← Chapters

လီဟော်ရန်ကို ဆွဲသွားခြင်း

Vol. 32 Ch. 478

လီဟော်ရန်ကို ဆွဲသွားခြင်း

Vol. 32 Ch. 478

"ဟေ့...ဒီသေတ္တာထဲမှာ လူအတော်များတယ်။ အနည်းဆုံး ဆယ့်နှစ်ယောက်လောက်ရှိမှာ"

နတ်မယ်က လာ်ဟုန်ရှားသေတ္တာကိုကြည့်၍ တအံ့တဩ ပြောသည်။ အထဲတွင် စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဒါဇင်လောက်နှင့် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကို သူမြင်ရသည်။

ဝစီပိတ်ဘုန်းကြီးအိုတစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေသည်။ သို့သော် သူ့ကိုယ်တွင် ဒဏ်ရာတစ်ခုမှမရှိ။

ချိုးကျင်အန်းနှင့် ယန်တိန့် လက်ဝါးနှစ်ဘက်ပွတ်လျက် ငါးစာဟပ်လာမည့် သားကောင်ကို စောင့်နေကြသည်။

"ကဲ...ကဲ..လုယန်၊ နင့်ခန္ဓာကိုယ် လွှဲပေးပါ။ သေတ္တာထဲကို ငါဝင်ကြည့်ချင်တယ်"

နတ်မယ်ကပြောသည်။

လုယန် ရင်ထိတ်သွားပြီး နတ်မယ်ကို ဖျောင်းဖြသည်။

"နတ်မယ်၊ ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းမှာ ပျော်စရာအစီအစဉ်တွေ အများကြီးရှိပါတယ်။ ဒါကိုအာရုံစိုက်နေဖို့မလိုပါဘူး။ အချိန်ကုန်ပါတယ်"

"ကောင်းပြီလေ"

နတ်မယ်က သူ့သစ္စာခံ၏ အကြံကို ချက်ချင်းလက်ခံသည်။

လုယန် လော်ဟုန်ရှားကိုနှုတ်ဆက်၍ အမြန်ထွက်သွားသည်။ သူ့နောက်ကျာဘက်မှ နောက်ထပ် လှောင်ပြောင်နေသည့်စကားသံများ ကြားရသည်။

"တာအိုရှင်လော်၊ ခင်ဗျားတို့ကို ဂိုဏ်းချုပ်လုက အနိုင်ယူခဲ့တယ်ကြားတယ်။ အဲဒါတကယ်လား။ တာအိုရှင်ချိုးနှင့် တာအိုရှင်ယန်ရော ဘယ်မှာလဲ"

လုယန် ခြေလှန်းကို ထပ်၍အရှိန်မြှင့်လိုက်သည်။

မကြာမီ သူမမြင်ဖူးသည့်အရာတစ်ခုဆီ အကြည့်ရောက်သွားသည်။

"ဒါက ဘာပါလိမ့်"

နားနေဆောင်တစ်ခုတွင် ကျင့်ကြံသူများပြည့်နေသည်။ သူတို့အောက်ဘက်တွင် မြင်ဖူးနေကျ မှော်စက်ဝန်းတစ်ခုရှိသည်။ ကျင့်ကြံသူများက စုတ်ပြဲနေသည့် မှော်အဆောင်များ ကိုင်ထားသည်။ မျက်လုံးများငေးကြောင်၍ အတွေးနစ်နေကြသည်။

အဆောင်ဘေးတွင် သစ်သားဆိုင်းဘုတ်တစ်ခု ချိတ်ထားသည်။

"တာအိုလမ်းစဉ်ဂိုဏ်း - မူလအစ"

"ယာယီဂိုဏ်းချုပ်"

အဆောင်နောက်မှ ဦးခေါင်းတစ်ခု ပြူထွက်လာသည်။ မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သည့် ‌ထောင်ယော်ယဲ့ဖြစ်သည်။ လုယန်ကိုမြင်သည်နှင့် နှစ်လိုဖွယ်ပြုံးပြသည်။

