ကျားကိုခံ့ညားသည်ဟုယူဆသည့်မြေခွေ
Vol. 32 Ch. 479
လော်ဟုန်ရှားကိစ္စ ဖော်ထုတ်လိုက်ဖို့ လုယန်တွေးမိသည်။ အမယွမ်နှင့် အတူလျှောက်သွားရသည်က ဖိအားများလွန်းသည်။
အမယွမ်က အရပ်မြင့်သည်။ လှပသည်။ အေးစက်သည့်အမူအရာရှိသည်။ ယောက်ျားများရော မိန်းမများကိုပါ ဆွဲဆောင်နိုင်သည်။
သူရောက်သည့်နေရာတိုင်း လည်ပြန်ကြည့်ကြသည်။
အပြင်လူအများစုသာ ကြည့်ရဲခြင်းဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းဝင်များကတော့ သူ့ကိုလုံးဝမကြည့်ရဲ။
လုယန်က ဆယ့်ရှစ်နှစ်ပြည့်တော့မည်ဖြစ်၍ အရပ် ၁.၈ မီတာမြင့်သည်။ ယွမ်ကျိထက် ခေါင်းတစ်ဝက်စာ ပိုမြင့်သည်။ သို့သော် သူ့ဘေးတွင်ရပ်နေလျှင် လုယန် အရပ်ပုသလိုခံစးရသည်။
"အစားကြီးသူပြိုင်ပွဲနော်။ ဝင်ကြေးက ဝိညာဉ်ကျောက်တစ်ထောင်ပါ။ ဆယ်ယောက်တစ်အုပ်စု ပြိုင်ရပါမယ်ခင်ဗျ"
"အစားကြီးသူပြိုင်ပွဲတဲ့လား..."
လုယန် နည်းနည်းအံ့အားသင့်သွားသည်။ ကျင့်ကြံသူများသည် စားလိုက်သည့်အစာကို ချက်ချင်းသန့်စင်နိုင်စွမ်းရှိသည်။ ပြိုင်ပွဲက ဘယ်လောက်ကြာလိမ့်မည်မသိ။
သူလှည့်ကြည့်သည်။ စားပွဲတစ်လုံးပေါ်တွင် ဥပုလ်ဆေးများအပြည့်ရှိနေသည်ကို မြင်ရသည်။
"..."
"သန္ဓေဆေးလုံးကံစမ်းမဲပါ။ တစ်ကြိမ်ကံစမ်းရင် ဝိညာဉ်ကျောက်တစ်ထောင် ဒါမှမဟုတ် ကျိုးဆောင်မှတ်ဆယ်မှတ်ပါ။ ဆယ်ကြိမ်ကံစမ်းတိုင်း ထိပ်တန်းသန္ဓေဆေးတစ်လုံးရဖို့ အာမခံပါတယ်။ အကြိမ်တစ်ရာကံစမ်းရင် တိမ်သန္ဓေဆေးတစ်လုံးရပါမယ်"
ယွမ်ကျိအမူအရာက နည်းနည်းစိတ်ဝင်စားနေပုံရသည်။ ထို့ကြောင့် လုယန် အကြံပြုလိုက်သည်။
"ကျုပ်နည်းနည်း ကံစမ်းကြည့်ချင်တယ်။ အမယွမ်ရော စမ်းကြည့်ဦးမလား"
ယွမ်ကျိက လုယန်ကို အေးစက်စက်လှည့်ကြည့်သည်။ ခဏတွေးနေပြီးနောက်
"စမ်းမယ်လေ"
ဆေးအိုးတောင်ထိပ်မှ စီနီယာအကိုက ယာယီဂိုဏ်းချုပ်နှင့် ယွမ်ကျိလျှောက်လာသည်ကို မြင်သည်နှင့် ဖော်ဖော်ရွေရွေ နှုတ်ဆက်သည်။
"အမယွမ်နဲ့ ယာယီဂိုဏ်းချုပ်၊ ထိုင်ကြပါခင်ဗျ"
"ကျုပ်တို့ ကံစမ်းဖို့လာတာပါ"
စီနီယာအကိုက မလုံမလဲမျက်နှာဖြင့်
"ကံစမ်းဖို့လား...ဒီဆေးလုံးတွေက ခင်ဗျားတို့ အဆင့်အတန်းနဲ့..."
