← Chapters

အသက်လုတိုက်ပွဲ

Vol. 01 Ch. 34

အသက်လုတိုက်ပွဲ

Vol. 01 Ch. 34

သူ၏ ခန္ဓာကိုယ်အား ရှေ့သို့လှိမ့်ပြီး စက္ကန့်ပိုင်းအကြာတွင် သူ ထိုင်ခဲ့သောနေရာအား ဦးတည်တိုက်ခိုက်လာမှုကြောင့် ထိုနေရာသည် နှစ်ခြမ်းကွဲသွားခဲ့သည်။ ထန်ရှုသာ နောက်ကျခဲ့မည်ဆိုပါက ဧကန်မုချပင် သူသည် ထိုသားရဲကောင်၏ ပစ်မှတ် ဖြစ်သွားပေလိမ့်မည်။

“ ရွှီ… ရွှီ..”

ထန်ရှုအား မဆွဲယူနိုင်သောကြောင့် ထိုသားရဲသည် ဒေါသတကြီးဖြင့် မာန်ဖီလျက် ချွန်မြသော အစွယ်တို့အား ထုတ်ပြလာသည်။

ထန်ရှုအား ရုတ်တရက် အလစ်ဝင်တိုက်သော သားရဲကောင်ကြီးမှာ ကြီးမားပြီး ကြောက်စရာကောင်းလှသော စပါးအုံးမြွေကြီးတစ်ကောင်ဖြစ်သည်။

စပါးအုံးမြွေကြီး၏အလစ်ဝင်တိုက်မှုသည် ထန်ရှုအား မထိခိုက်ရုံသာမက ထန်ရှုကန်ထုတ်လိုက်သော မီးကျည်းခဲများကြောင့် ၎င်း၏မျက်လုံးများအတွင်း ထိခိုက်ဒဏ်ရာ ရခဲ့ရသည်။

ထန်ရှု၏လက်ချက်ကြောင့် မြွေကြီး ဒေါသထွက်လာရပြီး သူ၏ကိုယ်လုံးကြီးအား လေထဲသို့ မြင့်တက်ဆန့်ထုတ်လျက် ပါးစပ်မှလည်း နီရဲသော အခိုးအငွေ့များအား ၁၀မီတာပတ်လည်ခန့် မှုတ်ထုတ်ထားလျက်ရှိသည်။ ထို့နောက် သူ၏ကိုယ်လုံးအား လေးတံမှ ဆွဲလွှတ်လိုက်သောမြားသဖွယ် ဆန့်တန်းလျက် အရှိန်ပြင်းစွာဖြင့် ထန်ရှုဆီသို့ ဝင်လာလေသည်။

ထန်ရှုသည် အသက်အောင့်ထားသည့်တိုင် တခဏမျှ မူးဝေသွားခဲ့ရသည်။ ထိုနီရဲသော အခိုးအငွေ့များသည် ပြင်းထန်သော အဆိပ်ငွေ့များ ဖြစ်ပြီး အသက်ရှုခြင်းဖြင့်ပင် ခန္ဓာကိုယ်ထဲသို့ ဝင်ရန်မလိုဘဲ အရေပြားအား ဖြတ်ကာ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နိုင်သည်။

ထန်ရှုသည် ယခုအချိန်တွင် သာမန်လူတစ်ယောက်နှင့်မခြားပေ။ သူ့အနေဖြင့် ခန့်မှန်းပြီး ကြိုတင်ကာကွယ်ရုံသာ တတ်နိုင်သည်။ ထို့ကြောင့် သူ၏အသက်ရှုမှုအား ကြိုတင်ထိန်းချုပ်ထားခဲ့သည်မှာ အလွန်ကောင်းသည်။ သို့သော် သူ၏လက်ရှိကျင့်ကြံမှုအခြေအနေအရ သူ၏မွှေးညှင်းပေါက်များမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်းအား မထိန်းချုပ်နိုင်ခဲ့ချေ။

