လုယန်ကိုအရင်သတ်မည်
Vol. 32 Ch. 466
လျှို့ဝှက်ဂူအသစ်တွင် မဟာယုကျင့်ကြံသူများ ပျားပန်းခတ်မျှ လှုပ်ရှားနေသည်။ မှော်လက်စွပ်များထဲမှ ပစ္စည်းများကို ဆက်မပြတ်ထုတ်၍ လှိုဏ်ဂူသစ်ကို မွမ်းမံတန်ဆာဆင်ကြသည်။
နန်းတော်များကိုပင် မှော်လက်စွပ်ထဲထည့်၍ ရွှေ့ပြောင်းနိုင်သည်။ မကြာမီ ခမ်းနားသည့်နန်းတော်တစ်ခု လူသူမနီးသည့် လှိုဏ်ဂူထဲတွင် ဝင့်ကြွားထည်ဝါစွာ ပေါ်လာသည်။
နန်းတော်ဘေးတွင် ရိုးရှင်းသည့် သက်ငယ်မိုးတဲတစ်လုံးရှိသည်။ ထိုတဲသည် နိုင်ငံ့ဆရာနေထိုင်သည့်တဲဖြစ်သည်။
ရသေ့တစ်ပါးလို သူနေထိုင်သည်။ သူ့နေအိမ်က အလွန်ရိုးရှင်းသည်။ အဆင်တန်ဆာနည်းသည်။
ခွေးခြေထိုင်ခုံတစ်ခုတွင် သူထိုင်နေသည်။ မျက်လုံးများက နက်ရှိုင်း၍ အသိခက်သည်။ ဉာဏ်ရည်ထက်မြက်၍ စေ့စပ်သေချာသည့် လက္ခဏာမျိုး ထင်ဟပ်နေသည်။
"အခု ငါတို့ ဘေးကင်းသွားပြီ။ တာအိုလမ်းစဉ်ဂိုဏ်းကြောင့် နေရာပြောင်းလာရတာ တကယ်ရှက်စရာကောင်းတာပဲ"
သူသည် သာမန်လူမဟုတ်။ မဟာယု၏ ဒုတိယနိုင်ငံ့ဆရာဖြစ်သည်။ မဟာယုရွှေခေတ်ကို အမွေခံသူ၊ တိုးတက်အောင်လုပ်ခဲ့သူဖြစ်သည်။ သူ့အကူအညီကြောင့် မဟာယုအင်ပါယာအတော်များများ ထက်မြက်သည့်အုပ်ချုပ်သူများ ဖြစ်လာသည်။
တစ်လောကလုံး၏ လေးစားမှုကို သူခံယူခဲ့သည်။
ပထမနိုင်ငံ့ဆရာတွင် အထူးချွန်ဆုံး တပည့်နှစ်ယောက်ရှိခဲ့သည်။ ပထမတစ်ယောက်က ရန်သူအားလုံးကို ရင်ဆိုင်တိုက်ခိုက်၍ မဟာယုနိုင်ငံကို တည်ထောင်သည်။ နိုင်ငံတည်အင်ပါယာဖြစ်လာသည်။ သူသည် နိုင်ငံ့ဆရာ၏ ဒုတိယတပည့်ဖြစ်သည်။
ထို့ကြောင့် သူသည် ဒုတိယနိုင်ငံ့ဆရာသာမဟုတ်။ ဂိုဏ်းတည်အင်ပါယာ၏ ဆရာတူညီငယ်လည်းဖြစ်သည်။ ဤလောကတွင် သူ့ကို ဘယ်သူမလေးမစားလုပ်ရဲမည်နည်း။
ကူးဖြတ်ခြင်းအဆင့်ခြောက်ယောက်ကို တစ်ကိုယ်တော်နှိပ်ကွပ်နိုင်စွမ်းရှိသူဖြစ်သည်။
ယခုဖြစ်ခဲ့သမျှကိစ္စအားလုံး တာအိုရှင်ဝစီပိတ်ထောင်ချောက်ဆင်ရာမှ အစပြုခဲ့သည်။ အရုဏ်အရှင် အဖမ်းခံရသည်။ မူလလှိုဏ်ဂူနေရာအကြောင်း သတင်းပေါက်သွားသည်။
