ရှေးဟောင်းမသေမျိုးတွေ့ဆုံပွဲ
Vol. 32 Ch. 467
လောလောဆယ် လုယန်သည် နတ်မယ်၏ရွှေလက်ချောင်းအဖြစ် သရုပ်ဆောင်နေရသည်။ ယာယီဂိုဏ်းချုပ်တာဝန်ကို ထမ်းဆောင်နေရသည်။ ဂိုဏ်း၏နှစ်ပတ်လည်ပွဲအတွက် စီစဉ်နေရသည်။
လူအားလုံးဖိတ်ခေါ်၍ အစားအသောက်ဧည့်ခံပြီး နတ်မယ်ကို အဖွင့်မိန့်ခွန်း အပိတ်မိန့်ခွန်းပြောခိုင်းရုံဖြင့်မရ။
နှစ်တစ်သိန်းနှစ်သောင်းပြည့် နှစ်ပတ်လည်ပွဲက ထိုမျှရိုးရှင်းနေလျှင် ငြီးငွေ့စရာဖြစ်နေမည်။ ယွမ်ကျိကျေနပ်ဖို့မဆိုထားနှင့်။ လုယန်ကိုယ်တိုင်ပင် ထိုသို့မဖြစ်စေချင်။
နတ်မယ်တစ်ယောက်သာ ကျေနပ်လိမ့်မည်။
"ဂုဏ်ပြုပွဲဆိုတာ အားလုံးပျော်ရွှင်ဖို့ပဲလေ။ ဘာလို့ဒီလောက် ဇာချဲ့နေမှာလဲ"
ရှုပ်ထွေးသည့် ခေတ်သစ်ဂုဏ်ပြုပွဲ စိတ်ကူးစိတ်သန်းများကို စွန့်လွှတ်ဖို့ နတ်မယ်က လုယန်ကို အကြံပြုသည်။
"ငါတို့ရှေးဟောင်းမသေမျိုးတွေ တွေ့ဆုံပွဲလုပ်ရင် ဘယ်တော့မှ ဒီလိုမရှုပ်ထွေးဘူး။ ငါက အစားအသောက်နဲ့ဧည့်ခံဖို့ပြင်ရင် ချီလင်တို့က ငါ့ကိုအပင်ပန်းခံပြီး လုပ်မနေပါနဲ့လို့ပဲ အမြဲပြောတယ်"
ထိုရှေးဟောင်းမသေမျိုးတွေ့ဆုံပွဲဆိုသည်မှာ နတ်မယ်က သူ့မာယာဖြင့် ကံဆိုးသူလေးယောက်ကို ဖိတ်ခေါ်ခြင်းသာဖြစ်သည်။ တစ်ခါတစ်လေ ချီလင်၏ မယားနှစ်ယောက်ပါ အဆစ်ပါလာသည်။
"ဒါဆို အဲဒီ့တွေ့ဆုံပွဲတွေမှာ ခင်ဗျားတို့ဘာလုပ်ကြလဲ"
"ကျင့်စဉ်အတွေးအမြင်တွေ ဖလှယ်တယ်လေ။ နင်သိလား၊ အဲဒီတုန်းကဆို လောကမှာ မသေမျိုးဆိုလို့ ငါတို့ငါးယောက်ပဲရှိတာ။ စိတ်တူကိုယ်တူချင်း တွေ့ဖြစ်ဖို့က ခဲယဉ်းတယ်။ ဒီတော့ တွေ့ဆုံပွဲတိုင်းကို ငါတို့တန်ဖိုးထားကြတယ်။
အဲဒီတွေ့ဆုံပွဲတွေမှာ ငါတို့အားလုံး လွဝ်လွတ်လပ်လပ်ပြောဆိုကြတယ်။ အရိယဖလတွေရဲ့ အံ့ဩစရာစွမ်းရည်တွေကို ဆွေးနွေးကြတယ်။ အတွေးချင်းနှိုင်းယှဉ်သုံးသပ်လိုက်ရင် စိတ်ကူးစိတ်သန်းအသစ်တွေ ပေါ်လာတယ်။
ဒါမှမဟုတ် နောက်မျိုးဆက်အတွက် စိန်ခေါ်မှုတွေဖန်တီးဖြစ်တယ်"
