လုယန်ပုံပြင်
Vol. 32 Ch. 475
မိန်ထိုင်အံ့အားသင့်နေသည်ကိုကြည့်၍ ကျောက်ပို ကြောင်သွားသည်။ ဘာကြောင့် ထိုမျှစိတ်လှုပ်ရှားနေသည်မသိ။
"တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီပုံပြင်တွေထဲက လုယန်ပုံပြင်ကို မင်းမကြားဖူးဘူးလား"
ကျောက်ပိုခေါင်းခါသည်။ ယခုရက်ပိုင်း ဂိုဏ်းချုပ်ကသူ့ကို အဆက်မပြတ်လေ့ကျင့်ပေးခဲ့သည်။ ပုံပြင်နားထောင်ဖို့ အချိန်မရခဲ့။
"ပုံပြင်တော့မကြားဖူးဘး။ အကိုလုယန်နဲ့တော့ သိပါတယ်။ ဘာဖြစ်လို့လဲ"
"အကိုလုယန် ဟန်ရွှေ့မှာ ဘာတွေလုပ်ခဲ့လဲ ပြောပြပါဦး။ ပုံပြင်ထဲမှာပြောသလို သူတကယ်စွမ်းအားကြီးတာလား"
"ဒါပေါ့။ သူ့တိုက်ခိုက်စွမ်းအားက အရမ်းထူးခြားတယ်။ ကျုပ်မှာ ဟွမ်မင်လို့ခေါ်တဲ့ ဂိုဏ်းတူအကိုတစ်ယောက်ရှိတယ်။ ကျုပ်နဲ့အသက်ချင်းအတူတူလောက်ပဲ။ ဒါပေမယ့် သူရဲ့ကျင့်စဉ်ပါရမီနဲ့ တိုက်ခိုက်စွမ်းအားက ကျုပ်ထက်အများကြီးသာတယ်။
နောက်ပိုင်းတော့ သူက စုစည်းခြင်းအဆင့်ကနေ ကျင့်စဉ်ဖျက်ပြီး ပြန်ကျင့်ကဲံတဲ့လူဆိုတာ သိလာရတယ်။ ဒါကြောင့်သူ အရမ်းစွမ်းအားကြီးနေတာပါ။
အဲဒီ့တုန်းကတော့ ကျုပ်လည်းမသိခဲ့ဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်နဲ့အကိုလု သရဲတွေနှိမ်နှင်းဖို့ အပြင်ထွက်တုန်းမှာ ဟွမ်မင်နဲ့တည့်တည့်တိုးတယ်။ ကျုပ်ကြောင့် သူတို့နှစ်ယောက် ပြဿနာဖြစ်ပြီး တိုက်ခိုက်ကြတယ်"
"ဘယ်သူနိုင်သွားလဲ"
မိန်ထိုက် စိတ်အားထက်သန်စွာမေးသည်။
"အကိုလုနိုင်တာပေါ့။ သူက ဟွမ်မင်ကို အလွယ်တကူအသာစီးနဲ့ တိုက်ခိုက်ခဲ့တာ"
"မယုံနိုင်စရာပါလား"
မိန်ထိုက် အံ့အားသင့်သွားသည်။
ဟွမ်မင်လိုလူမျိုးကို သူလည်း အနိုင်ယူနိုင်လောက်သည်။ သို့သော် သက်တောင့်သက်သာတော့ နိုင်မည်မထင်။
"ဟုတ်တယ်။ အကိုလုနဲ့ အကိုမုန်ကျင်းကျိုးကပြောတယ်။ သူတို့ပြိုင်ဘက်တွေအားလုံးက စုစည်းခြင်းအဆင့်တွေပဲတဲ့။ အဲဒီ့ထက်နိမ့်ရင် သူတို့ပြိုင်ဘက်ဖြစ်ဖို့တောင် အရည်အချင်းမမီဘူးတဲ့။
ပြီးတော့ တကယ်လည်း လက်တွေ့သက်သေပြခဲ့တယ်။ ဟွမ်မင်ကိုအနိုင်ယူပြီးတော့ မဟာယုကူးဖြတ်ခြင်းအဆင့်တစ်ယောက်ပေါ်လာတယ်။ သူတို့ကိုသတ်ဖို့ကြိုးစားတယ်။