သူ့လက်ထောက်များ၏မျက်လုံးတွင်လည်း ဒေါသရိပ်သန်းနေသည်။
ဂိုဏ်းတစ်ဂိုဏ်းက နိုင်ငံတစ်ခုကို လာယှဉ်သည်။
"သောက်ရေးမပါတဲ့ တာအိုလမ်းစဉ်ဂိုဏ်း"
နိုင်ငံ့ဆရာမျက်လုံးများ အေးစက်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်းကို ရှင်းပစ်ဖို့ နည်းလမ်းစားသည်။
"အခု တာအိုလမ်းစဉ်ဂိုဏ်းက မဟာယုကို နှောက်ယှက်တာ သုံးကြိမ်ရှိပြီ။ ချင်းကျိုးမှာတုန်းက သူတို့ဂိုဏ်းကကျင့်ကြံသူတစ်ယောက် ဝင်နှောက်ယှက်တယ်။ နိုင်ငံ့ကံကြမ္မာစွမ်းအားကြောင့် သူဘယ်သူလဲ မသိရဘူး။
ဒုတိယတစ်ကြိမ် လုယန်ဆိုတဲ့ ရွှေသန္ဓေအဆင့်တပည့်က အလောင်းထိန်းဂိုဏ်းမှာ ဝင်ခိုနေတဲ့ ဟွမ်မင်ကိုဖော်ထုတ်ခဲ့တယ်။
နောက်ဆုံးတစ်ကြိမ် ဂိုဏ်းချုပ်ဝစီပိတ်က ထောင်ချောက်ဆင်ပြီး အရုဏ်အရှင်ကိုဖမ်းတယ်။
ဒီသုံးယောက်လုံး သေရမယ်။ စွမ်းအားအနိမ့်ဆုံးဖြစ်တဲ့ လုယန်ကိုစရှင်းမယ်။ ငါတို့ဘက်က မတုံ့ပြန်ရင် မဟာရှားကောင်တွေ ပုန်းကွယ်နေတဲ့မဟာချန်ကောင်တွေ ငါတို့ကိုလှောင်ရယ်နေလိမ့်မယ်"
မဟာယုနှင့် မဟာချန်အင်အားစုနှစ်ခုလုံး၏ ရည်ရွယ်ချက်က မဟာရှားကိုဖယ်ရှားဖို့ဖြစ်သည်။ အပြိုင်အဆိုင်အနေအထားတွင် ရှိသည်။ နိုင်ငံ့ဆရာက မဟာချန်များ ပုန်းခိုသည့်နေရာကို မကြာခဏရှာခဲ့သည်။
မဟာချန်နှင့်မဟာရှား ထိပ်တိုက်တွေ့အောင်ကြံ၍ နှစ်ဘက်လုံးအထိနာအောင် လုပ်ချင်သည်။ သို့ဆိုလျှင် မဟာယုအတွက် အမြတ်ထွက်မည်။
သို့သော် သူလုံးဝရှာမတွေ့။
"အခု လုယန်ဆိုတဲ့ကောင် ဘယ်နေရာရောက်နေလဲ သွားစုံစမ်းပါ။ မင်းသူ့ကိုသတ်နိုင်ရင် တစ်ခါတည်းသတ်လိုက်"
သူ့လက်ထောက်ကို အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
လက်ထောက်ထွက်သွားပြီးနောက် နိုင်ငံ့ဆရာစဉ်းစားသည်။ သတင်းအရ ဟန်ရွှေ့မြို့တိုက်ပွဲတွင် တတိယလူ ပေါ်လာသည်။ ကောင်းကင်ရုံးတော်ဂိုဏ်း၏ အဓိအဓိပဲဝါအရှင်ဟုပြောသည်။ ဝူယွီထောင်တို့ကို အနိုင်ယူသည်။
"ဒီကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ နောက်ခံက ဘာလဲ။ ပဲဝါအရှင်ဆိုတာ ဘယ်သူလဲ"