လုယန် ခေါင်းငြိမ့်သည်။ ထိုအဖြစ်က သူ့စိတ်ကူးထဲမှ မသေမျိုးများ၏ပုံစံနှင့် ပိုတူသည်။ တာအိုအကြောင်းဆွေးနွေးသည်။ နောက်မျိုးဆက်များအတွက် စမ်းသပ်ဖြတ်ကျော်စရာများ ချန်ထားသည်။
"အဲဒါတွေအပြင် အထူးသီးသန့်ဆွေးနွေးဖြစ်တာမျိုးရောရှိလား"
"သီးသန့်အနေနဲ့ကတော့ ငါက ခန္ဓာကိုယ်ဖောက်ခွဲစွမ်းအားကို ဘယ်လိုတိုးမြှင့်ရမလဲဆိုတာ လေ့လာတယ်။
ယင်ထန်မသေမျိုးက ပိုခက်ခဲတဲ့ကောင်းကင်ဆင်ရဲမျိုး ဘယ်သူစဉ်းစားမိလဲလို့ မေးတယ်။
အချိန်မသေမျိုးက အချိန်အရိယဖလအသုံးချနည်းအသစ်တစ်ခု ရှာတွေ့တယ်လို့ပြောတယ်။ အပြင်လောကနဲ့မတူဘဲ သီးခြားအချိန်စီးကြောင်းတစ်ခုရှိနေတဲ့ လေဟာနယ်တစ်ခု သူဖန်တီးခဲ့တယ်။ အဲဒီ့လေဟာနယ်ထဲမှာ တစ်ရက်ကျင့်ကြတာဟာ အပြင်လောကမှာ တစ်နှစ်ကျင့်ကြံတာနဲ့ ညီမျှတယ်။
လုယန် - "..."
လောကကြီးကို ဒုက္ခရောက်မယ့် ပြဿနာမျိုး မဖန်တီးပါနဲ့လား...
"အဲလိုမဟုတ်ရင်လည်း ငါတို့ ပုံပြင်တွေရေးကြတယ်လေ။ ကောင်းကင်ရုံးတော်တို့ ဗုဒ္ဓဂိုဏ်းတို့အကြောင်းပေါ့။ ဒီဇာတ်လမ်းတွေကို အထင်မသေးနဲ့။ ငါတို့ငါးယောက် သေချာဖန်တီးထားတဲ့လက်ရာတွေပါ။ ပုံပြင်တစ်ခုချင်းစီမှာ အနာဂတ်မျိုးဆက်တွေကို ဉာဏ်အလင်းပေးနိုင်တဲ့ နက်ရှိုင်းတဲ့အဓိပ္ပါယ်တွေပါတယ်။
ဒီပုံပြင်တွေနဲ့ ရှေးခေတ်သမိုင်းကြောင်းကိုလည်း ဝိုးတဝါးဖြစ်အောင်လုပ်နိုင်တယ်လို့ ယင်ထန်ကပြောတယ်။ အဲတော့ ငါတို့အမှားတစ်ခုခုလုပ်မိလည်း ဖုံးလို့ဖိလို့ရတယ်လေ"
ယင်ထန်မသေမျိုး အတော်ရက်စက်သည်ဟု လုယန်တွေးလိုက်မိသည်။ နတ်မယ်က အတင်းဆွဲချသည့်တိုင် ယင်ထန်က သူ့မသေမျိုးပုံရိပ်ကိုထိန်းဖို့ များစွာကြိုးစားအားထုတ်ခဲ့သည်။
သို့သော် ထိုလုပ်ရပ်များကြောင့် အနာဂတ်မျိုးဆက်တို့အမြင်တွင် သူသည် မိန်းကလေးကျင့်ကြံသူများစွာ ကိုယ်ဝန်ရအောင်လုပ်ခဲ့သည့် မြာပွေသည့်ယောက်ျားတစ်ယောက် ဖြစ်နေသည်ကို သိမှသိပါလေစ...
