ငါးမျှားနည်း
Vol. 32 Ch. 477
ဖိတ်ကြားထားသည့် ဧည့်သည်တော်တစ်စုကို တစ်ခြားဧည့်သည်တစ်စုက တိုက်ခိုက်ကြောင်း လုယန်မသိ။
ကျင့်ကြံသူလောကတွင် ထိုအဖြစ်မျိုးက မရှားလှ။ ကျင့်ကြံသူများသည် ကြီးမားသည့်စွမ်းအားပိုင်ဆိုင်ကြသည်။ မကြာခဏ စိတ်ထင်သလို ပြုမူလှုပ်ရှားသည်။ တိုက်ခိုက်ခြင်း သတ်ဖြတ်ခြင်းက ထုံးစံလိုဖြစ်နေသည်။
အမဲလိုက်ခံရသည့် အဖြစ်မျိုးက မထူးဆန်း။
တာအိုရှင်ဝစီပိတ်က ထိုစိတ်ဓာတ်ကို နက်နက်နဲနဲနားလည်သည်။
အခမ်းအနားပွဲတွင် ဟန်ရေးပြပြီးနောက် နတ်မယ်က လုယန်ကို ခန္ဓာကိုယ်ပြန်လွှဲပေးသည်။
ဂိုဏ်းတူအကိုအမများစွာ လမ်းဘေးဝဲယာတစ်လျှောက် ဆိုင်ကိုယ်စီဖွင့်ထားကြသည်။ လုယန် အားလုံးကိုတော့ မမှတ်မိ။
ကိုယ်ပိုင်နည်းလမ်းဖြင့် ပျော်စရာအစီအစဉ်များလုပ်ဖို့ အကြံပြုလွှာတင်ရမည်ဟု ကြားပြီးနောက် ဂိုဏ်းအကိုအမများ စမ်းကြည့်ဖို့ စိတ်အားထက်သန်လာကြသည်။ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများ ဖော်ထုတ်ကြသည်။ စည်းဝေးခန်းမသို့ လျှောက်လွှာများ ပလူပျံသလို ရောက်လာသည်။ ထာဝရနတ်မယ်က ထိုတာဝန်ကို လုယန်ဆီ လွှဲပေးသည်။
တင်သွင်းလာသည့် လျှောက်လွှာအရေအတွက်က များလွန်းသဖြင့် လုယန်ထိတ်လန့်သွားပြီး ယွမ်ကျိကို တာဝန်ထပ်လွှဲသည်။
ယွမ်ကျိ လျှောက်လွှာအတည်ပြုသည့်သတ်မှတ်ချက်က ရိုးရှင်းသည်။ အန္တရာယ်မရှိလျှင် တာအိုလမ်းစဉ်ဂိုဏ်း၏ နာမည်ဂုဏ်သတင်းမထိခိုက်လျှင် ခွင့်ပြုသည်။
"ဂိုဏ်းချုပ်လု"
"ဂိုဏ်းချုပ်လုကို ဂါရဝပြုပါတယ်"
"မင်္ဂလာပါ ဂိုဏ်းချုပ်လု"
လမ်းတစ်လျှောက် လုယန်ကို အတော်များများ နှုတ်ဆက်ကြသည်။ လုယန် ခေါင်းငြိမ့်တုံ့ပြန်သည်။ ထိုခံစားချက်ကို သူကျေနပ်သည်။
လုယန် လေးလံသည့် အခမ်းအနားဝတ်စုံကို ပြောင်းခဲ့ပြီးဖြစ်သည်။
"ယာယီဂိုဏ်းချုပ်၊ စာအုပ်ဝယ်ချင်လား"
မစ်ရှင်ခန်းမကို စောင့်ကြပ်လေ့ရှိသည့် စီနီယာအကိုတစ်ယောက်က လုယန်ကို လှမ်းခေါ်သည်။
