← Chapters

ဆမ်ဆောင်း လျှို့ဝှက် စစ်ဆင်ရေးအဖွဲ့

Vol. 3 Ch. 294

ဆမ်ဆောင်း လျှို့ဝှက် စစ်ဆင်ရေးအဖွဲ့

Vol. 3 Ch. 294

တန်းရှန်းရွယ်မှာ စိတ်ရှုပ်ထွေး စွာဖြင့် ပြန်သွားခဲ့ပြီ ဖြစ်၏။ ချန်းဖန်က တန်ကြေး တစ်ခု တောင်းဆိုသော်လည်း ထိုအရာက သူ့အနေအထားဖြင့် သဘောတူညီမှု ပြုလုပ်ရန် ခက်ခဲသည်။ ချန်းဖန် တောင်းဆိုသော အရာက တစ်သက်တာ လွတ်ငြိမ်း ချမ်းသာခွင့်ပင် ဖြစ်သည်။

ချန်းဖန် စုကျောင်းကို ပြန်လွှတ်၍ ယုချင်နှင့် အတူ ကျန်ရစ်ခဲ့သည်။ အခြား လူအားလုံး ထွက်ခွာ သွားသည်နှင့် ယုချင်က ...

"ဆရာချန်း … ကျွန်မမှာ ရှင်သန်ခြင်း ရေစင်နဲ့ ပတ်သက်တဲ့ အချက်အလက် အချို့ရှိတယ်"

"ဘာများလဲ …"

ချန်းဖန်က မေးသည်။

"လွန်ခဲ့တဲ့ သုံးလက စလို့ ရှင့်ရဲ့ ရှင်သန်ခြင်း ရေစင်အတွက် သူလျှိုတွေ အများကြီး တရုတ်ကို ဝင်လာတယ်။ ကျင်းမြို့တော်ကို ရောက်နေတဲ့ သူလျှိုတွေတောင် အများကြီးပဲ"

ယုချင်က လက်ထဲရှိ စာဖိုင်ကို လှန်လှောရင်း ပြောသည်။

"ဥပမာ … မစ္စတာ လီဟွန်ဘင်က အဲဒီထဲက တစ်ယောက်ပေါ့"

ယုချင်က ပြောရင်း ဖိုင်တွဲထဲမှ ပုံကိုပြသည်။ ချန်းဖန် ကြည့်လိုက်သည်နှင့် မိန်းမဆန်ဆန် ချောမော လှပသော လူငယ်ကို မြင်သည်။ သူက ကျောင်းယို့ယို့၏ ရည်းစား အသစ် လီဟွန်ဘင်ပင်။

"လွန်ခဲ့တဲ့ ရက်က သူ့ကို ငါတွေ့ဖူးတယ်"

ချန်းဖန်က ခေါင်းညိတ် လိုက်သည်။

"စာရွက်ပေါ် မှာတော့ သူက ဆမ်ဆောင်းဂရုရဲ့ စီအိုးအိုပဲ။ လီမိသားစု ခေါင်းဆောင် လီဂျန်ဟိုင်ရဲ့တူ လီမိသားစုဝင် တစ်ဦးပေါ့။ ဒါပေမဲ့ တကယ်တော့ သူက ဆမ်ဆောင်း လျှို့ဝှက် စစ်ဆင်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် ထပ်ဆုံးအဆင့် အရှင်သခင် တစ်ဦးပဲ"

ယုချင်က ရှင်းပြသည်။

"ဆမ်ဆောင်း လျှို့ဝှက် စစ်ဆင်ရေး … နောက်ပြီး ထိပ်ဆုံးအဆင့် အရှင်သခင် ဆိုတာကရော ဘာလဲ"

ချန်းဖန်က မျက်ခုံး နှစ်ဖက်ကို ကြုတ်ရင်း မေးသည်။

"ဆမ်ဆောင်း လျှို့ဝှက် စစ်ဆင်ရေး ဆိုတာက ဆမ်ဆောင်း လုပ်ငန်းစုရဲ့ အထူး အဖွဲ့တစ်ခု ပဲလေ။ အဲဒီ အဖွဲ့က ကုမ္ပဏီ အာဏာ တည်မြဲဖို့ သဘာဝလွန် စွမ်းအားရှိတဲ့ လူတွေနဲ့ ဖွဲ့စည်း ထားတယ်။ အချက်အလက်တွေ အရဆိုရင် အနည်းဆုံး ကိုရီးယားရဲ့ သမ္မတ တစ်ယောက်က ဆမ်ဆောင်း လျှို့ဝှက် စစ်ဆင်ရေး အဖွဲ့ရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရတယ်"

