဖြေးဖြေးပိုစည်ကားလာသဖြင့် ဤနေရာ၏ စည်းမျဉ်းအကြောင်း သူနားလည်လာသည်။

လူအမျိုးမျိုးတွင် လိုက်နာရသည့် စည်းမျဉ်းအမျိုးမျိုးရှိနေသည်။ ဂိတ်စောင့်လည်း သူ့စည်းမျဉ်းနှင့်သူ အရာရှိလည်း သူ့စည်းမျဉ်းနှင့်သူ တည်းခိုးခန်းများ လက်ဖက်ရည်ဆိုင်များလည်း သူ့စည်းမျဉ်းနှင့်သူ လိုက်နာရသည်။

စည်းမျဉ်းအမျိုးမျိုးကွဲပြာနေသော်လည်း အဓိကအကျဆုံးစည်းမျဉ်း နှစ်ခုသာရှိသည်။

စည်းမျဉ်းတစ် - မဟာရှားနိုင်ငံဟူသည်မရှိ။ မဟာယုနိုင်ငံသာရှိသည်။

စည်းမျဉ်းနှစ် - တိန်ရှင်းမြို့ထဲမှလူအားလုံ မဟာယုနိုင်ငံသားဖြစ်သည်။

သို့ဆိုလျှင် စည်းမျဉ်းများတည်ဆောက်ထားသူသည် မဟာယုခေတ်မှ ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ဖြစ်ပေတော့မည်။

သို့သော် ဘာလုပ်ဖို့ရည်ရွယ်ထားသနည်း။ မဟာရှားနိုင်ငံထဲတွင် မဟာယုနယ်မြေတစ်ခုတည်ဆောက်သည်။ ဘယ်လိုအသုံးချမည်နည်း။

ထိုမေးခွန်းကို ရက်ချီ၍စဉ်းစားခဲ့သော်လည်း သူအဖြေရှာမရ။

သူ့တပည့်အလိမ္မာ၏ စက္ကူကြိုးကြာ‌ရောက်လာမှ မဟာယု၏ရည်ရွယ်ချက်ကို နားလည်လာသည်။

မဟာယုကျင့်ကြံသူများက ဟန်ရွှေ့မြို့တော်တွင် နိုင်ငံ့ကံကြမ္မာစွမ်းအားကို ရယူရန်ကြိုးစားခဲ့ကြသည်။ ထိုစွမ်းအားကို တိန်ရှင်းမြို့တွင် အသုံးချရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ဟန်ရွှေ့အစီအစဉ်နင့် တိန်ရှင်းအစီအစဉ် ဆက်စပ်နေသည်။

သူတို့ရည်ရွယ်ချက်က နိုင်ငံ့ကံကြမ္မာစွမ်းအား၏သဘာဝကို လေ့လာလိုခြင်းဖြစ်သည်။

ဟန်ရွှေ့မြို့အစီအစဉ်ကျဆုံး၍ ဝူယွီထောင်တို့အဖမ်းခံရသည့်တိုင် တိန်ရှင်းမြို့တော်ကို လက်မလွှတ်သေးခြင်းမှာ အဖြစ်မှန်ကို မသိကြသေး၍ဖြစ်သည်။

ထာဝရနတ်မယ်က ဝူယွီထောင်တို့ကို တမင်လွှတ်ပေးပြီးမှ တိတ်တဆိတ် ဖမ်းဆီးခဲ့သည်။ အပြင်လူများအမြင်တွင် ဝူယွီ‌ထောင်တို့ လွတ်မြောက်သွားသည်ဟုသာထင်ကြမည်။

မဟာယုကျင်ကြံသူများသည် အပြင်လောကသိသလောက်သာ သိကြမည်။ နတ်မျက်လုံးရှင်များမဟုတ်။

"လက်စသပ်တော့ အဲလိုကိုး။ မဟာယုတွေ အတော်ရည်မှန်းချက်ကြီးကြတာပဲ"

ဝစီပတ် အေးစက်စက်လှောင်ပြုံးပြုံး၍ စက္ကူကြိုးကြာထိုးဖောက်သွားသည့် ကောင်းကင်မှအပေါက်ကို မော့ကြည့်သည်။

ထိုကောင်းကင်သည် စည်းမျဉ်းအစိတ်အပိုင်းတစ်ခုဖြစ်သည်။

ကောင်းကင်မှအပေါက်ကို ပြန်မပိတ်နိုင်ခြင်းသည် ထိုစည်းမျဉ်းတွင် ဟာကွက်ရှိနေသည့်လက္ခဏာဖြစ်သည်။

