ယူကီရှီရိုဆာ
Vol. 3 Ch. 296
ယူကီရှီရိုဆာ နွယ်ပင်စိမ်း ကလပ်မှ ထွက်ခွာ လာခဲ့ပြီးနောက် တိုရိုတာ လန်ရိုဗာ ကား၏ နောက်ဘက် ထိုင်ခုံသို့ ဝင်ရောက်လိုက်၏။ သူမ၏ မျက်နှာက ရေခဲကဲ့သို့ အေးစက်နေကာ မျက်လုံးများ ကလည်း တဖျတ်ဖျတ် တောက်ပ နေခဲ့သည်။
ကာဝါကာမီ ဂျန်စိုင်း ပင်လျှင် တန့်ရီဖေး၏ စကားများကြောင့် အံ့အား သင့်နေခဲ့သည်။ သူ၏ စွမ်းအားများက ထိုတရုတ် မိန်းကလေးကို ခြောက်လှန့် နိုင်မည်ဟု ယူဆ ခဲ့သည့်တိုင် ထိုမိန်းကလေးက သူ့အား အထင်ကြီးသည့် ပုံမပေါ်ချေ။
"ကာဝါကာမီ … အဲဒီမိန်းမရဲ့ စကားတွေကို ရှင်ယုံလား …"
ယူကီရှီရိုဆာက မေးသည်။
"ဖောလုံးတွေပဲလို့ ကျွန်တော် ထင်တယ်"
ကာဝါကာမီက သူ၏ ဝါကီဇာရှီကို ရင်ဘတ်၌ ပွေ့ဖက်ရင်း ပြောသည်။
"အထွတ်အထိပ် ပညာရှင် ချန်းပေ့ရွှမ်းက တရုတ်မှာ အစွမ်း အထက်ဆုံး ပညာရှင်ပဲဟာ။ ကျွန်တော့် ဆရာတောင် သူ့ရဲ့ စွမ်းအားကို လေးစားရတယ်။ အဲဒီလို စွမ်းအားကြီးတဲ့ လူတစ်ယောက်က ဘာကြောင့် ကောလိပ် တက်ရမှာလဲ။ ကင်ဒို မာစတာ တစ်ယောက်က ကျောင်းပြန်တက် နေတယ် ဆိုရင် ခင်ဗျား ယုံမလား"
ကာဝါကာမီ ဂျန်စိုင်းက နှာခေါင်း ရှုံ့လိုက်သည်။
"တန့်မိသားစုက ကျင်းမြို့တော်ရဲ့ ကလန် အသေးလေး တစ်ခုပါပဲ။ ခူရှူးကျွန်းကို အစိုးရတဲ့ ကျွန်တော်တို့ရဲ့ ယူကီရှီရို မိသားစုကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
ယူကီရှီရိုက တိတ်ဆိတ်စွာပင် နားထောင် နေခဲ့သည်။ သူမ၏ မျက်နှာတွင်မူ အေးစက်စက် အပြုံးတစ်ခုက ရစ်သိုင်းလျက်။
"ကာဝါကာမီစံ … ရှင်က မိန်းမ တစ်ယောက် မဟုတ်တော့ မိန်းမ တစ်ယောက်ရဲ့ အမြင်တွေ ဘယ်ရှိမလဲ။ တန့်ရီဖေး ချန်းပေ့ရွှမ်း အကြောင်းကို စပြောတုန်းက သူ့ရဲ့ လက်သီးတွေကို ဆုပ်ထားတာ ရှင်မတွေ့ဘူး မလား။ သူနဲ့ ချန်းပေ့ရွှမ်း ကြားမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေး ရှိပုံရတယ်။ ချန်းပေ့ရွှမ်း အကြောင်း သူ ပြောနေတဲ့ပုံက သူ့အကြောင်းကို သူပြောနေသလို ယုံကြည်ချက် ရှိနေခဲ့တယ်"
ယူကီရှီရိုဆာက ပြောသည်။
"ဆိုဂါ …"
ကာဝါကာမီ ဂျန်စိုင်းက ခေါင်းညိတ်သည်။
