← Chapters

လွတ်သွားသည့်အခွင့်အရေး

Vol. 31 Ch. 464

လွတ်သွားသည့်အခွင့်အရေး

Vol. 31 Ch. 464

တာအိုရှင်ဝစီပိတ် ယွမ်ကျိ၏စာကိုရကတည်းက အကြောင်းအရာကို တွက်ချက်သုံးသပ်ပြီးဖြစ်သည်။

တိုက်ပွဲကို ရှောင်လွှဲမရနိုင်။ မဟာယုကူးဖြတ်ခြင်းကျင့်ကြံသူတစ်ယောက်ကို သူယာယီထိန်းထားနိုင်သော်လည်း ရေရှည်တိုက်ခိုက်လျှင် သေချာပေါက်အရေးနိမ့်မည်။

တော်ဝင်ံရုံးတော်နှင့် မသေမျိုးငါးဂိုဏ်းမှ စွမ်းအားရှင်များကို လွှတ်လိုက်ပြီဟု စာထဲတွင်ပြောထားသည်။ သူ့တာဝန်က တိုက်ပွဲအစပျိုးပြီး တစ်ခြားစွမ်းအားရှင်များ အာရုံခံနိုင်အောင်လုပ်၍ တပ်ကူ‌ရောက်လာချိန်အထိ ထိန်းထားဖို့ဖြစ်သည်။

"စီနီယာချန်ထောင်"

အရုဏ်အရှင်နှင့် တိုက်ခိုက်‌နေသည့်လူကိုကြည့်၍ ဝစီပိတ် စိတ်ချသွားသည်။

လော်ရွှေတပ်ဖွဲ့သည် ဂိုဏ်းမဲ့ကျင့်ကြံသူများ ရှေးဟောင်းကျင့်ကြံသူများကို ရင်ဆိုင်ဖြေရှင်းရန် သီးခြားတာဝန်ယူထားသည့် အဖွဲ့အစည်းဖြစ်သည်။ တပ်ဖွဲ့မှ စွမ်းအားအကြီးဆုံးကိုးယောက်ကို "ကိုးနန်းတော်ဟု"သိကြသည်။ ချန်ထောင်က ခေါင်းဆောင်ဖြစ်သည်။ ခန့်မှန်းမရ‌နိုင်လောက်အောင် စွမ်းအားကြီးသည်။

ဝါစဉ်အရ ဝစီပိတ်၏ဆရာထက်ပင် မျိုးဆက်တစ်ဝက်စာ စောသေးသည်။ ရှေးဟောင်းစွမ်းအားရှင်အစစ်ဖြစ်သည်။

ချန်ထောင်ကို ပို့လိုက်ခြင်းသည် မဟာယုကျင့်ကြံသူများကိစ္စကို ရုံးတော်က ဘယ်လောက်အလေးထားကြောင်း သိသာနေသည်။

"ထွီ"

ဝစီပိတ် သွေးများထွေးထုတ်ရင်း နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေသည်။ တစ်ကိုယ်လုံး အပိုင်းပိုင်းပြတ်ထွက်တော့မလို ခံစားနေရသည်။

တိုက်ခိုက်စဉ်က သူ့ဓားစွမ်းအင်ဖြင့် ခန္ဓာကိုယ်ကိုထောက်ပံ့၍ စွမ်းအားယာယီမြှင့်ထားခဲ့သည်။ ယခု ဓားစွမ်းအင်များ ကုန်ခမ်းသွားသဖြင့် သူ့ဒဏ်ရာများ ထကြွလာသည်။

သွေးကြောဆုံတိုင်းမှ သွေးများထွက်ကျလာသည်။ သိပ်မကြာမီ သူ့ဝတ်ရုံတစ်ခုလုံး သွေးချင်းချင်းနီသွားသည်။

"တကယ်ကြမ်းတမ်းတဲ့ တိုက်ပွဲပဲ"

ဝစီပိတ် ခပ်တိုးတိုးရေရွတ်သည်။ ထိပ်တန်းဆေးလုံးတစ်ချို့ အင်္ကျီလက်ထဲမှ ဆွဲထုတ်လိုက်သည်။ မွှေးပျံသည့်ရနံ့တစ်မျိုးထွက်ပေါ်နေသည်။ အားလုံးကိုတစ်ခါတည်းမျိုချလိုက်သည်။

