← Chapters

စွန်စီးဘုံကျောင်း၏ အတွင်းရေးပြဿနာ

Vol. 32 Ch. 472

စွန်စီးဘုံကျောင်း၏ အတွင်းရေးပြဿနာ

Vol. 32 Ch. 472

အင်ပါယာရှား ခဏပြန်စဉ်းစားသည်။ လုယန်ရှုံးမည်ဟု အမြဲတမ်းခန့်မှန်းမိခဲ့သည်မှလွဲ၍ တစ်ခြားရန်စစော်ကားသည့်စကားမျိုး သူလုံးဝမပြောမိ။

သေတ္တာထဲမှလူသည် အပြင်လောကကို အာရုံခံနိုင်သည်မဟုတ်။ သို့ဆိုလျှင် အဖြေကရှင်းနေသည်။ လုယန်က သူ့ကို တမင်ရိုက်နှက်လို၍ စိန်ခေါ်နေခြင်းသာဖြစ်မည်။

လုယန်ကို တစ်ယောက်ချင်း လုံးဝမတိုက်ခိုက်ဖို့ သူသန္နိဌာန်ချလိုက်သည်။

'လာနောက်နေနေတာလား...ကိုယ်တော်ကျဲရှားပင် ရှုံးသွားပြီပဲ...ငါက တိုက်ခိုက်စွမ်းအားကြောင့် နာမည်ကျော်တဲ့လူမျိုးမဟုတ်ဘူး။ သွားတိုက်ခိုက်ရင် လောဟုန်ရှားထက်တောင် မရှုမလှဖြစ်မျာသေချာတယ်...'

လုယန်သည် ငဲ့ညှာစိတ်မျိုး လုံးဝရှိပုံမရ။ လော်ဟုန်ရှားက သစ်ရွက်ဝါးရသည်။ ယန်တိန့်က ဘုန်းကြီးဖြစ်လာသည်။ ကိုယ်တော်ကျဲ့ရှားက လူအသွင်ပြန်ပြောင်းသွားသည်။

လုယန်သည် သူ့လိုချိနဲ့နဲ့သက်ကြီးပိုင်း အဘိုးအိုတစ်ယောက်ကိုလည်း လေးစားမှု သို့မဟုတ် ငဲ့ညှာမှုထားလိမ့်မည်မထင်။

"ဖျောင်း ဖျောင်း ဖျောင်း"

သူအသာအယာ လက်ခုပ်တီးလိုက်သည်။ နတ်မယ်၏တိုက်ပွဲဖိတ်ကြားချက်ကို မကြားချင်ယောင်ဆောင်၍ နှစ်လိုဖွယ်ပြုံးပြသည်။

"တော်ပါတယ်၊ တော်ပါပေတယ်။ တကယ့်လူငယ်ပါရမီရှင်အစစ်ပါပဲ။ ဒီလောက်အသက်ငယ်ငယ်နဲ့ ဒီလိုတိုက်ခိုက်စွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်ဆိုတော့ နောက်တစ်ချိန်မှာ မင်းဟာ အောင်မြင်မှုတွေအများကြီး ရလာမှာသေချာနေပါပြီ"

နတ်မယ်ခေါင်းငြိမ့်သည်။ အင်ပါယာရှား၏ ချီးကျူးစကားကိူ သက်တောင့်သက်သာ လက်ခံသည်။ သဘာဝလည်းကျသည်။ သူ့ပြိုင်ဘက်ကင်းစွမ်းရည်သည် တိုက်ပွဲအလီလီနွှဲ၍ ရလာခြင်းဖြစ်သည်။ ပြိုင်ဘက်ပေါင်းများစွာ အနိုင်ယူခဲ့သည်။ မသေမျိုးအဖြစ်သို့ ချောမွေ့စွာ တက်လှမ်းခဲ့သည်။

"ဒါဆို ခင်ဗျားကျုပ်နဲ့ တိုက်ခိုက်ချင်လား"

လောလောဆယ် အင်ပါယာရှား နားကန်းသူတစ်ယောက်လို သရုပ်ဆောင်နေသည်။ လုယန်ကို မြှောက်ပင့်ချီးကျူးသည့်လေသံဖြင့် ထပ်ပြောသည်။

"ဂိုဏ်းချုပ်လု၊ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကျော်နေပြီ။ ပါရမီကလည်း အလွန်ထူးခြားတယ်။ နောက်တစ်ချိန် မြင့်မားတဲ့နေရာတစ်ခု သေချာပေါက်ရလာမှာပါ"