သူကိုယ်တိုင်က အစွမ်းထက်သော ကင်ဒိုမာစတာ ဖြစ်သောကြောင့် အခြား လူများ၏ စိတ်ကို ဖတ်နိုင်သည့် စွမ်းအား ရှိသည်။ သို့သော် ယူကီရှီရိုဆာက ထိုနေရာ၌ သူ့ထက် ပိုမို သာလွန်သည်။ သူမက မရေမတွက် နိုင်ခဲ့သော စိန်ခေါ်မှုများကို ဖြတ်ကျော်ပြီးမှသာ ယခုနေရာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ပစိဖိတ် သမုဒ္ဒရာတွင် သူမအား ဆန့်ကျင်ခဲ့သူ အားလုံးမှာ သေဆုံးရမြဲ ဖြစ်၏။
"သူက ဘာမှ အသုံးမကျတဲ့ မိန်းမပဲ။ သူသာ ဆက်ခံခဲ့မယ် ဆိုရင် တန့်မိသားစုက လုံးဝ ကျဆင်း သွားလိမ့်မယ်"
ယူကီရှီရိုဆာက ခေါင်းကို ခါယမ်းလိုက်သည်။ သူမက တန့်ရီဖေး အပေါ် ယခုထက် ပို၍ မျှော်လင့် ထားခဲ့သည်။ တန့်ရီဖေးကို တည်ငြိမ်ပြီး လိမ္မာ ပါးနပ်သည့် မိန်းကလေး တစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်ထား ခဲ့သော်လည်း ယခုမူ စိတ်ပျက်စရာ ကောင်းနေခဲ့သည်။
"အခုပဲ ချန်းပေ့ရွှမ်းကို ကျွန်မ တွေ့ချင်နေပြီ။ တန့်ရီဖေးကို ကြွေစင်းအောင် လုပ်တဲ့ ယောက်ျားက ဘယ်လိုမျိုးလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းတယ်"
ယူကီရှီရိုဆာက အေးစက်စက် ပြုံးလိုက်သည်။
ကာဝါကာမီ ဂျန်စိုင်းက အလေးအနက် ရှိနေသော မျက်နှာဖြင့် …
"မိန်းကလေး … ကျေးဇူးပြုပြီး ဂရုစိုက်ပါ။ ချန်းပေ့ရွှမ်းက အရမ်းကို အန္တရာယ် များလွန်းတယ်"
"ကျွန်မမှာ ရှင်ရှိတာပဲ။ မဟုတ်ဘူးလား …"
ယူကီရှီရိုဆာက ပြုံးရင်း မေးလိုက်သည်။
ကာဝါကာမီ ဂျန်စိုင်းက ခေါင်းကို အောက်သို့ ငုံ့ရင်း …
"ကျွန်တော့်ရဲ့ ကင်ဒိုက ဆရာချန်းကို မယှဉ်နိုင်ပါဘူ။ ကျွန်တော့် ဆရာကပဲ သူ့ကို တားဆီး နိုင်လိမ့်မယ် ထင်တယ်"
"ဆရာ ကီတ နီဝါကာဝါ …"
ယူကီရှီရိုဆာ မျက်မှောင်ကြုတ် လိုက်သည်။ အကယ်၍ ယူကီရှီရို ကလန်တွင် ယူကီရှီရိုဆာ ကြောက်ရသည့် တစ်ယောက်ကို ပြပါ ဆိုလျှင် သူမ၏ အဖေလည်း မဟုတ်သလို ဦးလေး၊ အဘိုး များလည်း မဟုတ်ပေ။ ပြောင်ကင်ဒို ဝတ်စုံနှင့် ဝါကီဇာရှီကို တစ်နှစ်ပတ်လုံး ဆင်မြန်းသော အဘိုးအို တစ်ယောက်သာ ဖြစ်သည်။ ထိုအဘိုးအို၏ အမည်က ကီတ နီဝါကာဝါပင်။