ယုချင်က ရှင်းပြသည်။

ထိုအချက်အလက်က ချန်းဖန်အား အံ့အား သင့်စေခဲ့သည်။

ဆမ်ဆောင်း လုပ်ငန်းစုမှာ အလွန် ကြီးမားသည့် ကုမ္ပဏီကြီး ဖြစ်သည်။ ထိုအရာက ကိုရီးယား ဂျီဒီပီ၏ ဆယ်ပုံတစ်ပုံကို သိမ်းပိုက်ထားပြီး ဒေါ်လာ ဘီလီယံရာချီ တန်ကြေးရှိသည်။ လုပ်ငန်းစုတွင် ကုမ္ပဏီကြီး လေးခု ပိုင်ဆိုင်တာ ထိုတစ်ခုချင်း စီက ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီငါးရာ စာရင်း ဝင်သည်။ ဆမ်ဆောင်း အုပ်စု၏ လွှမ်းမိုးမှုက ကျန်းမိသားစုထက် အနည်းဆုံး ဆယ်ဆ ပိုမို သာလွန်သည်။

ထို့ကြောင့်ပင် ကိုရီးယားအား ဆမ်ဆောင်းက ပိုင်သည်။ ဆမ်ဆောင်းကို လီမိသားစုက ပိုင်သည် သော ဆိုရိုးစကား တစ်ခု ကိုရီးယားတွင် ရှိသည်။

"ထိပ်ဆုံးအဆင့် အရှင်သခင် ဆိုတာ အရှင်သခင်တွေ အတွက် သတ်မှတ်ထားတဲ့ အဆင့်တွေပေါ့။ အဆင့်နိမ့် ဆိုရင် အတွင်းအား အစပျိုး အဆင့်နဲ့ ညီမျှတယ်။ အလယ်ဆင့် ဆိုရင် အတွင်းအား ထူးခြား အဆင့်နဲ့ ညီတယ်။ ထိပ်သီး အဆင့်က အတွင်းအား ထိပ်သီး အဆင့်ပေါ့။ အဆင့်လွန် ဆိုရင်တော့ အထွတ်အထိပ်နဲ့ ညီတယ်။ ထိပ်ဆုံးအဆင့် ကတော့ ထိပ်သီး အဆင့်နဲ့ အဆင့်လွန် အဆင့်ကြားမှာ ရှိတဲ့ အရှင်သခင်တွေကို ရည်ညွှန်းတာ။ အထွတ်အထိပ် တစ်ပိုင်း အဆင့်နဲ့ အတူတူပဲလို့ ဆိုရမယ်"

ယုချင်က ရှင်းပြသည်။

"အဲဒီလိုဆို လီဟွန်ဘင်က အစွမ်းထက်တဲ့ အရှင်သခင် တစ်ယောက် ပေါ့လို့ မင်းပြောချင် တာပေါ့"

ချန်းဖန်က မေးလိုက်သည်။

ဆမ်ဆောင်း လုပ်ငန်းစု မည်မျှပင် အစွမ်း ထက်ပါစေ။ ချန်းဖန်ကမူ ကြောက်ရွံ့ခြင်း မရှိပေ။ ချန်းဖန် အနေဖြင့် ဟောင်ဂိုဏ်း ကဲ့သို့သော အင်အားကြီး အဖွဲ့ကြီးကိုပင် သုတ်သင် နိုင်စွမ်း ရှိရာ ဆမ်ဆောင်း အဖွဲ့က မပြောလောက်ပေ။

"ဒါပေမဲ့ လီဟွန်ဘင်က ဆမ်ဆောင်း လျှို့ဝှက် စစ်ဆင်ရေး အဖွဲ့မှာ အစွမ်း အထက်ဆုံး မဟုတ်ဘူး။ အချက်အလက်တွေ အရ လီမိသားစုမှာ အဆင့်လွန် အရှင်သခင်က သုံးယောက် ရှိတယ်"

ယုချင်က ထပ်ဆောင်း ပြောသည်။

"အင်း …"

