ထောင်ချောက်
Vol. 3 Ch. 297
လီဟွန်ဟင်၏ မျက်လုံး အမှောင်စွမ်းအားမှာ သူ ခုနစ်နှစ် အရွယ်ကပင် နိုးထခဲ့ခြင်း ဖြစ်၏။ လီမိသားစုမှာ စီးပွားရေးသမား များသာ ဖြစ်ရာ ထိုသို့ ဖြစ်စဉ်က ဖြစ်ခေါင့် ဖြစ်ခဲပင်။ ထို့ကြောင့် လီမိသားစု ခေါင်းဆောင် ကပင် လီဟွန်ဘင်၏ စွမ်းအားများ အပြည့်အဝ ပေါ်ထွက်ရန် အတွက် ထိပ်တန်း ဝိညာဉ်စွမ်းအား ပညာရှင် တစ်ယောက်အား ကိုယ်တိုင် ငှားယမ်း ပေးခဲ့သည်။
လီဟွန်ဘင် အသက် ခြောက်နှစ်ပြည့် အခါတွင် ထိပ်သီး အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
သူက ဝိညာဉ်စွမ်းအင် ဓမ္မစွမ်းအား၌ အလွန် ပါရမီပါကာ သူ၏ အနာဂတ်က ခန့်မှန်း၍ မရပေ။ သူ၏ နောက်ထပ် ကျွမ်းကျင်သော အရည်အချင်း တစ်ခုမှာ သူ၏ လှပသော ရုပ်ရည်ကို မည်ကဲ့သို့ အသုံးချရ မည်မှန်း သိရှိခြင်းပင်။ ကိုရီးယားတွင် ဆိုလျှင် မင်းသမီးငယ်လေး များနှင့် သူဌေးသမီးများ အကြား၌ သူ၏ နာမည်က အလွန်ပင် ကျော်ကြားသည်။ ကျောင်းယို့ယို့ ပင်လျှင် သူ တရုတ်သို့ စရောက်သည့် အချိန် ကတည်းက သူ့အား ကြွေကျ သွားခဲ့ခြင်း ဖြစ်၏။
"ခင်ဗျားက ပိုပြီး ခက်ခဲတဲ့လမ်းကို ရွေးခဲ့တာပဲ။ မဟုတ်ဘူးလား။ ခင်ဗျား တက္ကသိုလ်က ပါမောက္ခတစ်ယောက်ပါပဲ။ ဒီလို အဖိုးတန်တဲ့ လျှို့ဝှက်ချက်ကို ဘယ်လို ထိန်းသိမ်းထားနိုင်မှာလဲ။"
လီဟွန်ဘင်က နှာခေါင်း ရှုံ့လိုက်သည်။ ခဏအတွင်းမှာပင် သူ၏ မျက်လုံးမှ အမှောင်များက ချန်းဖန်အား ညှို့ယူရန် ကြိုးစားသည်။ လျှို့ဝှက် နည်းလမ်း တစ်မျိုးဖြင့် ဖော်ထုတ် ထားသည့် ဝိညာဉ် စွမ်းအင်က ချန်းဖန်၏ မျက်လုံးအား တိုက်ရိုက် တိုးဝင်ကာ ချန်းဖန်၏ မသိစိတ်အား ထိန်းချုပ်သည်။
ထိုစွမ်းအားက ချမ်းသာပြီး အာဏာ ကြီးမားသည့် လူများစွာကို လွယ်ကူစွာ အနိုင်ယူနိုင် ခဲ့သဖြင့် လီဟွန်ဘင် ယုံကြည်မှု အပြည့်အဝ ရှိနေသည်။ ထိုနည်းလမ်းနှင့် ဆိုပါက ချန်းပေ့ရွှမ်း၏ ပါးစပ်မှ လျှို့ဝှက်ချက် ထွက်လာစေရန် လုံလောက်သည်။
သို့သော်လည်း အချိန် အနည်းငယ် ကြာသည်နှင့် သူ မျက်လုံးပြူး လာခဲ့သည်။ သူ၏ အမှောင် စွမ်းအားက ချန်းဖန်အား အကျိုး သက်ရောက်ပုံ မရပေ။
ရုတ်တရက် ချန်းဖန်၏ မျက်လုံးမှ အဇူရာ အလင်းတစ်ခု ပေါ်ထွက်ကာ လီဟွန်ဘင်၏ အမှောင် ဝိညာဉ် စွမ်းအားကို ဝါးမျိုရန် ပြင်သည်။
