ပွဲအဖွင့်
Vol. 32 Ch. 476
ခေါင်းလောင်းထိုးသည်နှင့် ဧည့်သည်များက ပူဇော်စင်မြင့်ဘေးသို့ တိမ်တိုက်ပမာ စုဝေးလာသည်။
အားလုံးက အခမ်းအနားဝတ်စုံဝတ်ထားသည့် လုယန်ကို ကြည့်နေကြသည်။ သူ့မျက်နှာထားက တည်ကြည်ခံ့ညားသည်။
စင်မြင့်ဆီ တစ်လှမ်းချင်း လျှောက်သွားသည်။ လူအုပ်ကြီးက သူ့အတွက် အလိုလိုလမ်းဖယ်ပေးကြသည်။
လုယန်ကိုယ်ထဲတွင် ပဋိပက္ခဖြစ်နေသည်ကို ဘယ်သူမှမသိကြ။
"ငါ့ကိုလွှဲပေးပါ"
"နတ်မယ်၊ ခင်ဗျားက စိတ်ချရလို့လား။ ခင်ဗျားကိုယ်စား ကျုပ်လုပ်ပေးပါ့မယ်"
"ရှေးဟောင်းခေတ်ကတည်းက ငါအပူဇော်ခံလာတာပါ။ ဒီအခမ်းအနားဓလေ့ကို ငါနင့်ထက်ပိုနားလည်တယ်"
အကြိတ်အနယ် ငြင်းခုန်ကြပြီးနောက် လုယန် ခန္ဓာကိုယ်ကို မယုံမရဲဖြင့် လွှဲပေးလိုက်ရသည်။
နတ်မယ် အဖြူရောင်ကျောက်သားစင်မြင့်ပေါ်သို့ တက်သွားသည်။ သူ့ခြေလှမ်းများက တည်ငြိမ်၍ အားပါသည်။ ခေတ်အဆက်ဆက်ဖြတ်သန်း၍ သမိုင်းရိုးရာဓလေ့ကို သယ်ဆောင်လာသလိုပင်ဖြစ်သည်။
"ဒီလူက ဘယ်သူလဲ။ အသက်အတော်ငယ်သေးတဲ့ပုံပဲ"
အခမ်းအနားကြည့်နေသည့် သက်ကြီးပိုင်းများ တွေးရခက်သွားကြသည်။ သူတို့သိသည့်လူမဟုတ်။
"သူက တာအိုရှင်ဝစီပိတ်ရဲ့ နောက်ဆုံးတပည့် လုယန်တဲ့။ အခုတစ်လော သူနာမည်ကြီးနေတယ်။ ရွှေသန္ဓေအဆင့်မှာပြိုင်ဘက်ကင်းပြီး လူငယ်မျိုးဆက်ရဲ့ နံပတ်တစ်လို့ ပြောကြတယ်"
"ရွှေသန္ဓေအဆင့်မှာ ပြိုင်ဘက်ကင်းတဲ့လား"
ထိုဘွဲ့ထူးသည် အလေးချိန်စီးသည်။ ရွှေသန္ဓေအဆင့်သည် ကျင့်စဉ်စနစ်တစ်ခုလုံး၏ အရေးကြီးသည့် အကူးအပြောင်းကာလဖြစ်သည်။ ထိုအဆင့်တွင် ပြိုင်ဘက်ကင်းလျှင် အနာဂတ်အောင်မြင်မှုများ အကန့်အသတ်မရှိသည့်သဘော သက်ရောက်သည်။
"ဒါပေမယ့် ရွှေသန္ဓေအဆင့်ပြိုင်ဘက်ကင်းဆိုရင်တောင် ပူဇော်စင်မြင့်မှာတော့ သူရှိမနေသင့်ပါဘူး"
"ဝစီပိတ်က ဒီတပည့်ကို လက်သပ်မွေးပြီး ယာယီဂိုဏ်းချုပ်ခန့်ထားတာလို့ ကောလဟာလကြားတယ်။ ပြီးတော့ ဒီပွဲကိုလည်း သူ့ကိုပဲစီစဉ်ခိုင်းတာတဲ့"
"ကောလဟာလဆိုတာ မယုံရပါဘူး။ ငါ့အထင်တော့ ဝစီပိတ်က လူလုံးထွက်မပြရဲလို့ သူ့တပည့်ကို ရှေ့ထွက်ခိုင်းတာပဲဖြစ်မယ်"
"ဟုတ်တယ်၊ ဝစီပိတ်က ဒီလိုလုပ်မယ့်လူစားမျိုးပဲ"
"ဘာပဲပြောပြော အသက်ငယ်ငယ်နဲ့ ဒီလောက်အောင်မြင်နေတာ ပါရမီထူးလို့ပဲ။ ဒီလူယန်မှာ သူသဘောကျတဲ့လူများရှိနေမလားလို့ ငါတွေးနေတာ။ ငါ့မှာ အရွယ်ရောက်နေတဲ့ သမီးသုံးလေးယောက်ရှိတယ်။ အိမ်မှုကိစ္စလည်း ကျွမ်းကျင်တယ်"
"ဒါပေမယ့် သူက တာအိုရှင်ဝစီပိတ်ရဲ့ တပည့်လေ"
"အင်း...ဒါဆို နေပါစေတော့"
"ဒေါင်..."
