← Chapters

နှစ်ပတ်လည်ပွဲ

Vol. 32 Ch. 469

နှစ်ပတ်လည်ပွဲ

Vol. 32 Ch. 469

နတ်မယ်စကားကြောင့် အားလုံးမင်သက်မိသွားသည်။

ဝစီပိတ်တပည့် ပီသလှသည်။ ရွှေသန္ဓေအဆင့်ဖြင့် ရာထူးယူဖို့ ကြံစည်နေသည်။

ယွမ်ကျိပင် တစ်ချက်လှည့်ကြည့်လာသည်။

သိစိတ်နယ်မြေမှလုယန် သူ့မျက်နှာသူအုပ်ထားလိုက်မိသည်။ နန်းတော်တွင် အစည်းဝေးတက်ခြင်းသည် ဘာကောင်းကျိုးမှမရှိနိုင်မှန်း သူသိနေသည်။

နတ်မယ်၊ ခင်ဗျားအမြဲတမ်း အမယွမ်ကိုအတုခိုးဖို့ ကြိုးစားမနေပါနဲ့လား။ သူ့လိုစကားပြောနိုင်ရင်တောင် သူ့စွမ်းရည်တွေကို ခင်ဗျားလိုက်မီမှာမဟုတ်ဘူး...

ခင်‌ဗျားက အမြဲတမ်းဂိုဏ်းချုပ်လုပ်ချင်တယ်ပေါ့။ ဆရာကသဘောတူရင်တောင် အမယွမ်က သဘောတူမှာမဟုတ်ဘူး..

ဟုတ်တယ်နော် အမယွမ်...

လုယန် ယွမ်ကျိကို လှမ်းကြည့်သည်။ ယွမ်ကျိက နတ်မယ်အကြံကို ဖြစ်နိုင်ခြေရှိမရှိ စဉ်းစားနေပုံရသည်။

အင်ပါယာရှားက ချောင်းတစ်ချက်ဟန့်လျက် စကားလမ်းကြောင်းလွှဲလိုက်သည်။

"အဟမ်း...တာအိုရှင်ဝစီပိတ်အကြောင်းကို ထားလိုက်ပါတော့။ မဟာယုကျင့်ကြံသူဆီကနေ နိုင်ငံ့ဆရာပုန်းအောင်းတဲ့နေရာကို ကျုပ်တို့သိရတယ်။ အဲဒီ့နေရာကို သခင်ချန်ထောင် ချက်ချင်းသွားတယ်။

ဒါပေမယ့် ကံဆိုးတာက သူနောက်ကျသွားတယ်။ နိုင်ငံ့ဆရာနဲ့ သူ့လက်အောက်ခံတွေက ထွက်ပြေးသွားပြီ။ လှိုဏ်ဂူထဲက ပစ္စည်းအားလုံးယူသွားတယ်။ မြေကြီးကိုတောင်ခြစ်ထုတ်ပြီး မှော်လက်စွပ်ထဲ ထည့်သယ်သွားကြတယ်"

အင်ပါယာရှား စိတ်ပျက်နေသည်။ တော်ဝင်ရုံးတော်၏လှုပ်ရှားမှုက မြန်ဆန်ပါသည်။ အရုဏ်အရှင်ကို နှိပ်စက်မေးမြန်းသည့်အဆင့် မလုပ်တော့။ နိုင်ငံ့ဆရာ၏တည်နေရာကို မြန်မြန်သိဖို့ မှတ်ဉာဏ်တိုက်ရိုက်ရှာဖွေနည်းကို သုံးခဲ့သည်။

သို့သော် မဟာယုတို့သည် လျှော့တွက်၍မရ။ ဖမ်းရခက်သည့် ထာဝရဂိုဏ်းလိုပင် ချက်ချင်းနေရာပြောင်းသွားသည်။