နတ်မယ်က နောက်တစ်ကြိမ်ခေါင်းငြိမ့်သည်။ မရှေးဟောင်းခေတ်မသေမျိုးငါးယောက်၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည် ပြိုင်ဘက်ကင်းဖြစ်သည်။

မထင်မှတ်ဘဲ သေဆုံးခဲ့ပြီးမှ ပြန်လည်မွေးဖွားလာသည်။ လောကကြီးက သူ့နာမည်နှင့် သမိုင်းကြောင်းကို မေ့နေကြောင်း သိခဲ့ရသည်။ ရောက်လာတော့မည့် မဟာကပ်တွင် သူပိုင်ဆိုင်ခဲ့သမျှအရာအားလုံးကို ပြန်သိမ်းယူဖို့ ဆုံးဖြတ်ထားသည်။

"ဒီစကားကို ကျုပ်သဘောကျပါတယ်။ ဒီတော့ ခင်ဗျားကျုပ်နဲ့ တိုက်ခိုက်ချင်လား"

အင်ပါယာရှား ဆက်ပြောသည်။

"မင်းဆရာက တာအိုရှင်ဝစီပိတ်ဖြစ်နေလို့ ရုံးတော်မှာ တာဝန်ထမ်းဆောင်ခွင့်မရှိပေမယ့် မင်းဟာ မဟာရှားနိုင်ငံသားတစ်ယောက် ဖြစ်နေတုန်းပါပဲ။ ဂိုဏ်းချုပ်နေရာကနေ မင်းဆင်းတဲ့အချိန်ကျရင် နန်းတော်ကို ဦးမညွှတ်ပဲ ဝင်ခွင့်ပေးမယ်။

နာမည်ရင်းအတိုင်း သုံးနှုံးခွင့်ပေးမယ်။ နန်းတော်ထဲမှာ ဓားကိုင်ခွင့်ပေးမယ်"

ထိုအခွင့်ထူးသည် ပေါ့သေးသေးမဟုတ်။ ထိုသို့ဂုဏ်ပြုချီးမြှင့်ခံရဖို့ ကြီးမားသည့်စွမ်းဆောင်မှုမျိုးလိုသည်။ သမိုင်တွင်ကျန်ရစ်မည့် ဂုဏ်ပြုဆုလာဒ်မျိုးဖြစ်သည်။

မသေမျိုးဂိုဏ်းချုပ်လေးယောက်ကို အနိုင်ယူခဲ့သည့် လုယန်၏ ထူးခြားသည့်တိုက်ခိုက်ရေးပါရမီကို ထည့်မတွက်သည်ထားဦး။ ထာဝရဂိုဏ်းဖြိုခွင်သည့်ကိစ္စတွင် အရေးပါခဲ့သည့် သူ့လှုပ်ရှားမှု။ ကိုးငရဲဂိုဏ်းကို ထိန်းချုပ်နိုင်အောင် ကောင်းကင်ရုံးတောင်ဂိုဏ်းတည်ထောင်ခြင်း။

ထိုစွမ်းဆောင်မှုအားလုံးသည် အင်ပါယာရှားအနေဖြင့် သူ့ကို ထိုဂုဏ်ပြုချီးမြှင့်မှုမျိုးပေးဖို့ ထိုက်တန်သည်။

သို့သော် ယခုလက်ရှိတွင် အင်ပါယာရှား၏ တကယ့်ရည်ရွယ်ချက်အစစ်က အချိန်ဆွဲလိုခြင်းသာဖြစ်သည်။

ချိုးကျင်အန်းတို့လူစုကို စကားလမ်းကြောင်းကူပြောင်းပေးဖို့ သူအတင်းမျက်ရိပ်ပြနေသည်။

ယွမ်ကျိကိုတော့ သူအားကိုး၍မရ။ သူမျက်ရိပ်ပြချိန်တွင် ယွမ်ကျိက အူကြောင်ကြောင်မျက်နှာဖြင့်သာ ပြန်ကြည့်နေသည်။

ချိုးကျင်အန်း ချောင်းတစ်ချက်ဟန့်လိုက်သည်။ ခုနက သူမရှုံးခဲ့လေသယောင်ဟန်လုပ်၍ လုယ်န်ကို ချီးကျူးစကားဆိုသည်။

"ဂိုဏ်းချုပ်လုရဲ့ တိုက်ပွဲအတွေးအမြင်က အတော်ထူးခြားပါတယ်။ ကျုပ်ထိန်းထိန်းသိမ်းသိမ်းတိုက်ခိုက်ခဲ့တယ်ဆိုပေမယ့် သူကျုပ်ကို ဒီလောက်အတိုင်းအတာထိ ဖိအားပေးနိုင်ခဲ့တာဟာ သာမန်စွမ်းရည်မဟုတ်ဘူး။

