လျှို့ဝှက်သော အရှင်သခင်
Vol. 3 Ch. 298
သီးဆပ် ပေါ်ထွက်မလာခင် အချိန်အထိ ချန်းဖန် အလွန် ပျင်းရိနေခဲ့သည်။ ထိုတိုက်ခိုက်ရေး သမား ငါးယောက်ထဲတွင် သီးဆပ် တစ်ယောက်သာ သူ၏ အချိန်အတွက် ထိုက်တန်သည်။
သီးဆပ်ကိုယ်မှ ပျံ့လွင့် ထွက်ပေါ်နေသော အရိပ်စွမ်းအား များကို ကြည့်ရင်း ချန်းဖန် ပြုံးလိုက်သည်။ ထိုသီးဆပ်ကား သူနှင့် တွေ့ဆုံဖူးသမျှ အရှင်သခင်များ ထဲ၌ အစွမ်း အထက်ဆုံး ဖြစ်ပုံရသည်။
အရိပ်တစ်ခု သဖွယ် ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေသော သီးဆပ်ကို ကြည့်ကာ ကျင့်ကြံခြင်း ကမ္ဘာမှ ကိုယ်ပျောက် ကျင့်စဉ်ကိုပင် ချန်းဖန် သတိရမိသည်။ ကိုယ်ပျောက် ကျင့်စဉ်မှာ အဆင့်မြင့် ဓမ္မစွမ်းအား ကျင့်စဉ် တစ်ခုဖြစ်ကာ မူလ ဝိညာဉ်နယ်ပယ် အဆင့်သို့ ရောက်မှသာ အသုံးပြု နိုင်သည်။
အရိပ်တစ္ဆေ သီးဆပ်၊ မိုးကြိုးဘုရင် ဇိုရို၊ အစစ်အမှန် သင်ကြားခြင်း ဂိုဏ်းရဲ့ ပါ့ချွန်ဟွမ်၊ အနီရောင် မိန်းမပျို အိုဂါ၊ စိန်နက် …
ချန်းဖန် တစ်ယောက်ချင်း စီကို အကဲခတ် လိုက်သည်။ ထိုအထဲတွင် ဟောင်ဂိုဏ်းမှ သုံးယောက်၊ အမှောင်တိုတမ်၏ ခေါင်းဆောင်နှင့် ဆမ်ဆောင်း မိသားစုနှင့် ဆက်နွှယ်နေသည့် လူတစ်ယောက်တို့ ပါဝင်နေသည်။ ထိုကဲ့သို့သော ဆန့်ကျင်ဘက် အင်အားစု များအား အတူ တွေ့ရခြင်းက အနည်းငယ် ထူးဆန်းသည်။
"ဆမ်ဆောင်းနဲ့ ဟောင်ဂိုဏ်းက ဘယ်တုန်းက ပူးပေါင်း သွားတာလဲ …"
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ အလွန် အစွမ်းထက်သော တိုက်ခိုက်ရေး သမား ငါးယောက်ကြား၌ ချန်းဖန်၏ ပုံစံက တည်ငြိမ်နေသည်။
"ကျုပ်က လီမိသားစုရဲ့ အစေခံ မဟုတ်ဘူး။ သူတို့ကို ကာကွယ် ပေးတဲ့သူ …"