မဟာယုစုစည်းခြင်းအဆင့် ကျင့်ကြံသူလည်း စက္ကူကြိုးကြာကို သတိထားမိသည့်သဘောဖြစ်သည်။

"ပုံပြောဆရာ၊ ဘာဖြစ်တာလဲ။ ဘယ်သူစာပို့တာလဲ"

လက်ဖက်ရည်ဆိုင်ရှင်က သတိဖြင့်မေးသည်။ ထိုပုံပြောဆရာ၏အပြုံးက နည်းနည်းကြောက်စရာကောင်းနေသလို ခံစားရသည်။

"ကျုပ်တပည့်နှစ်ယောက်ဆီကပါ"

"သူတို့လည်း ပုံပြောဆရာတွေလား"

"အဲလိုပဲဆိုပါတော့။ ဒါနဲ့..စကားမစပ် ပြောရဦးမယ်။ ကျုပ်ကတိကို မတည်နိုင်တော့ဘူးဗျာ။ မနက်ဖြန် ဒီမှာပုံပြင်ဆက်ပြောနိုင်တော့မှာ မဟုတ်ဘူး။ ဧည့်သည်တွေကို အသိပေးပြီး ကျုပ်ကိုယ်စားတောင်းပန်ပေးပါ"

"ဘာလို့လဲ"

ဆိုင်ရှင် အံ့အားသင့်သွားသည်။ အားလုံးအဆင်ပြေနေသည်။ ဘာကြောင့် ရုတ်တရက် ရပ်လိုက်သည်မသိ။ ထိုလူ ဘယ်ကိုသွားနိုင်မည်နည်း။ တိန်ရှင်းမြို့တော်မှ ထွက်သွားနိုင်မည်လော။

ရုတ်တရက် ပြင်းထန်သည့် ဖိအားတစ်ခုကျလာသည်။ တိန်ရှင်းတစ်မြို့လုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ အားလုံးကြောက်လန့်နေသည်။ ထိုဖိအား ဘယ်ကလာမှန်းမသိ။ ဘယ်ကိုထွက်ပြေးရမှန်းလည်းမသိ။

ဝစီပိတ် သက်ပြင်းချသည်။

"ဘာလို့လဲဆိုတော့ ကျုပ်အခု လှုပ်ရှားရတော့မှာမို့ပါ"

မြင်းမြီးကြာပွတ်ကို ဖျတ်ခနဲဝင့်လိုက်သည်။ ကြာပွတ်ပိုးမျှင်များ ဓားရိပ်တစ်သောင်းအဖြစ် အသွင်ပြောင်း၍ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ အဆုံးစမဲ့ရွှေရောင်ဓားစွမ်းအင်များ ထုတ်လွှတ်နေသည်။ ကျလာသည့်ဖိအားနှင့် တန်းတစွမ်းအားရှိသည်။

မြို့ထဲမှလူများ ဖိအားဒဏ် မခံစားရတော့။

"မျက်စိရှန်းသွားတာပဲ။ ပိုးကောင်တစ်ကောင်ခိုးဝင်လာတာ မမြင်လိုက်ဘူး"

ဖိအားထုတ်လွှတ်သည့် ကောင်းကင်မှလူက ဝစီပိတ်ကို အေးစက်စက်စိုက်ကြည့်နေသည်။

စက္ကူကြိုးကြာ ဝစီပိတ်ဆီ‌ ပျံသန်းလာသည်ကိုမြင်မှ ဝစီပိတ်ရှိနေကြောင်းကို သူသိသည်။ သို့သော် ဝစီပိတ်မည်မျှစွမ်းအားကြီးသည်ဖြစ်စေ စုစည်းခြင်းအဆင့်သာဖြစ်သည်။ အန္တရာယ်မပေးနိုင်။

ဝစီပိတ် ကြောက်ရွံ့သည့်အရိပ်မျိုး လုံးဝမရှိ။ ကောင်းကင်သို့ပျံတက်သွားပြီး မဟာယုကျင့်ကြံသူကို ရင်ဆိုင်သည်။

လက်ကို ကောင်းကင်သို့ မြှောက်လိုက်သည်။ ဓားရိပ်တစ်သောင်းက လျှပ်စီးရောင်တောက်ပနေသည့် အဓိပဓိဓားတစ်လက်အဖြစ် ပေါင်းစပ်သွားပြီး သူ့လက်ထဲသို့ရောက်လာသည်။

"ဓားတစ်သောင်း ဌာနေပြန်စွမ်းအားလား..."