သူ့ဒဏ်ရာများ တဖြေးဖြေးပြန်လည်ပျောက်ကင်း၍ နေသာထိုင်သာရှိလာသည်။

"ခန္ဓာကိုယ်ကိုသန့်စင်မည်။... ဝတ်ရုံကိုသန့်စင်မယ်"

သန့်စင်ခြင်းမှော်ပညာများ သုံးလိုက်သည်။ ဝတ်ရုံက သွေးစွန်းကွက်များ ပျောက်ကွယ်၍ အသစ်စစ်စစ်လို အရောင်တောက်လာသည်။

"အကိုခုနစ်ရဲ့ဆေးလုံးတွေက တကယ်ထိရောက်တာပဲ"

ထိုဆေးလုံးများသည် အကြီးအကဲခုနစ်သန့်စင်ပေးသည့် ရှားပါးဆေးလုံးများဖြစ်သည်။ ဆေးဘုရင်လေးများ၏အမြစ်ဖြင့် ဖော်စပ်ထားသည်။ တန်ဖိုးဖြတ်၍မရ။ စုစည်းခြင်းအဆင့် လေလံပွဲများတွင်သာ ရောင်းချသည်။

မကြာခဏခရီးထွက်ရသည်ဖြစ်၍ အသက်ကယ်ဆေးလုံးများ သူအမြဲဆောင်ထားသည်။

"လော်ရွှေတပ်က ချန်ထောင်..."

အရုဏ်အရှင် ရုတ်တရက်ပေါ်လာသည့် စွမ်းအားရှင်ကို သတိဖြင့်စိုက်ကြည့်နေသည်။ မပေါ့ဆရဲ။

ထိုလူထံမှ ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကို သူခံစားနေရသည်။

'ပြေးမှဖြစ်မယ်'

ဤနေရာသည် မလုံခြုံတော့။ သူအမြန်ဆုံးထွက်ပြေးရမည်။

"မင်းဘယ်ပြေးမလို့လဲ"

နောက်ထပ်စကားသံတစ်ခု အရုဏ်အရှင်နောက်ကျောဘက်မှ ပေါ်လာသည်။

အရုဏ်အရှင် ချက်ချင်းလှည့်ကြည့်သည်။

နောက်ထပ်ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်။

အောက်ဘက်မြေပေါ်တွင်ရှိနေသည့် ဝစီပိတ်က ထိုလူသစ်လည်း ကိုးနန်းတော်အဖွဲ့ဝင်ဖြစ်ကြောင်း သိနေသည်။

"လော်ရွှေတပ်မှာ ကူးဖြတ်ခြင်းအဆင့်သုံးယောက်ရှိတယ်။ ရုံးတော်က နှစ်ယောက်လွှတ်လိုက်တယ်ဆိုတော့ တကယ်အင်အားကုန်ထုတ်သုံးတဲ့သဘောပဲ"

လူများများရောက်လာလေ ဝစီပိတ်ပျော်လေဖြစ်သည်။ အရုဏ်အရှင်လွတ်မြောက်နိုင်ခြေ ပိုနည်းသွားသည်။

အသစ်ရောက်လာသူက အရုဏ်အရှင်ကို တုံ့ပြန်ချိန်မပေး။ လေဟာနယ်ထဲမှ သံကြိုးနှင့်တူသည့် မှော်စွမ်းအင်အလင်းတန်းများ ချက်ချင်းထိုးထွက်လာပြီး အရုဏ်အရှင်ကို အရှင်ဖမ်းဆီးရန်ကြိုးစားသည်။

အခြေအနေပိုဆိုးဝါးလာကြောင်း အရုဏ်အရှင်ရိပ်စားမိသည်။ ထိုးဆင်းလာသည့် မှော်စွမ်းအင်ကြိုးများက ထိုလူ၏ မှော်စွမ်းအားကျွမ်းကျင်မှုကို သက်သေခံနေသည်။

ထိုကြိုးများဖြင့် ရစ်ပတ်ခံရလျှင် သူအချိန်တိုအတွင်း ရုန်းထွက်နိုင်မည်မဟုတ်။

ကောင်းကင်သို့ထိုးတက်၍ စုစည်းခြင်းအဆင့်နှစ်ယောက်၏ စက်ကွင်းမှ ဖောက်ထွက်ရန် ကြိုးစားသည်။

"ပြေးချင်တယ်ပေါ့။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့သဘောထားကို မင်းမေးခဲ့လို့လား"