ပါ့ချွန်ဟွမ်က ဝင်ပြောလိုက်သည်။ သူကား မရေမတွက် နိုင်သော သေခြင်း ရှင်ခြင်း တိုက်ပွဲများအား စစ်မြေပြင်၌ ရင်ဆိုင် ခဲ့ဖူးသည်။ ကိုရီးယား စစ်တပ်၌ သူ၏ အရေးပါမှုမှာ တရုတ် စစ်တပ်က ရဲ့နန်ထင်း လို့ပင်။ သူက ကိုရီးယားတွင် လွှမ်းမိုးနိုင်စွမ်း ရှိသော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ကာ လီမိသားစု ခေါင်းဆောင်ပင်လျှင် သူ့အား အမိန့် မပေးနိုင်ပေ။
"ကျုပ်က ကိုရီးယား ကိုတောင် ကိုယ်စားပြုပြီး အခြား နိုင်ငံတွေနဲ့ ဆွေးနွေးခွင့် ရှိတယ်။ လီမိသားစုက ကျုပ်ကို ထိန်းချုပ်လို့ မရဘူး …"
ပါ့ချွန်ဟွမ်က မာနကြီးစွာ ဆက်ပြောသည်။ သူကား အထွတ်အထိပ် အဆင့် တစ်ယောက်ဖြစ်ရာ ဤကဲ့သို့ မာနကြီးခွင့် ရှိသည်။
အထွတ်အထိပ် အဆင့် ပညာရှင်များမှာ စစ်မှန်သော နဂါးများ ဖြစ်ကြသည်။ သူတို့က တရုတ်နိုင်ငံ တစ်ခုတည်းတွင် ရှိနေသည် မဟုတ်ပေ။
"ဆရာချန်း … ကျုပ်တို့ ဒီကိုလာတာ အခြားလူတွေရဲ့ စေခိုင်းမှုကြောင့် မဟုတ်ဘူး။ ကျုပ်တို့ရဲ့ အဆင့်မှာ ပိုက်ဆံဖြစ်ဖြစ်၊ အာဏာ ဖြစ်ဖြစ် ကျုပ်တို့ လိုချင်တာ အားလုံး ရနိုင်တယ်။ ကျုပ်တို့အတွက် အဲဒီလို အရာတွေ မလိုဘူး"
သီးဆပ်က ဝင်ပြောလိုက်သည်။
"အိုး … ဒါဆို မင်းက ဂျက်ဆန် အတွက် လက်စားချေဖို့လား …"
ချန်းဖန်က မေးလိုက်သည်။
"ဂျက်ဆန်က အထွတ်အထိပ် အဆင့် တစ်ယောက်ကို အပြစ်ပြုမိ ခဲ့တယ်။ ဒါကြောင့် သူသေဆုံးတာက ထိုက်တန်တယ်"
သီးဆပ်က ဖြည်းညင်းစွာဖြင့် ဆက်ပြောသည်။
"ကျုပ်တို့ ဒီကိုလာရတဲ့ အဓိက ခေါင်းစဉ်က ရှင်သန်ခြင်း ရေစင်ရဲ့ ဖော်မြူလာ အစစ်ကို လိုချင်လို့ပါ။ ကျုပ်တို့ကို အဲဒါပေးရင် ခင်ဗျားကို ဘယ်တော့မှ မနှောင့်ယှက် တော့ဖို့ ကတိ ပေးနိုင်တယ်"
"မင်းကို အိဒ်အင်တာ နေရှင်နယ်က ငှားထားတာ မဟုတ်ဘူးလား"
ချန်းဖန်က ပြုံးရင်း မေးသည်။
"အိဒ်အင်တာ နေရှင်နယ်က ကျုပ်အတွက် ဘာမှ မဟုတ်ဘူး"
သီးဆပ်က ခေါင်းကို ခါလိုက်ရင်း ...