ဘန်း …
အဇူရာ အလင်းနှင့် အမှောင် စွမ်းအား ထိပ်တိုက် တွေ့သည်နှင့် ပေါက်ကွဲသံ သဲ့သဲ့ ထွက်ကာ လီဟွန်ဘင်၏ အမှောင်စွမ်းအား ကွဲပြိုသည်။
လီဟွန်ဘင်မှာ ထိုပေါက်ကွဲအားကို တောင့်မခံနိုင်ပဲ မြေပြင်ပေါ်သို့ လဲပြိုသည်။ သွေးများစွာက သူ၏ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းများမှ ထွက်နေကာ သူ့အား နတ်ဆိုး တစ်ကောင် အလား အကျည်းတန် စေသည်။
"ဟွန်ဘင် … ဘာဖြစ်တာလဲ …"
ကျောင်းယို့ယို့မှာ ညှို့ယူခံရခြင်းမှ လွတ်ကင်းသည်နှင့် သွေးပျက်စရာ မြင်ကွင်းအား မြင်တွေ့ လိုက်ရသည်။
"မင်း … မင်းက ငါ့လျှို့ဝှက် ကျင့်စဉ်ကို ဘယ်လို ဖျက်ဆီး လိုက်တာလဲ"
လီဟွန်ဘင်က ကျောင်းယို့ယို့အား လှည့်မကြည့်ဘဲ ချန်းဖန်အား မေးသည်။ သူ၏ မျက်လုံးများကမူ ချောက်ချားမှု များနှင့် ပြည့်နှက် နေခဲ့၏။
ဝိညာဉ်စွမ်းအင် တိုက်ပွဲများမှာ သိုင်းပညာ ပြိုင်ပွဲများထက် ပိုမို ပြင်းထန်သည်။ လီဟွန်ဘင်၏ ဝိညာဉ် စွမ်းအင်များမှာ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံကြောင့် တစ်စစီ ကွဲကြေ သွားခဲ့ရပြီ ဖြစ်သည်။ သူ၏ ဆယ်စုနှစ်နှင့် ချီကာ လေ့ကျင့် ထားခဲ့ရသော လျှို့ဝှက် စွမ်းအားက ချန်းဖန်အား မည်သို့မျှ မယှဉ်နိုင်ပေ။ အကယ်၍ ချန်းဖန်သာ သူ၏ စွမ်းအားကို ထိန်းချုပ် မထားခဲ့ပါက သူ၏ ဦးနှောက်များပြင် ပေါက်ကွဲ သွားလောက်ပြီ ဖြစ်သည်။
"ဒါက မင်းကို သင်ခန်းစာ ပေးတာပဲ"
ချန်းဖန်က လက်နှစ်ဖက်အား နောက်သို့ပစ်ရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မင်းနောက်တစ်ကြိမ် ငါ့ကို ဆန့်ကျင်ရင် … မင်းကို ငါသတ်မယ်"
ချန်းဖန်က ပြောပြီးသည်နှင့် ထိုနေရာမှ ထွက်လာခဲ့သည်။ လီဟွန်ဘင်မှာ ဆမ်ဆောင်း၏ အစွမ်းထက်သည့် ပုံရိပ်တစ်ခု ဖြစ်သော်လည်း သူ၏ မျက်လုံး၌ ပုရွက်ဆိတ် တစ်ကောင်ထက် မပိုပေ။
"သူက ငါ့ကို တိုက်ခိုက် လိုက်တယ် …"
လီဟွန်ပင် ချောက်ချားစွာ ရေရွတ်ရင်း မြေပြင်ကို အားယူထရန် ကြိုးစားသည်။ သူ၏ သွေးလွှမ်းနေသော မျက်နှာမှာမူ ဆံပင်များနှင့် ဖုံးအုပ်ကာ မကောင်းဆိုးဝါး ဆန်သော ပုံကို ဖြစ်ပေါ်စေသည်။ သို့သော်လည်း ထိုအရာကို သူ ဂရုမစိုက်ပေ။