စပါးအုံး၏တိုက်ခိုက်မှုအား လှိမ့်ကာ ရှောင်ထွက်လိုက်စဉ်က ထန်ရှုသည် သုံးမြှောင့်ပုံ ဓားမြှောင်အား ကျောင်းလွယ်အိတ်ထဲမှ ဆွဲထုတ်လိုက်ပြီး စပါးအုံး၏ကျောဘက်သို့ ပြင်းထန်စွာ ထိုးဖောက်လိုက်သည်။ စပါးအုံး၏တိုက်ခိုက်မှုမှ နောက်တစ်ကြိမ်လွတ်မြောက်သွားသော်လည်း ထန်ရှု၏မျက်နှာသည် အလွန်အမင်း ရုပ်ဆိုးနေချေသည်။ ထန်ရှုသည် အသက်မရှူမိစေရန်အတွက် သူ၏စိတ်စွမ်းအားကို အသုံးပြုကာ ပါးစပ်နှင့် နှာခေါင်းတို့အား ပိတ်ထားခဲ့ပါသော်လည်း ပြင်းပြင်းထန်ထန် လှုပ်ရှားတိုက်ခိုက်နေရသောကြောင့် သူ၏မွှေးညှင်းပေါက်များ ရုတ်တရက်ပွင့်သွားကာ အဆိပ်ငွေ့သည် ကိုယ်တွင်းတွင် များပြားလှစွာ မြင့်တက်လာခဲ့သည်။

“ချီးတဲ့မှပဲ။ ငါ ဒီဟာကို မြန်မြန် လက်စမသတ်နိုင်ရင် ဒီနေ့ ဒီနေရာမှာ သေရတော့မယ်။” သူ၏ကိုယ်တွင်းသို့ အဆိပ်ငွေ့များ ပျံ့နှံ့ဝင်ရောက်နေသည်ကို ခံစားလာရသည့်အလျောက် ထန်ရှု၏မျက်လုံးအိမ်ထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး သူ၏စိတ်သည် ကြည်လင်လာခဲ့သည်။

ထို့နောက် ထန်ရှုသည် ဆေးပင်အမြောက်အမြားအား ဆုပ်ကိုင်ကာ ပါးစပ်ထဲသို့ ပစ်ထည့်ကာ လျင်မြန်စွာ ဝါးလိုက်ပြီး သူ၏ကိုယ်အား မီးကျည်းခဲဆီသို့ လှိမ့်ဆင်းလိုက်သည်။ မီးကျည်းခဲများကြောင့် သူ

ခြေဖဝါးများ နာကျင်မှုအား ခံစားနေရစေကာမူ ထန်ရှုသည် စပါးအုံးကြီးအား တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။

မူလက ထန်ရှုသည် သားရဲရိုင်းများ ရှာဖွေရန်အတွက် တောင်နံရံများနှင့်ရွာကလေးဆီသို့ လာရောက်ခဲ့သော်ငြား သူသည် ထိုသားရဲများကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်နှင့် ဆုံးရှုံးနိုင်မှုတို့အား ထည့်မတွက်ခဲ့မိချေ။ သည်စပါးအုံးသည် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်ကာ စွန့်စားရင်ဆိုင်ရသည့်အရာဖြစ်ပြီး မပြင်ဆင်ထားမိပါက သူ့ကိုပင် ဖမ်းမိသွားနိုင်ခြေရှိသည်။

ထန်ရှုသည် မည်သည့်ထူးဆန်းသော မကောင်းဆိုးဝါးမဆို ရင်ဆိုင်ရန် ယုံကြည့်ချက်ရှိကာ အင်မော်တယ်လောကတွင် ရှိစဉ်အခါက သူ၏သန်မာမှုအတွက် လေ့ကျင့်သားရစေခဲ့သည်။ ထို့ကြောင့် သာမန်လူတစ်ယောက်ဖြစ်သော သူ၏လက်ရှိအခြေအနေသို့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ထန်ရှုသည် တောင်ပေါ်သို့တက်သောအခါ အဆိပ်သင့်ခြင်းမှ ကာကွယ်ရန်အတွက် အဆိပ်အား သန့်စင်ပေးနိုင်သော ဆေးပင်အချို့အား ခူးယူလာခဲ့သည်။ ထိုဆေးပင်များသည် အဆိပ်အား သူ၏ကိုယ်တွင်းရှိ ပြင်းထန်သောအဆိပ်အား လုံးဝမပြေစေနိုင်သော်လည်း တခဏတာ ဖိနှိပ်ထားနိုင်ပေမည်။ ထန်ရှုသည် မီးပုံအတွင်းသို့ ဝင်ရောက်သွားခြင်းသည် သူ့ကိုယ်သူ ညှင်းပန်းနှိပ်စက်နေခြင်းမဟုတ်ဘဲ သူ လုပ်ကိုလုပ်ရမည့်အကြောင်း ရှိနေသည်။