နတ်မယ် စင်မြင့်ပေါ်ရောက်ချိန်တွင် ခေါင်းလောင်းသံများ မြည်လာပြန်သည်။ ရှေးဆန်ပြီး အောင်မြင်ခံ့ညားသည့် ခေါင်းလောင်းသံက အားလုံးကို လွန်ခဲ့သည့်နှစ်တစ်သောင်းသို့ ပြန်ပို့လိုက်သယောင် ထင်ရသည်။
စတုတ္ထအကြီးအကဲနှင့် သူ့တပည့်များက အခမ်းအနားပွဲဂီတတေးသွားဖြင့် တီးခတ်ဖျော်ဖြေနေသည်။
စာပေကျင့်ကြံသူဖြစ်၍ အကြီးအကဲရှဲ့ရှန်ရန်သည် ဂီတကိုကျွမ်းကျင်သည်။ သူ့ပလွေသံက ငှက်ပေါင်းတစ်ရာ အရိုအသေပြုချင်အောင် ဆွဲဆောင်နိုင်သည်။ ငယ်စဉ်က ထိုစွမ်းရည်ဖြင့် မိန်းကလေးပေါင်းများစွာ ဆွဲဆောင်နိုင်ခဲ့သည်။
ပူဇော်စင်မြင့်ပေါ်မှ မြင့်မားသည့်ရုပ်ထုသုံးခုကို ဝတ်ရုံနီဖြင့်ဖုံးထားသည်။ မဟာအကြီးအကဲက မှော်စွမ်းအင်တစ်မျိုးသုံး၍ ဝတ်ရုံနီကို ဆွဲချလိုက်သည်။ ရုပ်ထုတို့၏အသွင်သဏ္ဍာန်အစစ် ပေါ်လာသည်။
တာအိုလမ်းစဉ်ဂိုဏ်းတည်ထောင်သူ ရှန်ထန်ဘိုးဘေး၊ မသေမျိုးဂိုဏ်းအဖြစ်တည်ထောင်သူ မူလပြန်တာအိုရှင်နှင့် ဂိုဏ်းကိုပြန်လည်တိုးတက်မြင့်မားစေခဲ့သူ ဟန်ဟိုင်တာအိုရှင်တို့၏ ရုပ်ထုများဖြစ်သည်။
ထိုသုံးယောက်သည် တာအိုလမ်းစဉ်ဂိုဏ်းတွင် ထူးကဲထင်ရှားခဲ့သူများဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ ဘိုးဘေးသုံးယောက်ဟု သိကြသည်။ ထိုသုံးယောက်၏ ကမ္ဗည်းတိုင်ရှေ့တွင် လုယန် ဂိုဏ်းတပည့်ဖြစ်ခဲ့သည်။
နတ်မယ်က ကျောက်စိမ်းတုတ်တစ်ချောင်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားသည်။ ဘယ်လက်ကို အပေါ်မှအုပ်ကိုင်၍ ကမ္ဗည်းတိုင်များကို သုံးကြိမ်ဦးညွှတ်အရိုအသေပြုသည်။
စနစ်ကျသည့် သူအရိုအသေပေးပုံကို ယွမ်ကျိက စင်အောက်မှလှမ်းကြည့်ရင်း ကျေနပ်စွာ ခေါင်းတစ်ချက်ငြိမ့်သည်။
လက်တွေ့ကျကျပြောရလျှင် လုယန်ယာယီဂိုဏ်းချုပ်ဖြစ်လာသော်လည်း အခမ်းအနားပွဲတွင် တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံးကို ကိုယ်စားပြုဖို့ အရည်အချင်းမမီသေး။
သို့သော်ယခု စင်ပေါ်တွင်ရပ်နေသည်မှာ လုယန်မဟုတ်။ ထာဝရနတ်မယ်ဖြစ်သည်။
ရှေးဟောင်းခေတ်မသေမျိုးဖြစ်သည့် ထာဝရအရိယဖလပိုင်ရှင် နတ်မယ်က တာအိုလမ်းစဉ်ဂိုဏ်းဘိုးဘေးသုံးယောက်ကို ဦးညွှတ်အရိုအသေပြုခြင်းသည် သူ့အရည်အချင်းနှင့်မသက်ဆိုင်။ ထိုဘိုးဘေးသုံးယောက်၏ ကံကြမ္မာ လုံလောက်သည့်အင်အားရှိမရှိဆိုသည့်အချက်နှင့်သာ သက်ဆိုင်သည်။