ချန်းဖန်က ပုံမှန် အမူအရာဖြင့် ပြန်ဖြေသည်။ ချန်းဖန်တွင် သူ့ကိုယ်သူ ယုံကြည်ရန် အခွင့်အလမ်း ရှိကြောင်း ယုချင် နားလည်သည်။ ချန်းဖန်မှာ လီမိသားစု ကဲ့သို့ မကြွယ်ဝ သည့်တိုင် ထိုအဖွဲ့ကို ယှဉ်ရန်မူ အင်အားရှိသည်။ လီမိသားစု ဆယ်ခု ပေါင်းလျှင်ပင် သူ့အား ယှဉ်နိုင်မည် မဟုတ်ပေ။

"ဒီကိုလာတာ လီဟွန်ဘင် တစ်ယောက်တည်း မဟုတ်ဘူး။ ကျင်းမြို့တော်ကို ရောက်နေတာတောင် ဆယ်ယောက် လောက် ရှိမယ်။ အဆင့်လွန် အရှင်သခင် တွေတောင် ပါလာတယ်။ သူတို့မှာ သိုင်းပညာရှင် တွေကို တိုက်ခိုက်ဖို့ အထူး လက်နက်တွေ ပါသေးတယ်။ ဒါပေမဲ့ ကျွန်မတို့ အနေနဲ့ ကိုရီးယား အစိုးရနဲ့ လီမိသားစုကို တိုက်ရိုက် သတိပေးလို့ ရတယ်။ ရှင်သာ ဆန္ဒရှိရင် ပေါ့လေ …"

ယုချင်က ယုံကြည်မှုရှိစွာ ပြောသည်။

"မလိုပါဘူး။ သူတို့သာ လုပ်ရဲရင် ငါ သူတို့ကို သတ်ပစ်မယ်"

ချန်းဖန်၏ မျက်နှာက အေးစက်လာသည်။ လီဟွန်ဘင်၏ ဖန့်ချုံးအပေါ် အကြည့်ကို သူမမေ့သေးပေ။ သတ်ဖြန်လို စိတ်က သူ၏ နှုတ်ခမ်းတွင် အေးစက်စက် အပြုံးအား ဖြစ်စေသည်။

ထို့နောက် ယုချင်က ဆက်လက်၍ အမှောင်တိုတမ် ခေါင်းဆောင် အရိပ်တစ္ဆေ သီးဆပ် အကြောင်း ပြောပြသည်။

ယုချင်၏ စကားအရ အိဒ်အင်တာ နေရှင်နယ် ကုမ္ပဏီမှာ အမှောင်တိုတမ် အတွက် သုံးဘီလီယံခန့် သုံးခဲ့ပြီး ဂျက်ဆန် အတွက် လက်စား ချေရန်နှင့် ရှင်သန်ခြင်း ရေစင်အား ခိုးယူရန် ပူးပေါင်းခဲ့သည်။

"သီးဆပ်က အမှောင်တိုတမ်မှာ အစွမ်း အထက်ဆုံး ဖြစ်ပြီးတော့ သူ့ရဲ့ စွမ်းအားက မြေအောက် ကမ္ဘာ မှာတောင် အသိအမှတ်ပြု ခံရတယ်။ သူ့ရဲ့ နာမည်ပြောင် ဖြစ်တဲ့ အရိပ်တစ္ဆေ ဆိုတဲ့ အတိုင်း အရိပ်တွေကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်"

ယုချင်က ပြောပြသည်။

"စိတ်မပူနဲ့။ ကျုပ်ရဲ့ မိသားစုကို လုံခြုံအောင်ပဲ လုပ်ပေး။ ကျုပ်က သူတို့ကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်"

ချန်းဖန်က ပြုံးရင်း ပြောလိုက်သည်။ ချန်းဖန်မှာ သစ်ပင်မိစ္ဆာ ဂျက်ဆန်ကို သတ်ပြီးသည်နှင့် အမှောင်တိုတမ်၏ လက်စား ချေမှုကို ပြင်ဆင်ခဲ့ပြီး ဖြစ်၏။ ထို့အပြင် အိဒ်အင်တာ နေရှင်နယ် ကုမ္ပဏီမှာလည်း ချန်းဖန်အား မှားယွင်းသော နည်းလမ်းဖြင့် ဆက်ဆံခဲ့သည်။ သုတေသန စတင်စဉ် အခါက သူတို့ အနေဖြင့် အသာတကြည် ပူးပေါင်း ခဲ့သော်လည်း ရှင်သန်ခြင်း ရေစင်၏ အကျိုး အမြတ်ကို မြင်သည်နှင့် သူတို့၏ လောဘအား ထိန်းသိမ်း ထားနိုင်ပုံ မရတော့ချေ။