ကျုပ်ရွှေသန္ဓေအဆင့်တုန်းက တိုက်နယ်တစ်ခွင် ပြိုင်ဘက်ကင်းဖြစ်ခဲ့တာကိုတောင် ပြန်သတိရမိပါတယ်"

ယန်တိန့်ကလည်း ပြောင်နေသည့်ဦးခေါင်းကိုပွတ်၍ ခေါင်းတစ်ချက်ငြိမ့်ပြီး မှတ်ချက်ပေးသည်။

"ဟုတ်ပါတယ်၊ ဂိုဏ်းချုပ်လုရဲ့ တိုက်ပွဲအာရုံအသိဟာ ကျုပ်တွေ့ဖူးသမျှထဲမှာ အားအကောင်းဆုံးပါ။ တိုက်ခိုက်ဖို့ဗီဇနဲ့ မွေးလာတဲ့လူပါ။ ဒီလိုသက်အရွယ်မှာတောင် လက်သီးပညာတွေရဲ့ အနှစ်သာရတွေကို ကျွမ်းကျင်နေတယ်။ တာအိုရှင်ယွမ်ရဲ့ ဆရာတူမောင်လေး ပီသတယ်။

ခုနက တိုက်ခိုက်တုန်းက ကျုပ်အလျှော့ပေးမိခဲ့တာ ဆိုးတာပဲ။ စွမ်းအားပြည့်ထုတ်မသုံးခဲ့ဘူး။ ဒါကြောင့် မထင်မှတ်ဘဲရှုံးသွားတယ်။ ကျုပ်သာ ရွှေသန္ဓေအဆင့်အစစ်အမှန်ဆိုရင် သေချာပေါက် ဂိုဏ်းချုပ်လုနဲ့ ယှဉ်ပြိုင်ချင်မိမှာပဲ။ ကျုပ်ရွှေသန္ဓေအဆင့်မှာတုန်းကဆို ဘယ်သူ့ကိုမှမကြောက်ဖူးခဲ့ဘူး"

အရှက်မရှိသည့် ယောက်ျားနှစ်ယောက်ကို လောဟုန်ရှားက နှာခေါင်းရှုံ့၍ကြည့်သည်။ သူတို့နှင့်အဆင့်တူ ဂိုဏ်းချုပ်ဖြစ်ရသည်ကို ရှက်မိသည်။

"ဂိုဏ်းချုပ်လုရဲ့ မှော်ပညာစွမ်းရည်တွေကလည်း လေးစားစရာပါ။ တစ်ခါမှ ဒါမျိုးမကြားဖူးဘူး။ သီးခြားကျင့်စဉ်ပညာဂိုဏ်းကျောင်းတစ်ခုကလူလိုပါပဲ။ ဒီလိုစွမ်းရည်မျိုး ရှိနေရင် ကျင့်စဉ်ပြန်စတဲ့ ဂိုဏ်းမဲ့ကျင့်ကြံသူတွေကို အနိုင်ယူဖို့ ပြဿနာမရှိနိုင်ပါဘူး။

တကယ်လို့ ကျွန်မသာ ရွှေသန္ဓေအဆင့်နဲ့ အဲလိုကျင့်ကြံသူတွေကို ရင်ဆိုင်ရရင် နိုင်ခြေကိုးဆယ်ရာနှုန်းပဲရှိပါလိမ့်မယ်။ သိပ်မပြောပလောက်ပါဘူး"

ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ဖို့ ကျင့်စဉ်စွမ်းအားမြင့်ဖို့လိုသလို အပြင်ပန်းတွင် ဂိုဏ်း၏နာမည်ဂုဏ်သတင်းကို ထိန်းသိမ်းပေးဖို့လည်းလိုသည်။ ထိုသုံးယောက်သည် ဂိုဏ်းချုပ်ဖြစ်ထိုက်သည့်အရည်အချင်းမျိုး တကယ်ရှိသည်ဟု လုယန်တွေးမိသည်။ မျက်နှာပြောင်ပုံက သူ့ဆရာနှင့် သိပ်မကွာလှ။

ထာဝရနတ်မယ်ကို သူတို့ ‌အောင်မြင်စွာ အာရုံလွှဲနိုင်ခဲ့သည်။ တိုက်ခိုက်ဖို့ကိစ္စ အင်ပါယာရှားကို နတ်မယ် ထပ်မပြောတော့။

"ဒါဆို ခင်ဗျားတို့သုံးယောက်မှာ ရွှေသန္ဓေအဆင့်တုန်းက ဘယ်သူစွမ်းအားအကြီးဆုံးလဲ"