"သူတို့က ကျုပ်ကို ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေနဲ့ ချဉ်းကပ်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်ပယ်ချ ခဲ့တယ်။ ရှင်သန်ခြင်း ရေစင် ဆိုတာက အဖိုး မဖြတ်နိုင်ဘူး။ အထူးသဖြင့် ကျုပ်တို့ အရှင်သခင် တွေရဲ့ စွမ်းအားတွေ နိုးထ လာဖို့ပေါ့။ ဆရာချန်း … ရှင်သန်ခြင်း ရေစင်ကို ခင်ဗျား တစ်ယောက်တည်း ထိန်းချုပ်ထားဖို့ မဖြစ်နိုင်ဘူး။ အရှင်သခင် အဖွဲ့အစည်း တစ်ခုလုံးက ခင်ဗျားကို အမဲလိုက်ကြ လိမ့်မယ်"
"ဟုတ်လား …"
ချန်းဖန်က အေးစက်စက် ပြုံးသည်။
"သူတို့ ငါ့ကို နှောင့်ယှက်ရဲရင် ကျင်းမြစ်ကြီး သွေးရောင်လွှမ်းတဲ့ အထိ သူတို့ကို သတ်မယ်။ အနှေးနဲ့ အမြန် သူတို့ သင်ခန်းစာ ရမှာပဲ"
"ဆရာချန်းက ကျုပ်တို့ရဲ့ တောင်းဆိုမှုကို ပယ်ချမယ်လို့ ဆိုလိုတာလား …"
သီးဆပ်က မျက်မှောင်ကြုတ်ကာ မေးသည်။
"ဟမ့် … ငါက ဘာလို့ သဘောတူရ မှာလဲ။ မင်းတို့ ပေါင်းပြီး တိုက်ရင်တောင် ငါမင်းတို့ကို လွယ်လွယ်လေး သတ်လို့ရတယ်"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်သည်။ ယုံကြည်မှုရှိသော အပြုံးတစ်ခု ကမူ သူ၏ မျက်နှာတွင် တွဲခိုလျက်။
"ကျွန်မတို့က ရှင့်ကို မသတ်နိုင် ရင်တောင် ရှင့်ကို အချိန်ဆွဲထား နိုင်စွမ်း ရှိတယ်"
အိုဂါက သူမ၏ လက်ချောင်းမှ မီးတောက် တစ်ခုကို ထုတ်ဖော်ရင်း ပြောသည်။
"ဟုတ်လား …"
ချန်းဖန်က သူမကို ကြည့်ရင်း မေးသည်။
"မင်းတို့ရဲ့ တကယ့်ပစ်မှတ်က ကျုပ် မဟုတ်ဘူးပေါ့ …"
"ခင်ဗျားက ဒီစစ်ဆင်ရေးရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ အရမ်း အစွမ်းထက်တဲ့ လူတစ်ယောက်ကို သတ်ဖို့က ဘယ်လောက်ခက်ခဲလဲ ဆိုတာ ကျုပ်သိတယ်။ ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က ခင်ဗျားကို အချိန်ဆွဲဖို့ပဲ"
ဇိုရိုက မျက်လုံးများကို မှေးစင်းရင်း ပြောသည်။
"ကျုပ်တို့ ခင်ဗျားကို အချိန်ဆွဲထားမဲ့ အတောအတွင်းမှာ လီမိသားစုရဲ့ လျှို့ဝှက် စစ်ဆင်ရေးနဲ့ ကျုပ်တို့ရဲ့ အမှောင်လမင်း အဖွဲ့က ခင်ဗျားရဲ့ စက်ရုံကို ဝင်စီးပြီး ခင်ဗျားရဲ့ လျှို့ဝှက်ချက်ကို ရယူ သွားလိမ့်မယ်"
"မင်းတို့က တရုတ်အစိုးရ ကိုတောင် မကြောက်တာလား"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးသည်။ သူ၏ စက်ရုံအား စစ်တပ်မှ စောင့်ကြပ် နေသည်က လူသိရှင်ကြား ဖြစ်သည်။ သူတို့ စက်ရုံကို တိုက်ရိုက် တိုက်ခိုက်ခြင်းက တရုတ် အစိုးရအား စိန်ခေါ်ခြင်းနှင့် အတူတူပင်။