"ရာထူးတိုးသွားတာ ဂုဏ်ယူပါတယ် အကိုလု"

ထောင်ယော်ယဲ့က စနောက်နေသည်။

လုယန် စိတ်ပျက်လက်ပျက် ပြုံးလိုက်သည်။

"မနောက်ပါနဲ့ ညီမထောင်ယော်"

လုယန် ရှက်နေသဖြင့်‌ ထောင်ယော်ယဲ့ ထပ်ပြာတော့။

"ပွဲတော်ရက်ဆိုတော့ အဆင့်မြင့်ကျင့်ကြံသူတွေ ပါရမီရှင်တွေအားလုံး တာအိုလမ်းစဉ်ဂိုဏ်းမှာ စုနေတာလေ။ ဒီအခွင့်အရေးကို အသုံးချပြီး "အိပ်မက်ရေပွက်ပုံရိပ်"ကို ကြော်ငြာထုတ်နေတာပါ"

လုယန်ခေါင်းငြိမ့်သည်။ မြေပြင်မှမှော်စက်ဝန်းကို သူမှတ်မိသည်။

"ပရိတ်သတ်တုံ့ပြန်မှုက ဘယ်လိုလဲ"

"အားလုံးကြိုက်ကြတဲ့ပုံပါပဲ။ နောင်တစ်ချိန် ဈေးကွက်ဖြန့်ဖို့ မခက်လောက်ဘူး"

အိပ်မက်ရေပွက်ပုံရိပ်သည် အခြေခံသဘာဝအားဖြင့် ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။ ပွဲတော်လာတက်သူများအတွက် ပုံရိပ်ယောင်များသည် အထူးအဆန်းမဟုတ်။ သူတို့ ချီးကျူးကြသည်ဆိုလျှင် ပုံရိပ်ယောင်စနစ်ကိုရော ဇာတ်လမ်းအကြောင်းအရာကိုပါ သဘောကျ၍သာဖြစ်မည်။

"ဒီပုံရိပ်ရဲ့ ဇာတ်ကြောင်းကဘာလဲ"

"ကျွန်မတို့ဂိုဏ်း စဖြစ်ပေါ်လာတဲ့ဇာတ်လမ်းပါ"

လုယန် အံ့အားသင့်သွားသည်။

"ဒါဆို ငါတို့ဘိုးဘေး လမ်းပျောက်လို့ လမ်မေးပြီး ဂိုဏ်းတည်ထောင်တဲ့ ဇာတ်လမ်းလား"

"နည်းနည်းတော့ ပြုပြင်ရတာပေါ့။ ရှန်ထန်ဘိုးဘေးက သူ့ကျင့်ကြံမှုမှာ အာရုံလွင့်ပြီး စိတ်တွေထွေပြားသွားတယ်။ ကျင့်ကြံနေတုန်းမှာ မသေမျိုးတစ်ယောက်နဲ့တွေ့တယ်။ အဲဒီ့မသေမျိုးက မြောက်ဘက်ကိုသွားပြီး အဖြေရှာဖို့ပြောတယ်။

သူ့ခရီးစဉ်မှာ နတ်ဆိုးတွေကို တိုက်ခိုက်ပြီး မတရားမှုတွေ အများကြီး ဖြေရှင်းခဲ့တယ်။ တကယ့်ငြိမ်းချမ်းမှုအစစ်ဟာ နှလုံးသားမှာတည်တယ်ဆိုတာ သူနားလည်လာတယ်။

အဲဒါကြောင့်‌ ခက်ခဲတဲ့ မသေမျိုးလမ်းစဉ်နဲ့ တရားမျှတမှုကို ရှာဖွေတဲ့သင်္ကေတအနေနဲ့ တောင်တန်းတွေပေါ်မှာ တာအိုလမ်းစဉ်ဂိုဏ်းကို တည်ထောင်ခဲ့တယ်။...အဲလိုလေးပေါ့"

လုယန် "..."

ဒါဆို မင်းမပြောင်းတာ ဂိုဏ်းတည်ဘိုးဘေးရဲ့နာမည်ပဲ ကျန်တော့တာပေါ့...