ဂိုဏ်းဝင်များက လုယန်ကို ယာယီဂိုဏ်းချုပ်ဟု ခေါ်သည်။ အပြင်လူများက ဂိုဏ်းချုပ်ဟုခေါ်သည်။
"စာအုပ်လား။ ကျမ်းစာတိုက်မှာ အားလုံးရှိနေတာပဲမဟုတ်လား"
လုယန် တွေရခက်သွားသည်။
"ဒါတွေက ကျမ်းစာတိုက်မှာမရှိတဲ့ ရှားပါးစာအုပ်တွေပါ။ ကြည့်မလား"
စီနီယာအကိုက တိုက်တွန်းသည်။ လုယန် စိတ်ဝင်စားသွားပြီး ဆိုင်ရှေ့တွေရပ်ကြည့်သည်။
"ဘာစာအုပ်တွေရှိလဲ"
"ယာယီဂိုဏ်းချုပ်က ဂိုဏ်းချုပ်ရဲ့တပည့်ဆိုပေမယ့် သူနဲ့သိပ်မတွေ့ဖြစ်ဘူးမဟုတ်လား။ ကျုပ်ဆီမှာ ဂိုဏ်းချုပ်ကိုယ်တိုင်ရေးထားတဲ့ အတ္ထုပ္ပတ္တိစာအုပ်ရှိတယ်။ မိတ္တူတစ်အုပ်ဝယ်ချင်လား"
"ကျုပ်ဆရာရဲ့ အတ္ထုပ္ပတ္တိလား"
ထိုစာအုပ်မျိုးသည် ကျမ်းစာတိုက်တွင် တွေ့နိုင်မည်မဟုတ်။ လုယန် အတော်စိတ်ဝင်စားလာသည်။
"တစ်အုပ်ယူမယ်"
"ကျိုးဆောင်မှတ်ငါးဆယ်ပါ"
လုယန် စုပ်တစ်ချက်သပ်လိုက်သည်။ စာအုပ်တစ်အုပ်အတွက် ကျိုးဆောင်မှတ်ငါးဆယ်သည် အတော်ဈေးကြီးသည်။
သို့သော် သူမကြာခဏအောင်မြင်မှုရခဲ့သဖြင့် ကျိုးဆောင်မှတ်များစွာ စုမိနေသည်။ ထိုပမာဏက မပြောပလောက်။
ကျိုးဆောင်မှတ်လွှဲပေးပြီးနောက် စီနီယာအကိုက အဖုံးနွမ်းစာအုပ်တစ်ခုပ် ပေးသည်။
"နှစ်ပေါင်းနှစ်ထောင်ကျော်အတွင်း မဟာရှားနိုင်ငံ၏ ထောင်ပတ်ဝန်းကျင်အပြောင်းအလဲ"
"....ဒါက ဆရာ့ရဲ့ အတ္ထုပ္ပတ္တိလား"
ထိုစာအုပ်အကြောင်း အမယွမ်ပြောခဲ့သည်ကို ပြန်မှတ်မိလာသည်။ ဂိုဏ်းချုပ်ဝစီပိတ်က လူတစ်ယောက်သည် ဘဝတွင် တစ်ခုခုချန်ရစ်ခဲ့သင့်သည်ဟု ခံစားရသဖြင့် သူ့ကိုယ်ပိုင်အတွေ့အကြုံများပေါ် အခြေခံ၍ ဤစာအုပ်ကို ရေးခဲ့သည်။
အတိအကျပြောရလျှင် ဤစာအုပ်သည် ပုံပြင်များထက် ပိုယုံကြည်ရသည်။ အတ္ထုပ္ပတ္တိစာအုပ်ဟု သတ်မှတ်နိုင်သည်။
လုယန် နောင်တနည်းနည်းရမိသည်။ အပြင်လောကတွင် ဤစာအုပ်ကို ငွေတုံးနည်းနည်းပေးရုံဖြင့် ဝယ်နိုင်သည်။ သို့သော် သူတို့ဂိုဏ်းတွင် ကျိုးဆောင်မှတ်ငါးဆယ်ပေးရသည်။
ယာယီဂိုဏ်းချုပ်ကိုပင် အလွတ်မပေးကြ။
