← Chapters

နောက်ထပ်လေးယောက်

Vol. 32 Ch. 471

နောက်ထပ်လေးယောက်

Vol. 32 Ch. 471

"တာအိုရှင်လော်၊ ခင်ဗျားအဆင်ပြေရဲ့လား"

ယန်တိန့် မျက်လုံးပြူးသွားသည်။ ခုနကပင် လောက်ဟုန်ရှား သေချာပေါက်နိုင်မည်ဟု သူခန့်မှန်းခဲ့သည်။ ယခု ဘယ်လိုကြောင့် ပုံပျက်ပန်းပျက် ထွက်လာသည်မသိ။

လော်ဟုန်ရှားပုံစံက တင့်တယ်လှပမှု လုံးဝမရှိ။ ပါးစပ်ထဲတွင် အဝါ‌ရောင်သစ်ရွက်များရှိသည်။ ဆံပင်ထဲတွင် သစ်ကိုင်းပဲ့များသစ်ရွက်ခြောက်များ ကပ်နေသည်။ သစ်ပင်ခြောက်တစ်ခု ဝင်တိုက်မိခဲ့သလို ဖြစ်နေသည်။

"အား...ကျွန်မအဆင်ပြေပါတယ်။ သစ်ပင်နဲ့ အရိုက်ခံရလို့ပါ"

ပါးစပ်ထဲမှ သစ်ရွက်များကို သူထွေးထုတ်လိုက်သည်။ သူ့ဒဏ်ရာများ ချက်ချင်းပျောက်သွားသည်။ အလင်းချုပ်သေတ္တာမှ ထွက်လာပြီးနောက် စုစည်းခြင်းအဆင့်သို့ ပြန်ရောက်လာသည်။

"သစ်ပင်နဲ့အရိုက်ခံရတယ်ပေါ့..."

ချိုးကျင်အန်း တွေးမရဖြစ်သွားသည်။ သာမန်သစ်ပင်များသည် လော်ဟုန်ရှားကို ထိခိုက်အောင်မလုပ်နိုင်။ လုယန်က သစ်ပင်စိုက်မှော်ပညာသုံးပြီး သူ့ကိုတိုက်ခိုက်ခဲ့လေသလော...

လသံလွင်နန်းတော်သည် သံလွင်ပင်များသုံး၍ တိုက်ခိုက်လေ့ရှိကြောင်း ချိုးကျင်အန်းသိသည်။ သူတို့ခုခံကာကွယ်နိုင်စွမ်း မယုံနိုင်လောက်အောင်မြင့်‌မားကြောင်း သိသည်။ လူတစ်ယောက်က တိုက်ပွဲတွင် သံလွင်ပင်ကို အမြစ်မှဆွဲနှုတ်နိုင်မည်ဟု တစ်ခါမှသူမတွေးဖူးခဲ့။

"လုယန်ဆိုတဲ့ ဒီလူငယ်က အတော်ထူးဆန်းတယ်။ ကျွန်မ မထင်မှတ်ဘဲ သူ့လှည့်ကွက်ထဲ ကျသွားတယ်"

"သူက အဲလောက်တကယ်စွမ်းအားကြီးတာလား။ ဒါမှမဟုတ် ခင်ဗျားကသူ့ကိုအထင်သေးလို့ ခံလိုက်ရတာများလား"

ယန်တိန့်က သံသယမျက်လုံးဖြင့် သူ့ကိုကြည့်နေသည်။ လော်ဟုန်ရှားသည် ပြိုင်ဘက်များကို အထင်သေးသဖြင့် အငိုက်မိခဲ့သည့် သမိုင်းကြောင်းများရှိခဲ့သည်။

"ရှင်ကိုယ်တိုင် သွားစမ်းကြည့်ပါလား"

လော်ဟုန်ရှား မကျေမနပ်ဖြင့် ခွန်းတုံ့ပြန်သည်။

"ကောင်းပြီလေ၊ ကျုပ်သွားမယ်"