ထိုထက် ပိုအရေးကြီးသော အရာကား တက္ကသိုလ် ပါမောက္ခ တစ်ဦးထံတွင် သူ ရှုံးနိမ့်ခဲ့ခြင်းပင်။
"ခွေးသား ဟောင်ဂူ … မင်းက ဘာစောက်သုံးမှ မကျဘူး။ ချန်းပေ့ရွှမ်းက ဝိညာဉ်အထူးပြု အထွတ်အထိပ် အဆင့် တစ်ယောက်ပဲ … ထွီး …"
သူက ပြောရင်း ပါးစပ်ထဲမှ သွေးများအား ထွေးထုတ်လိုက်သည်။
"အိဒ်အင်တာ နေရှင်နယ်က ခွေးသားတွေ ကလည်း ချန်းပေ့ရွှမ်းရဲ့ စွမ်းအားကို သိတာ ဖြစ်ရမယ်။ ဒါကြောင့် သူတို့ မလှုပ်ရှား သေးတာပဲ"
"နောက်ပြီး ချန်းပေ့ရွှမ်း ဆိုတဲ့ကောင် … မင်းက ငါ့ရဲ့ လျှို့ဝှက် ကျင့်စဉ်ကို တန်ပြန် တိုက်ခိုက်ပြီး ငါ့ရဲ့ ဝိညာဉ် စွမ်းအင်ကို ဖျက်စီးခဲ့တယ်။ မင်းကို ငါခွင့်မလွှတ်ဘူး"
လီဟွန်ဘင်၏ မျက်လုံးက ဒေါသများဖြင့် တောက်လောင် နေတော့သည်။
"ချန်းပေ့ရွှမ်း … တွေ့ကြ သေးတာပေါ့ …"
ချန်းပေ့ရွှမ်းမှာ လီမိသားစု၏ အင်အားကိုပင် ထည့်မတွက်ဘဲ သူ့အား တိုက်ခိုက်ရဲသည်။ အဆိုးဆုံးမှာ သူဆယ်စုနှစ် တစ်ခုကျော် လေ့ကျင့်ခဲ့သော စိတ်စွမ်းအားကို ဖျက်ဆီး ခဲ့ခြင်းပင်။ သူ့အနေဖြင့် ထိုစွမ်းအားများ ပြန်လည်ရရှိရန် နှစ်အနည်းငယ် ကြာအောင် ထပ်မံ ကျင့်ကြံ ရတော့မည်။
"တစ်ယောက်ယောက် လာပါဦး …"
စာသင်ခန်း ရှေ့မှ ဖြတ်သွားသော လူတစ်ယောက်က သွေးများ ပေကျံနေသည့် ကိုရီးယား လူငယ်အား တွေ့သဖြင့် အော်ဟစ်ကာ အကူအညီ တောင်းလိုက်သည်။ ထို့နောက် လူများ ဝိုင်းအုံလာကာ လီဟွန်ဘင်အား တက္ကသိုလ် ဆေးရုံသို့ ခေါ်ဆောင် သွားတော့သည်။
ကျောင်းယို့ယို့မှာမူ အနည်းငယ် ကြောင်စီစီ ဖြစ်နေခဲ့သည်။ လူတစ်ယောက်က သူမအား ရေအေးနှင့် ဖျန်းလိုက်သည့် အခါမှသာ သူမ၏ အတွေးများက ပြန်လည် ကြည်လင် ပြတ်သား လာခဲ့သည်။
"ချီးပဲ … ငါက သူ့ရဲ့ကစားပွဲမှာ ကစားနေရုံပဲလို့ တွေးထားတာလေ။ ငါ တကယ်ပဲ သူ့ကို ကြိုက်သွားတာလား"
"ပါမောက္ခချန်းက ဘာပြော ခဲ့တာလဲ။ ငါ ဘာကြောင့် တစ်ခုမှ မမှတ်မိတာလဲ။ လီဟွန်ဘင်က အကြောင်းရင်း မရှိဘဲ ဘာကြောင့် သွေးတွေနဲ့ ပေကျံနေတာလဲ"
ကျောင်းယို့ယို့မှာ နားမလည်နိုင် ဟန်ဖြင့် ခေါင်းကိုသာ ခါယမ်း လိုက်မိ၏။
ထိုအချိန်တွင် ချန်းဖန်မှာ လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း ကျင်းတက္ကသိုလ် ပန်းခြံအတွင်း ဖြည်းညင်းစွာ လမ်းလျှောက် နေခဲ့သည်။