ထိုအဘိုးအိုမှာ ဘုန်းတော်ကြီးအို တစ်ပါးနှင့် တူသည့်တိုင် ခူးရှူးနှင့် ရှီကိုးကူး တစ်ဝိုက်တွင် လူတိုင်း သိသည့် အမည်တစ်ခု ဖြစ်သည်။
ယူကီရှိရိုဆာတွင် အခြား လူများ၏ စိတ်ကိုဖတ်ရန် ယုံကြည်ချက် ရှိသည့်တိုင် ထိုအဘိုးအို၏ စိတ်ကိုမူ မဖတ်နိုင်ခဲ့ချေ။ သူမအတွက် ထိုအဘိုးအိုမှာ ရေကန်နက်ကြီး တစ်ခုလိုပင်။ သူမ မည်သို့ပင် သူ၏ စိတ်ကို ဖတ်ရန် ကြိုးစား သော်လည်း ကိုယ့်အရိပ်ကိုသာ ကိုယ်ပြန်မြင် နေရသည်။
"ချန်းပေ့ရွှမ်းက အစွမ်းထက်တယ် ဆိုပေမဲ့ ကျွန်တော့် ဆရာကလည်း အရမ်း အစွမ်းထက်တယ်"
ကာဝါကာမီ၏ မျက်လုံးက အလင်းရောင်ဖြင့် တောက်ပ နေသည်။ သူ၏ စိတ်တွင်မူ ကီတ နီဝါကာဝါ၏ တည်ရှိမှုက နတ်ဘုရား တစ်ပါး အလားပင်။
ယူကီရှီရိုဆာ ကမူ တိတ်ဆိတ်စွာသာ တွေးနေ ခဲ့မိသည်။ ယခု ခရီးစဉ်မှာ အပန်းဖြေ သဘောမျိုး ဖြစ်လိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။ သို့သော် ယခုကဲ့သို့ မြို့ငယ်လေး တစ်ခု၌ စစ်မှန်သော နဂါးတစ်ကောင် ပုန်းအောင်း နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
***
ချန်းဖန်မှာမူ နွယ်ပင်စိမ်း ကလပ်၌ ဖြစ်ပျက်ခဲ့သည် များကို မသိသလို ဂရုလည်း မစိုက်ပေ။
သူ၏ အလုပ်တာဝန် များကိုသာ အာရုံ စူးစိုက်နေခဲ့သည်။
"ခုတစ်ကြိမ်နဲ့ ဆိုရင် စက်ရုံထဲကို သူတို့ခိုးဝင်တာ လေးကြိမ်မြောက်ပဲ။ ဆမ်ဆောင်းရဲ့ လျှို့ဝှက် စစ်ဆင်ရေး အဖွဲ့က အရမ်းကို ရဲတင်းလွန်းတယ်။ သူတို့က လေးခုမြောက် ဂိတ်ထိ ရောက်အောင် ခိုးဝင် နိုင်ခဲ့တယ်"
တိတ်ဆိတ်သော ဥယျာဉ်တစ်ခု အတွင်း၌ ယုချင်က လေးလံသော မျက်နှာဖြင့် ပြောသည်။
သူမ၏ ရှေ့တွင်မူ ချန်းဖန်က ခြေချိတ်၍ ထိုင်ရင်း လက်ဖက်ရည် တစ်ခွက်ကို စုပ်ကာ သောက်ယူနေသည်။ ထိုသတင်းက သူ့အား စိတ်လှုပ်ရှားစေပုံ မပေါ်ချေ။
"အဲဒီကောင်တွေက အရူးတွေ များလား။ ငါတို့က စစ်တပ်ရဲ့ ကာကွယ်မှု အောက်မှာ ရှိတာတောင် သူတို့ လှုပ်ရှား နေတုန်းပဲ"
"ရှင်လည်း သိတာပဲဟာ။ ကျွန်မတို့ရဲ့ နိုင်ငံခြား ပေါ်လစီအရ ဂျပန်ရဲ့ သြဇာအာဏာ ကြီးမားလာမှုကို ဖိနှိပ်ဖို့ ကိုရီးယားနဲ့ လက်တွဲ နေရတယ်။ နောက်ပြီး တရုတ်မှာလည်း လီမိသားစုကို ထောက်ခံတဲ့သူ အများကြီး ဆိုတော့ …"