ကိုးငရဲဂိုဏ်းကို ကောင်းကင်ရုံးတော်ဂိုဏ်းက ထိန်းချုပ်ထားပြီးဖြစ်၍ လက်ရှိတွင် မဟာယုနိုင်ငံ့ဆရာနှစ်ယောက်သာ အကြီးမားဆုံးအန္တရာယ်ဖြစ်နေသည်။ သူတို့ကိုမြန်မြန်ဖမ်းမှ တော်ဝင်နန်းတော် စိတ်အေးရမည်။

"ဒီနေ့ အားလုံးကိုဖိတ်ခေါ်ရတဲ့ အဓိကအကြောင်းရင်းက ကျင့်စဉ်ဖျက်ပြီး ပြန်ကျင့်ကြံနေတဲ့ ရှေးဟောင်းကျင့်ကြံသူတွေကိစ္စ ဆွေးနွေးဖို့ပါ။ အရင်က ကူးဖြတ်ခြင်းအဆင့်နဲ့ စုစည်းခြင်းအဆင့်တွေကိုပဲ ကျုပ်တို့အာရုံစိုက်ခဲ့တယ်။

ဂိုဏ်းချုပ်လုလည်း ဒီမှာရှိနေပြီပဲ။ အလောင်းထိန်းဂိုဏ်းကဟွမ်မင်ရဲ့ကိစ္စကို ပြန်သုံးသပ်ကြည့်ရင် ကျုပ်တို့ဘက်မှာ ဟာကွက်တစ်ခုရှိနေတာ သိလာရပြီ။

ဒီရှေးဟောင်းကျင့်ကြံသူတွေဟာ မဟာကပ်အခွင့်အလမ်းတွေရဖို့ ကြိုးစားတဲ့နေရာမှာ အလွန်ဇွဲကောင်းကြတယ်။ကျင့်စဉ်ကိုတောင်ဖျက်ဆီးပြီး အစကပြန်ကျင့်တယ်။

အခု သူတို့က အားနည်းနေသေးလို့ အန္တရာယ်မပေးနိုင်သေးဘူး။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူတို့ဟာ ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်လာမယ်။ အရေးကြီးတဲ့အချိန်မှာ ကျုပ်တို့နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ကျုပ်တို့ဆီက ကျင့်စဉ်အမွေအနှစ်တွေလုယူတာမျိုး လုပ်လာနိုင်တယ်"

လော်ဟုန်ရှား မျက်မှောင်နည်းနည်းကျုံ့သွားသည်။ ထိုကိစ္စ တကယ်အရေးကြီးသည်ဟု သူယူဆသည်။

"ပြဿနာကိုတော့ ကျွန်မတို့ နားလည်ပါတယ်။ ဒါပေမယ့် ဘယ်လိုဖြေရှင်းမှာလဲ"

အကြံတစ်ခုရှိ၍လည်း အင်ပါယာရှားက အားလုံးကိုအစည်းအဝေးခေါ်ခြင်းဖြစ်သည်။

"ကျုပ်မှာ အစီအစဉ်တစ်ခုရှိတယ်။ တိုက်နယ်တစ်ခွင့်က လူငယ်ကျင့်ကြံသူတွေစုစည်းပြီး ပြိုင်ပွဲကြီးတစ်ခုကျင်းပဖို့ အမိန့်ထုတ်ပြန်မယ်။ မြို့တော်အဆင့်ကစပြီး ထူးချွန်သူတွေ ရွေးချယ်မယ်။ ပြီးရင်ပြည်နယ်အဆင့်ပေါ့။

နောက်ဆုံးမှာ နိုင်ငံအဆင့်ရောက်မယ်။ လူငယ်ကျင့်ကြံသူတွေအားလုံး မပြိုင်မနေရ ဝင်ပြိုင်ရမယ်။

ချင်းကျိုးပွဲတော်လိုပေါ့။ ချင်းကျိုးပြည်နယ်မှာ ကျင့်စဉ်တစ်ခုချင်းစီအတွက် ကျင့်ကြံသူသုံးဆယ်ရွေးမယ်။ အဲဒီ့သုံးဆယ်ဟာ ချင်းကျိုးကိုယ်စားပြု စွမ်းအားမြင့်ဆုံးလူငယ်ကျင့်ကြံသူတွေဖြစ်လာမယ်။