သို့သော် သမိုင်းကြောင်းကို ပိုစိတ်ဝင်စားစရာကောင်းအောင် ဖန်တီးနိင်လျှင် ဘိုးဘေးကလည်း ယခုလိုအသေးစိတ်အချက်အလက်များအတွက် အပြစ်တင်မည်မထင်ပါ။

"အိပ်မက်ရေပွက်ပုံရိပ်နဲ့ပတ်သက်ပြီး အခက်အခဲတစ်ခုခုရှိလား။ ရံပုံငွေတို့ဘာတို့ လိုသေးလား"

လောလောဆယ် ဩဇာရှိနေသူဖြစ်၍ လုယန် ရက်ရက်ရောရော ကမ်းလှမ်းသည်။

ထောင်ယော်ယဲ့က ချက်ချင်းငြင်းပယ်သည်။

"ဒါဆို ဆက်ကြိုးစားပါ"

လုယန် အားပေးလိုက်သည်။

နောက်ထပ်ဆိုင်တန်းတစ်ချို့ ဖြတ်သန်းသွားချိန်တွင် အားမာန်အပြည့်ဖြင့် ဩဝါဒချွေနေသည့် မုန်ကျင်းကျိုးကို သူမြင်ရသည်။

"တာအိုမိတ်ဆွေတို့၊ ယောက်ျားမိန်းမကြားက ကိစ္စတွေကို သေမျိုးတွေပဲ လိုက်စားကြတာ။ ကျင့်ကြံသူတွေအတွက်တော့ ဒါဟာ အချိန်ဖြုန်းတီးတာပဲ။

ဒီလိုကိစ္စတွေမှာ အချိန်ဖြုန်းရင် ကျုပ်တို့စွမ်းအင်တွေ ကုန်ခမ်းမယ်။ မှတ်ဉာဏ်တွေ လျော့ပါးမယ်။ စိတ်အာရုံတွေ ထွေပြားလာမယ်။ ကျုပ်တို့ရဲ့ ကျင့်စဉ်တိုးတက်မှုမှာ ကြီးမားတဲ့အဟန့်အတားဖြစ်လာမယ်။

ပြီးတော့ ယောက်ျားမိန်းမချိန်းတွေ့တာလည်း အချိန်ဖြုန်းတာပဲ။ အဲဒီ့အချိန်ကို တံခါးပိတ်ကျင့်ကြံရင်း ကုန်ဆုံးတာက ပိုမကောင်းဘူးလား။

ကျုပ်ကိုကြည့်ပါ။ သန့််စင်တဲ့ ဒီစွမ်းအားဟာ ဒီလိုအာရုံထွေပြားစရာတွေကို စွန့်ပယ်ခဲ့တဲ့ အကျိုးရလာဒ်ပဲ။ တာအိုလမ်းစဉ်ဂိုဏ်းကိုယ်စားပြု နံပတ်တစ်ရွှေသန္ဓေအဆင့်ဖြစ်နေတဲ့ ကျုပ်ရဲ့အောင်မြင်မှုက သက်သေခံနေပါပြီ။

ဂိုဏ်းချုပ်လုကို ခင်ဗျားတို့အားလုံးသိကြတယ်မဟုတ်လား။ အခု ဂိုဏ်းချုပ်ဖြစ်နေပေမယ့် ပြီးခဲ့တဲ့သုံး‌လေးရက်က သူကျုပ်နဲ့တွေ့တော့ တစ်လုံးတည်းရှိတဲ့ သူ့ထိုင်ခုံမှာ ကျုပ်ကိုနေရာပေးတယ်။ ဒါဟာ ဘာကိုဆိုလိုသလဲ။ သူကျုပ်ကို လေးစားတဲ့သဘောပဲ"

မုန်ကျင်းကျိုးမိန့်ခွန်းကို အာရုံဝင်စားနေသည့် ကျင့်ကြံသူများ တအံ့တဩ တီးတိုးရေရွတ်ကြသည်။ ထိုဖြစ်ရပ်က တကယ်လေးစားစရာကောင်းသည်။