ယုချင်၏ စကားကို ချန်းဖန်က ခေါင်းညိတ် လိုက်သည်။ နိုင်ငံရေးသမား များ၏ နိုင်ငံခြား ဆက်ဆံရေးက ရှုပ်ထွေးသည်။ ဆမ်ဆောင်း လုပ်ငန်းစု၏ တရုတ်သို့ ဝင်ရောက်လာမှု ကလည်း တရုတ်အရာရှိကြီး များ၏ အိတ်ကပ်များကို ဖောင်းစေမည် မဟုတ်ပါလား။
ထို့ကြောင့်ပင် ဆမ်ဆောင်း လျှို့ဝှက် စစ်ဆင်ရေးအဖွဲ့ ယခုမျှ ရဲတင်း နေရခြင်း ဖြစ်မည်။
"လီဟွန်ဘင် ကတော့ စိတ်ပျက်နေမှာပဲ။ ဓာတ်ခွဲခန်း ပိတ်သိမ်းလိုက် ပေမဲ့ အဇူရာ မှော်ဆေးဝါးရဲ့ တည်ရှိမှုက သုတေသန အောင်မြင်တယ် ဆိုတာ ပြသနေတယ်။ နောက်ပြီး ရှင်သန်ခြင်း ရေစင် အမြောက်အမြား ထုတ်လုပ်မှု ကလည်း ဈေးကွက်ကို ရိုက်ခတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ဒါပေမဲ့ ရောင်းချခွင့်က ခုထိ သူတို့ မရသေးဘူး။ ဆမ်ဆောင်းရဲ့ လီမိသားစုက ဒီအတိုင်း ငြိမ်ငြိမ်လေး နေပြီး အဲဒီကိစ္စကို လက်ခံမှာ မဟုတ်ဘူး"
ယုချင်က အခြေအနေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ ပြသည်။
ချန်းဖန်က ပြုံးရုံသာ ပြုံးနေလိုက်သည်။ ဆမ်ဆောင်း၏ ဇီဝဗေဒနှင့် သက်ဆိုင်သော အဖွဲ့ခွဲမှာ အိဒ်အင်တာ နေရှင်နယ်နှင့် ၎င်း၏ မဟာမိတ်များနှင့် ယှဉ်ပါက အသေးအဖွဲမျှသာ ဖြစ်သည်။ ဆမ်ဆောင်း လုပ်ငန်းစု တစ်ခုလုံးပင်လျှင် မြေခွေးအိုကြီးများ ပေါင်းထားသည့် မဟာမိတ်အား ယှဉ်နိုင်မည် မဟုတ်ပေ။
"ငါတို့ အိဒ်အင်တာ နေရှင်နယ် ကုမ္ပဏီကိုလည်း ထည့်တွက်ရမယ်။ သူတို့က သီးဆပ်နဲ့ ပူးပေါင်းလိုက် ကတည်းက သူတို့ရဲ့ တရားဝင် ရောင်းဝယ်ခွင့်ကို လက်လွှတ်လိုက်တာ သိသာတယ်"
ချန်းဖန်က အေးစက်စွာ ပြောလိုက်သည်။
"ဆရာချန်း … ကျွန်မတို့ လီဟွန်ဘင်ကို တိုက်ရိုက် သတိပေးလိုက် ရမလား"
ယုချင်က စိတ်မသက်မသာ မေးသည်။
"မလုပ်နဲ့ … သူက လုပ်ချင်တာ လုပ်ပြီးပြီ ဆိုတော့ တန်ကြေးကို ပေးဖို့ အဆင်သင့် ဖြစ်နေလို့ပဲ"
ချန်းဖန်က အေးစက်စွာ ပြုံးရင်း မတ်တတ် ရပ်လိုက်သည်။
"လက်ဖက်ရည် အတွက် ကျေးဇူးပဲ … မိန်းကလေးယု ..."