မီးသည် သိသိသာသာပင် အဆိပ်ငွေ့အား ပျက်ပြယ်နိုင်သောအစွမ်းရှိသောကြောင့် မီးပုံအနီးတဝိုက်တွင် မည်သည့်အဆိပ်ငွေ့မျှ မရှိသဖြင့် ထိုနေရာထက် သူ့အား အကောင်းဆုံး ကာကွယ်ပေးနိုင်သည့် နေရာအား ထန်ရှု ရှာမတွေ့နိုင်တော့ချေ။

“ရွှီ… ရွှီ…”

အနက်ရောင် စပါးအုံးကြီးသည် ထန်ရှု၏ရည်ရွယ်ချက်အား ရိပ်မိသောကြောင့် သူ၏အမြီးအား ခွေလျက် ထန်ရှုအား ရက်စက်စွာ ကြိတ်ချေရန် ကြိုးစားလာသည်။

အနက်ရောင် စပါးအုံးကြီး၏မျက်လုံးအတွင်းမှ ဉာဏ်နီဉာဏ်နက်များမည့်အရိပ်အယောင်ကြောင့် ထန်ရှုသည်

လေထဲသို့ ခုန်တက်ကာ အနက်ရောင် စပါးအုံးကြီး၏တိုက်ခိုက်မှုမှ ရှောင်ကြဉ်လိုက်သည်။

“ဘန်းးး…”

ကျယ်လောင်သော အသံကြီးနှင့်အတူ မီးကျည်းခဲများသည် ရုတ်တရက် လေထဲသို့ လွင့်စဉ်ထွက်သွားပြီး တစ်ခဲမျှပင် မကျန်ရစ်တော့ချေ။ သည်တစ်ကြိမ်သည် အနက်ရောင် စပါးအုံးကြီး၏ပစ်မှတ်မှာ မြေပြင်ထက်က မီးပုံဖြစ်ပြီး ထန်ရှုမဟုတ်ခဲ့ချေ။

“ချီးထုပ် မကောင်းဆိုးဝါး… ကြည့်ရတာ မင်းက စိတ်ဝိညာဉ်ဆုံမှတ်အဆင့်ကို ရောက်ရှိပြီးနေပုံပဲ။ ငါ မင်းကို အသက်ရှင်ခွင့် ဘယ်တော့မှ မပေးဘူး။” အနက်ရောင် စပါးအုံးကြီး၏ ဉာဏ်များလှပုံအား ကြည့်ရင်း ထန်ရှုမျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူ၏ကိုယ်ထဲမှ သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာခဲ့သည်။

ထန်ရှုသည် မီးပုံထဲတွင် နေနိုင်သောကြောင့် ယေဘုယျအားဖြင့် ထိုမီးပုံအား ဖျက်ဆီးလိုက်စေကာမူ အနက်ရောင် စပါးအုံးကြီး၏တိုက်ခိုက်မှုအား ခုခံနိုင်ပေသည်။ သူ၏များပြားလှသော တိုက်ခိုက်ရေးအတွေ့အကြုံတို့ဖြင့် ထန်ရှုသည် အနက်ရောင် စပါးအုံးကြီး၏တိုက်ခိုက်မှုအား ရှောင်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏သုံးမြှောင့်ဓားမြှောင်အား ကျွမ်းကျင်စွာ  လှည့်ကာ စပါးအုံးခေါင်း၏အောက်ဘက် ၇လက်မအကွာသို့ ထိုးစိုက်လိုက်သည်။