"ဒေါသမထွက်ပါနဲ့ ယာယီဂိုဏ်းချုပ်၊ ခင်ဗျားအတွက် နောက်ထပ်စာအုပ်တစ်အုပ် အလကားပေးပါ့မယ်"
စီနီယာအကိုက စိတ်ရင်းစေတနာ နည်းနည်းပြလာသည်။
"ဘာစာအုပ်လဲ"
"ဂိုဏ်းချုပ်က တစ်လောကလုံးမှာ ရန်သူတွေရှိတယ်။ သူ့တပည့်ဖြစ်တဲ့ ခင်ဗျားအနေနဲ့ အပြင်ထွက်တဲ့အခါ သူ့ရန်သူတွေနဲ့တွေ့ဖို့များတယ်။ ဂိုဏ်းချုပ်ရဲ့ ရန်သူစာရင်းစာအုပ် ပေးမယ်လေ။ ဘယ်လိုလဲ"
"အဲဒါ ပိုအဆင်ပြေတာပေါ့"
လုယန် စာအုပ်ကို လက်ခံသည်။
"မဟာရှားနိုင်ငံမှ စုစည်းခြင်းအဆင့်ကျင့်ကြံသူစာရင်း"
"...ဒါဆို စုစည်းခြင်းအဆင့်တိုင်းက ကျုပ်ဆရာရဲ့ ရန်သူပေါ့"
စီနီယာအကိုက လက်ခါပြပြီး စာအုပ်ကိုလှန်ပြသည်။
"အဲလိုလည်းမဟုတ်ပါဘူး။ ဒီမှာကြည့်၊ နာမည်တစ်ချို့ကို အနီရောင်ဆေးမင်နဲ့ အမှတ်အသားလုပ်ထားတယ်"
"ဒါတွေက ကျုပ်ဆရာရန်သူတွေလား"
"ရန်သူမဟုတ်တဲ့လူတွေပါ"
လုယန် သေချင်စိတ်ပေါက်သွားသည်။ သူ့ကိုဘာမှမသင်ပေးဘဲ နေရာတိုင်းတွင် ရန်သူရှိနေသည့် ဆရာတစ်ယောက်ကို သူရထားသည်။
"ဂရုစိုက်ပါ ယာယီဂိုဏ်းချုပ်။ နောက်လည်း ထပ်လာပါဦး"
စီနီယာအကိုက လုယန်ကို နှုတ်ဆက်သည်။
"ဒီမှာ အကို...ဟိုစာအုပ်ရှိသေးလားဗျ"
လုယန် ထွက်သွားပြီးနောက် လူတစ်ယောက်စာအုပ်လာဝယ်သည်။
"ဘာစာအုပ်လဲ"
စီနီယာအကို ထိုဖောက်သည်သစ်ကို မျက်လုံးမှေးစင်း၍ ကြည့်နေသည်။
"မဟာရှားနိုင်ငံ စုစည်းခြင်းအဆင့်တွေရဲ့ နာမည်စာရင်းစာအုပ်လေ။ ဒီစာအုပ်ကို အပြင်မှာမတွေ့လို့"
စာအုပ်ဝယ်သူက လုယန်နှင့်အသက်တူလောက်ဖြစ်သည်။ စီနီယာအကိုက အကဲခတ်သလိုကြည့်နေသဖြင့် အနေရခက်လာပြီး ခေါင်းကုတ်၍ ပြုံးပြသည်။
"ကျုပ်က ကျောက်တောင်ဂိုဏ်းက ကျိုးချိန်ရှီပါ။ နောက်ဆုံးပွဲစဉ်လာပြိုင်တာ။ စုစည်းခြင်းအဆင့်တွေနဲ့တွေ့လို့ သူတို့နာမည်ကိုမသိရင် မယဉ်ကျေးသလိုဖြစ်မယ်ထင်လို့ပါ။ ဒါကြောင့် ဒီစာအုပ်ကို လေ့လာချင်တာပါ"
စီနီယာအကိုမျက်နှာ ပြုံးရွှင်လာပြီး သံသယကင်းသွားသည်။
"ဪ အဲလိုလား။ တစ်ခွန်းဈေး...ဝိညာဉ်ကျောက်ငါးထောင်ပါ"
"ငါး...ငါးထောင်.."