ယန်တိန့် အလျှော့မပေး။ သူသည် လော်ဟုန်ရှားလို့ ပြိုင်ဘက်ကို အထင်သေးတတ်သည့်အကျင့်မျိုးမရှိ။

ထို့ပြင် သူ့တိုက်ပွဲတက်တူးပညာသည် အသုံးများလေ ပိုကျွမ်းကျင်လေဖြစ်သည်။ ယခုသူ့အနေအထားနှှင့် ရွှေသန္ဓေအဆင့်တိုက်ပွဲတက်တူးများကိုသုံးလျှင် သူတိုက်ခိုက်သည့်ပုံစံ၊ စွမ်းအင်ထိန်းချုပ်နိုင်မှုနှင့် တိုက်ခိုက်စွမ်းအားက ဓားကျင့်ကြံသူများထက်ပင် ပိုစွမ်းအားကြီးသည်။

အလင်းချုပ်သေတ္တာမှ အလင်းတန်းတစ်ခုထိုးထွက်လာပြီး ယန်တိန့်ကို လွှမ်းခြုံသွားသည်။ သေတ္တာ၏လုပ်ဆောင်ပုံကို နားလည်ပြီးဖြစ်၍ သူမခုခံ။ ချက်ချင်း သေတ္တာထဲသို့ရောက်သွားသည်။ သူ့စွမ်းအားလည်း ရွှေသန္ဓေအဆင့်သို့ ကျသွားသည်။

"တာအိုရှင်ယန် နိုင်လောက်ပါတယ်"

အင်ပါယာရှား ခေါင်းငြိမ့်၍ပြောသည်။ အပြင်လောကနှင့် သိပ်အဆက်အစပ်မရှိသည့် လသံလွင်နန်းတော်နှင့်မတူ။ ထောင်ချုပ်ဂိုဏ်း၏ တပည့်များသည် လောကတခွင် လှည့်လည်သွားလာလေ့ရှိသည်။ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲသည်။ တိုက်ပွဲအတွေ့အကြုံက လော်ဟုန်ရှားထက်ပင် ပိုသာသည်။

ထိုအတွေ့အကြုံများကို ပြိုင်ဘက်ကင်းတက်တူးကျင့်စဉ်ပညာနှင့် ပေါင်းစပ်ထားသဖြင့် ယန်တိန့်အဆင့်လျှော၍ ယှဉ်ပြိုင်ရလေ သူ့တိုက်ခိုက်စွမ်းအား ပိုအားကောင်းလေဖြစ်သည်။

"ဟုတ်ပါတယ်"

ချိုးကျင်အန်းလည်း ယန်တိန့်ကို ယုံကြည်သည်။ လုယန်ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ ယန်တိန့်ကို မနိုင်လောက်။

ကိုယ်တော်ကျဲ့ရှားနှင့် ယွမ်ကျိသာ အသံတိတ်နေသည်။

"ဝှီး"

သေတ္တာ တစ်ချက်တုန်ခါသွားပြီး ယန်တိန့်ထွက်လာသည်။ ခန္ဓာကိုယ်မထိန်းနိုင်ဘဲ မြေပြင်သို့ ဂျွမ်းစိုက်ကျသည်။

"သောက်လခွန်း၊ ဘယ်လိုတိုက်ခိုက်နည်းလဲကွာ"

ယန်တိန့် အော်ဆဲသည်။ အတော်မကျေမနပ်ဖြစ်နေပုံရသည်။ သူတိုက်ခိုက်လာသည့် သက်တမ်းတစ်လျှောက် ထိုမျှစိတ်ပျက်ရသည့်အဖြစ်မျိုး မကြုံဖူး။ ပြိုင်ဘက်က သူလှုပ်ရှားမှုတိုင်းကို ကြိုသိနေသည်။ သူ့ကိုထောင်ချောက်ထဲမျှားခေါ်ပြီး အနိုင်ယူသည်။

"ဒါနဲ့ မင်းဆံပင်တွေကရော..."