မဟာယုစွမ်းအားရှင် နည်းနည်းအံ့ဩသွားသည်။ ဓားကျင့်ကြံသူများ အလေးအမြတ်အထားကြဆုံးဓားကွက်ကို ဤနေရာတွင် တွေ့ရမည်ဟု သူမျှော်လင့်မထား။

"ငါက တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။ မင်းက ဘယ်သူလဲ"

"ငါ့ကို အရုဏ်အရှင်လို့ခေါ်နိုင်ပါတယ်"

ဝစီပိတ် မျက်လုံးမှေးစင်းသွားသည်။ သမိုင်းမှတ်တမ်းများအရ အရုဏ်အရှင်သည် မဟာယုအစောပိုင်းခေတ်မှ ကူးဖြတ်ခြင်းအလတ်တန်းဆင့် ကျင့်ကြံသူဖြစ်သည်။

သူမယှဉ်နိုင်။

အဓိပဓိဓားကို ကိုင်လိုက်သည်နှင့် မြို့ထဲမှ သတ္တုပစ္စည်းများ လက်နက်များအားလုံး အသံထွက်လာသည်။ ဝစီပိတ်ဆင့်ခေါ်မှုကို တုံ့ပြန်သယောင် သို့မဟုတ် ဤဓားသခင်ကို အရိုအသေပြုနေကြသယောင် ထင်ရသည်။

မြို့ထဲမှသတ္ထုပစ္စည်းများ အော်မြည်သံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။

ဓားသွားကထက်မြက်သည်။ သက်တန့်လိုအလင်းဖြာသည်။ ရေခဲလိုအေးစက်သည်။ ကောင်းကင်သို့ ဦးတည်နေသည်။ ပြင်းထန်သည့်လူသတ်ရိပ် ထွက်ပေါ်နေသည်။

ဓားပညာနာမည်တစ်ခုကို ဝစီပိတ်ဖြေးညှင်းစွာ ရေရွတ်လိုက်သည်။

"ကောင်းကင်ဂိတ်ကိုဖွင့်တဲ့ဓား"

ဓားရိပ်က ရေတံခွန်လို့ ကျဆင်းလာသည်။ အဆုံးစမဲ့လူသတ်စွမ်းအင်များကြောင့် ကောင်းကင်တစ်ခုလုံး တုန်ခါနေသည်။ အရုဏ်အရှင်ဆီ ဦးတည်ထိုးဆင်းလာသည်။

ဓားစွမ်းအားကိုကြည့်၍ အရုဏ်အရှင် ဆံပင်များထောင်သွားပြီး အချိန်မီရှောင်တိမ်းလိုက်ရသည်။

"ဘုန်း"

ဓားစွမ်းအင်ကြောင့် ကောင်းကင်စည်းးမျဉ်အကာအကွယ် ကြေမွပျက်စီးသွားသည်။ ကောင်းကင်တစ်ခုလုံး တုန်ခါသွားပြီး တိမ်တိုက်များ ‌ပျောက်ကွယ်သွားသည်။ တိန်ရှင်းမြို့အထက်ကောင်းကင် ကြည့်လင်လာသည်။ တောက်ပသည့်နေမင်းက သန်းချီသည့်မြို့သူမြို့သားများကို ငုံ့ကြည့်နေသည်။

အရုဏ်အရှင် ထိတ်လန့်သွားသည်။ ထိုစွမ်းအားသည် စုစည်းခြင်းအဆင့်တစ်ယောက် ထုတ်သုံးနိုင်သည့် အတိုင်းအတာမျိုးမဟုတ်။

"ကိစ္စမရှိပါဘူးလေ။ မင်းဒီဓားချက်မျိုး ဘယ်နှကြိမ်သုံးနိုင်မှာမို့လဲ"

ထိုစွမ်းအားမျိုးကို နှစ်ကြိမ်သုံးကြိမ်သာ သုံးနိုင်သည်။ သုံးပြီးလျှင် စုစည်းခြင်းကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားမည်။ သူ့ကို ဒုက္ခမပေးနိုင်။

"ငါဒါမျိုးကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထုတ်သုံးနိုင်တယ်ကွ"