လုယန်ကိုယ်ချင်းစာမိပါသည်။ ယင်ထန်မသေမျိုး သူ့ကိုလာတွေ့လျှင် သနားငဲ့ညှာ၍ အသက်ချမ်းသာပေးလိမ့်မည်ဟု မျှော်လင့်မိသည်။
"တစ်ခါတစ်လေကျရင် ငါတို့ ကြယ်ပစ်တမ်း ကစားကြတယ်။ သက်ရှိတွေအားလုံးက ဒါကို ကြယ်ကြွေတယ်လို့ ခေါ်တယ်။ သဘာဝအံ့ဖွယ်တစ်ခုလို့တွေးကြတယ်။ ငါတို့ကြယ်ပစ်တမ်းကစားတဲ့အချိန်ဆို သူတို့ဆုတောင်းကြတယ်လေ"
လုယန်သည် နားထောင်မှုစွမ်းရည် အတော်ကောင်းသည်။ နတ်မယ်ပြောသည့် ရှေးဟောင်းသမိုင်းများကို နာရီဝက်ကြာအောင် ငြိမ်သက်စွာနားထောင်သည်။ တစ်ခါတစ်ခါ မေးခွန်းများ ပြန်မေးသည်။
သမိုင်းဖြစ်စဉ်တို့သည် အထပ်ထပ်သံသရာလည်နေသည်ဟု ပြောစမှတ်ရှိသည်။ သမိုင်းမှတစ်ဆင့် လေ့လာသင်ယူနိုင်သည်။ နတ်မယ်ပြောသည့် ရှေးဟောင်းမသေမျိုးတွေ့ဆုံပွဲများအကြောင်း လုယန်အလေးအနက်စဉ်းစားသည်။ ပညာယူစရာရှာသည်။ နောက်ဆုံးတွင် တစ်ခုသိလိုက်ရသည်။
နာရီဝက်ဆိုသည့်အချိန်ကို သူအလဟဿဖြန်းတီးခဲ့ခြင်းဖြစ်သည်။
ထိုစဉ် ယွမ်ကျိ လှိုဏ်ဂူထဲဝင်လာသည်။ သူမျက်နှာက ခါတိုင်းလိုပင် အရယ်အပြုံးကင့်မဲ့နေသော်လည်း ဂိုဏ်းတူမောင်လေးဖြစ်သည့် လုယန်က သူ့အမ၏ သိမ့်မွေ့သည့်အမူအရာများကို ငါးဆယ်ရာနှုန်း အကဲခတ်နိုင်သည်။
အမယွမ် ဆွေးနွေးစရာကိစ္စတစ်ခု ရှိနေပုံရသည်။
လူကဲခတ်သိပ်မတတ်သည့် နတ်မယ်လည်း ထိုသို့ပင် ယူဆသည်။
မည်သို့ဆိုစေ ယွမ်ကျိသည် လှိုဏ်ဂူထဲသို့ အကြောင်းမရှိပဲလာမည်မဟုတ်။
နတ်မယ် ပျော်သွားသည်။ လက်ရှိအနေအထားအရ လုယန်နှင့် ရှောင်ယွမ်သည် သူ့ကိစ္စများကို ကူညီဖြေရှင်းပေးနေသည့် ဘယ်လက်ရုံးနှင့်ညာလက်ရုံးဖြစ်သည်။
"တစ်ခုခုလိုအပ်တာရှိလို့လား အမယွမ်"
"အင်ပါယာရှားက ဆွေးနွေးချင်တာတစ်ခုရှိတယ်။ မသေမျိုးဂိုဏ်းငါးဂိုဏ်းကို နန်းတော်မှာ အစည်းအဝေးလာတက်စေချင်တယ်တဲ့။ ခုနကပဲ သတင်းပို့လာတယ်"
လုယန်နှင့်ယွမ်ကျိ ငါးစက္ကန့်လောက်ကြာအောင် မျက်လုံးချင်းဆိုင်ကြည့်နေသည် ။ ထို့နောက် လုယန် မယုံကြည်နိုင်ဟန်ဖြင့် သူ့ကိုယ်သူလက်ညှိုးထိုး၍
"ကျုပ်သွားရမှာလား"