ဂျက်ဆန် ပြောခဲ့သလိုပင် ဆေးကုမ္ပဏီကြီး များမှာ တကယ့် မြေခွေးအိုကြီးများ လိုပင်။ သူတို့မှာ ဈေးကွက်နှင့် အကျိုးအမြတ် အတွက် အမြဲလိုလို ဆာလောင် နေတတ်ပြီး တစ်ယောက်နှင့် တစ်ယောက် ခွဲဝေ ပေးလိုခြင်း မရှိပေ။ သူတို့ အနေဖြင့် ချန်းပေ့ရွှမ်း၏ နာမည်နှင့် ဂုဏ်သတင်းအား သိသည့်တိုင် စည်းကမ်းမဲ့စွာ ပြုမူ လာကြသည်။ ရှင်သန်ခြင်း ရေစင်က အမြတ်ငွေ ထရီလီယံနှင့် ချီ၍ ရမည်ဖြစ်ရာ ထိုအတွေးက သူတို့၏ ဆင်ခြင်ဉာဏ်ကို မဲ့စေဟန် တူသည်။

"စိတ်ချပါ။ ရှင့်ရဲ့ မိသားစုရဲ့ လုံခြုံရေးကို SS အဆင့်ကို တိုးမြှင့်ပေးမဲ့ အပြင် ထန်လုံအဖွဲ့ကိုပါ သူတို့ကို ကာကွယ်ဖို့ စေလွှတ်ပေးမယ်"

ယုချင်က ယုံကြည်မှု ရှိစွာ ပြောသည်။

ချန်းဖန် ခေါင်းညိတ် လိုက်သည်။ သူ၏ မိသားစု လုံခြုံရေး အတွက်ပင် စစ်တပ်နှင့် သူညှိနှိုင်း ခဲ့ခြင်း ဖြစ်သည်။

သူ့အနေဖြင့် မည်မျှပင် အစွမ်းထက် စေကာမူ သူ၏ မိသားစု အနား၌ တစ်ချိန်လုံး နေနိုင်လိမ့်မည် မဟုတ်ပေ။

အကယ်၍ သူ မရှိချိန်၌ တစ်ယောက်ယောက် ကသာ အထွတ်အထိပ် အဆင့် တစ်ယောက်ကို စေလွှတ်ပြီး သူ၏ မိသားစုအား ဒုက္ခ ပေးခဲ့လျှင် …

ထိုအတွေးက သူ့အား စိုးရိမ်စေသည်။ ကျောက်စိမ်း အဆောင်မှာ အသက်အား တစ်ကြိမ်၊ နှစ်ကြိမ်သာ ကာကွယ် နိုင်သည်။ ထာဝရ မကာကွယ် နိုင်ပေ။ သို့သော်လည်း အထူး စစ်တပ်ဖွဲ့ မှာမူ သူ့မိသားစု၏ လုံခြုံရေးအား အပြည့်အဝ အာမခံ နိုင်လိမ့်မည် ဖြစ်သည်။

"မြို့ထဲမှာ ဟောင်ဂိုဏ်းရဲ့ သူလျှိုတွေ ရောက်နေတယ်။ မြောက်အမေရိကမှာ ရှိတဲ့ ကျွန်မတို့ အဖွဲ့ရဲ့ သတင်းပေးချက် အရ ဆိုရင် ဟောင်ဂိုဏ်းက သူတို့ရဲ့ အမှောင်လမင်း အဖွဲ့ကို လွှတ်လိုက်တယ်တဲ့"

ယုချင်က အလေးအနက် ပြောသည်။

"အမှောင်လမင်း အဖွဲ့က ဆမ်ဆောင်းရဲ့ လျှို့ဝှက် စစ်ဆင်ရေး အဖွဲ့နဲ့ စွမ်းအား အတူတူ လောက်ပဲ။ သူတို့ထဲက တစ်ယောက်ချင်း စီက အရမ်းကို အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေ ဖြစ်တဲ့အပြင် လက်နက်မျိုးစုံ မှာလည်း ကျွမ်းကျင်မှုတွေ ရှိတယ်။ အဲဒီအဖွဲ့ကို ခေါင်းဆောင် သုံးယောက်က ဦးစီးတယ်။ သူတို့ထဲက တစ်ယောက်က မိုးကြိုးဘုရင် ဇိုရိုပဲ"