ရုတ်တရက် တစ်နေရာသို့ အရောက်၌ ချန်းဖန် ရပ်လိုက်ရင်း …
"ထွက်လာခဲ့ … မင်းတို့ရှိတာ ငါသိတယ်"
ချုံအကွယ်၌ ချိန်းတွေ့နေသော စုံတွဲ တစ်တွဲက မကြည်မသာဖြင့် ထွက်လာကာ ချန်းဖန်အား ဘုကြည့် ကြည့်သည်။
"ဒီလူက အရူးလား မသိဘူး …"
ယောက်ျားလေးက မကျေမနပ် ပြောသည်။ မိန်းကလေးကမူ ချန်းဖန်၏ ချောမောသော ရုပ်ရည်အား နှမြောဟန် ကြည့်သည်။ ထို့နောက် သူတို့နှစ်ယောက် အခြား နေရာသို့ ထွက်သွား ကြတော့သည်။
ချန်းဖန်မှာမူ ထိုနေရာတွင်ပင် ခပ်တည်တည် ဆက်၍ ရပ်နေခဲ့သည်။ ထို့နောင် အေးစက်စွာ ပြုံးလိုက်ရင်း …
"မင်းတို့က လီဟွန်ဘင်ကို ငါးစာအဖြစ် သုံးရဲရအောင် လီမိသားစုကို မကြောက်ဘူးလား ..."
"ဆမ်ဆောင်းရဲ့ လီမိသားစုက ကျုပ်တို့နဲ့ ပတ်သက်ဖို့ မထိုက်တန်ဘူး …"
ရှင်းလင်းသော အသံနှင့် အတူ အသားဖြူဖြူ၊ ရွှေရောင်ဆံပင် လူငယ်တစ်ယောက် အကွယ်တစ်ခု၏ နောက်မှ ထွက်ပေါ် လာခဲ့သည်။
"ကျုပ်နာမည်က ဇိုရို … ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ် … ဆရာချန်း …"
လူငယ်က ပြုံးရင်း တရုတ် စကားဖြင့် နှုတ်ဆက်လိုက်၏။ သူကား ဟောင်ဂိုဏ်း၏ ခေါင်းဆောင် တစ်ယောက် ဖြစ်သည့် မိုးကြိုးဘုရင် ဇိုရိုပင်။
"မစ္စတာပါ့က လီဟွန်ဘင်ကို ခင်ဗျား ထွက်ပေါ်လာဖို့ ငါးစာလုပ်တဲ့ အတွက် စိတ်ထဲ မထားလောက်ပါဘူး …"
စူးရှသော စကားသံနှင့် အတူ အာရှလူမျိုး တစ်ယောက် ကလည်း သစ်ပင်ကြီး တစ်ပင်၏ နောက်ကွယ်မှ ထွက်ပေါ် လာခဲ့သည်။
"သူက လီမိသားစုရဲ့ နောက်ပေါက် တစ်ယောက်ပါပဲ။ လီဟွန်ဘင် မပြောနဲ့။ လီမိသားစု ခေါင်းဆောင်တောင် ကျုပ်ကို လေးလေးစားစား ဆက်ဆံရတယ်"
အာရှသားက နှာခေါင်းရှုံ့ရင်း တရုတ်သံကို မပီမသ ဆိုသည်။
"ကျုပ်က အစစ်အမှန် သင်ကြားခြင်း ဂိုဏ်းက ပါ့ချွန်ဟွမ်ပါ။ ခင်ဗျားကို တွေ့ရတာ ဂုဏ်ယူစရာပါ …"
အာရှသားက ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းရင်း လေးစားသည့် အမူအရာ ပြသည်။ သူ၏ ကိုယ်မှ သေဆုံးခြင်း စွမ်းအင်များ ပေါ်ထွက်နေရာ အနက်ရောင် မြွေကိုပင် ချန်းဖန် သတိရမိသည်။
"မစ္စတာ ပါ့ချွန်ဟွမ်က သိုင်းပညာ ပေါင်းစုံကို လိုက်စားတဲ့ ပညာရှင် တစ်ယောက်ပါ။ နောက်ပြီး ကိုရီးယား အထူးတပ်ဖွဲ့ရဲ့ ဆာဂျင်တစ်ယောက် ဆိုလည်း ဟုတ်ပါတယ်။ သူက ဆရာချန်းကို အရင် ကတည်းက တွေ့ချင်နေတာပါ"