"မင်းမဟုတ်ဘူး။ ထာဝရနတ်မယ်ပါ"
"တော်သေး...ဟာ...အဲဒါပ ဘာကွာလို့လဲ"
"ကွာတာပေါ့။ အစည်းအဝေးတက်ရမှာက ငါလေ။ နင်မှမဟုတ်တာ"
နတ်မယ် လုယန်ကို မကျေမနပ်စိုက်ကြည့်သည်။ သူ့ရာထူးကို လုယူချင်နေသလားဟု သံသယဖြစ်နေသည်။
လုယန် နတ်မယ်ဒေါသကို လျစ်လျူရှူလိုက်သည်။
သူသည် တာအိုရှင်ဝစီပိတ်၏ အငယ်ဆုံးတပည့်၊ ယွမ်ကျိ၏ ဆရာတူမောင်လေး၊ ထာဝရမျိုးဆက်၏ ဒုခေါင်းဆောင်၊ ထာရဂိုဏ်း၏ ဂိုဏ်းတည်ဘိုးဘေး(**)၊ မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်သခင်လေး၊ နတ်မယ်၏အိမ်ရှင်၊ ရွှေသန္ဓေအဆင့်တွင်နံပတ်တစ်....။အပြင်လောကသို့ထွက်လျှင် သူ့ဘွဲထူးဂုဏ်းများက တစ်သီတစ်တန်း တွဲပါနေလိမ့်မည်။
(**ထာဝရဂိုဏ်းသည် ထာဝရအရှင်ကို ကိုးကွယ်သည်။ ထာဝရအရှင်သည် နတ်မယ်၏ထာဝရအရိယဖလ မျိုးဆက်ဖြစ်သည်။ မူလထာဝရအရိယဖလပိုင်ရှင်ကို လုယန်က 'မွေးထုတ်'ခဲ့သည်။ ထာဝဂိုဏ်း၏ ဘိုးဘေးတစ်ယောက်လုပ်ရမည့်တာဝန်ကို လုပ်ခဲ့ခြင်းသဘောသက်ရောက်သည်)
သို့သော် အင်ပါယာရှားနှင့် မသေမျိုးငါးဂိုဏ်း၏ ဂိုဏ်းချုပ်များနှင့်အတူ တော်ဝင်လမ်းကိစ္စများ မျက်နှာချင်းဆိုင် ဆွေးနွေးရမည့်အရေးကို သူအတော်စိတ်မသက်သမာဖြစ်မိသည်။
"ငါလည်းလိုက်ခဲ့မှာပါ"
ယွမ်ကျိက ပြောသည်။
လုယန် စိတ်သက်သာရာရသွားသည်။ သူသည် ရွှေသန္ဓေအဆင့်လေးတစ်ယောက်ဖြစ်သည်။ မသေမျိုးလေးဂိုဏ်း၏ ဂိုဏ်းချုပ်များနှင့် ဘယ်လိုတူထိုင်ခွင့်ရှိမည်နည်း။ အမယွမ်သူနှင့်အတူရှိနေလျှင် ဖိအားများစွာ လျော့သွားလိမ့်မည်။
"သွားစို့"
ကြိုတင်ပြင်ဆင်စရာသိပ်မရှိ။ သွားဖို့သာလို့သည်။ ယွမ်ကျိ လှိုဏ်ဂူအပြင်သို့ထွက်ပြီး ကောင်းကင်ကို မော့ကြည့်၍ လက်မနှင့်လက်ညှိုးကို အတူပူး၍ ဆွဲယူသည့်အမူအရာ လုပ်လိုက်သည်။
ကောင်းကင်မှတိမ်တစ်အုပ်ပျောက်ကွယ်သွားပြီး သူ့ခြေထောက်အောက်တွင် ပေါ်လာသည်။
"ကြွပါ ဂိုဏ်းချုပ်"
လုယန်ခန္ဓာကိုယ်ကို လွှဲယူထားသည့် ထာဝရနတ်မယ်က အားနာခြင်းလုံးဝမရှိဘဲ တိမ်တိုက်ပေါ်တက်သည်။
ထို့နောက် တိမ်တိုက်ပေါ်တွင် လက်ပိုက်ရပ်လျက် ရှေ့တူရှုသို့ ခပ်တည်တည်ကြည့်နေသည်။