ထာဝရနတ်မယ် မွှေးတိုင်ကိုမီးညှိသည်။ မီးခိုးများဝေ့ဝဲတက်လာသည်။ ပူဇော်ကန်တော့သည့် စာသားတစ်ခု ရွတ်ဆိုသည်။ သူ့အသံက ကြည်လင်ပြတ်သား၍ တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံး ပဲ့တင်ထပ်နေသည်။
"ရှေးဟောင်းနှစ်ပေါင်းအသင်္ချေက မွေးဖွားခဲ့သည့် အို..မြင့်မြတ်သည့် တော်ဝင်ဝိညာဉ်တို့..ကျွန်ုပ်တို့ ပိုးထည်နှင့်မြင့်မြတ်သည့်ပစ္စည်းများစွာ ပူဇော်ပါသည်..."
ထိုစာသားကို နတ်မယ်က လုယန်ကို ရေးခိုင်းသည်။ ထို့နောက်တဖန် လုယန်ကတစ်ဆင့် အကြီးအကဲရှဲ့ရှန်ရန်ကို ရေးခိုင်းခဲ့ခြင်းဖြစ်သည်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် စာပေအကျွမ်းကျင်ဆုံးဖြစ်သည့် ရှဲ့ရှန်ရန်က ထိုတာဝန်ကို တုံ့ဆိုင်းခြင်းမရှိ လက်ခံခဲသည်။
ရှဲ့ရှန်ရန်စာအရေးအသားက အတော်အဆင့်မြင့်ကြောင်း နတ်မယ် တစ်ချက်ကြည့်ရုံဖြင့်သိသည်။ စကားလုံးအတော်များများကို သူနားမလည်။ နားလည်သည့်စကားလုံးများကလည်း အသံထွက်ဖို့ခက်သည်။
ရွတ်ဆိုမှုပြီးဆုံးသွားပြီးနောက် နတ်မယ် ကျေနပ်စွာပြုံးလိုက်သည်။
စိတ်ထဲတွင် ပျော်နေသည်။
အတိတ်တစ်ချိန်က တစ်ခြားလူများကသာ သူ့ကို ပူဇော်ကြသည်။ ယနေ့မှ တစ်ခြားတစ်ယောက်ကို သူပူဇော်ခွင့်ရသည်။
ယာယီဂိုဏ်းချုပ် ဧည့်သည်အကြီးအကဲတစ်ယောက်အနေဖြင့် ဂိုဏ်းဘိုးဘေးသုံးယောက်ကို အရိုအသေပြုရသည်မှာ သဘာဝကျပါသည်။
"ကျုပ်တို့ဂိုဏ်းက ပျော်စရာအစီအစဉ်တွေ မျိုးစုံပြင်ဆင်ထားပါတယ်။ ကိုယ့်ဘာသာပျော်ကြပါ။ တစ်ရက်နားပါမယ်။ မနက်ဖြင့် နောက်ဆုံးပွဲစဉ် စတင်ပါမယ်"
လုယန်ချမှတ်ထားသည့် ပွဲတော်အစီအစဉ်က...ပွဲတော်စမည်၊ ဧည့်သည်များ ပျော်ကြမည်၊ ပြိုင်ပွဲစမည်၊ ပွဲတော်အဆုံးသတ်မည်။
တော်ဝင်လမ်းအဖွဲ့၏ ရည်ရွယ်ချက်က ဤပြိုင်ပွဲမှတစ်ဆင့် ကျင့်စဉ်ပြန်စသည့် ရှေးဟောင်းကျင့်ကြံသူများကို ရှာဖွေဖို့ဖြစ်သည်။
သို့သော် ပြိုင်ပွဲစွမ်းဆောင်ရည်တစ်ခုတည်းဖြင့် ရှေးဟောင်းကျင့်ကြံသူဟုတ်မဟုတ် အကဲဖြတ်ဖို့ ခက်ခဲမည်ဟု လုယန်ယူဆသည်။
သူ့အယူအဆကို အင်ပါယာရှားနှင့် တစ်ခြားဂိုဏ်းချုပ်များက ချက်ချင်းထောက်ခံသည်။
စောင့်ကြည့်လေ့လာဖို့ တာဝန်ယူထားသည့် ကျင့်ကြံသူအတော်များများ တာအိုလမ်းစဉ်ဂိုဏ်းထဲတွင် နေရာချသည်။ တစ်ချို့က တော်ဝင်ရုံးတော်မှ၊ တစ်ချို့က မသေမျိုးဂိုဏ်းများမှလူများဖြစ်သည်။ အားလုံးက အမြှောက်အပင့်ကျွမ်းကျင်၍ လူကဲခတ်တော်သူများဖြစ်သည်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် အမြှောက်အပင့်ကျွမ်းကျင်သူ များများစားစားမရှိ။ ထို့ကြောင့် တစ်ယောက်မှ တာဝန်ပေးမထား။