ကျိုးချိန်ရှီ မျက်လုံးပြူးသွားသည်။ သို့သော် ထိုစာအုပ်၏ အသုံးဝင်ပုံကို ပြန်စဉ်းစားပြီးနောက် အံကြိတ်၍ ဝယ်သွားသည်။
စီနီယာအကိုက သူ့အနီးမှ လူတစ်ယောက်ကို ကျိုးချိန်ရှီနာမည်အား သံသယစာရင်းတွင် ရေးမှတ်ထားရန် မျက်ရိပ်ပြလိုက်သည်။
ထို့နောက် သူလှောင်ပြုံးပြုံးသည်။
"ရွှေသန္ဓေအဆင့်တစ်ယောက်က မဟာရှားစုစည်းခြင်းကျင့်ကြံသူအားလုံးကို သိချင်တယ်ပေါ့။ မင်းကိုယ်မင်း လုယန်ထင်နေလား"
......
လုယန် သိပ်မကြာမီ ရင်းနှီးနေသည့် လူတစ်ယောက်ကို မြင်ရသည်။
"နန်းတော်သခင်လော်၊ ဒီမှာဘာလုပ်နေတာလဲ"
လော်ဟုန်ရှားက လမ်းဘေးတွင် ယာယီဆိုင်တစ်ခု ဖွင့်ထားသည်။ စည်းမျဉ်းအရဆိုလျှင် တရားမဝင်ဆိုင်ဖြစ်သည်။ သို့သော် ဘယ်သူမှလာမပြောရဲ။ မြက်ဖျာပေါ်တွင်ထိုင်၍ သူ့ရှေ့တွင် သေတ္တာငယ်တစ်လုံးချထားသည်။
လော်ဟုန်ရှား လုယန်ကို မော့ကြည့်သည်။
"ဪ...ဂိုဏ်းချုပ်လုပဲ။ ငါ ငါးမျှားနေတာ"
"ငါးမျှားတယ်"
လုယန် တွေးမရအောင်ဖြစ်သွားသည်။ ဘေးပတ်လည်တွင် ရေပင်မရှိ။ ငါးဘယ်လိုမျှားမည်နည်း။
လော်ဟုန်ရှားက ဆက်ရှင်းမပြဘဲ လုယန်ကို အတူလာထိုင်ရန် လက်ယပ်ခေါ်သည်။
လုယန်ဝင်ထိုင်ပြီးနောက် လော်ဟုတ်ရှားက တီးတိုးပြောသည်။
"မင်းလည်း တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီထဲက လုယန်ပုံပြင်ကို ကြားဖူးမှာပေါ့။ ပုံပြင်အကြောင်းအရာတွေက တကယ်အသေးစိတ်မှန်နေတယ်။ ဒီပုံပြင်ဘယ်သူဖြန့်တာလဲလို့ ငါတွေးနေတာ"
လုယန် ရင်ထိတ်သွားပြီး သူ့ဆရာအကြောင်း ချက်ချင်းဖော်ကောင်လုပ်သည်။
"ကျုပ်ဆရာပါ။ ဂိုဏ်းချုပ်နာမည်ဩဇာကိုသုံးပြီး စည်းဝေးပွဲအအကြောင်းမေးလို့ ကျုပ်တွေ့ကြုံခဲ့ရတာတွေ သူ့ကိုပြောပြလိုက်တယ်"
"ဟား...ထင်သားပဲ"
လော်ဟုန်ရှား လှောင်ပြုံးပြုံးသည်။ ကြိုတွက်ထားပြီးဖြစ်ဟန်တူသည်။
လုယန်ဆက်ပြောရန် ပြင်နေစဉ် လော်ဟုန်ရှားဆီ လူတစ်ယောက် လျှောက်လာသည်။ ရွှမ်ဂိုဏ်းချုပ်ဖြစ်သည်။
ရွှမ်ဂိုဏ်းချုပ်က လော်ဟုန်ရှားကိုကြည့်၍ လှောင်ပြုံးပြုံးသည်။