"ကိစ္စမရှိဘူး။ ကျုပ်တို့က အပျော်သဘောပါပဲ"
အမယွမ်အမူအရာကို လုယန်ဘာသာပြန်နိုင်သည်။ ထိုကံစမ်းမဲစနစ်ကို စိတ်ဝင်စားနေပုံရသည်။ ထို့ကြောင့် သူ့စိတ်အားထက်သန်မှုကို မပျက်စီးစေချင်။
"ဆယ်ကြိမ်နဲ့စပြီး ကံစမ်းမယ်""
လုယန် ကျိုးဆောင်မှတ်တစ်ရာကို မျက်တောင်တစ်ချက်မခတ်ဘဲ ပေးလိုက်သည်။
စီနီယာအကိုက ဆေးအိုးကြီးတစ်ခု သယ်ထုတ်လာသည်။ အောက်ခြေတွင် အပေါက်တစ်ပေါက်ပါသည်။
"ဆယ်ကြိမ်ခေါက်လိုက်ပါ။ ဆေးလုံးဆယ်ခု ထွက်လာလိမ့်မယ်"
ပြောသည့်အတိုင်း လုယန် ဆယ်ကြိမ်ခေါက်သည်။ ဆေးလုံးဆယ်ခု ထွက်ကျလာသည်။ ကိုးခုက အရောင်မှိန်နေသည့် အညံ့စားဆေးလုံးများဖြစ်သည်။ ဆေးတစ်လုံးသာ အရည်အသွေးမီ ထိပ်တန်းဆေးလုံးဖြစ်သည်။
"ဒါက ဘာဆေးလုံးတွေလဲ"
"ဒီကိုးခုက မိုးမြေဖန်တီးမှုဆေးလုံးတွေပါ။ အချိန်တာအိုနဲ့ ပေါင်းစပ်ပြီး မိုးမြေဖန်တီးမှုနဲ့ မွေးဖွားလာတာ။ အောင်မြင်အောင်သန့်စင်ဖို့ အရမ်းခက်ပါတယ်။ ကျုပ်စွမ်းရည်နဲ့တောင် နောက်ထပ်ဆေးတစ်ဖုံ ဖော်စပ်ဖို့ မလွယ်ပါဘူး။ ဆေးအာနိသင်တွေကလည်း အများကြီးပါ"
လုယန် နည်းနည်းအံ့အားသင့်သွားသည်။ ဆေးကိုးလုံးအပေါ် အမြင်ပြောင်းသွားသည်။
ယွမ်ကျိက ဆေးလုံးတောင်တပည့်ကို တစ်ချက်စိုက်ကြည့်၍ အေးစက်စက်ပြောသည်။
"အမှန်အတိုင်းပြောပါ"
စီနီယာအကို တုန်လှုပ်သွားသည်။ သူ့ရှေ့တွင် လိမ်မပြောရဲသဖြင့် အမှန်အတိုင်းဝန်ခံရသည်။
"ပြီးခဲ့တဲ့ရက်ပိုင်းက ကျုပ်ဆေးသန့်စင်ခဲ့တယ်။ ဒါပေမယ့် အပြင်ထွက်သွားပြီး အချိန်မီပြန်လာဖို့ မေ့သွားတယ်။ ကျုပ်ပြန်ရောက်တော့ ဆေးလုံးတွေက ပျက်စီးနေပြီလေ"
"ဒီဆိုင်ကို ဖွင့်ခွင့်ပေးထားတဲ့ သတ်မှတ်ချက်တွေမှာ ငါတို့ဂိုဏ်းရဲ့ နာမည်ဂုဏ်သတင်း မထိခိုက်စေရဘူးဆိုတဲ့ စည်းကမ်းချက်ပါတယ်ဆိုတာ နင်သိလား"
"စိတ်ချပါ အမယွမ်။ ကျုပ်က ဓာတ်ငါးမျိုးဂိုဏ်းကလူပါလို့ ပြေလိုက်ပါမယ်"
စီနီယာအကို ရင်ကော့၍ဖြေသည်။
"ဘာရယ်.."