"ကျုပ်တစ်ခုကျိန်ဆိုခဲ့တယ်။ မသေမျိုးမဖြစ်မချင်း ကျုပ်ဘယ်တော့မှလက်မထပ်ဘူး။ အဲလိုကိစ္စတွေကိုလည်း အာရုံမစိုက်ဘူး။

....ကျုပ်လိုအောင်မြင်မှုမျိုး ဘယ်သူရချင်လဲ"

"ကျုပ်ရချင်ပါတယ်"

သူအကူထည့်ထားသည့် ဂိုဏ်းသားလေးငါးယောက်က အော်ဟစ်ကြသည်။

မုန်ကျင်းကျိုး ကျေနပ်စွာခေါင်းငြိမ့်သည်။

"ဒီလိုဆန္ဒတွေကို ပယ်ဖျက်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ကျုပ်မှာရှိတယ်။ ဘယ်သူစမ်းကြည့်ချင်လဲ"

ဘယ်သူမှ အသံမထွက်။

ခဏကြာပြီးနောက် လူတစ်ယောက် လက်မြှောက်၍ ရှေ့တိုးလာသည်။

"ကျုပ်စမ်းကြည့်ပါမယ်"

မုန်ကျင်းကျိုး ပျော်သွားသည်။ သူ့လမ်းစဉ်ကို လိုက်လိုသည့် လူတစ်ယောက် တကယ်ရှိနေသည်။ သူ့တစ်ကိုယ်တော်ကျိန်စာလက်သီးအစွမ်းကိုပြဖို့ စိတ်အားထက်သန်နေသည်။

လီဟော်ရန် စင်ပေါ်တက်လာသည်။

"အကိုမုန်၊ ကျုပ်စမ်းကြည့်လို့ရမလား"

မုန်ကျင်းကျိုး မျက်နှာပျက်သွားသည်။ လီဟော်ရန်ကိုသာ ကျိန်စာလက်သီးနှင့်ထိုးလျှင် အရိုင်းနယ်မြေသို့ သူနောက်တစ်ကြိမ်သွားရနိုင်သည်။

မုန်ကျင်းကျိုးအမူအရာကိုကြည့်၍ လီဟော်ရန်ကျေနပ်နေသည်။ သူသည် ရွှေသန္ဓေမတည်ဆောက်ရသေး။ လုယန်နှင့်မုန်ကျင်းကျိုးက သူတို့ကိုယ်သူတို့ ရွှေသန္ဓေစွမ်းအားရှင်ဟုခေါ်၍ သူ့ရှေ့တွင် ခဏခဏ ကြွားလုံးထုတ်သည်။

"ဟော်ရန်၊ ရှင်ကဒီမှာလား"

အံ့ဩရိပ်ရောစွက်နေသည့် နူးညံ့သည့်မိန်းမသံတစ်ခု ပေါ်လာသည်။ မွှေးပျံသည့်ရနံ့တစ်ခု လွင့်ပျံလာပြီး စုယီရန်က လီဟော်ရန်လက်မောင်းကို ပွေ့ဖက်လိုက်သည်။

စုယီရန် နေရာတိုင်းပတ်ရှာခဲ့သည်။ ယခုမှ လီဟော်ရန်ကို တွေ့ရသည်။

ပွဲတော်တွင် လူပေါင်းများစွာရှိနေသဖြင့် ဝိညာဉ်အာရုံဖြင့်ရှာလျှင် ရိုင်းရာကျမည်။ ထို့ကြောင့် ပုံမှန်မျက်လုံးဖြင့်သာ ရှာခဲ့ရသည်။

လီဟော်ရန် မျက်ခုံးလှုပ်သွားသည်။ ထိုမျှကျယ်ပြောသည့် တာအိုလမ်းစဉ်ဂိုဏ်းထဲတွင် စုယီရန် သူ့ကိုရှာတွေ့မည်ဟု ထင်မထား။

အနေခက်နေသည့် သူ့မျက်နှာကိုကြည့်၍ လုယန် ကျိတ်သဘောကျနေသည်။ စုယီရန်ကို သူဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