လောကအကြောင်း ကောင်းကောင်းနားလည်သူဖြစ်၍ လက်ရှိအင်အားစုများအကြောင်းလည်း သူစုံစမ်းထားသည်။ သို့သော် ပဲဝါအရှင်ကိုလည်းမသိ။ ကောင်းကင်ရုံးတော်ဂိုဏ်းလည်းမကြားဖူး။
"ဒီဂိုဏ်းက ဘယ်ကမှန်းမသိ ရုတ်တရက်ပေါ်လာတယ်။ ထူးဆန်းနေတယ်။ ဘာလို့ သူတို့က ဝူယွီထောင်ကို ဝင်တားတာလဲ။ ဘာကြောင့် သူတို့လည်း နိုင်ငံ့ကံကြမ္မာစွမ်းအားကို မျက်စိကျနေတာလဲ"
ငါးရက်ကြာပြီးနောက် သူ့လက်ထောက် ပြန်ရောက်လာသည်။
"လုယန်ကိုတွေ့လား"
"တွေ့ပါတယ်ဆရာ"
"သူ့ကိုသတ်ခဲ့လား"
"အဲဒါက..."
"ရွှေသန္ဓေအဆင့်တစ်ယောက်ကိုတောင် မင်းမသတ်နိုင်ဘူးလား"
လက်ထောက်၏ စွမ်းဆောင်ရည်ကို သဘောမကျဟန်ဖြင့် နိုင်ငံ့ဆရာဒေါသထွက်လာသည်။ သူ့လက်အောက်ခံတိုင်း ထိုသို့ဖြစ်နေလျှင် မဟာယုပြန်တည်ထောင်ဖို့ကိစ္စ ဘယ်လိုဆက်ပြောရမည်နည်း။
လက်ထောက်က ငိုမဲ့မဲ့မျက်နှာဖြင့်
"ဆရာ၊ လုယန်က ယာယီဂိုဏ်းချုပ်ဖြစ်နေပါပြီ"
"ဘာရယ်..."
နားကြားမှားသည်ဟု နိုင်ငံ့ဆရာထင်လိုက်မိသည်။ တာအိုလမ်းစဉ်ဂိုဏ်းကို အထင်မကြီးခဲ့သည့်တိုင် ရွှေသန္ဓေအဆင့်လောက်ကို ဂိုဏ်းချုပ်တင်ရလောက်အောင် နိမ့်ကျမည်ဟု သူမထင်ခဲ့။
တာအိုရှင်ဝစီပိတ်က ဂိုဏ်းချုပ်ဖြစ်၍ ထင်ပေါ်ကျော်ကြားလွန်းသည်။ သူ့ကိုသွားထိလျှင် အမှားအယွင်းဖြစ်နိုင်ခြေများသည်။ ထို့ကြောင့် နိုင်ငံ့ဆရာ လက်တွန့်ခဲ့သည်။
ယခု လုယန်က ယာယီဂိုဏ်းချုပ်ဖြစ်နေသည်။ သူ့ကိုကာကွယ်နေသူ များစွာရှိမည်။ မဆင်မခြင်လုပ်၍မရ။
"ကျုပ်သိထားတဲ့ သတင်းအရ ဒီကိစ္စဟာ ဂိုဏ်းတွင်းက ရာထူးအပြိုင်အဆိုင်နဲ့ ပတ်သက်နေပါတယ်။ ဂိုဏ်းချုပ်ရာထူးဩဇာကို ယွမ်ကျိဆိုတဲ့ ကျင့်ကြံသူက အချိန်အကြာကြီး လက်ဝါးကြီးအုပ်ထားတာပါ။
ပြီးတော့ သူက ဂိုဏ်းကိစ္စတွေကို လက်တွေ့စီမံနေတဲ့လူပါ။ ယွမ်ကျိဆိုတာ ဝစီပိတ်ရဲ့ အကြီးဆုံးတပည့်ပါ။ သူ့ကျင့်စဉ်စွမ်းအားကို မသိရပါဘူး။
ယွမ်ကျိဂိုဏ်းချုပ်လုပ်တာ ကြာသွားရင် ဂိုဏ်းချုပ်အစစ်အပေါ် ဩဇာလွှမ်းမိုးလာမှာစိုးလို့ ဝစီပိတ်က သူ့အငယ်ဆုံးတပည့်ကို ယာယီဂိုဏ်းချုပ် တင်ပေးလိုက်တာပါလို့ သိရပါတယ်"