ချိုးကျင်အန်း ကြောင်တက်တက်မျက်နှာဖြင့် မေးသည်။ ဝင်သွားစဉ်က ယန်တိန့်ဦးခေါင်းတွင် သန့်စွမ်းနက်မှောင်သည့် ဆံပင်များ အပြည့်ပါသည်။ ယခု ခေါင်းတုံးဖြစ်နေသည်။

အကြောင်းရင်းကို သူသိလိုက်သည်။ ဟွမ်မင်နှင့်တိုက်ခိုက်စဉ်က လုယန် အရဟတ်လက်သီးသုံးသည်ကို သူမြင်ဖူးသည်။

"ဒီလောက်အောက်တန်းကျတဲ့ လက်သီးပညာမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။ ထိချက်လည်းပြင်းသလို ဆံပင်ကျွတ်အောင်လည်း လုပ်နိုင်တယ်"

ယန်တိန် ပြောင်နေသည့်ခေါင်းကိုပွတ်လျက် ဒေါသတကြီးပြောသည်။

ခေါင်းတုံးပြောင်နေသလို တစ်ကိုယ်လုံး တက်တူးများပြည့်နေသဖြင့် သူပုံစံက ထောင်မှထွက်ပြေးလာသူတစ်ယောက်နှင့် တူနေသည်။ မြင်သူတိုင်း ရာဇဝတ်သားဟု ထင်ကြလိမ့်မည်။

"ဒါက အရဟတ်လက်သီးပါ။ လက်သီးသိုင်းနဲ့မှော်စွမ်းအား ပေါင်းစပ်ထားတဲ့ပညာပါ"

ယွမ်ကျိက ရှင်းပြသည်။ ကိုယ်တော်ကျဲ့ရှား ထိုပညာကို စိတ်ဝင်စားနေသည်။

ဆံပင်ကိုပင်ကျွတ်စေသည့် လက်သီးနှင့်မှော်စွမ်းအားပေါင်းစပ်သည့် ပညာ။

ထိုမျှပါရမီထူးသည့်လူက စွန်စီးဘုံကျောင်းသို့ရောက်မလာဘဲ ဘာကြောင့် တေလေပိုးဝစီပိတ်လက်အောက်သို့ ရောက်သွားသည်မသိ။

"ဒါဆိုရင်တော့ အံ့ဩစရာမရှိတော့ပါဘူး"

ယန်တိန့် စိတ်ပျက်က်ပျက်ရေရွတ်၍ ပြန်စဉ်းစားသည်။ တကယ်လည်း လက်သီးနှင့်မှော်အစွမ်းပေါင်းစပ်ထားသည့် ပညာမျိုးဖြစ်သည်။ သို့သော် သက်ရောက်မှုက ထူးဆန်းလွန်းသဖြင့် ချက်ချင်းသဘောမပေါက်ခဲ့ခြင်းဖြစ်သည်။

"ဒါနဲ့စကားမစပ်...လောင်ချိုး၊ လုယန်က ခင်ဗျားကို နောက်ထပ်စိန်ခေါ်နေတယ်"

ယန်တိန့် အတွေးတစ်ခုရလာပြီး ချိုးကျင်အန်းကို သွားဖြဲ၍ပြောသည်။

"ခင်ဗျားက ကျင့်စဉ်အဆင့်မြင့်နေလို့သ စွမ်းအားပိုကြီးနေတာပါလို့ လုယန်ကပြောတယ်။ အဆင့်တူချင်းဆို ခင်ဗျားကို လွယ်လွယ်လေးအနိုင်ယူနိုင်တယ်တဲ့"

"ဒီကောင် ကိုယ့်ဒုက္ခကိုယ် ရှာနေတာပဲ"

ချိုးကျင်အန်း ဒေါသထွက်သွားသည်။ လော်ဟုန်ရှားနှင့်ယန်တိန့် ရှုံးသွားသည်ကိုမြင်ပြီးဖြစ်သည်။ လုယန်ကိုနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်မရှိ။ သူမတိုက်ခိုက်ချင်။

သို့သော်..