ပူဇော်ပွဲအခမ်းအနားပြီးသွားချိန်တွင် ဝါရင်ကျင့်ကြံသူတစ်စုက လုယန်ကို အတော်စိတ်ဝင်စားနေကြသည်။ ထိုလူစုတွင် စစ်ခုန်နျင့် လုန်ပါချန်းတို့လည်းပါသည်။ အားလုံးက တာအိုမိတ်ဆွေကောင်းများဖြစ်သည်။
"ဒီလူငယ်က ထူးခြားတဲ့တိုက်ခိုက်စွမ်းအားရှိတယ်လို့ကြားတယ်။ မသေမျိုးဂိုဏ်းချုပ်လေးယောက်ကို အရှက်ကွဲပြီး ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ခဲ့တယ်တဲ့"
"ဒါက ကောလဟာလပါကွာ။ ရွှေသန္ဓေအဆင့်နဲ့ ဘယ်လိုလုပ်ပြီး ဒီလိုတိုက်ခိုက်စွမ်းအားမျိုး ရှိမှာလဲ။ လူဝင်စားမသေမျိုးတစ်ယောက်တောင် ဒါမျိုးမလုပ်နိုင်ဘူး"
"အဲလိုလည်း ပြောလို့မရဘူးလေ။ မဟာကပ်မှာ ဘယ်လိုပါရမီရှင်မျိုးမဆို ပေါ်လာနိုင်တာပဲ။ ရှေးဟောင်းခေတ်မှာ ကူးဖြတ်ခြင်းအဆင့်နဲ့ မွေးလာတဲ့လူအကြောင်း မကြားဖူးဘူးလား။
ပြိုင်ဘက်ကင်းကျင့်စဉ်စွမ်းအားနဲ့ နောက်ဆုံးကျတော့ သူမသေမျိုးတစ်ယောက်ဖြစ်သွားတယ်တဲ့"
"မင်းပြောမှ ပြန်တွေးမိတယ်။ ဖြစ်တော့ဖြစ်နိုင်တယ်ကွ။ ဒါပေမယ့် ဒီကိစ္စ တစ်ခုခုမူမမှန်ဘူးလို့တော့ ငါခံစားနေရတုန်းပဲ"
"ဟိုမှာကြည့်၊ ချိုးကျင်အန်းတို့ အဲဒီမှာရှိနေတာပဲ။ ငါတို့သွားမေးကြမလား"
"သွားကြတာပေါ့"
ကျင့်ကြံသူများသည် ဆုံးဖြတ်ချက်ပြတ်သားသည်။ စိတ်ထဲပေါ်လာသည့်ကိစ္စက ချက်ချင်းလုပ်တတ်ကြသည်။
ချိုးကျင်အန်းနှင့် သူ့အဖော်သုံးယောက် မျက်နှာတင်းတင်းဖြင့် ဝစီပိတ်ကို မျက်လုံးဝေ့၍ ရှာနေသည်။
တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီမှ လုယန်ပုံပြင်အကြောင်း သူတို့ကြားသိပြီးဖြစ်သည်။ ထိုခွေးသူတောင်းစား ဝစီပိတ် လက်စွမ်းပြထားခြင်းဖြစ်ကြောင်း သူတို့သိသည်။
တစ်လခွဲကြာအောင် အနားယူပြီးဖြစ်၍ သူတို့ဒဏ်ရာများ ပျောက်ကင်းသွားသည်။ ယန်တိန့်၏ဆံပင် ပြန်ပေါက်လာသည်။ ကိုယ်တော်ကျဲ့ရှားလည်း ပုံမှန်အတိုင်း ခေါင်းတုံးပြန်ဖြစ်သွားသည်။ အားလုံးက နဂိုအတိုင်းပင်ဖြစ်သည်။
"တာအိုရှင်ချိုး၊ လုယန်က ခင်ဗျားတို့လေးယောက်ကို အနိုင်ယူခဲ့တယ်ကြားတယ်။ အဲဒါတကယ်လား"
ဝါရင့်ကျင့်ကြံသူများ ချိုးကျင်အန်းတို့ထံ ချဉ်းကပ်လာပြီး တန်းမေးသည်။ အဖြစ်မှန်ကိုသိဖို့ စိတ်အားထက်သန်နေသည့်အရိပ်များ သူတို့မျက်နှာတွင် ပေါ်လွင်နေသည်။
လေးယောက်လုံး မျက်နှာပျက်သွားသည်။ ဘယ်လိုပြန်ပြောရမယ်မသိ"
"ဟုတ်ပါတယ်..ဒါပေမယ့်..."