လောင်ပါး၏အသံ အရုဏ်အရှင်၏အထက်မှ ပေါ်လာသည်။ ခြေထောက်ဖြင့်ဆောင့်နင်းသည်။

လောင်ပါးက တိန်ရှင်းမြို့ကို ကာကွယ်သည့် မှော်စက်ဝန်းဗဟိုတွင်ရပ်နေသည်။ တတိယအကြီးအကဲနှင့် တစ်ခြားလူများက မှော်စက်ဝန်း၏ ခုနစ်စဉ်ကြယ်နေရာတွင် နေရာယူထားသည်။

ခုနစ်စဉ်ကြယ်ဝန်းရံထားသည့် ဓူဝံကြယ်မှော်စက်ဝန်းဖြစ်သည်။

အရုဏ်အရှင် လောင်ပါးတို့စုကြားသို့ အရောက်မခံဘဲ အဆူရာပုံစံဖြင့် လေဟာနယ်ကိုထိုးခွဲလိုက်သည်။

လေဟာနယ်အက်ကြောင်းထဲဝင်ရန် ပြင်နေစဉ် အက်ကြောင်းထဲမှ စကားသံတစ်ခု ပေါ်လာသည်။

"ထောင်ချုပ်ဂိုဏ်းကို မင်းက မျက်လုံးထဲမထည့်တဲ့သဘောလား"

လေဟာနယ်အက်ကြောင်းထဲမှ ကျန်းအင်ပါယာ၊ ရွှေတောင်ပံဂဠုန်၊ ကပ်ဆိုးသားရဲစသည့်... ရှေးဟောင်းသားရဲများစွာ ထွက်ပေါ်လာသည်။ တောင်ကုန်းများအရွယ်အစားရှိသည်။ ကြောက်စရာရှေးဟောင်းခေတ်စွမ်းအင်ရောင်ကို ထုတ်လွှတ်နေသည်။

စွမ်းအားကြီး လူရှစ်ယောက် အက်ကြောင်းထဲမှ ထွက်လာသည်။ သူတို့ခန္ဓာကိုယ်တွင် ရှေားဟောင်းသားရဲပုံ ဆေးမင်ကြောင်များရှိသည်။

ထောင်ချုပ်ဂိုဏ်း၏ ဆေးမင်ကြောင်ကျင့်စဉ်စွမ်းအားဖြစ်သည်။

"ငါတို့ ဓာတ်ငါးမျိုးဂိုဏ်းလည်းရှိတယ်ကွ....

"လသံလွင်နန်းတော်လည်းရှိတယ်..."

"စွန်စီးဘုံကျောင်းလည်းရှိတယ်..."

စွန်စီးဘုံကျောင်းမှ လူတစ်ယောက်သာ လွှတ်သည်။ ဘုံကျောင်းထိန်းကိုယ်တော်ဖြစ်သည်။ သူ့တိုက်ခိုက်စွမ်းအားက ချိုးကျင်အန်းထက်မနိမ့်။

ရုံးတော်မှ စေလွှတ်သည့် ပြည်သူကျင့်ကြံသူများ စစ်တပ်အရာရှိများလည်း ရောက်လာသည်။ တိုက်ခိုက်ရေးစိတ်ဓာတ်အပြည့်ဖြင့် တိုက်ပွဲဝင်ရန် အသင်ပြင်ကြသည်။

လော်ရွှေတပ်မှ အမြင့်ဆုံးအဖွဲ့ဝင်နှစ်ယောက်၊ မသေမျိုးငါးဂိုဏ်းမှ စုစည်းခြင်းအဆင့်ကျင့်ကြံသူများ အပါအဝင် စုစုပေါင်း စုစည်းခြင်းအဆင့်ကျင့်ကြံသူ လေးဆယ်ကျော်ရှိသည်။

သူတို့အားလုံးသည် သာမန်စုစည်းခြင်းကျင့်ကြံသူများထက် များစွာပိုစွမ်းအားကြီးသည်။

ဝူယွီထောင်တို့သုံးယောက် ဤနေရာသို့ရောက်လာလျှင်ပင် မဟာယုအဖွဲ့ ယှဉ်နိုင်မည်မဟုတ်။

နိုင်ငံ့ကံကြမ္မာစွမ်းအားရ၍ ဝူယွီထောင်၏ ကျားနဂါးပုံရိပ်ကို အပြည့်အဝအသွင်ပြောင်းနိုင်လျှင်လည်း ထိုအင်အားကို ယှဉ်နိုင်မည်မဟုတ်။