သနားစရာကောင်းလှသော အနက်ရောင် စပါးအုံးကြီးသည် မီးပုံအား ဖျက်ဆီးလိုက်နိုင်သဖြင့် စိတ်လှုပ်ရှားနေဆဲမှာပင် ရုတ်တရက် သူ၏ ခန္ဓာကိုယ်ရှိ အဓိကကျသောနေရာမှ ပြင်းထန်စွာ နာကျင်မှုအား ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက်ခဲသွားကာ တောင့်သွားတော့သည်။ ချက်ကောင်းကို ထိုးမိလိုက်ပြီဖြစ်သောကြောင့် ထန်ရှုသည် တုံ့ဆိုင်းမနေဘဲ ဓားမြှောင်အား ထုတ်လိုက်ကာ လတ်ဆတ်သော သွေးခဲများအား ခွာထုတ်ခြင်းအား ထိုးလိုက် သွင်းလိုက်ဖြင့် လုပ်လိုက်သည်။

ထိုသို့၃ကြိမ်တိုင်တိုင် လုပ်ပြီးသောအခါ အနက်ရောင် စပါးအုံးကြီးသည် ပြင်းထန်လှသော နာကျင်မှုကြားမှ ပြန်လည်တုံ့ပြန်လာခဲ့ပြီး သူ၏ကိုယ်အား ရစ်ပတ်ခွေကာ ထန်ရှုအား ကြိတ်ချေရန်ကြိုးစားလာသည်။

ယခုအချိန်တွင် ထန်ရှုသည် အနက်ရောင် စပါးအုံးကြီး၏ဦးခေါင်းအောက် ၇လက်မအကွာတွင် လက်သီးဆုပ်ခန့်ပမာဏရှိသော ဒဏ်ရာကြီးအား ပြုလုပ်ထားခဲ့ပြီး ထိုနေရာမှ သွေးများပွက်ပွက်ထွက်နေပြီဖြစ်သည်။

ထန်ရှုသည် ပြီးခဲ့သောဘဝတွင် ကောင်းကင်စကြာဝဠာပညာရပ်အား မရေမတွက်နိုင်လောက်အောင် ကြိမ်ဖန်များစွာ ရွတ်ဖတ်လေ့ကျင့်ခဲ့ဖူးသောကြောင့် စွဲထင်နေပြီး ပင်ကိုဗီဇအတိုင်းပင် ဖြစ်လာခဲ့သည်။ ထိုပညာရပ်ကျင့်ကြံရန်အတွက် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်မည့်ဆေးရည်ဖော်စပ်ရန် လိုအပ်သော အရာများသည် သူ၏စိတ်တွင် စွဲထင်လျက်ရှိသည်။

သတ်ဖြတ်ခြင်းဖြင့် အရေခွံခွာခြင်းမှ ထွက်လာသော ပထမသွေးစွမ်းအင်သည် အနှစ်သာရအရှိဆုံးအပိုင်းဖြစ်သည်ဟုဆိုရိုးရှိသောကြောင့် ထန်ရှုသည် ထိုအခွင့်အရေးအား လက်လွတ်မခံချေ။ ထန်ရှုသည် ညှာတာမှုကင်းမဲ့စွာဖြင့် ထိုနေရာအား အလင်း၏အလျင်နှုန်းဖြင့် ကိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် စပါးအုံးကြီးမှ သူ့အား လွှင့်မပစ်နိုင်ရန် ၎င်း၏ကိုယ်လုံးအား လက်ဖြင့် မြဲမြံစွာ တွယ်ဖက်ထားလိုက်သည်။

စပါးအုံးကြီးသည် တိုက်ပွဲအခြေအနေသည် ပြောင်းပြန်ဖြစ်သွားကာ သူ့အား လွှမ်းမိုးနိုင်လိမ့်မည်ဟု သေချာပေါက် မမျှော်လင့်ထားခဲ့ချေ။ သူ၏စွမ်းအားသည် ပုရွက်ဆိတ်သာသာအကောင်လေးထံတွင် ရှုံးနေရသည့်အပြင် အသက်အန္တာရာယ်ရှိနေသည်ကိုပါ ရိပ်မိလာသောကြောင့် ၎င်းသည် စိုးရိမ်လာခဲ့သည်။

“ဘန်းးး….”