နိုင်ငံ့ဆရာ လှောင်ပြုံးပြံဒးသည်။
"မင်းအတွေးက အပေါ်ယံဆန်လွန်းတာပဲ။ လုယန်က ရွှေသန္ဓေအဆင့်ပဲရှိတာပါ။ သူ့ဆရာတူအမကို စွမ်းအားချင်းဘယ်လိုယှဉ်နိုင်မှာလဲ။ တာအိုလမ်းစဉ်ဂိုဏ်းက ငါလုယန်ကို တိုက်ခိုက်လာမှာတွေးမိလို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူ့ကိုဂိုဏ်းချုပ်နေရာတင်ထားတာ။
ငါမင်းကို မေးမယ်။ ဟန်ရွှေ့ကပြန်လာပြီးမှ လုယန်က ယာယီဂိုဏ်းချုပ်ဖြစ်လာတာမဟုတ်လား"
လက်ထောက်အံ့အားသင့်သွားသည်။ နိုင်ငံ့ဆရာကို သူပို၍လေးစားလာသည်။
"ဆရာက တကယ်ဉာဏ်ထက်မြက်ပါတယ်။ ဆရာပြောတဲ့အတိုင်းပါပဲ။ လုယန် ဟန်ရွှေ့ကပြန်လာမှ ယာယီဂိုဏ်းချုပ်ဖြစ်တာပါ"
နိုင်ငံ့ဆရာနောက်သို့ သူတို့လိုက်လိုကြသည်မှာ ပြိုင်ဘက်ကင်းပါရမီနှင့် ဟာကွက်မရှိအောင် စဉ်းစားတွက်ချက်နိုင်သည့်ဉာဏ်စွမ်းကြောင့်ဖြစ်သည်။
နိုင်ငံ့ဆရာက နားလည်ဟန်ဖြင့် ပြုံးနေသည်။
"ဟားဟာ...လောကမှာ ဒီလိုတိုက်ဆိုင်မှုမျိုးတွေဆိုတာ မရှိပါဘူး။ နောက်ကွယ်မှာ အကြံအစဉ်တစ်ခုတော့ အမြဲရှိပါတယ်"
"ဒါဆို ဒီလုယန်ကို..."
"သတ်မယ်။ သူ့ကိုသတ်ရမယ်။ တာအိုလမ်းစဉ်ဂိုဏ်းလေး တစ်ဂိုဏ်းတည်းပါပဲ။ ငါတို့လှုပ်ရှားမှာကို သူတို့ကြိုသိထားလဲ ဘာအရေးလဲ။ ရွှေသန္ဓေအဆင့်တစ်ယောက်ကို သူတို့တကယ်ကာကွယ်နိုင်မှာလား။
အတုမဲ့စွမ်းအားရှေ့မှာ ဘယ်အစီအစဉ်မှာအလုပ်မဖြစ်ဘူးဆိုတာ တာအိုလမ်းစဉ်ဂိုဏ်းနဲ့အတူ တစ်လောကလုံးသိသွားစေရမယ်"
လက်ထောက် ပျော်သွားသည်။ လုယန်ကိုသတ်လိုက်ချိန်တွင် တာအိုလမ်းစဉ်ဂိုဏ်း အံ့ဩမင်သက်မိ၍ ကျိတ်မနိုင်ခဲမရဖြစ်ကျန်ခဲ့မည့်မြင်ကွင်းကို သူမြင်ယောင်နေသည်။
"တာအိုလမ်းစဉ်ဂိုဏ်းက နောက်နှစ်လအတွင်း နှစ်တစ်သိန်းနှစ်သောင်းပြည့် ဂိုဏ်းတည်နှစ်ပတ်လည်နေ ကျင်းပမယ်လို့ ကြားပါတယ်။ ဂိုဏ်းအဖွဲ့အစည်းတွေ အများကြီးဖိတ်ကြားလိမ့်မယ်။
ဒီအခွင့်အရေးကို အသုံးချပြီး ကျုပ်တို့ခိုးဝင်လို့ရတယ်"