နတ်မယ်စပ်စုလိုက်သည်။

"ဟားဟား၊ မေးနေစရာလိုသေးလား ငါစွမ်းအားအကြီးဆုံးပေါ့"

ဂိုဏ်းချုပ်သုံးယောက်လုံး ပြိုင်တူအသံထွက်လာခြင်းဖြစ်သည်။

လေထုတစ်ခုလုံး ငြိမ်ကျသွားသည်။ တင်းကြပ်လာသည်။

သိစိတ်အာရုံမှ လုယန်ပင် ထိုတင်းကြပ်မှုနှင့် လူသတ်ရိပ်ကို ခံစားနေရသည်။

ဂိုဏ်းချုပ်သုံးယောက် အချင်းချင်းကြည့်သည်။ သတိဖြင့် ဘေးသို့နည်းနည်းခွာသွားသည်။

ချိုးကျင်အန်းက မျက်လုံးမှေးစင်းလျက် ခပ်အေးအေးလေသံဖြင့် ပြောသည်။

"ရွှေသန္ဓေအဆင့်မှာ စွမ်းအားအကြီးဆုံးက ငါပဲမဟုတ်လား။ ငါ့ထက်ကျင့်စဉ်အဆင့်မြင့်တဲ့လူတွေကို စိန်ခေါ်တိုက်ခိုက်ခဲ့တယ်။ ထာဝရဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုတောင် ဖြိုခွင်းခဲ့သေးတယ်လေ။

အဲဒီ့ဂိုဏ်းခွဲက နတ်ဝိညာဉ်အဆင့် ဂိုဏ်းခွဲခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်နှစ်ယောက်လုံးကို ငါအရှင်ဖမ်းခဲ့တာပါ"

ယန်တိန့် လှောင်ပြုံးပြုံးသည်။

"ရယ်စရာကောင်းလိုက်တာကွာ။ အဲဒီတုန်းက တာအိုရှင်ဝစီပိတ်က ငါ့ကိုပိတ်လှောင်ထားခဲ့လို့ပါ။ မဟုတ်ရင် ငါ့နာမည်ဂုဏ်သတင်းက တိုက်နယ်တစ်ခုလုံး ပျံ့သွားမှာ။ နတ်ဝိညာဉ်အဆင့်လောက်ကို ငါမနိုင်ဘူးထင်နေလား"

လော်ဟုန်ရှားကလည်း ယုံကြည်ချက်အပြည့်ဖြင့် အလျှော့မပေးဘဲ ဝင်ပြောသည်။

"ရွှေသန္ဓေအဆင့်မှာတုန်းက အပြင်ရန်သူတွေကို ကျွန်မတို့အားလုံး အတူတိုက်ခိုက်ခဲ့တယ်။ တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးယောက်ကို ရင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မတို့ချင်း လက်ရည်ယှဉ်ဖို့ တစ်ခါမှ အခွင့်အ‌ရေးမရခဲ့ဘူး။

အခုတော့ အချိန်ကျလာပြီထင်တယ်"

"ဒါဆို လုပ်လိုက်လေ"

"ဘယ်သူက ကြောက်နေလို့လဲ"

"စမ်းကြည့်ကြတာပေါ့"

လော်ဟုန်ရှား ရတနာသေတ္တာကို အသက်သွင်းလိုက်သည်။ အလင်းတန်းသုံးခုထွက်လာသည်။ သုံးယောက်လုံးကို သေတ္တာထဲသို့ စုပ်ယူသွားသည်။ ကျင့်စဉ်စွမ်းအား ရွှေသန္ဓေအဆင့်သို့ ပြန်ရောက်သွားသည်။

သူတို့ သေတ္တာထဲဝင်သွားပြီးနောက် လူသတ်ရိပ်လွှမ်းနေသည့်လေထု ပျောက်ကွယ်သွားပြီး ပြန်လည်တိတ်ဆိတ်အေးချမ်းလာသည်။

နတ်မယ် ကြောင့်တက်တက်ဖြစ်နေသည်။ ထိုသုံးယောက် ဘာကြောင့် ရုတ်တရက် ထတိုက်ခိုက်ကြသည်ကို နားမလည်။

"မသေမျိုးငါးဂိုဏ်းဟာ အမြဲစည်းလုံးပြီး ဘုံရန်သူကို အတူတွန်းလှန်ခဲ့ကြတာမဟုတ်လား။ အခုကြည့်ရတာ အဲလိုမဟုတ်သလိုပဲ"

နတ်မယ် သူ့ဘာသာရေရွတ်နေသည်။ ရှေးဟောင်းခေတ်မသေမျိုးငါးယောက်ကပင် ထိုထက်ပိုစည်းလုံးသေးသည်ဟု တွေးမိသည်။

လုယန် "..."