ကျယ်လောင်သောအသံကြီးနှင့် အနက်ရောင် စပါးအုံးကြီးသည် သူ၏အမြီးဖြင့် ထန်ရှု၏လက်မောင်းအား ရိုက်သဖြင့် နာကျင်မှုကြောင့် ထန်ရှု၏မျက်နှာ ရှုံ့တွသွားရသည်။

အမှန်တကယ်အားဖြင့် ထိုရိုက်ချက်သည် ထန်ရှု၏ခေါင်းအား ဦးတည်ကာရိုက်နှက်ခြင်းဖြစ်သည်။ သေရေးရှင်ရေးအခြေအနေတွင် ထန်ရှုသည် သူ၏ခေါင်းအား ဘေးသို့ရှောင်ရန် နှောင့်နှေးမနေခဲ့ခြင်းကြောင့် ကပ်ဆိုးမှ လွတ်မြောက်သွားသည်။

“မကောင်းဆိုးဝါးကောင်.. ငါ မင်းကို ဒီနေ့မသတ်နိုင်ဘူးဆိုတာ မယုံဘူးကွ။” စပါးအုံးကြောင့် သူ၏လက်မောင်းတစ်ဖက် ကျိုးသွားပြီး တစ်ဖက်သာ ကျန်တော့သည်ကို ထန်ရှု ရှင်းရှင်းလင်းလင်း သိလိုက်ရလေသည်။ သူ၏လက်မောင်းဆီမှ ပြင်းထန်လှသော နာကျင်မှုအား အံတုလျက် ရက်စက်တော့မည့်အရိပ်အယောင်သည် ထန်ရှု၏မျက်ဝန်းများတွင်  ပေါ်ပေါက်လာခဲ့သည်။

တစက္ကန့်အတွင်း သူ၏ဓားမြှောင်အား သွားဖြင့် မြဲမြံစွာကိုက်လျက် အနက်ရောင်စပါးအုံး၏ဒဏ်ရာဟောင်းအား လျင်မြန်စွာ ထိုးလိုက်သည်။ ဓားမြှောင် နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားသည့်အခါ ထန်ရှုသည် အနက်ရောင်စပါးအုံး၏သွေးစွမ်းအင်အား ထပ်မံ စုပ်ယူတော့သည်။

စူးရှသောနာကျင်မှုအောက်တွင် အနက်ရောင်စပါးအုံးသည် ဒေါသတကြီး လျောဆင်းကာ နေရာအနှံ့အား နီရဲသောအဆိပ်ငွေ့တို့ဖြင့် မှုတ်ထုတ်တော့သည်။ တရွှီရွှီမြည်သံသည်လည်းအော်မြည်လျက် နှာခေါင်းထဲမှ ထုတ်လွှတ်လိုက်သော လေသည်လည်း လေထုတွင် အေးစက်စွာ ပျံ့နှံ့လျက် မြင်ရသူတိုင်း ချောက်ခြားစရာပင် ဖြစ်ချေသည်။

အနက်ရောင်စပါးအုံးသည်  သူ၏ခွန်အားအား စုစည်းကာ သူ၏အမြီးဖြင့် ထန်ရှုအား နောက်တစ်ကြိမ် ရိုက်ရန် ဟန်ပြင်လိုက်သည်။ ထန်ရှုသည်အနက်ရောင်စပါးအုံး၏ကိုယ်ထဲသို့ ဓားမြှောင် ပိုမိုနက်အောင် သူ၏ပါးစပ်ဖြင့် လှည့်လိုက်သည်။ ဓားမြှောင်လှည့်ဝင်သွားခြင်းကြောင့် အနက်ရောင်စပါးအုံး၏ စုစည်းထားသော ခွန်အားများသည် ပျောက်ကွယ်သွားသဖြင့် သူ၏တိုက်ခိုက်မှုအား ဖြေရှင်းပြီးဖြစ်ခဲ့သည်။

အမြီးသည် ထန်ရှုအား မတိုက်ခိုက်နိင်တော့မှန်း သတိထားမိသော အနက်ရောင်စပါးအုံးသည် နောက်ဆုံး၌ ထန်ရှုအား သယ်ဆောင်လျက် ကျောက်တုံးဖြင့်၊ တောင်ကုန်းပေါ်မှ သစ်ပင်များဖြင့် တိုက်တော့သည်။