ပြီးရင် ပြည်နယ်ဆယ့်ခုနစ်ခုက ထိပ်တန်းလူငယ်ကျင့်ကြံသူတွေအားလုံးစုပြိး ပြိုင်ပွဲကြီးကျင်းပမယ်။ ဘယ်သူက ကျင့်စဉ်ဖျက်ဆီးပြီးပြန်ကျင့်တဲ့ ရှေးဟောင်းကျင့်ကြံသူဖြစ်မလဲဆိုတာ ကျုပ်တို့အတည်ပြုမယ်။

ဒီကျင့်ကြံသူတွေမှာ ထူးခြားတဲ့လက္ခဏာတစ်ချို့ရှိတယ်။ ကျင့်စဉ်အတွေ့အကြုံကြွယ်ဝတယ်။ ဒီနေ့ခေတ်ကျင့်ကြံသူတွေနဲ့ မမှားနိုင်လောက်ပါဘူး။ သူတို့တိုက်ခိုက်တဲ့ပုံစံကလည်း ခေတ်သစ်ကျင့်ကြံသူတွေနဲ့ ကွဲပြားတယ်။

ဒီအချက်နှစ်ချက်ကို အခြေခံပြီး သူတို့ကိုအကဲဖြတ်လို့ရလောက်တယ်"

အစီအစဉ်က မဆိုးလှဟု လော်ဟုန်ရှားတွေးမိသည်။ သို့သော် သံသယတစ်ချို့ ရှိနေသည်။

"ဒါပေမယ့် ရှေးဟောင်းကျင့်ကြံသူတွေက လမ်းတစ်ဝက်မှာတင် အရုံးပေးသွားရင်ရောဘယ်လိုလုပ်မလဲ။ ပြည်နယ်အဆင့်ပြိုင်ပွဲမှာ တမင်အရှုံးပေးသွားရင် ကျွန်မတို့ဆီ ရောက်မလာနိုင်တော့ဘူးလေ"

အင်ပါယာရှားက ခေါင်းခါသည်။

"အရှုံးပေးဖို့လား။ ကျင့်စဉ်ပြန်စတဲ့ ရှေးဟောင်းစုစည်းခြင်းကျင့်ကြံသူတစ်ယောက်က အဆင့်တူချင်းကို တမင်အရှုံးပေးပါ့မလား။ သူတို့မာနက ဒါမျိုးကိုလက်မခံနိုင်ဘူး။

သူတို့အရှုံးပေးလိုက်တယ်ဆိုရင်လည်း နောက်ပိုင်းမှာ ကျင့်စဉ်ဘယ်လောက်တိုးတက်သည်ဖြစ်စေ သူတို့စိတ်ဓာတ်မှာ ချို့ယွင်းချက်တွေရှိနေမှာပဲ။ အဲလိုဆို ကျင့်စဉ်လမ်းမှာ အောင်မြင်မှု ကြီးကြီးမားမား မရနိုင်ဘူး"

ထိုအချက်ကို လုယန် သက်သေခံနိုင်သည်။ ဟွမ်မင်နှင့်တိုက်ခိုက်စဉ်က ဝိညာဉ်မြားဖြင့်ပင် သူ့ကိုအနိုင်ယူဖို့ ကြိုးစားခဲ့သည်။ အရှုံးပေးရမည်ထက် သူ့သရုပ်မှန်ကိုသာ ထုတ်ပြခဲ့သည်။

"လူငယ်ကျင့်ကြံသူတွေပဲလား၊ သက်ကြီးပိုင်းတွေရော ဝင်ပြိုင်ဖို့မလိုဘူးလား"

နတ်မယ် ထိုအချက်ကို တွေးမရ။ သို့သော် ရှေ့တွင်ထုတ်မမေးဘဲ လုယန်ကိုသာ တီးတိုးမေးသည်။

"နတ်မယ်၊ ခင်ဗျားစဉ်းစားကြည့်လေ။ အဲလိုကျင့်ကြံသူတွေက ဘယ်လိုရည်မှန်းချက်ရှိလဲ။ နောက်တစ်ဆင့်တက်ဖို့အတွက် အဆင့်တိုင်းမှာ ပြည့်စုံတဲ့အခြေအနေမျိုးကို ရောက်ချင်ကြတာပါ။