သူလည်း သူ့မာနရှိသည်။

အလင်းချုပ်သေတ္တာမှ အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ ချိုးကျင်အန်း ဝင်သွားသည်။

.........

သေတ္တာထဲမှ အဖြစ်က...

"ဘာလို့ ဂိုဏ်းချုပ်ယန် ရုတ်တရက် ရောက်လာတာလဲ"

လုယန် စဉ်းစားမရဖြစ်နေသည်။ နတ်မယ်က သူ့ခန္ဓာကိုယ်ဖြင့် လော်ဟုန်ရှားကို အနိုင်ယူပြီး စွမ်းအားပြန်ဖြည့်နေချိန်တွင် ယန်တိန့် ကောင်းကင်မှဆင်းလာသည်။ သူ့ကိုစိန်ခေါ်သည်။

နတ်မယ်ကက ပြိုင်ဘက်ကင်းသန္ဓေကို အသုံးချသည်။ သန္ဓေညွှန်ကြားချက်အတိုင်း ယန်တိန့်ကို တစ်ဆင့်ချင်းနှိပ်ကွပ်သည်။ နောက်ဆုံးတွင် လုယန်ကို ခန္ဓာကိုယ်လွှဲပေး၍ အရဟတ်လက်သီးသုံးခိုင်းသည်။

"ဒါနဲ့...ဒီထဲကနေ ငါဘယ်လိုပြန်ထွက်ရမှာလဲ"

လူနှစ်ယောက်ကို အနိုင်ယူပြီးနောက် လုယန် ထွက်ဖို့နည်းလမ်း စဉ်းစားနေသည်။

"လုယန်၊ မင်းကများ ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့"

ထိုစဉ် ချိုးကျင်အန်း အော်ဟစ်ကြုံးဝါး၍ ကောင်းကင်မှဆင်းလာသည်။ လုယန် မျက်လုံးပြူးသွားသည်။

"ဒီကိစ္စ ငါရှင်းလိုက်မယ်"

နတ်မယ်က လုယန်ခန္ဓာကိုယ်ကို ပြန်လွှဲယူသည်။

......

"ဝှီး"

သေတ္တာ တုန်ခါသွားသည်။ ချိုးကျင်အန်း တစ်ကိုယ်လုံး ညိုမည်းဖူးရောင်လျက် ဒယိမ်းဒယိုင်ထွက်လာသည်။

"အဆင်ပြေရဲ့လား လောင်ချိုး"

ယန်တိန့်အော်ဟစ်၍ တွဲကူပေးရန် ပြေးလာသည်။

ချိုးကျင်အန်း သူ့ကိုမကျေမနပ်စိုက်ကြည့်သည်။ တိုက်ပွဲပြီးချိန်ရောက်မှ လုယန်သူ့ကို တကယ်စိန်မခေါ်ခဲ့မှန်းသိရသည်။ ယန်တိန့်က တမင်လှည့်စား၍ သူ့ကိုချောက်တွန်းခဲ့ခြင်းသာဖြစ်သည်။

ယန်တိန့်ကို သူတွန်းဖယ်လိုက်သည်။ သူ့ဒဏ်ရာများ ပျောက်ကင်းသွားပြီး ကျင့်စဉ်စွမ်းအား ပုံမှန်ပြန်ဖြစ်လာသည်။

"ငါအဆင်ပြေပါတယ်။ လုယန်က တကယ်ပါရမီရှိတယ်။ ဒါပေမယ့် သူနောက်ဆုံးပြောတဲ့စကားကိုတော့ ငါဘဝင်မကျဘူး"

"သူကဘာပြောလို့လဲ"