ထန်ရှုသည် ဘေးဘီဝဲယာအား သတိကြီးစွာဖြင့် ကြည့်ရှုလာသောကြောင့် ထိုသို့တိုက်သောအကြိမ်တိုင်း ကျွမ်းကျင်ပါးနပ်စွာဖြင့် ရှောင်တိမ်းလာသောကြောင့် သူ၏ကိုယ်တွင် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန် လျင်မြန်စွာ ဆောင်ရွက်နေပြီး တစ်ချိန်တည်းမှာပင် အနက်ရောင်စပါးအုံး၏သွေးစွမ်းအင်များအား မရပ်မနား စုပ်ယူလာခဲ့သည်။ ထို့ကြောင့် အနက်ရောင်စပါးအုံး၏သွေးများသည် တရဟောထွက်နေပြီး သူ၏ခွန်အားများသည် တဖြည်းဖြည်း ယုတ်လျော့လာခဲ့သည်။

နောက်ဆုံးတွင် သူ အသက်ဆုံးရှုံးရမည်ကို ရိပ်မိလာပုံပေါ်သော အနက်ရောင်စပါးအုံးသည် ထပ်မံတိုက်ခိုက်ခြင်း မပြုလုပ်တော့ဘဲ သူ၏ကိုယ်အား ခွေကာ ခေါင်းအား ဆန့်တန်းလျက်နေရာတစ်ခုဆီသို့ ပစ်လွှတ်လိုက်သည်။ လေထဲသို့ မြင့်တက်သွားသော ထန်ရှုသည် သူ၏ခေါငိးထဲတွင် အချက်ပေးသံမြည်သွားလျက် သူ၏မျက်နှာသည် သွေးဆုတ်ဖြူလျော့သွားတော့သည်။

ယခုတစ်ကြိမ်တွင်တော့ အနက်ရောင်စပါးအုံးသည် ထန်ရှုအား ကျောက်တုံးဖြင့် သစ်ပင်များဖြင့် တိုက်ခြင်းမပြုလုပ်တော့ဘဲ သူ၏ကိုယ်အား တောင်အောက်သို့ ခုန်ချလိုက်ခြင်းဖြစ်သည်။ ၎င်းသည် ထန်ရှုအား မည်သို့မျှ မလုပ်နိုင်တေ့သည့်အပြင် သူ၏အသက်ဆုံးရှုံးနိုင်သည်ကိုလည်း ရိပ်မိနေသောကြောင့် ထန်ရှုကိုပါ သူနှင့်အတူ အပါခေါ်ခြင်းဖြစ်သည်။

“ငါ ဒီနေ့ အနက်ရောင်စပါးအုံးနဲ့အတူ သေရတော့မှာလား။” လေတိုးသံများ သူ၏နားထဲတွင်စူးရှစွာ ဆူညံလျက် မည်သို့မျှ မမြင်ရသော တောင်အောက်ခြေအမှောင်ထုကြီးအား ကြည့်လျက် ထန်ရှုရင်ထဲတွင် မသေချင်သေးသော စိတ်သည် ပြည့်နှက်လာသည်။

“မဟုတ်ဘူး။ ငါ ဒီလောကကိုရောက်လာပြီး နောက်ဆုံးမှာ အခက်အခဲတွေများစွာနဲ့ ငါ့အမေနဲ့ ဆုံစည်းရတယ်။ ငါ အသက်ရှင်ရမယ်။” တစ်စက္ကန့်မျှအားထုတ်မှုတွင် ဘာလုပ်ရမည်ကို ထန်ရှု သိသွားခဲ့သည်။

သူသည် ဓားမြှောင်ကို ဆွဲထုတ်ကာ သူ၏ ခန္ဓာကိုယ်အား  အနက်ရောင်စပါးအုံးဆီမှ ခွာလိုက်သည်။