ပြောပြီးသည်နှင့် ချန်းဖန် လက်နှစ်ဖက်ကို နောက်ပစ်ကာ ထွက်လာခဲ့သည်။ ထို့နောက် ဧည့်သည် ပါမောက္ခ ချန်းပေ့ရွှမ်း အဖြစ် ကျင်းတက္ကသိုလ်သို့ ပြန်လာခဲ့သည်။ သူက ရွေးချယ်ခံကျောင်းသားများ၏ အတန်းတွင် ယခု စာသင်နှစ်အတွက် နောက်ဆုံးကျန်နေသော သင်ခန်းစာကို သင်ကြားရဦးမည် ဖြစ်သည်။
"ဒီနေ့ … ကျွန်တော် မျိုးရိုးဗီဇနဲ့ ဆင့်ကဲ ပြောင်းလဲခြင်း တို့နဲ့ ပတ်သက်တဲ့ သီအိုရီကို ပို့ချပေးပါမယ် …"
ချန်းဖန်က ယုံကြည်မှုရှိစွာ ကြေညာလိုက်သည်။
ထုံးစံအတိုင်း ချန်းပေ့ရွှမ်း၏ အမာခံ ပရိသတ်ဖြစ်သည့် ကျောင်းယို့ယို့က ရှေ့ဆုံးတန်းတွင် ထိုင်ကာ နားထောင် နေခဲ့သည်။ သူမ၏ ဘေးတွင်မူ ခါတိုင်းကဲ့သို့ ဖန့်ချုံး ရှိမနေခဲ့ပေ။ ထို့အစား မိန်းမဆန်ဆန် ရုပ်ရည်နှင့် လီဟွန်ဘင်သာ ရှိနေခဲ့၏။
အတန်းချိန် ပြီးဆုံးသည်နှင့် ကျောင်းသား အများစုမှာ အတန်းမှ ပြန်လည် ထွက်ခွာသွားကြပြီ ဖြစ်သည်။ လီဟွန်ဘင်မှာမူ မပြန်သေးပဲ ချန်းဖန်ထံ လျှောက်လာ၍ လက်ကမ်းလိုက်ရင်း …
"ပါမောက္ခချန်း … တွေ့ရတာ ဝမ်းသာပါတယ်"
ကျောင်းယို့ယို့က ဝင်၍ မိတ်ဆက် ပေးလိုက်သည်။
"ပါမောက္ခချန်း … ဒါက ကိုရီးယားက အသစ် ပြောင်းလာတဲ့ ကျောင်းသား လီဟွန်ဘင်ပါ။ သူက ဆမ်ဆောင်း ဇီဝဗေဒ အဖွဲ့ခွဲရဲ့ စီအိုးအိုပါ"
"အိုး … ဟုတ်လား …"
ချန်းဖန်က မေးလိုက်သည်။
"ခင်ဗျား ဘာလိုအပ်လို့ ပါလိမ့် မစ္စတာလီ …"
"ကျွန်တော့်မှာ မေးခွန်းအချို့ ရှိလို့ပါ။ ရှင်သန်ခြင်း ရေစင် အကြောင်းပေါ့ …"
လီဟွန်ဘင်က ပြုံးရင်း ပြောသည်။
"စိတ်မကောင်းပါဘူး။ ရှင်သန်ခြင်း ရေစင် အကြောင်း အချက်အလက် တွေက လျှို့ဝှက်ထားတာပါ။ နောက်ပြီး ရောင်းချခွင့် တွေကို အိဒ်အင်တာ နေရှင်နယ် ကုမ္ပဏီအပြင် အခြား ဆေးဝါး ကုမ္ပဏီကြီးတွေနဲ့ ဆွေးနွေး ပြီးပါပြီ။ ခင်ဗျား ပိုသိချင်ရင် အိဒ်အင်တာ နေရှင်နယ် ကုမ္ပဏီနဲ့ ဆွေးနွေးဖို့ အကြံပြု ချင်တယ်"
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
လီဟွန်ဘင်၏ မျက်နှာ တစ်ခုလုံးက မည်းမှောင် သွားသည့်တိုင် အပြုံးတု တစ်ခုကို ဆင်မြန်းရင်း …
"မစ္စတာချန်း … ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစား နိုင်မလား"
သူ၏ မျက်လုံး၌ အမှောင်စက်ဝိုင်း နှစ်ခု ပေါ်ထွက်လာကာ သေဆုံးခြင်း အငွေ့အသက် များကို ထုတ်လွှတ်သည်။ ထိုအငွေ့အသက်က ပတ်ဝန်းကျင်ရှိ လူများအား စိတ်ဗလာ ဖြစ်စေသည်။ သူ့ဘေးရှိ ကျောင်းယို့ယို့ ပင်လျှင် ကြောင်တောင်တောင် ပုံစံသို့ ပြောင်းလဲနေပြီ ဖြစ်၏။ သူမ၏ ဝိညာဉ်က ကိုရီးယား လူငယ်၏ မျက်လုံး တွင်းနက်ကြီးများ အတွင်းသို့ စုပ်ယူ ခံရသည့်နှယ် ခံစား နေရသည်။
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း …
"မင်းက ငါ့ရှေ့မှာ ဓမ္မအစီအရင်ကို သုံးရဲတယ်ပေါ့။ ဘုန်းကြီးကို တရားလာဟော နေတာပဲ"
***