နောက်ထပ် ဟန်ရွှေ့ပြဿနာမျိုး မဖြစ်အောင်တားဆီးရန် ရုံးတော်နှင့်ဂိုဏ်းများက လူအမြောက်အများလွှတ်၍ ကျိပြည်နယ်အန္တရာယ်ကို ရှင်းခိုင်းသည်။

ထွက်ပေါ်လာသည့် ဘယ်မဟာယုကျင့်ကြံသူမဆို တော်ဝင်လမ်း၏ စုပေါင်းတိုက်ခိုက်မှုကို ခံရမည်။

ထိုနည်းတူစွာ...တာအိုရှင်ဝစီပိတ်လည်း ဤလူများရှေ့တွင် ဆက်မနေရဲ။

တိန်ရှင်းမြို့ခံများ ထိုမြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူးကြ။ ဘယ်သူက ကူးဖြတ်ခြင်းအဆင့် ဘယ်သူက စုစည်းးခြင်အဆင့် မခွဲခြားနိုင်ကြ။ ထိုလူများသည် မြို့တော်သခင်ထက်စွမ်းအားကြီးကြောင်းပင် သူတို့မသိကြ။

မြို့တော်သခင်က လေဟာနယ်သန့်စင်အဆင့်သာရှိသည်။

သို့သော် ဘယ်လိုဖြစ်ဖြစ် သူတို့ဝမ်းသာသည်။ အော်ဟစ်ခုန်ပေါက်၍ အားပေးနေသည်။ အရုဏ်အရှင်နှိပ်စက်သည့်ဒဏ်ကို သူတို့အတော်ကြာအောင် ခံခဲ့ရသည်။

စည်းမျဉ်းနည်းနည်းချိုးဖောက်လျှင်ပင် အသတ်ခံရသည်။ နေ့တိုင်းရင်တထိတ်ထိတ်ဖြင့် နေခဲ့ရသည်။

"ဆိုင်ရှင်၊ ကျုပ်သွားတော့မယ်"

မင်သက်မိနေဆဲဖြစ်သည့် လက်ဖက်ရည်ဆိုင်ရှင်ကို ဝစီပိတ်နှုတ်ဆက်လိုက်သည်။

ဆိုင်ရှင်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သိပ်တော့စွမ်းအားမမြင့်။ တိန်ရှင်းမြို့တော်တွင် အပျင်းပြေလက်ဖက်ရည်ဆိုင်ဖွင့်ထားသူဖြစ်သည်။

ယခုမြင်နေရသည့် ကျင့်ကြံသူများသည် မြို့တော်သခင်ထက် ပိုစွမ်းအားကြီးကြောင်း၊ ကျင့်ကြံသူလောက၏ ထိပ်သီးစွမ်းအားရှင်များဖြစ်နိုင်ကြောင်း သူနည်းနည်းရိပ်စားမိသည်။

နှစ်တစ်ရာအတွင်း ထိပ်သီးကျင့်ကြံသူများ ပူးပေါင်းလှုပ်ရှားသည့်အဖြစ်မျိုး မရှိခဲ့ဖူး။ မြင်နေရသည့်မြင်ကွင်းကို သူမယုံနိုင်သေး။

"အာ..ခင်ဗျားသွားတော့မှာလား"

ဝစီပိတ်ကို သူဆက်နေစေချင်သည်။ ခုနကပင် ဝစီပိတ်သည် ပြတ်သားသည့်စိတ်ဓာတ်ဖြင့် သေခြင်းတရားကိုရင်ဆိုင်မည်ဟုပြောသည်။ အရုဏ်အရှင်ကို အဆုံးထိတိုက်ခိုက်ရန် အသင့်ပြင်နေခဲ့သည်။

ယခု တိန်ရှင်းမြို့တော် အန္တရာယ်မရှိနိုင်တော့။ သူဘာကြောင့် ထွက်သွားမည်နည်း။

"ကျုပ်အခုထွက်မသွားရင် ဘယ်‌တော့မှထွက်သွားနိုင်တော့မှာမဟုတ်ဘူး"

ဝစီပိတ် ထပ်ရှင်းမပြတော့။ အားလုံးက အရုဏ်အရှင်ကို အာရုံစိုက်နေချိန်တွင် အသာလစ်ထွက်သွားသည်။