"မဟုတ်ပါဘူး..မဟုတ်ပါဘူး။ အခုချက်ချင်း ပစ္စည်းတွေသိမ်းပြီး ပြန်တော့မယ်လို့ ပြောတာပါ"
ယွမ်ကျိက သူ့ကို လက်ပြတားလိုက်သည်။
"စိတ်မလောပါနဲ့။ ငါလည်း ကံစမ်းကြည့်ချင်တယ်"
ယွမ်ကျိ ဆေးအိုးကို အသာအယာခေါက်လိုက်သည်။ သူ့စွမ်းအားကြောင့် ဆေးအိုးအတွင်း တုန်ခါသွားသည်။ နောက်ထပ် ကိုးကြိမ်ခေါက်သည်။
ဆေးဆယ်လုံး ထွက်ကြလာသည်။
ထိပ်တန်းသန္ဓေဆေးလုံး ခုနစ်လုံး။ တိမ်သန္ဓေဆေးလုံး သုံးလုံး။
ပုံမှန်အတိုင်းဆိုလျှင် တိမ်သန္ဓေဆေးသုံးလုံးရဖို့ အကြိမ်သုံးရာ ကံစမ်းရမည်ဖြစ်သည်။
"ကံကောင်းသားပဲ"
ယွမ်ကျိနှုတ်ခမ်းတွင် အပြုံးရိပ်နည်းနည်းငယ်ပေါ်လာသည်။ တိမ်သန္ဓေဆေးတစ်လုံး သိမ်းထားပြီး ကျန်သည့်ဆေးလုံးများ လုယန်ကိုပေးသည်။
သူဘာမှော်ပညာမှ မသုံးခဲ့။ ကံကောင်းခြင်းသာဖြစ်သည်။
သူ့ကံက အမြဲတမ်းလည်းကောင်းနေသည်။
နှစ်ယောက်သား ဆက်လျှောက်သွားသည်။ ပွဲတော်အစီအစဉ်များ ဝင်ကစားရင်း စုစည်းခြင်းကျင့်ကြံသူများ ပျောက်နေရသည့် အကြောင်းရင်းကို ရှာဖွေနေသည်။ လုယန် တဖြေးဖြေး စိတ်သက်သာရာရလာသည်။
ဆရာတပည့်တစ်တွဲက ဘေးမှဖြတ်သွားရင်း လုယန်နှင့်ယွမ်ကျိကို မြင်သွားသည်။
"ဆရာ၊ လုယန်က ကျုပ်နဲ့အသက်ချင်းရော ကျင့်စဉ်အဆင့်ရော အတူတူလောက်ပဲ။ သူကဘယ်လိုလုပ် ယာယီဂိုဏ်းချုပ်ဖြစ်ပြီး ပွဲတော်ကျင်းပခွင့်ရတာလဲ"
လူငယ်ပါရမီရှင်က လုယန်ကို နည်းနည်းမနာလိုဖြစ်နေသည်။ သူသည် ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်သည့် ချီထိန်းချုပ်ဂိုဏ်းဝင်ဖြစ်သည်။ သူ့ဆရာက ဂိုဏ်းချုပ်ဖြစ်သည်။ ဤနေရာတွင် သူရှိနေသည်မှာ ပွဲတော်လာတက်ခြင်းသက်သက်မဟုတ်။
နောက်ဆုံးဗိုလ်လုပွဲဝင်မည့် ပြိုင်ပွဲဝင်လည်းဖြစ်သည်။
သူနှင့်လုယန်သည် အဆင့်အတန်းချင်း အတူတူလောက်ရှိသည်။ သို့သော် အခြေအနေချင်းက ကမ္ဘာနှစ်ခုစာလောက် ကွာခြားနေသည်။ မျှတမှုမရှိဟု ခံစားရသဖြင့် နည်းနည်းအလိုမကျဖြစ်နေသည်။
"မင်းပါးစပ်ပိတ်ထားစမ်း"
ချီထိန်းချုပ်ဂိုဏ်းသခင် အသံအုပ်အုပ်ဖြင့် သူ့ကိုအော်ငေါက်လိုက်သည်။
လူငယ် အံ့အားသင့်သွားသည်။ သူ့ဆရာသည် သူ့အပေါ်အမြဲတမ်း ကြင်နာခဲ့သည်။ ယခုလို တစ်ခါမှ ဆူပူအော်ငေါက်ခြင်းမရှိခဲ့။
ချီထိန်းချုပ်ဂိုဏ်းသခင် သူ့တပည့်အမူအရာကို အရေးမစိုက်အား။ ကြောက်ချွေးပျံလျက် လုယန်ကို စိုက်ကြည့်နေသည်။
သို့သော် သူ့အာရုံက လုယန်ထံတွင်မရှိ။ လုယန်ဘေးမှ ယွမ်ကျိထံတွင်သာရှိသည်။