သည်အချိန်တွင် အနက်ရောင်စပါးအုံး၌ ခွန်အားတစ်စက်မျှ မရှိတော့ချေ။ ထန်ရှု၏ဖျက်ဆီးမှုအောက်တွင် မည်သို့မျှ မလုပ်နိုင်တော့ဘဲ သူ၏ကိုယ်ပေါ်တွင် ဒဏ်ရာများ ပြုလုပ်နေသည်ကို ခွင့်ပြုထားရသည်။

သို့သော်လည်း အနက်ရောင်စပါးအုံး၏ဦးခေါင်းအောက် ၇လက်မအကွာတွင်သာ ဓားမြှောင်စိုက်လို့ရပြီး အခြားနေရာများတွင် ဓားချက်မတိုးသည်ကို ထန်ရှုသည် အံ့သြစွာဖြင့် တွေ့ရှိရသည်။ ထိုနေရာသည်သာ ချက်ကောင်းဖြစ်ပြီး မထင်မှတ်ပဲ သူထိုးလိုက်သောနေရာသည် အနက်ရောင်စပါးအုံး၏အားနည်းချက် ဖြစ်ခဲ့လေသည်။

ထန်ရှုသည် တခဏမျှ မှင်သက်နေမိသည်။ အနက်ရောင်စပါးအုံး၏ကိုယ်သည် အောက်သို့ကျဆင်းနေသည်မှာ ၁၀၀မီတာမကပင် ရှိနေခဲ့ပြီဖြစ်သည်။ ထန်ရှုသည် တောင်ခြေမှ အိမ်ကလေးများကိုပင် မြင်နေရပြီဖြစ်ပြီး ကျောက်ဆောင်များကိုလည်း မြင်နေပြီဖြစ်သည်။

“ငါ့ရဲ့ ခန္ဓာကိုယ်က သေမျိုးတွေနဲ့ဘာမှ မကွာသေးဘူး။ ဒီအရှိန်နဲ့သာကျသွားရင် သေချာပေါက် ငါ မှုန့်မှုန့်ညက်ညက် ကြေသွားလိမ့်မယ်။” သူ၏ ခန္ဓာကိုယ်သည် မြေပြင်နှင့် တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်ရင်း ထန်ရှုရင်ထဲတွင် စိတ်လှုပ်ရှားမှုများနှင့် စိုးရိမ်သောကများ ရောပြွမ်းနေခဲ့သည်။ သူ၏မျက်လုံးများသည် သိမ်းငှက်မျက်လုံးများကဲ့သို့ အသက်ရှင်ရန် အခွင့်အရေးအား ရှာဖွေနေခဲ့သည်။

အောက်မြေပြင်တွင် ကျောက်ဆောင်များ၊ ကျောက်တုံးများသာရှိပြီး သစ်ပင်နှင့် ချုံဖုတ်များပင် မရှိချေ။ ထန်ရှုအတွက် သေခြင်းတရားသည် နီးကပ်လာနေပြီဖြစ်သည်။ ထိုအချိန်တွင် မိုးစက်တစ်စက်သည် ညင်သာစွာဖြင့် သူ၏မျက်နှာထက်သို့ ကျဆင်းလာသဖြင့် တခဏမျှ ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေမိသည်။

ကောင်းကင်ကြီးက တောက်ပနေတဲ့အချိန်မှာ ဘယ်က မိုးစက်ရောက်လာပါသနည်း။

မေးခွန်းများနှင့်ပြည့်နှက်နေသော ထန်ရှု၏မျက်လုံးများသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်တစ်ခုလုံးသည် ကြယ်များဖြင့် ပြည့်နှက်နေပြီး တောက်ပလင်းလက်နေသော လရောင်သည် သူ၏ခေါင်းထက်တွင် ရှိနေသည်။

“ငါ တွေ့ပြီ။” သူ၏မျက်နှာထက်သို့ ကျလာသော ရေစက်သည် မိုးရေမဟုတ်ဘဲ အနက်ရောင်စပါးအုံး၏ သွေးအဆီအနှစ်မှန်းသိလိုက်ရသောအခါ ထန်ရှု၏မျက်လုံးများသည် အရောင်လက်သွားခဲ့သည်။

နောက်ဆုံးတော့ အသက်ရှင်ရန်အတွက် လမ်းစတစ်ခု သူ တွေ့ခဲ့လေပြီ။

All Chapters