အဲဒီ့စွမ်းအားရှင်ကို ရင်ဆိုင်ပြီးပြန်တော့ မဟာယုအင်ပါယာ ရုတ်တရက်ပေါ်လာတယ်။ သူက နိုင်ငံစွမ်းအားနဲ့ ဟန်ရွှေ့မြို့ကို ပိတ်ဆို့ဖို့ကြိုးစားခဲ့တာ"
ပြန်တွေးကြည့်တိုင်း ကျောက်ပို ကြက်သီးထနေသေးသည်။ ထိုမျှအဆင့်မြင့်သည့် ကျင့်ကြံသူများနှင့် သူ့တစ်သက်တွေ့ရမည်ဟု ထင်မထားခဲ့။ လုယန်နှင့်တွေပြီးကတည်းက မကောင်းဆိုးဝါးမျိုးဆုံး စွမ်းအားရှင်မျိုးစုံ ကြုံတွေ့ခဲ့ရသည်။
မိန်ထိုက် စဉ်းစားနေသည်။
"အံ့ဩစရာမရှိတော့ပါဘူး။ အားလုံး အဓိပ္ပါယ်ရှိလာပြီပဲ။ ဪ..ဒါနဲ့ အခု အကိုလုက တာအိုလမ်းစဉ်ဂိုဏ်းမှာ ရှိနေတာဆိုတော့ နောက်ထပ်ကူးဖြတ်ခြင်းအဆင့်တိုက်ပွဲမျိုး နောက်ထပ်မြင်ခွင့်ရဦးမယ်ထင်လား"
ကျောက်ပို လက်ခါပြသည်။ မိန်ထိုက်အတွေးလွန်နေသည်ဟု ယူဆသည်။
"မဖြစ်နိုင်ပါဘူး။ ဒါက တာအိုလမ်းစဉ်ဂိုဏ်းလေ။ မဟာယုအင်ပါယာရောက်လာရင်တောင် ဒီမှာပြဿနာရှာရဲမှာမဟုတ်ဘူး။ ပြီးတော့ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းအကြီးအကဲတွေ အများကြီးရှိတာပဲ။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်တောင် ရင်ဆိုင်ဖို့ခက်တယ်"
တစ်သက်တာတွင် ကူးဖြတ်ခြင်းအင့်တိုက်ပွဲတစ်ခု မြင်ရဖို့ပင် ခဲယဉ်းသည်။ ခဏခဏမြင်ခွင့်ရဖို့ လုံးဝမဖြစ်နိုင်။
အကယ်၍ ထိုတိုက်ပွဲမျိုးဖြစ်လျှင်လည်း ပွဲတော်ကြီးတစ်ခုအတွင်း၌သာ ဖြစ်လိမ့်မည်။ လစဉ်လတိုင်းဖြစ်နိုင်သည်မဟုတ်။
"တစ်ခုခုစားကြမလား။ ဒီကအသားကင်တွေက အရမ်းကောင်းတယ်လို့ကြားတယ်"
မိန်ထိုက် စားသောက်ဖို့ သိပ်စိတ်မပါလှ။ ကျင့်ကြံသူများသည် ကျင့်ကြံမှုကိုသာ အာရုံစိုက်သင့်သည်ဟု ယူဆသည်။ စားသောက်ခြင်းသည် ဆာလောင်စိတ်ကို ဖြေဖျောက်ဖို့သာဖြစ်သည်။ မလိုအပ်ဘဲ မစားသင့်။
သို့သော် ကျောက်ပိုက စိတ်အားထက်သန်နေသဖြင့် သူမငြင်းချင်။
"မင်းသွားလိုက်ပါ။ အသားကင်ကို ငါသိပ်မကြိုက်ဘူး"
"ဟား..အဲလိုတော့မပြောနဲ့နော်။ ဒီကအသားကင်တွေက တကယ်အရသာရှိတာ။ စားကြည့်မှ သိလိမ့်မယ်။ ဒီမှာခဏစောင့်ပါ။ ငါသွားဝယ်လိုက်မယ်"