ချိုးကျင်အန်း စိတ်ပျက်လက်ပျက်ခေါင်းငြိမ့်၍ ဆက်ရှင်းပြရန်ပြင်နေစဉ် လူပါချန်းက စကားဖြတ်ပြောသည်။
"တာအိုရှင်ချိုး၊ ဒါတော့မဟုတ်သေးပါဘူး။ ရှုံးရင်ရှုံးတယ်ပေါ့။ ကျင့်ကြံမှုလောကမှာ အနိုင်အရှုံးဆိုတာ မဆန်းပါဘူး။ ဘာလို့ခင်ဗျားက ဆင်ခြေပေးဖို့ပြင်နေတာလဲ"
ကူးဖြတ်ခြင်းအဆင့်ဖြစ်သည့် လူပါချန်းစကားက အလေးချိန်အတော်စီးသည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ် လောင်ချိုး။ ကျင့်ကြံသူတွေဟာ ရိုးသားပွင့်လင်းပြီး ကိုယ်ချို့ယွင်းချက်ကိုယ် ဝန်ခံရမယ်လို့ ခင်ဗျားအမြဲပြောတယ်လေ။ ကိုယ့်စကားနဲ့ကိုယ် မညီပါလား"
"ဒီလိုအမြင်မျိုးဟာ ခင်ဗျားရဲ့အနာဂတ်ကျင့်စဉ်လမ်း အဟန့်အတားဖြစ်လိမ့်မယ်"
အားလုံး သံယောင်လိုက်၍ ဝင်ပြောရင်း ပို၍ပို၍ စိတ်အားထက်သန်လာသည်။ ချိုးကျင်အန်းတို့ကို လှောင်ပြောင်ခွင့်ရသည့် ဤရှားပါးအခွင့်အရေးမျိုးကို သူတို့လက်လွတ်မခံနိုင်ကြ။
ချိုးကျင်အန်း ဆက်သည်းမခံနိုင်တော့။ လော်ဟုန်ရှားကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။ လော်ဟုန်ရှားကလည်း သဘောပေါက်သည်။ အလင်းချုပ်သေတ္တာကိုထုတ်သည်။ သေတ္တာမှ အလင်းတန်းများထိုးထွက်လာပြီး အားလုံးကို အထဲသို့ ဆွဲခေါ်သွားည်။
ကျင့်စဉ်အဆင့်ညီမျှအောင် လုပ်ခြင်းသည် နှစ်ဦးသဘောတူဆန္ဒဖြစ်ဖို့လိုသည်။ သို့သော် သေတ္တာထဲတွင် လူဖမ်းခေါ်သည့်ကိစ္စကိုတော့ လော်ဟုန်ရှားကိုယ်ပိုင်ဆန္ဒအရ ဆုံးဖြတ်နိုင်သည်။
"တိုက်ခိုက်ကြ"
အထဲရောက်သည်နှင့် ကိုယ်တော်ကျဲ့ရှားက အရင်ဆုံးတိုက်ခိုက်သည်။ ချိုးကျင်အန်းတို့သုံးယောက်ကလည်း ဝိုင်းကူသည်။ ဝါရင့်ကျင့်ကြံသူများကို ပုံပျက်ပန်းပျက်ဖြစ်အောင် ရိုက်နှက်ကြသည်။
*****************************