နတ်မယ်၊...သူတို့ဘာကြောင့်တိုက်ခိုက်ကြလဲဆိုတာ ခင်ဗျားတကယ်တွေးမရဖြစ်နေတာလား...

ခဏစောင့်ကြည့်နေသည်။ ရတနာသေတ္တာက လုံးဝမလှုပ်။ တိုက်ပွဲက အတော်ပြင်းထန်ပုံရသည်။ အချိန်တိုအတွင်း အနိုင်အရှုံးပေါ်မည်မထင်။

"ကိစ္စအားလုံး ပြီးပြီမဟုတ်လား။ ပြီးရင်လည်း ပြန်ကြစို့"

စည်းဝေးပွဲတွင် လူလျော့သွားသဖြင့် နတ်မယ် စိတ်ဝင်စားမှု ခမ်းခြောက်သွားသည်။ ဆွေးနွေးစရာကိစ္စများ ဆွေးနွေးပြီးဖြစ်သည်။ သူ့တိုက်ပွဲများလည်း ပြီးဆုံးသွားသည်။ ပြန်ရုံသာရှိတော့သည်။

ယာယီဂိုဏ်းချုပ်အနေဖြင့် မသေမျိုးဂိုဏ်းကြီးတစ်ဂိုဏ်းကို သူစီမံခန့်ခွဲစရာရှိသေးသည်။ သူအတော်အလုပ်များသည်။

"တစ်ခြားဘာမှဆွေးနွေးစရာမရှိတော့ပါဘူး။ ပြန်လို့ရပါပြီ"

အင်ပါယာရှား လုယန်ကိုကြည့်သည့်အကြည့်က အစောပိုင်းကနှင့်မတူတော့။ ထိုမဟာလူသားကို အမြန်ပြန်စေချင်နေပုံရသည်။

ဝစီပိတ် ရွှေသန္ဓေအဆင့်တုန်းကပင် ယခုလောက် ဒုက္ခမပေးခဲ့။

"သွားကြစို့"

ယွမ်ကျိ နတ်မယ်၏စွမ်းဆောင်ရည်ကို အတော်ကျေနပ်နေသည်။ ပြဿနာလည်း သိပ်မဖြစ်ခဲ့။

နတ်မယ်က အင်္ကျီလက်ကို ဝှေ့ယမ်း၍ ဟန်ပန်အပြည့်ဖြင့် နန်းတော်မှထွက်သည်။ ယွမ်ကျိက နောက်မှ ကပ်လိုက်သွားသည်။ သူ့အပြအမူက အတော်ထူးဆန်းနေသည်။

သူတို့နှစ်ယောက် တိမ်တိုက်စီး၍ ပြန်သွားသည်။

နန်းတော်တွင် အင်ပါယာရှားနှင့် ကိုယ်တော်ကျဲ့ရှားသာကျန်ခဲ့သည်။

"ကိုယ်တော်၊ ခင်ဗျား..."

ကိုယ်တော်ကျဲ့ရှား ဘာမှမပြောဘဲ ချက်ချင်းထပြန်သွားသည်။

အမှန်တော့ သူလည်း ရတနာသေတ္တာထဲဝင်၍ ရွှေသန္ဓေအဆင့်တွင် သူစွမ်းအားအကြီးဆုံးဖြစ်ကြောင်း သူ့ဂျူနီယာများသိအောင် ပြချင်သည်။ သို့သော် သူကဝါစဉ်ကြီးသူဖြစ်၍ ထိုသို့လုပ်လျှင် မသင့်တော်။

အမှန်အတိုင်းပြောရလျှင် နောက်ထပ်အကြောင်းရင်းတစ်ခုလည်းရှိပါသည်။ သေတ္တာထဲသို့ သူဝင်သွားလျှင် ထိုသုံးယောက်အတူပူးပေါင်း၍ သူ့ကိုတိုက်ခိုက်လာနိုင်သည်။ ထိုသို့ဖြစ်လာလျှင် သူခုခံနိုင်မည်မဟုတ်။

ဝစီပိတ်ကျင့်ရသည်က ခက်ခဲသည်။ ဆွေးနွေးပွဲတွင် ခေါင်းငြိမ့်ခေါင်းခါရုံသာ သူလုပ်နိုင်သည်။ စကားပြော၍မရ။ အတော်စိတ်ပျက်စရာကောင်းသည်။

*************************************

All Chapters