ကျောက်ပိုက ခါတိုင်းလိုပင် တက်ကြွနေသည်။ မိတ်ဆွေဖွဲ့ခြင်းသည် အမြဲတမ်း အကျိုးရှိသည့်ကိစ္စဟု သူခံယူထားသည်။
မိန်ထိုက် စကားပြန်ပြောချိန်မရလိုက်။ ကျောက်ပို ဈေးလမ်းသို့ ချက်ချင်းပြေးသွားသည်။ မကြာမီ လူအုပ်ကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
ထို့ကြောင့် မိန်ထိုက် စောင့်နေရုံသာရှိတော့သည်။
ကျောက်ပိုပြောသည့် အသားကင်ဆိုင်သည် အတော်နာမည်ကျော်ပုံရသည်။ အတော်ကြာအောင် စောင့်နေသော်လည်း ကျောက်ပိုကပြန်မလာသေး။
"သူ့ကိုစောင့်ရင်းနဲ့ အကိုလုယန်ဘယ်မှာရှိလဲ မေးကြည့်ဦးမှပဲ။ ကျောက်ပိုပြန်လာရင် သူနဲ့သွားတွေ့လို့ရတာပေါ့"
ထိုစဉ် တာအိုလမ်းစဉ်ဂိုဏ်းတပည့်ဝတ်စုံနှင့် လူငယ်တစ်ယောက် သူ့ဘေးမှဖြတ်လျှောက်သွားသည်။ မိန်ထိုက် သူ့လက်ကို အမြန်ဖမ်းဆွဲလိုက်သည်။
ထိုလူငယ် လန့်သွားသည်။ ရန်သူနှင့်ကြုံရပြီဟု ထင်သွားဟန်ရှိသည်။
"ဒီမယ် အကို။ အကိုလုယန် ဘယ်နားမှာနေလဲသိလား"
"လုယန်လား"
လူငယ်က ကြောင်တက်တက်မျက်နှာဖြင့် သူ့ကို ခြေဆုံးခေါင်းဆုံးပြန်ကြည့်နေသည်။ နီစွေးစွေးနှုတ်ခမ်း၊ သွားတန်းဖြူဖြူ စာပေသမားဟန်ရှိသည့် မိန်ထိုက်ကို သူသိပုံမပေါ်။
"လုယန်ကို မင်းဘာလို့ရှာနေတာလဲ"
လူငယ်က သတိထား၍မေးလိုက်သည်။
"ဪ...ကျုပ်က ဓားမျှော်စင်ဂိုဏ်းက မိန်ထိုက်ပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက လက်ဖက်ရည်ဆိုင်မှာ တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီနောက်ဆုံးထွက်ပုံပြင်တွေထဲက လုယန်ပုံပြင်ကို နားထောင်ခဲ့ရလို့ပါ။ အကိုလုကို ကျုပ်အရမ်းလေးစားသွားတယ်။ အခါအခွင့်သင့်တုန်း သူနဲ့တွေ့ချင်လို့ပါ"
"လုယန်ပုံပြင်..ဟုတ်လား"
လူငယ် တအံ့တဩပြန်မေးသည်။ ဘယ်လိုနာမည်ကြီးမှန်းမသိ။
"ပုံပြောဆရာက ဘာတွေပြောလဲ"
"အကိုလုယန်ဟာ ထူးခြားတဲ့ပါရမီရှိတယ်တဲ့။ ဧကဝိညာဉ်မြစ်ပိုင်ရှင်တွေထဲမှာ စွမ်းအားအကြီးဆုံးလို့ပြောတယ်။ အခြေတည်အဆင့်နဲ့ သူ့ထက်ကျင့်စဉ်စွမ်းအားမြင့်တဲ့ ဝိညာဉ်ပြောင်းကျင့်ကြံသူကိုတောင် စိန်ခေါ်တိုက်ခိုက်ပြီး အနိုင်ယူခဲ့တယ်။