ဝစီပိတ်အော်ဟစ်ရယ်မော၍ ကောင်းကင်ဖွင့်ဓားချက်ဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်သည်။ အရုဏ်အရှင်အငိုက်မိသွားပြီး လှုပ်ရှားမှု နည်းနည်းနှေးသွားသည်။ သူ့လက်တစ်ဘက် ချက်ချင်းပြတ်ထွက်သွားသည်။

လက်ပြတ်မှ ဓားစွမ်းအင်မျာ ထိုးထွက်လာပြီး မြူမှုန့်များအဖြစ် ကြေမွပျက်စီးသွားသည်။

"မင်းသေချင်နေတာပဲ"

အရုဏ်အရှင် ဒေါသထွက်သွားသည်။ စုစည်းခြင်းအဆင့်တစ်ယောက်ကြောင့် သူလက်ပြတ်သွားသည်။ ထိုသတင်းပြန့်သွားလျှင် ကျင့်ကြံသူလောကတွင် သူဘယ်လိုမျက်နှာပြရမည်နည်း။

"အဆူရာပုံရိပ်စွမ်းအား"

ခေါင်းသုံးလုံးလက်ခြောက်ခု အဆူရာပုံရိပ်က သူ့နောက်ဘက်တွင် ပေါ်လာသည်။ ဗုံတစ်ခု၊ မျှော်စင်တစ်ခု၊

သူတို့နှစ်ယောက် အပြင်းအထန် တိုက်ခိုက်ကြသည်။ ကောင်းကင်တစ်ခုလုံး မှောင်မဲသွားသည်။ နေ့မှ ညအဖြစ် ပြောင်းလဲသွားသည်။ လေဟာနယ်များ ပေါက်ကွဲလိုက် ပြန်ဖွဲ့စည်းလိုက် ဖြစ်နေသည်။

တိုက်ပွဲအရှိန်မြင့်လာလေ အရုဏ်အရှင် ပိုသတိထားလာလေဖြစ်သည်။ သူနှင့်လက်ရည်တူယှဉ်နိုင်သည့် စုစည်းခြင်းကျင့်ကြံသူမျိုး တစ်ခါမှမကြုံခဲ့ဖူး။

သို့သော် ဝစီပိတ် ထိုအခြေအနေကို ကြာကြာမထိန်းနိုင်။ လေးငါးကြိမ်တိုက်ခိုက်ပြီးနောက် အရုဏ်အရှင်က အဆူရာပုံရိပ်ဖြင့် ဝစီပိတ်၏ခံစစ်ကို ထိုးဖောက်သည်။ ဝစီပိတ်၏စွမ်းအင်ရောင် လျင်မြန်စွာ လျော့ပါးလာသည်။

"ငါ့ကို ဒီလောက်ထိ ဖိအားပေးနိုင်တာ မင်းဂုဏ်ယူသင့်ပါတယ်။ အခုသေလိုက်တော့"

အဆူရာလက်ခြောက်ခု တစ်ပြိုင်တည်း တိုက်ခိုက်သည်။ ကောင်းကင်ပြစ်ဒဏ်ကဲ့သို့ပင် တားဆီး၍မရ။

"မဟာရှားကျင့်ကြံသူကို မင်းကဒုက္ခပေးရဲတယ်ပေါ့"

မနီးမဝေးမှ အော်ဟစ်ကြုံးဝါးသံပေါ်လာသည်။ အသံစွမ်းအားက အရုဏ်အရှင်၏ လှုပ်ရှားမှုများကို ပိတ်ဆို့တားဆီးသည်။

ဝစီပိတ်က သွေးတစ်ပွက်အန်ထုတ်၍ ရောက်လာသည့်လူသစ်ကိုကြည့်ပြီး ရယ်လိုက်သည်။

"နှေးလိုက်တာကွာ။ မင်းသာဒီထက်သာနောက်ကျရင် ငါကောင်းကင်ကိုတက်သွားလောက်ပြီ"

ဝစီပိတ် သူ့ဘာသာရေရွတ်နေသည်။

"မင်းကဘယ်သူလဲ"

အရုဏ်အရှင် လူသစ်ကိုစိုက်ကြည့်သည်။ အော်သံတစ်ချက်ဖြင့် သူ့ကိုတားနိုင်သည်ဆိုလျှင် ကျင့်စဉ်စွမ်းအားက သူ့ထက်မြင့်နေသည့်သဘောဖြစ်သည်။

"လော်ရွှေတပ်ရဲ့ ကိုးနန်းတော်အဖွဲ့ခေါင်းဆောင် ချန်ထောင်ပါ"

All Chapters