ဇိုရိုက ဝင်၍ မိတ်ဆက် ပေးသည်။
"မင်းတို့ နှစ်ယောက်တည်းလား …"
ချန်းဖန်က အေးစက်စွာပြုံးရင်း မေးလိုက်သည်။ ဇိုရိုနှင့် ပါ့ချွန်ဟွမ် နှစ်ယောက် စလုံးမှာ အလွန် အစွမ်းထက်သည့် လူများ ဖြစ်ကြသည့်တိုင် ချန်းဖန်နှင့် ယှဉ်လျှင်မူ အဆများစွာ ကွာခြား နေသေးသည်။ ထိုနှစ်ယောက်မှာ သူ၏ တစ်ကွက်ကိုပင် ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
"ဆရာချန်းက တရုတ်နဲ့ နံပါတ်တစ် အထွတ်အထိပ် ပညာရှင် ဆိုတော့လည်း ကျွန်တော်တို့ လုံလောက်အောင် ပြင်ဆင် လာပါတယ်"
ဇိုရိုက ပြုံးကာ လက်ဖျောက် တစ်ချက် တီးလိုက်၏။ ရုတ်တရက် အရိပ်နှစ်ခုက လေထဲ၌ ရုတ်တရက် ပေါ်လာကာ မြေပြင်၌ ရပ်သည်။
ထိုအထဲမှ တစ်ယောက်မှာ အသက်လေးဆယ်ခန့် ရှိသည့် လှပသော အမျိုးသမီး တစ်ယောက် ဖြစ်သည်။ သူမက အနီရောင် ဝတ်စုံကို ဆင်မြန်းကာ နီရဲသော ဆံပင်များအား ပိုင်ဆိုင်သည်။ သူမ၏ မျက်လုံးအိမ်များ ပင်လျှင် အနီရောင်သို့ သန်းနေခဲ့ပြီး မျက်နှာတွင် ပျင်းရိသော အပြုံးတစ်ခု ပေါ်နေခဲ့သည်။ သူမ၏ သွယ်သော လက်ချောင်းများ တွင်မူ နီရဲသော လက်သည်းများက မီးတောက်များ အလား ကခုန် နေခဲ့သည်။
အခြားတစ်ယောက် မှာမူ အရပ် နှစ်မီတာခန့် ရှည်သည့် လူမည်းကြီး ဖြစ်သည်။ သူ၏ အနက်ရောင် အသားအရေက သံမဏိအလား ထင်မှတ်ရသည်။ ကလေး တစ်ယောက်သာ သူ့အား မြင်တွေ့လျှင် ဆူညံနေအောင် ငိုပေလိမ့်မည်။
"အနီရောင် မိန်းမပျို … အိုဂါ …"
"အနက်ရောင်စိန် …"
ထိုနှစ်ယောက်လုံးက ဟောင်ဂိုဏ်း၏ ခေါင်းဆောင်များ ထဲမှ နှစ်ယောက် ဖြစ်သည်။
"မလုံလောက်သေးဘူး …"
ချန်းဖန်က အေးဆေးစွာပင် ပြောလိုက်သည်။
"နောက်ပြီးတော့ ငါရယ် …"
အေးစက်သော အသံတစ်ခုနှင့် အတူ အရိပ်သဏ္ဌာန် ပုံရိပ်က ဝေဝေဝါးဝါး ပေါ်လာခဲ့၏။ အရိပ်က တဖြည်းဖြည်း ထင်ရှားလာကာ လူသဏ္ဌာန်ကို ဖြစ်ပေါ်စေ၏။
သူကား မြေအောက် ကမ္ဘာ၏ အလွန် အစွမ်းထက်သည့် အရှင်သခင်၊ အမှောင် တိုတမ်၏ ခေါင်းဆောင် အရိပ်တစ္ဆေ သီးဆပ်ပင်။
သေဆုံးခြင်း အငွေ့အသက်များ ထွက်ပေါ်နေသည့် လူငါးယောက်က ချန်းဖန်အား စက်ဝိုင်း သဏ္ဌာန် ဝန်းရံ လိုက်ကြတော့သည်။
***