တစ်ကိုယ်တော်ကျင့်ကြံနေသည့် စုစည်းခြင်းအဆင့်တစ်ယောက်ကို ဂိုဏ်းပွဲတော်သို့ဖိတ်ကြားသည်မှာ သဘာဝကျပါသည်။

"အမေ၊ ဘာလို့ဒီကိုရောက်နေတာလဲ"

ချင်ယန်ယန် လူအုပ်ကြားထဲမှ ပေါ်လာသည်။ လူရှေ့သူရှေ့တွင် သူ့အမေ လက်ပွန်းတတီးနေသည့်အဖြစ်ကို သူအလိုမကျ။

အမေတဲ့လား...

အစက မိန်းမလှတစ်ယောက် လာတွေ့သည့် လီဟော်ရန်ကို အားလုံး မနာလိုဖြစ်နေကြသည်။ ယခု သူတို့အမူအရာများ ကြောင်တက်တက်ဖြစ်ကုန်သည်။

"ဒါက နွားအိုမြက်နုကြိုက်ဆိုတာမျိုးလား"

လူအုပ်ထဲမှ မုန်ကျင်းကျိုး အကူခေါ်ထားသည့် အရိုးရိုင်းက စဉ်းစားနေသည်။

သူအရိုင်းနယ်မြေက ပြန်ရောက်လာမှသာ လီဟော်ရန်တွင် ကူးဖြတ်ခြင်းအဆင့် ဇနီးလောင်းရှိကြောင်း၊ ကလေးလည်းရှိကြောင်း သိခဲ့ခြင်းဖြစ်သည်။

"သွားကြစို့၊ ဒီမှာပျော်စရာအစီအစဉ်တွေ အများကြီးပဲ။ လမ်းလျှောက်သွားရအောင်"

စုယီရန်က လီဟော်ရန်ကို စုစည်းခြင်းအဆင့်အင်အားဖြင့် ဆွဲခေါ်သွားသည်။

ချင်ယန်ယန်က လီဟော်ရန်ဘေးမှ ကပ်လိုက်လာသည်။ အပြုအမူဆင်ခြင်ရန် မျက်လုံးဖြင့် သတိပေးနေသော်လည်း အကျိုးမထူး။

အမေနှင့်သမီးကို ဘယ်ညာတွဲထားသည့် လီဟော်ရန်ကို မြင်သူတိုင်းက အားကျကြသည်။

လုယန် ထိုမြင်ကွင်းကိုကြည့်၍ အတော်ကျေနပ်နေသည်။

"ရှောင်လု"

ရုတ်တရက် ပေါ်လာသည့်် ယွမ်ကျိအသံကြောင့် လုယန်လန့်သွားသည်။

"ဘာကိစ္စရှိလို့လဲ အမယွမ်"

ယွမ်ကျိ မျက်မှောင်နည်းနည်းကျုံ့နေသည်။ တွေးရခက်နေဟန်ရှိသည်။

"ငါတို့ဖိတ်ထားတဲ့ ကူးဖြတ်ခြင်းကျင့်ကြံသူတွေ အတော်များပါတယ်။ ဘာလို့ လူနည်းသလိုဖြစ်နေတာလဲ"

လုယန် စိတ်ထဲတွင်

'ဂိုဏ်းချုပ်လော်ရဲ့ သေတ္တာကို သွားစစ်ကြည့်ပါလား။ အဲဒီထဲမှာ သူတို့အားလုံး အနားယူနေကြလောက်တယ်'

"ကျုပ်လည်း မသိတော့ဘူး"

အရိုးခံမျက်နှာဖြင့် သူ့ဟန်ဆောင်လိုက်သည်။

သူဘာပြောရမည်နည်း။ အမယွမ်ကို သေတ္တာထဲဝင်ပြီး ပွဲကြမ်းဖို့ တောင်းဆိုရမည်လော..

"ဒါဆို ငါနဲ့လိုက်ခဲ့။ သူတို့ကို သွားရှာရအောင်"

*****************************************

All Chapters