အကိုလုယန် ရွှေသန္ဓေအဆင့်ရောက်တော့ ပိုပြီးအံ့ဩစရာကောင်းလာတယ်။ နန်းတော်ထဲမှာ မသေမျိုးလေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေနဲ့ တိုက်ခိုက်တယ်။ လသံလွင်နန်တော်သခင်က ပါးစပ်ထဲမှာ သစ်ရွက်အပြည့်နဲ့ ပြန်ထွက်လာတယ်။
ထောင်ချုပ်ဂိုဏ်းသခင်က ခေါင်းတုံးပြောင်နဲ့ ထွက်လာပြီး ဘုန်းကြီးဝတ်တော့မယ်လို့ သန္နိဌာန်ချလိုက်တယ်။ စွန်စီးကျောင်းထိုင်က ဆံပင်တွေပေါက်ပြီး စကားမပြောနိုင်ဘဲ ဖြစ်သွားတယ်။ သာမန်လူဘဝကို ပြန်သွားဖို့ စိတ်ကူးနေတယ်တဲ့"
အစက ပုံပြောဆရာ ချဲ့ကားပြောခြင်းဖြစ်မည်ဟု မိန်ထိုက်ထင်ခဲ့သည်။ ပုံပြင်ဆိုသည်မှာ ထိုသို့ပင်ပြောကြသည်။ သို့သော် လုယန်၏ပြိုင်ဘက်အားလုံး အနည်းဆုံး စုစည်းခြင်းအဆင့်ရှိသည်ဟု ခုနက ကျောက်ပိုပြောသွားသည်။
ပုံပြင်အကြောင်းအရာနှင့် လုံးဝကိုက်ညီနေသည်။
"မသေမျိုးဂိုဏ်းချုပ်လေးယောက်ကို အကိုလုယန် အနိုင်ယူခဲ့တာ နန်းတွင်းကုန်းကုန်းတွေတောင် ကိုယ်တိုင်မြင်ခဲ့တယ်တဲ့။ လသံလွင်နန်းတော်သခင်၊ ထောင်ချုပ်ဂိုဏ်းချုပ်နဲ့ ဓာတ်ငါးမျိုးဂိုဏ်းချုပ်တို့သုံးယောက်က တစ်ကိုယ်လုံး အညိုအမည်းစွဲအောင် ရိုက်ခံရတယ်။ သူတို့ နန်းတော်ကထွက်သွားတဲ့အချိန်က ဒဏ်ရာတွေ မပျောက်သေးဘူးတဲ့။
အင်ပါယဦကိုယ်တိုင်က အကိုလုကို ချီးကျူးတယ်။ ပါရမီထူးခြားတဲ့ လူငယ်သူရဲကောင်းလို့ သတ်မှတ်ပြီး နန်းတော်ကို ဦးမညွှတ်ဘဲ ဝင်ခွင့်ပေးတယ်။ နာမည်ရင်း သုံးခွင့်ပေးတယ်။ နန်းတော်ထဲမှာ ဓားကိုင်ခွင့်ပေးတယ်"
နားထောင်နေသည့်လူငယ် မျက်နှာပိုပျက်လာသည်။ ပြီးခဲ့သည့်ရက်ပိုင်းက သူ့ဆရာသည် တော်ဝင်လမ်းကို စောင့်ရှောက်ဖို့ဟူသည့် အကြောင်းပြချက်ဖြင့် တာအိုလမ်းစဉ်ဂိုဏ်းသို့ပြန်လာသည်။ နန်းတော်စည်းဝေးပွဲအကြောင်း သူ့ကိုမေးသည်။
အားလုံးကို သူအသေးစိတ်ပြန်ပြောပြခဲ့သည်။ ဆရာက သူ့ပုခုံးကိုပုတ်၍ "ငါက ဆရာတစ်ကောင်းတစ်ယောက် မဖြစ်ခဲ့ဘူးကွာ။ မင်းကျင့်ကြံနေတဲ့အချိန် ငါကအမြဲတမ်း အပြင်ရောက်နေတယ်။ ဒီနေ့ကစပြီး ငါ့တပည့်နာမည်ကျော်လာအောင် ငါလုပ်ပေးမယ်"ဟု ပြောခဲ့သည်။