ကျင့်စဉ်အဆင့်တစ်ဆင့်တည်းမှာပဲ အသက်ကြီးတဲ့အထိ နေကြပါ့မလား။ အဲလိုဆို ဘာမှအကျိုးမရှိနိုင်ဘူး"

"ဟုတ်ပါတယ်လေ။ ငါတွေးနေတာနဲ့ အတူတူပါပဲ"

ယန်တိန့်က နောက်ထပ်ချို့ယွင်းချက်တစ်ခုကို ထောက်ပြသည်။

"ခင်ဗျားရဲ့အမိန့်က မထိရောက်ရင် ဘယ်လိုလုပ်မလဲ။ ရှေးဟောင်းကျင့်ကြံသူတွေ ဝင်မပြိုင်ရင်ရော။ သူတို့က ဂိုဏ်းတစ်ဂိုဏ်းမှာ ရှိနေရင်တော့ ပိုလွယ်ကူမယ်။ အမိန့်ထုတ်ပြန်ရင် သူတို့မသွားချင်လည်း ဂိုဏ်းအကြီးအကဲတွေက အတင်းလွှတ်မှာပဲ။

ဒါပေမယ့် စုစည်းခြင်းအဆင့်မရောက်မချင်း ထွက်မလာဘဲ ဂူအောင်းကျင့်ကြံနေတာမျိုးဆို ဘယ်လိုလုပ်မလဲ"

"အဲဒါအတွက်တော့ ကျုပ်တတ်နိုင်တာဘာမှမရှိဘူး။ သူတို့ဂူအောင်းနေရင် ဘယ်အမိန့်မှ အလုပ်မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးက ရှားလောက်ပါတယ်။ မဟာရှားနိုင်ငံက သူတို့အတွက် လောကသစ်တစ်ခုပဲလေ။

ကျင့်စဉ်သစ်တွေလေ့လာဖို့နဲ့ မတူညီတဲ့စွမ်းအားတွေကိုနားလည်ဖို့ လောကသစ်မှာစူးစမ်းချင်တဲ့ဆန္ဒကို ချိုးနှိမ်ပြီး တံခါးပိတ်ကျင့်နေနိုင်ကြပါ့မလား။

တကယ်လို့ တံခါးပိတ်ကျင့်ပြီး စုစည်းခြင်းအဆင့်ရောက်မှ ထွက်လာရင်လည်း ဂိုဏ်းမဲ့ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်လာမှာ။ အဆင့်မြင့်ကျင့်စဉ်ပညာတွေမရတဲ့အတွက် ဘာမှသိပ်အန္တရာယ်ပေးနိုင်မှာမဟုတ်ဘူး"

အင်ပါယာရှား ရှင်းပြပြီးနောက် သူ့အစီအစဉ်ကောင်းမွန်ကြောင်း အားလုံးထောက်ခံကြသည်။ ကျင့်စဉ်ပြန်စသူအားလုံးကို မဖမ်းနိုင်လျှင်ပင် တစ်ယောက်မှမဖမ်းနိုင်သည်ထက်တော့ ပိုကောင်းသည်။

"မသေမျိုးဂိုဏ်းတပည့်တွေကိုရော ပြိုင်ပွဲဝင်ခိုင်းသင့်လား"

"ဝင်ရမှာပေါ့။ ရှေးဟောင်းကျင့်ကြံသူတွေက အဆင့်တိုင်းမှာ ပြည့်စုံအောင်ကျင့်ကြံကြတာ။ သာမန်ကျင့်ကြံသူတွေ သူတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ သူတို့ကို အနိုင်ပေးလို့မဖြစ်ဘူးလေ။ ဒီတော့ ခင်ဗျားတို့ဂိုဏ်းတပည့်တွေလည်း ဝင်ပြိုင်သင့်တယ်"

"ကောင်းပါပြီ"