"သူ့ကိုအရှင်ဖမ်းကြ"

ချန်ထောင်က ခေါင်းဆောင်နေရာယူ၍ အမိန့်ပေးသည်။

သူ့လက်ညှိုးထိပ်ကို ကိုက်လိုက်သည်။ ရွှေရောင်သွေးစက်များ လွင့်ပျံလာပြီး မှော်လက်နက်မျးအသွင်ပြောင်း၍ အရုဏ်အရှင်ပေါ်သို့ မိုးရွာကျလာသည်။

"သခင်ချန်ထောင်ရဲ့ မှော်လက်နက်တစ်ရာစွမ်းအားကို မမြင်ရတာ အတော်ကြာခဲ့ပြီ"

တစ်ခြားဂိုဏ်းဝင်များ တအံ့တဩရေရွတ်၍ ချန်ထောင်နှင့်အတူ ပူးပေါင်းကြသည်။ တိုက်ခိုက်နည်းစုံသုံးကြသဖြင့် အရုဏ်အရှင် ပြန်တိုက်ခိုက်ဖို့ လုံးဝအခွင့်အရေးမရ။

နောက်ဆုံးတွင် မှော်စွမ်းအင်သံကြိုးများ ရစ်ပတ်တုပ်နှောင်ခံလိုက်ရသည်။ သူ့ကျင့်စဉ်စွမ်းအားကို လည်ပတ်၍မရတော့။

"နောက်ဆုံးတော့ တစ်ယောက်တော့မိပြီပေါ့ကွာ"

ချန်ထောင် လှောင်ပြုံးပြုံးနေသည်။ မဟာယုကျင့်ကြံသူအားလုံးကို တာအိုလမ်းစဉ်ဂိုဏ်းကသာ ဖမ်းမိခဲ့သည်။ ယခုမှ ရုံးတော်အလှည့်ရောက်လာသည်။

"ဒါနဲ့ အစောပိုင်းက အရုဏ်အရှင်နဲ့အတူ တစ်ယောက်ချင်းတိုက်နေတဲ့လူ ဘယ်ရောက်သွားတာလဲ"

ချန်ထောင်ရောက်ကတည်းက အရုဏ်အရှင်ကိုသာ အာရုံစိုက်နေခဲ့သည်။ အရုဏ်အရှင်နှင့်တိုက်ခိုက်နေသူကို ဘယ်သူမှန်းမသိလိုက်။

"မြို့တော်သခင်ကိုမေးလေ။ သူမြင်ခဲ့လောက်တယ်"

လောင်ပါးက အကြံပြုသည်။

ကိုယ့်ထက်စွမ်းအားများစွာမြင့်မားသည့် ကျင့်ကြံသူများက ဝိုင်းကြည့်နေသဖြင့် မြို့တော်သခင် တုန်လှုပ်သွားသည်။ သူ့ဝိညာဉ်စွမ်းအားဖြင့် မျက်နှာတစ်ခု ဖန်တီးလိုက်သည်။ အားလုံးသိနေကြသည့် မျက်နှာဖြစ်သည်။

"သောက်ရေးထဲကွာ။ ဝစီပိတ်ဆိုတဲ့ကောင် လွတ်သွားပြန်ပြီ"

အားလုံး မကျေမချမ်း ကျိတ်မနိုင်ခဲမရဖြစ်သွားကြသည်။ အခွင့်အရေးကြီးတစ်ခု လက်လွတ်သွားသလို အမူအရာမျိုး ဖြစ်နေသည်။

ဝစီပိတ်သာ ဤနေရာတွင် ဆက်ရှိနေလျှင် လက်စားချေဖို့ မဟာအခွင့်အရေးကြီး ဖြစ်လိမ့်မည်။

"ဒီအရုဏ်အရှင်ဆိုတဲ့ကောင်ကို မှတ်လောက်အောင်ဆော်ကြကွာ။ သူ့ကြောင့်သာမဟုတ်ရင် ဟိုကောင်ဝစီပိတ်ကို လွတ်သွားမှာမဟုတ်ဘူး"

အရုဏ်အရှင် "..."

မဟာရှားကျင့်ကြံသူများသည် အချင်းချင်း ချစ်ခင်စည်းလုံးကြသည်ဟု သူထင်ခဲ့သည်။

ယခု ကြည့်ရသည်မှာ ထိုသို့ဟုတ်ပုံမရ။

All Chapters