သို့သော် ဤနည်းလမ်းဖြင့် နာမည်ကျော်အောင်လုပ်မည်ဟု ထင်မထားခဲ့။
ချိုးကျင်အန်းတို့ ဒဏ်ရာအညိုအမည်းစွဲရသည့်အကြောင်းရင်းကို သူသိပါသည်။ နတ်မယ်ကြောင့်ဖြစ်ခဲ့သည့် ဇာတ်ရှုပ်ဖြစ်သည်။ နောက်ဆက်တွဲဖြစ်စဉ်ကို သူစုံစမ်းခဲ့သည်။
ချိုးကျင်အန်းတို့သုံးယောက် ရွှေသန္ဓေအဆင့်တွင်စွမ်းအားအကြီးဆုံးဟူသည့် ဘွဲ့ထူးအတွက် တိုက်ခိုက်ခဲ့ကြသည်။ သို့သော် တိုက်ပွဲအရှိန်ရလာသည်နှင့် သူတို့မူလကျင့်စဉ်အဆင့်ကို ပြန်ပြောင်းကြသည်။
ထို့ကြောင့် သုံးယောက်လုံး ဒဏ်ရာအပြင်းအထန်ရပြီး အချိန်တိုအတွင်း မပျောက်ကင်းခြင်းဖြစ်သည်။
မိန်ထိုက် ထပ်ပြောပြရန်ပြင်သည်။ သို့သော် ကောင်းကင်ဂိတ်တောင်ထိပ်မှ ခေါင်းလောင်းသံကို ကြားလိုက်ရသည်။ ရှေးဟောင်းခေတ်မှ ထုရိုက်လိုက်သကဲ့သို့ သူ့နားထဲတွင် ပဲ့တင်ထပ်သွားသည်။
"ဒေါင်...ဒေါင်...ဒေါင်..."
ဂိုဏ်း၏ နှစ်တစ်သိန်းနှစ်သောင်းသမိုင်းကို ကိုယ်စားပြု၍ ခေါင်းလောင်း ဆယ့်နှစ်ချက်ထိုးသည်။
ထိုခေါင်းလောင်းသံသည် ပွဲတော်စတင်ကြောင်း အချက်ပြခြင်းဖြစ်သည်။ လူအားလုံး လုပ်လက်စအလုပ်များရပ်လျက် ကောင်းကင်ဂိတ်တောင်ထိပ်ကို လှမ်းကြည့်ကြသည်။
လူငယ်က ပူဇော်စင်မြင့်ဆီ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသည်။
အစကတည်းက သူထိုနေရာသို့ သွားရန်ဦးတည်ခဲ့သည်။ မိန်ထိုက်က သူ့ကိုကြားဖြတ်တားခြင်းဖြစ်သည်။
"အကို၊ အကိုလုယန် ဘယ်မှာရှိလဲဆိုတာ ခင်ဗျားမပြောရသေးဘူးလေ"
မိန်ထိုက် အသံအုပ်အုပ်ဖြင့် အလောတကြီးပြောလိုက်သည်။
လူငယ်၏ဝတ်ရုံက ပေါ့ပါးသည့်ငှက်မွှေးများအသွင်ပြောင်း၍ ပျောက်ကွယ်သွားသည်။ ရွှေရောင်ချည်မျှင်များ သူ့ခြေထောက်တွင် တွန့်လိမ်လှုပ်ရှားလာပြီး သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ ခံ့ညားထည်ဝါသည့် အဆင်တန်ဆာများ ပေါ်လာသည်။
သရဖူ၊ အနက်ရောင်အပေါ်ဝတ်ရုံ၊ အနီရောင်ဘောင်းဘီ၊ အဖြူရောင်စလွယ်၊ အဝါရောင်ရှေ့ဖုံးခါးစည်း...
လူငယ် နောက်လှည့်ကြည့်သည်။ သူ့မျက်လုံးတွင် အပြုံးရိပ်သန်းနေသည်။
"လုယန်ဆိုတာ ငါပါ"
************************************