"သွားစို့ ရှောင်ယွမ်"
"ဝှီး"
တိမ်တိုက်က အရှိန်ဖြင့် ချက်ချင်းဆောင့်ထွက်သွားသည်။ ထာဝရနတ်မယ် အငိုက်မိသွားပြီး အခြေပျက်၍ တိမ်တိုက်ရှေ့ပိုင်းမှ နောက်ဘက်သို့လိမ့်ထွက်သွားသည်။ တိမ်တိုက်အစွန်းမှ ခန္ဓာကိုယ်တစ်ဝက်ကျော် တွဲလောင်းကျနေပြီး အတင်းကုတ်တွယ်ထားရသည်။
အတ်ောကြာမှ တိမ်တိုက်ပေါ်ပြန်တက်လာနိုင်သည်။ အတော်လေး ပုံပျက်ပန်းပျက်ဖြစ်နေသည်။
"ရှောင်ယွမ်၊ နင်တမင်လုပ်တာပဲ"
နတ်မယ် ယွမ်ကျိကို ကျေမနပ်ပြောသည်။
ယွမ်ကျိအမူအရာက အပြောင်းအလဲမရှိ။
"မဟုတ်ပါဘူး။ မတော်တဆဖြစ်သွားတာပါ"
"တမင်လုပ်တာပါ"
"မတော်တဆပါ"
"တမင်လုပ်တာ"
"မတော်တဆပါ"
ခေတ်ဟောင်းခေတ်သစ် ကျင့်ကြံသူနှစ်ယောက်တိုက်ပွဲ အရှိန်မြင့်လာသဖြင့် လုယန် ကြားဖြတ်၍ စကားလမ်းကြောင်းပြောင်းလိုက်သည်။
"အမယွမ်၊ အင်ပါယာရှားက ဘာအကြောင်းနွေချင်တာလို့ပြောလဲ"
"ကျင့်စဉ်ဖျက်ဆီးပြီး အသစ်ပြန်ကျင့်တဲ့ ရှေးဟောင်းကျင့်ကြံသူတွေကို ဖော်ထုတ်ဖို့ လူငယ်ကျင့်ကြံသူပြိုင်ပွဲ လုပ်မယ်လို့ပြောတယ်"
"ဘယ်လို"
.......
နိုင်ငံ့ဆရာ ကောင်းကင်တွင် ပျံသန်းနေသည့်တိမ်တိုက်ကို မျက်လုံးမှေးစင်း၍ကြည့်နေသည်။
"ဘာဖြစ်တာလဲ ဆရာ"
လက်ထောက်က မေးသည်။
"အခု ဟိုတိမ်တိုက်ပေါ်မှာစီးနေတာ လုယန်ပဲ"
"ဟုတ်လား...ဒါဆိုအခု ကျုပ်တို့လှုပ်ရှားကြမလား"
လက်ထောက် အံ့အားသင့်သွားသည်။
ပတ်ဝန်းကျင်အခြေအနေလေ့လာရန်နှင့် ဂိုဏ်းထဲသို့ခိုးဝင်ရန်အတွက် တာအိုလမ်းစဉ်ဂိုဏ်းအနီးသို့ သူတို့လာရောက်စနည်းနာကြခြင်းဖြစ်သည်။
မမျှော်လင့်ဘဲ ရောက်ရောက်ချင်း သူတို့ပစ်မှတ်ကို မြင်ရသည်။
နိုင်ငံ့ဆရာ ခေါင်းခါသည်။ သူ့ကိုယ်ပိုင်အစီအစဉ်များရှိသည်။
"မလှုပ်ရှားသေးဘူး။ အခုချိန် လုယန်ကိုသတ်လိုက်ရင် လွယ်လွန်းသွားမယ်။ ပွဲတော်ကျင်းပချိန်အထိစောင့်ပြီးမှ အားလုံးရှေ့မှာသူ့ကိုသတ်ရမယ်"
လုယန်တစ်ယောက်တည်းကို သတ်ချင်သည်မဟုတ်။ တာအိုလမ်းစဉ်ဂိုဏ်းကိုပါ သူဖျက်ဆီးချင်သည်။
*******************************