ယန်တိန့်မျက်လုံးများ အရောင်လက်လာသည်။

"ဓာတ်ငါးမျိုးဂိုဏ်းဖြစ်ဖြစ် စွန်စီးဘုံကျောင်းဖြစ်ဖြစ် တစ်ယောက်ချင်းတိုက်ခိုက်ရင် ဘယ်သူမှသူ့ကိုမနိုင်ပါဘူးတဲ့လေ"

ချိုးကျင်အန်း ထိုသို့ပြောရ်ငး သူ့ပေါင်သူဖြန်းခနဲရိုက်၍ အံကြိတ်နေသည်။

သခင်ကျဲ့ရှား ပုတီးစိပ်နေရာမှ ရပ်သွားသည်။ သူ့မျက်လုံးများ အရောင်တောက်လာသည်။

တစ်ခြားလူများအားလုံး ရှုံးကြပြီးဖြစ်သည်။ သူတို့သိက္ခာကို ပြန်ဆယ်ရမည်။ ချိုးကျင်အန်းတို့လို ကူးဖြတ်ခြင်းအဆင့်များက အတွေ့အကြုံနည်းသော်လည်း ကိုယ်တော်ကျဲ့ရှားလို ကူးဖြတ်ခြင်းအဆင့် သက်တမ်းရင့်စွမ်းအားရှင်တစ်ယောက် ရွှေသန္ဓေအဆင့်သို့ပြန်ဆင်း၍ တိုက်ခိုက်လျှင် သေချာ‌ပေါက်အနိုင်ယူနိုင်လိမ့်မည်။

သခင်ကျဲ့ရှား စကားတစ်ခွန်းမှမပြောဘဲ ပုံမှန်ခြေလှမ်းဖြင့် လျှောက်သွားသည်။ သူ့စွမ်းအင်ရောင်မြင့်တက်လာသည်။ သေတ္တာထဲသို့ ဝင်သွားသည်။

သိပ်မကြာမီ သူပြန်ထွက်လာသည်။ တစ်ခေါင်းလုံး ထူထဲနက်မှောင်သည့်ဆံပင်များဖြင့် ဖရိုဖရဲဖြစ်နေသည်။

အရင်သုံးယောက်လောက် ပုံမပျက်သည်သာရှိသည်။

ကျဲ့ရှားက ချိုးကျင်အန်းကို ဒေါသဖြင့် စိုက်ကြည့်သည်။ လုယန်ကသူ့ကို လုံးဝမလေးမစားမပြောခဲ့ကြောင်း တိုက်ပွဲပြီးမှ သူသိခဲ့ရသည်။

"အဟမ်း...အခု လုယန်ရဲ့စွမ်းအားကို ငါတို့အားလုံးသိသွားပြီပဲ။ တာအိုရှင်လော်၊ သူ့ကို အပြင်ထုတ်လိုက်ပါတော့"

ချိုးကျင်အန်း ချောင်းတစ်ချက်ဟန့်၍ ပြောသည်။ အားလုံးအရှက်ကွဲခဲ့ပြီဖြစ်၍ မျှတသည်ဟု ခံစားရသည်။

လော်ဟုန်ရှားက မျက်စောင်းထိုးသည်။ အစောပိုင်းကတည်းက လုယန်ကို သူလွှတ်ပေချင်ခဲ့သည်။ သို့သော် ထိုလူများက တားမနိုင်ဆီးမရ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။

မန္တာန်တစ်ခု သူရွတ်ဆိုလိုက်သည်။ သေတ္တာအဖုံးပွင့်သွားပြီး ထာဝရနတ်မယ်ထွက်လာသည်။

"ဪ..ပြီးသွားပြီလား။ အင်ပါယာရှား ကျန်သေးတယ်လေ။ သူ့ကို အနိုင်မယူရသေးဘူးမဟုတ်လား"

နတ်မယ်က ခေါင်းကုတ်၍ အားမရသေးဟန်ဖြင့် ပြောသည်။

အင်ပါယာရှား - "..."

**********************************************

All Chapters