"တာအိုလမ်းစဉ်ဂိုဏ်းက နှစ်ပတ်လည်ပွဲကျင်းပတော့မှာဆိုတော့ နောက်ဆုံးပိတ်နိုင်ငံအဆင့်ပြိုင်ပွဲကို အဲဒီမှာပဲကျင်းပလို့ရတယ်။...ဘယ်လိုသဘောရလဲ ဂိုဏ်းချုပ်လု"

အင်ပါယာရှား လုယန်ကို လှည့်မေးသည်။

"ရပါတယ်၊ ပြဿနာမရှိပါဘူး"

နတ်မယ်က လွယ်လွယ်ပင်လက်ခံလိုက်သည်။ ယွမ်ကျိ၏ထောက်ခံမှုလည်း ရထားသည်။ လူများလေ ပွဲစည်လေသာဖြစ်သည်။ ယာယီဂိုဏ်းချုပ်အနေဖြင့် သူ့အစွမ်းအစကို ထုတ်ပြရမည်။

ပြုံးရွှင်နသည့်သူ့မျက်နှာကိုကြည့်၍ လော်ဟုန်ရှားက အကြံပြုသည်။

"ဒါနဲ့..ဂိုဏ်းချုပ်လုက အဆင့်တူချင်းမှာ ဟွမ်မင်ကို အနိုင်ယူနိုင်ခဲ့တယ်လို့ကြားတယ်။ ဂိုဏ်းချုပ်လုကလည်း မင်းကိုအတော်ချီးကျူးနေတယ်။ မင်းအစွမ်းအစကို သရုပ်ပြပေးလို့ရမလား"

သရုပ်ပြခိုင်းသည်ဆိုသော်လည်း အမှန်တော့ လုယန်ကို သင်ခန်းစာပေးဖို့ အခွင့်အရေးရှာခြင်းသာဖြစ်သည်။ ဆိုးဆိုးဝါးဝါးမလုပ်လျှင် ယွမ်ကျိကလည်း ကန့်ကွက်မည်မဟုတ်။

နတ်မယ် အခက်တွေ့သွားသည်။

"ကိုယ့်ထက်အားနည်းတဲ့လူကိုအနိုင်ကျင့်တာ သင့်တော်ပါ့မလား"

မသေမျိုးအဆင့်နှင့် စုစည်းခြင်းအဆင့်ဆိုသည်က နှစ်ဆင့်ကွာသည်။

သို့သော် လော်ဟုန်ရှားက သူ့စကားကို နားလည်မှုလွဲသွားသည်။ စုစည်းခြင်းအဆင့်နှင့် ရွှေသန္ဓေအဆင့် ယှဉ်ပြိုင်လျှင်မမျှတကြောင်း ပြောနေသည်ဟု ယူဆသည်။

သူ့မှော်လက်စွပ်ထဲမှ စက်ဝိုင်းပုံစံသေတ္တာငယ်တစ်လုံး ထုတ်လိုက်သည်။

"ဒါမသေမျိုးနန်းတော်က ရတနာပါ။ ငါတို့ကျင့်စဉ်အဆင့်တွေကို တန်းတူဖြစ်အောင် ထိန်းညှိပေးနိုင်တယ်။ သေချာပေါက် မျှမျှတတဖြစ်စေရပါမယ်"

သူသည် လသံလွင်နန်းတော်သခင်၊ ထိပ်တန်းစုစည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်သည်။ အဆင့်တူချင်းဆိုလျှင်ပင် လုယန်ကို အလွယ်တကူအနိုင်ယူနိုင်သည်။

ကျင့်စဉ်ပြန်စသည့် ရှေးဟောင်းကျင့်ကြံသူဟွမ်မင်ကို လုယန်အနိုင်ယူခဲ့သည့်ကိစ္စ သူဂရုမစိုက်။ တစ်ဘက်လူက အခြေခံအားနည်း၍သာဖြစ်သည်။ သူသည် ဟွမ်မင်လိုလူမျိုးထက် များစွာပိုစွမ်းအားကြီးသည်။

******************************************

All Chapters