"တာအိုရှင်လော်၊ မင်းကို ဂိုဏ်းချုပ်လုက အနိုင်ယူခဲ့တယ်လို့ပြောတယ်။ အဲဒါ တကယ်ပဲလား"
ရွှေသန္အေဆင့်က စုစည်းခြင်းအဆင့်ကို နိုင်သည်မှာ သံသဖြစ်စရာကောင်းသည်။ သို့သော် လော်ဟုန်ရှားကို လှောင်ပြောင်ခွင့်တော့ ဆုံးရှံးမသွား
ချိုးကျင်အန်းနှင့် ယန်တိန့်မရှိ၍ ကံဆိုးသည်။ ရှိလျှင် သူတို့ကိုပါ လှောင်၍ရသည်။
လုယန်ရှင်းပြရန် ပြင်သည်။ သို့သော် လော်ဟုန်ရှားက လက်ကာ၍တားသည်။
"ဟုတ်ပါတယ်။ ဂိုဏ်းချုပ်လု သက်သေခံနိုင်ပါတယ်"
လော်ဟုန်ရှား ချက်ချင်းဝန်ခံသဖြင့် ရွှမ်ဂိုဏ်းချုပ် အံ့အားသင့်သွားသည်။
သိပ်တော့မူမမှန်။
"ဒီကိစ္စက ရှေးဟောင်းလျှို့ဝှက်ချက်တွေနဲ့ သက်ဆိုင်ပါတယ်။ ရှင်စိတ်ဝင်စားရင် ပြောပြမယ်လေ"
"ရှေးဟောင်းလျှို့ဝှက်ချက်..."
ရွှမ်ဂိုဏ်းချုပ် စိတ်ဝင်စားသွားသည်။
"ဒီနေရာက လူများလွန်းတယ်။ သေတ္တာထဲမှာ ပြောရအောင်"
လော်ဟုန်ရှား သေတ္တာကို ဖွင့်လိုက်သည်။
ထိုသေတ္တာကိုမြင်သည်နှင့် ရွှမ်ဂိုဏ်းချုပ် မျက်ခုံးလှုပ်သွားသည်။
"ဒါက ခင်ဗျားတို့ လသံလွင်နန်းတော်ရဲ့ အလင်းချုပ်-"
သူ့စကားမဆုံးမီ သေတ္တာမှ အလင်းတန်းတစ်ခုထွက်လာပြီး သူ့ကိုစုပ်ယူသွားသည်။
သေတ္တာထဲရောက်ချိန်တွင် သူ့နောက်ကျောဘက်မှ ခြောက်ကပ်ကပ်ရယ်မောသံကို ကြားလိုက်ရသည်။
"ငါတို့လုယန်ကို ဘယ်လိုရှုံးသွားလဲ သိချင်တယ်ပေါ့"
သူလှည့်ကြည့်သည်။ အေးစက်စက်သွားဖြဲပြုံးနေသည့် ချိုးကျင်အန်းနှင့် ယန်တိန့်ကို မြင်လိုက်ရသည်။ ကိုယ်တော်ကျဲ့ရှားက လက်သီးနှစ်ဘက်မှ သွေးများကိုသုတ်၍ ကရုဏာလွှမ်းသည့်မျက်နှာမျိုးရှိနေသည်။
ချိုးကျင်အန်းနှင့် ယန်တိန့် ရှန်ဂိုဏ်းချုပ်ကို ခုန်အုပ်ကြသည်။ မကြာမီ ရွှမ်ဂိုဏ်းချုပ်၏ စူးစူးရှရှအော်သံများ သေတ္ထာထဲတွင် ပြည့်သွားသည်။
လော်ဟုန်ရှား သေတ္တာပိတ်လိုက်သည်ကိုကြည့်၍ လုယန်တုန်လှုပ်သွားပြီး တံတွေးကျိတ်မျိုနေသည်။
"ငါပြောတဲ့ ငါးမျှားတယ်ဆိုတာ အဲဒါပါ"
*****************************************