တာအိုလမ်းစဉ်ဂိုဏ်းသည် အစောင့်အကြပ်များသည်။ ဝင်ပေါက်ထွက်ပေါက်များကို တင်းကြပ်စွာ ထိန်းချုပ်ထားသည်။ ယခုလို ပွဲတော်ကြီးများ ကျင်းပချိန်တွင်သာ နည်းနည်းလစ်ဟာမှုရှိမည်။
"အဲလိုလား"
နိုင်ငံ့ဆရာမျက်လုံးများ အရောင်လက်လာပြီး နှုတ်ခမ်းများ ပြုံးယောင်သန်းလာသည်။
"ကံကြမ္မာက မဟာယုကို မျက်နှာသာပေးနေပုံပဲ။ နှစ်ပတ်လည်နေ့ဟာ သူတို့အဆုံးသတ်တဲ့နေ့ဖြစ်ရမယ်"
ထိုစကားတစ်ခွန်းဖြင့် တာအိုလမ်းစဉ်ဂိုဏ်းကို သေမိန့်ချလိုက်သည်။
ဂိုဏ်းတစ်ဂိုဏ်းကိုပင် သူတို့ရှင်းမပစ်နိုင်လျှင် မဟာယုပြန်တည်ထောင်ဖို့ကိစ္စ ပြောနေစရာအကြောင်းမရှိတော့။
....
ထိုအချိန်တွင် မဟာယုနိုင်ငံ့ဆရာက သေစာရင်းသွင်းထားသည်ကို လုယန်မသိသေး။
ထိုကိစ္စသည် သတင်းအမျိုးမျိုးကွဲပြားမှုကြောင့် နိုင်ငံ့ဆရာ နားလည်မှုလွဲသွားခြင်းဖြစ်သည်။
ချင်းကျိုးပွဲတွင် ကပ်ဆိုးအရှင် လွတ်မြောက်လုနီးပါးဖြစ်ခဲ့သည်။ လုယန်က ယွမ်ကျိကို ဆင့်ခေါ်ခဲ့၍သာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ဟန်ရွှေ့မြို့တွင် ဝူယွီထောင်တို့ နိုင်ငံ့စွမ်းအားကို ရလုနီးပါးဖြစ်ခဲ့သည်။ လုယန်ကိုယ်ထဲမှ ထာဝရနတ်မယ်ကြောင့်သာ တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သုံးယောက်လုံးကို ဖမ်းနိုင်ခဲ့သည်။
တိန်ရှင်းမြို့တွင် စက္ကူကြိုးကြာက တာအိုရှင်ဝစီပိတ်ဆီ ရောက်လာသည်။ လုယန်က ယွမ်ကျိကို စာရေးအကြောင်းကြားဖို့ အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စသုံးခုလုံး လုယန်၏စနစ်မကင်းကြောင်းသာ နိုင်ငံ့ဆရာသိလျှင် အစောကြီးကတည်းက လုယန်ကို သေစာရင်းသွင်းခဲ့လောက်သည်။
သို့သော် သေစာရင်းသွင်းခံထားရကြောင်းသိလျှင်လည်း လုယန် သိပ်အရေးစိုက်နိုင်မည်မဟုတ်။
ယခုလောလောဆယ် ထိုထက်ပိုအရေးကြီးသည့် ဖြေရှင်းစရာကိစ္စများရှိသည်။
"အမယွမ်၊ ကျုပ်က ယာယီဂိုဏ်းချုပ်အနေနဲ့ နန်းတော်ကိစည်းဝေးပွဲသွားတက်ရမှာလား"
********************************