အိုဂါနှင့် အခြား လူများက တိတ်ဆိတ်စွာပင် ပြုံးလိုက်သည်။ ထို့နောက် ပါ့ချွန်ဟွမ်က ဝင်ရောက်၍ …
"တရုတ် စစ်တပ်က အစွမ်း ထက်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အစွမ်း အထက်ဆုံးတော့ မဟုတ်ဘူးလေ"
"ရှင်သန်ခြင်း ရေစင်က အရမ်းကို တန်ဖိုး ကြီးလွန်းတယ်။ တကယ်လို့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဆေးကုမ္ပဏီကြီးတွေ အားလုံး ပေါင်းလိုက်ရင် တရုတ် စစ်တပ်နဲ့ ယှဉ်ပြိုင်ဖို့ လုံလောက်နေပြီ။ စက်ရုံကို ဝင်စီးတဲ့ စစ်ဆင်ရေး ဆိုတာ ကျုပ်တို့ လုပ်နိုင်စွမ်းနဲ့ ယှဉ်ရင် အသေးအမွှားပဲ"
သီးဆပ်က ခေါင်းကို ခါရင်း ဝင်ပြောသည်။
"ခင်ဗျား ဘယ်လိုထင်လဲ ဆရာချန်း … ကျုပ်တို့ တိုက်ခိုက် ကြဦးမှာလား"
ဇိုရိုက ပခုံးကို တွန့်ရင်း မေးလိုက်သည်။
"ဒါပေါ့ …"
ချန်းဖန်က ခေါင်းကို မော့ရင်း ပြုံးလိုက်ရင်း …
"စက်ရုံမှာ ဒီနေ့ ဘာဖြစ်နေမလဲ ဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းတို့အားလုံး ကတော့ ဒီနေ့ သေကို သေရမယ်"
စကား ဆုံးသည်နှင့် ချန်းဖန်က မြေပြင်အား ခြေထောက်ဖြင့် ကန်ကာ အရိပ်တစ္ဆေ အလား ရွေ့လျားသွားသည်။
***
ထိုအချိန် ချန်းဖန်တို့ ရှိနေသည့် တက္ကသိုလ် ပန်းခြံနှင့် သိပ်မကွာ ဝေးသော နေရာတွင် …
"ဟေ့ ငှက်ကလေး … ဒီတိုက်ပွဲမှာ ဘယ်သူ နိုင်မယ်လို့ မင်းထင်လဲ"
သစ်ပင်ကြီး၏ အမြစ်များ ကြား၌ ထိုင်နေသည့် လူကြီး တစ်ယောက်က မေးလိုက်သည်။
"ချန်းပေ့ရွှမ်းက အဆင့်လွန် အရှင်သခင်တွေ ပေါင်းထားတဲ့ တပ်ဖွဲ့ကိုတောင် ရင်ဆိုင်နိုင်စွမ်း ရှိတယ်။ ရှင့်သူဌေးတောင် အဲဒီလို မလုပ်နိုင်ဘူး။ နောက်ပြီးတော့ သူ့ကို ဝိုင်းတိုက်ခိုက် နေတဲ့ တိုက်ခိုက်ရေး သမား ငါးယောက်က အရှင်သခင်တွေ ချည်းပဲ မဟုတ်ဘူး။ သူတို့ထဲမှာ သိုင်းသမား တွေရော၊ အရှင်သခင် တွေရော၊ လုပ်ကြံရေးသမား တွေရော ပါနေတယ်။ သူတို့သာ သေချာ ပူးပေါင်း နိုင်ရင်တော့ မပြောတတ်ဘူး …"
သစ်ကိုင်းကြီး ပေါ်တွင် ထိုင်နေသည့် မိန်းကလေးက ပြန်ဖြေသည်။ သူမက ဆံပင်တိုနှင့် ဖြစ်ကာ အသားရောင် လယ်သာ ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံက သူမ၏ ခန္ဓာကိုယ်ကို ပေါ်လွင်စေရာ မြင်သူတိုင်း၏ လိင်စိတ်ကို နှိုးဆွ ပေးနိုင်သည့်ပုံ ရှိ၏။ သို့သော်လည်း သူ၏ မျက်နှာက ယုချင် ကဲ့သို့ပင် အေးစက်၍ နေသည်။ သူမ၏ အသက်မူ အသက်ဆုံးဆယ်ခန့် ရှိမည်ဖြစ်ရာ ယုချင်ထက် ပိုကြီးပုံ ပေါ်သည်။