"ဟောင်ဂိုဏ်း ကလည်း အခွင့်အရေး ယူချင်တယ်ပေါ့"

ချန်းဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဆမ်ဆောင်း လျှို့ဝှက် စစ်ဆင်ရေး၊ အမှောင်တိုတမ်၊ ဟောင်ဂိုဏ်းရဲ့ အမှောင်လမင်း …

အလွန် အစွမ်းထက်သော အင်အားစု များစွာက ကျင်းမြို့တော် ထဲသို့ ချဉ်းကပ် လာခဲ့သည်။ ထိုအဖွဲ့များ အပြင် ရုရှား၊ ဂျပန်နှင့် အမေရိကန် တို့မှ သူလျှို များစွာလည်း ရှိနေသေးသည်။

ရှင်သန်ခြင်း ရေစင်၏ ဆွဲဆောင်မှုက သူမျှော်လင့် ထားသည်ထက် ပိုမို လွန်ကဲ နေခဲ့ဟန် တူသည်။

တရုတ်အစိုးရ အနေဖြင့်လည်း ရှင်သန်ခြင်း ရေစင် တီထွင်သူက ချန်းဖန်သာ မဟုတ်ခဲ့လျှင် ယခုအချိန်၌ လက်တွေ့ခန်းအား သိမ်းပိုက်ပြီး ဖြစ်လောက်သည်။ သို့သော်လည်း ချန်းဖန်မှာ ကမ္ဘာ၏ အစွမ်း အထက်ဆုံး အထွတ်အထိပ် ပညာရှင် ဖြစ်နေသော ကြောင့်သာ မလှုပ်ရှားရဲခြင်း ဖြစ်သည်။ ချန်းဖန်မှာ သူ၏ စွမ်းအားကို အကြိမ်ကြိမ် သက်သေ ပြထားသည့် အပြင် စစ်တပ်နှင့် ထဲထဲဝင်ဝင် ရှိမှုကလည်း အစိုးရ၏ သဘောထားကို ပြောင်းလဲ စေသည်။ ထို့ကြောင့် အစိုးရပိုင်း အနေဖြင့် ချန်းဖန်၏ တည်ရှိမှုကို ပေါ့သေးသေး မတွက်ရဲပေ။

"သြဇာ လွှမ်းမိုးမှုက ကိုယ်ပိုင် စွမ်းအားလိုပဲ အရေးကြီးတယ်။ သြဇာ လွှမ်းမိုးမှုသာ မရှိရင် ငါ သူတို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးလို့ ရမှာ မဟုတ်ဘူး"

ချန်းဖန် တွေးနေ မိခဲ့သည်။ အကယ်၍ သူသာ သာမတ် အထက်တန်း ကျောင်းသားလေး ဖြစ်နေခဲ့လျှင် သူ့အတွက် မည်သည့် အခွင့်အရေးမျှ ရှိမည် မဟုတ်ပေ။ အကယ်၍ ချန်းဖန်မှာ မူလဝိညာဉ် အဆင့်ကို ရောက်ရှိပြီး ရွှေအမြုတေအား ပိုင်ဆိုင် နိုင်ခဲ့လျှင် အမေရိကန် သမ္မတပင် သူ့အား တလေးတစား ဆက်ဆံ ရတော့မည် ဖြစ်သည်။

ချန်းဖန် အတွေးများကို လက်စဖြတ်ရင်း ပြန်ရန် ဟန်ပြင်လိုက်ရင်း ယုချင်အား နှုတ်တက်ရန် ကြည့်လိုက်သည်။ ရုတ်တရက် ယုချင်လက်ထဲမှ စာရွက်ပေါ်တွင် ရေးထားသည့် စာလုံး အနည်းငယ်က သူ၏ အာရုံကို ဖမ်းစားသွားသည်။

"သူမလည်း ရောက်နေတာလား။ သူမက ရှင်သန်ခြင်း ရေစင် အတွက် ဒီကို ရောက်လာတာလား"

စာရွက်ပေါ် တွင်မူ ဂျပန် စာလုံးဖြင့် ရေးထားသော နာမည် တစ်ခု ရှိနေခဲ့သည်။ ထိုအရာက …

"ယူကီရှီရိုဆာ"

ဟူ၍။

***

All Chapters