ဓာတ်ငါးမျိုးဂိုဏ်းချုပ်များလောက် အဆင့်မမြင့်သော်လည်း သက်တမ်းရင့်ထိပ်သီးဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်၍ ကိစ္စတစ်ချို့ သူသိထားသည်။
ဥပမာ လွန်ခဲ့သည့်ရာစုနှစ်များစွာက တာအိုလမ်းစဉ်ဂိုဏ်းတပည့်တစ်ယောက် ကိုယ်တော်ကျိရှားအပါအဝင် တစ်ခြားမသေမျိုးလေးဂိုဏ်းခေါင်ဆောင်များကို တစ်ကိုယ်တော်အနိုင်ယူခဲ့သည့်အကြောင်း သူကြားဖူးသည်။
ကိုယ်တော်ကျဲ့ရှားသည် နာမည်ကြီးပုဂ္ဂိုလ်ဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့်များမှာပင် နာမည်ကျော်သည်။ သူ့ဘိုးဘေးများထက် ပိုစွမ်းအားကြီးသည်။
ကိုယ်တော်ကျဲ့ရှားပင် ရှုံးခဲ့သည်ဆိုလျှင် သူ့ပြိုင်ဘက်၏စွမ်းအားကို မှန်းဆကြည့်နိုင်သည်။
သို့သော် ထိုကိစ္စက လွန်ခဲ့သည့်နှစ်ရာချီက ဖြစ်ခဲ့ခြင်းဖြစ်သည်။ ယခု အချိန်များစွာ ဖြတ်ကျော်ခဲ့ပြီဖြစ်သည်။ ထိုတာအိုလမ်းစဉ်ဂိုဏ်းတပည့် ဘယ်လောက်စွမ်းအားတိုးလာသည်ကို သူပင်မခန့်မှန်းနိုင်။
"မဟာကပ်ရဲ့ တကယ့်ပါရမီရှင်အစစ်ပဲ..."
ထိုမျှထူးခြားသည့် ပါရမီမျိုးကို ဘယ်သူမှယှဉ်နိုင်မည်မဟုတ်။
"ဆရာ.."
သူ့ဆရာကြောက်နေသည့်အမူအရာကို လူငယ်သတိထားမိသည်။ ရေရွတ်သည့်စကားကို ကြားသည်။ သူ့ဆရာကြည့်နေသည့်နေရာဆီ သူကြည့်လိုက်သည်။ လုယန်ကိုမြင်ရသည်။
လူတစ်ယောက်ကို သူ့ဆရာထိုအတိုင်းအတာထိ ချီးမွှမ်းသည်ကို သူတစ်ခါမှမကြားခဲ့ဖူး။
လူငယ်ပါရမီရှင် နားလည်သွားဟန်ရှိသည်။ လုယန်ကိုကြည့်သည့် သူ့အကြည့်တွင် လေးစားရိပ်လွှမ်းလာသည်။
"ဘာဖြစ်တာလဲ အမယွမ်"
ယွမ်ကျိက နောက်သို့လှည့်ကြည့်လိုက်သဖြင့် လုယန်မေးသည်။ တစ်ခုခုတွေ့ပြီဟု ထင်လိုက်သည်။
ယွမ်ကျိ တွေးရခက်နေဟန်ဖြင့် မျက်မှောင်နည်းနည်းကျုံ့နေသည်။
"ထူးဆန်းတယ်။ ငါမရင်းနှီးတဲ့ ကူးဖြတ်ခြင်းကျင့်ကြံသူတွေ အများကြီးရှိနေသလိုပဲ"
ဤပွဲတော်ကျင်းပဖို့ တာအိုလမ်းစဉ်ဂိုဏ်းက မိတ်ဆွေအတော်များများကို ဖိတ်ကြားခဲ့သည်။ တိုက်နယ်တစ်ခွင်မှ စုစည်းခြင်းအဆင့်များ ရောက်လာသည်။ ပွဲက အတော်စည်ကားသည်။ သို့သော် လမ်းတစ်လျှောက်တွင် သူရင်းနှီးသည့် စုစည်းခြင်းအဆင့်များ သိပ်မတွေ့ရ။ မမြင်ဖူးသည့် လူများသာ တွေ့ရသည်။
မရင်းနှီးသည့် စုစည်းခြင်းအဆင့်တစ်ယောက် ဧည့်သည်များနှင့်အတူရောပါလာလျှင် သတိထားမိဖို့ခက်သည်။ သို့သော် ထိုလူစိမ်းများ အစုလိုက် ရုတ်တရက် ပေါ်လာလျှင်တော့ သတိထားမိဖို့လွယ်ကူသည်။
**************************************