"ငါသိတာကို အခြေခံ ပြောရရင် သီးဆပ်က အမှောင် သတ်မှတ်ချက်မှာ အရမ်းကို အစွမ်းထက်တဲ့ အရှင်သခင်ပဲ။ ကျုပ်ရဲ့ သူဌေးက ဥရောပမှာ သူ့ကို လိုက်ဖမ်း ခဲ့ပေမဲ့ လွတ်မြောက် သွားခဲ့တယ်။ ဒါတောင် သူက တရုတ်မှာ ခြေချ ရဲသေးတယ်"
သစ်ပင် အမြစ်ကြား၌ ထိုင်နေသည့် လူက ပြောသည်။
"အဲဒီ ချန်းပေ့ရွှမ်းက အင်အားစု တော်တော် များများကို ရန်စ ထားခဲ့တာပဲ။ လင်းမြို့တော် လုမိသားစု၊ ဟောင်ဂိုဏ်း၊ ဆေးနတ်ဘုရား တောင်ကြား၊ ကဝေဂိုဏ်း၊ ဖုန်းရွှေဂိုဏ်းတွေ၊ ဂွန်းတူ ဆရာ နောက် အမှောင်တိုတမ်။ သူက အရမ်းကို စည်းကမ်း မဲ့တယ်"
လူကြီးက နှာခေါင်းရှုံ့ လိုက်ရင်း …
"ငါတို့ရဲ့ ဝန်ကြီးကသာ သူ့ကို ကာကွယ်ပေးဖို့ မပြောထားရင် သူ့ကို သင်ခန်းစာ ပေးပြီးလောက်ပြီ"
"ရှင်က သူ့ကို ခြစ်ရာတစ်ခု အောင်တောင် လုပ်နိုင်လို့လား"
လယ်သာ ဝတ်စုံနှင့် မိန်းမက နှာခေါင်း ရှုံ့လိုက်သည်။
"အဘိုးကြီးက ကောင်းကင် စာအုပ်မှာ သူ့ကို နံပါတ်တစ် နေရာကို ပေးပြီး ငါ့ကျတော့ နောက်ဆုံး အဆင့် တစ်ဆယ်ပဲ ပေးတယ် …"
"ကဲ ပါးစပ် ပိတ်ထားတော့။ တိုက်ပွဲက စတော့မယ် …"
လယ်သာ အင်္ကျီနှင့် မိန်းကလေးက အော်လိုက်သည်။
"သူတို့က တကယ်ပဲ တက္ကသိုလ် ပန်းခြံထဲမှာ ချကြတော့ မှာလား …"
သစ်ပင် အမြစ်ကြားမှ လူကြီးက မေးရင်း လေပေါ်သို့ ပျံတက်ကာ သစ်ပင်ခွ ကြားတွင် ထိုင်လိုက်သည်။
"တစ်ခုခုဖြစ်ရင် ငါတို့ သွားပြီး ထိန်းချုပ် ရမှာပေါ့ …"
သူက ပြောလိုက် ပြန်သည်။
"စိတ်မပူနဲ့ … သီးဆပ်က တရုတ်ကို ရောက်ကတည်းက ဆရာရဲ့ ရေဒါ အောက်မှာပဲ ရှိနေတယ်။ သူဌေးလည်း အနီးအနား တစ်နေရာမှာပဲ ရှိနေ လောက်တယ်"
မိန်းကလေးက ပြောသည်။
"ကောင်းတယ် … ငါ အခုမှ …"
ရုတ်တရက် မိန်းကလေးက သူ၏ နားကို ပိတ်ရင်း နားကြပ်ကို အလေးအနက် နားထောင်လိုက်သည်။ ထို့နောက် သူမ၏ မျက်မှာက မည်းမှောင်သွားကာ …
"ချီးပဲ … ဟောင်ဂိုဏ်းရဲ့ အမှောင် လမင်းနဲ့ လီမိသားစုရဲ့ လျှို့ဝှက်အဖွဲ့က စက်ရုံကို တိုက်ခိုက်နေပြီ။ ခု ထန်လုံ အဖွဲ့နဲ့ တိုက်ခိုက် နေကြတယ်။ သူဌေးက ငါတို့ကို အဲဒီကိုသွားပြီး ကူညီ ခိုင်းနေတယ်"
"ဒီတိုက်ပွဲကရော …"
လူကြီးက မေးသည်။
"ဒါကို သူဌေးနဲ့ ချန်းပေ့ရွှမ်း အတွက် ထားခဲ့လိုက် …"
ထို့နောက် သူတို့နှစ်ယောက် သစ်ပင်ပေါ်မှ ခုန်ချကာ ခဏအတွင်း ကွယ်ပျောက် သွားတော့သည်။
***