← Chapters

အကူအညီတောင်းခံခြင်း ... ။

Vol. 35 Ch. 409

အကူအညီတောင်းခံခြင်း ... ။

Vol. 35 Ch. 409

“ သခင်၊ မင်းသားယောင်က သူ့သား ရှကျင်းယွီကို မျိုးနွယ်စု ထောင်ထဲချလိုက်ပြီး သုံးနှစ် အပြင်မထွက်ဖို့ အမိန့်ပေးခဲ့ပါတယ် ... ဒါ့အပြင် မင်းသားယောင်ကိုယ်တိုင် သခင့်ကို တောင်းပန်ဖို့ မျှော်လင့်​နေပါတယ်။ ”

အကြီးအကဲ‌ရွှေက ပြန်လည် သတင်းပို့လာသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် မျက်မှောင်ကြုတ်ကာ အနည်းငယ် ​ဒေါသထွက်လာပြီး၊

“ တော်ဝင်မိသားစုဝင်တစ်ယောက် ကောင်းကင်မိစ္ဆာဂိုဏ်းလိုမျိုး နတ်ဆိုး​တွေနဲ့ ပေါင်းသင်းခဲ့တာကို မင်းသားယောင်က အပြစ်လောက်ပဲ ပေးသလား ...

... အကြီးအကဲရွှေ မင်းသားယောင်ကို ငါ့ဒီလိုမေးနေတယ်လို့ ထပ်ပြီး သွားပြော​ပြပါ သူ ဘာလုပ်ရမလဲဆိုတာ နားမလည်သေးရင် နားလည်အောင် မင်းကူညီပေးလိုက်။ ”

-ဟု ဟစ်အော်လိုက်သည်။

“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”

အကြီးအကဲရွှေမှ အမိန့်ကို ယူကာ ချက်ချင်းထွက်ခွာသွားတော့၏။ ထိုညတွင် မင်းသားယောင်သည် အကျဉ်းထောင်အတွင်းမှ ရှကျင်းယွီကိုခေါ်ထုတ်ကာ ကျင့်ကြံမှု ဖျက်သိမ်းပြီး ကြံရာပါများအားလုံးကို သေဒဏ်ပေးခဲ့သည်။

သို့သော် မင်းသားယောင်သည် အဆိုပါသတင်းကို ပိတ်ဆို့ထားသ​ဖြင့် မြို့တော်မှ မည်သူမျှ မသိနိုင်ခဲ့ချေ။

မနက်လင်းချိန်၌ ယွီရှစ်ချန်သည် ရှုပ်ထွေးနက်နဲသော အသိစိတ်မှ နိုးထလာပြီး ဆတ်ခနဲထထိုင်ကာ နိုးကြားမှုအပြည့်ဖြင့် အခန်းအတွင်း လှည့်ပတ်ကြည့်သည်။

စောင်သည် သူမ ခန္ဓာကိုယ်ပေါ်မှ ချော်ကျသွားကာ သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ပေါ်လွင်သွားစေ၏။

“ ဟမ့် ... ။ ”

ကိုယ်လုံးတီး မဟုတ်သော်လည်း ရင်ဘတ်ဖုံးရန် ဗိုက်စည်းသာ ကျန်တော့သဖြင့် အံ့အားသင့်စွာ မျက်ခုံးပင့်လိုက်သည်။

“ စိတ်မပူနဲ့ မင်းအဆင်ပြေပါတယ်။ ”

ထိုစဉ်ရင်းနှီးသော အသံတစ်သံကြောင့် ခေါင်းငဲ့ကြည့်ရာ ကျောက်စိမ်းရောင် ၀တ်စုံဝတ် လူငယ်တစ်ယောက်ကို မြင်လိုက်ရ၏။

“ တာအိုစု၊ မင်းဘယ်လို ရောက်လာတာလဲ။ ”

“ ညက မင်းကို ငါကယ်လာခဲ့တာ ... နောက်မှ မိန်းကလေးပိုင်က မင်းကိုရှင်းပြပေး လိမ့်မယ်။ ”

စုရီစကားပြောနေစဉ် ထိုင်ခုံပေါ်မှ မတ်တပ်ထရပ်ကာ ကုတင်ဘေးရှိ အဝတ်အစား များထံ ညွှန်ပြလိုက်သည်။

“ ဒါတွေက မင်းအတွက် ပြင်ထားတဲ့ အဝတ်တွေပဲ လျှော်ဖို့နဲ့ ရေချိုးဖို့ နေရာရှိတယ် မင်းပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာခဲ့။ ”

ထို့နောက် လက်နှစ်ဖက်နောက်ပို့ကာ လှမ်းထွက်သွားတော့၏။ ယွီရှစ်ချန်မှ အသက် ပြင်းပြင်းရှူလျက် ကုတင်ပေါ်ကနေ ထရပ်လိုက်သည်။

ထိုအခိုက်တွင် သူမ ဝမ်းဗိုက်ပေါ်ရှိ လက်ဖဝါးရာကို မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့၏။

“ ဒါဆို ... သူ ငါ့ကိုမြင်သွားတာလား။ ”

ဤသည်မှာ ယမန်နေ့ညက သူမ အဝတ်များချွတ်ပြီး စုရီမှ ကုသပေးခဲ့ပုံရသည်။ ထိုအတွေးကြောင့် ထိတ်လန့်တကြား တုန်ရင်သွားတော့၏။

မွန်းတည့်ချိန်ရောက်သည်နှင့် ရေကန်ဘေးတွင် စုရီတစ်ယောက် လဲလျောင်း နေပြီး လပိုးကောင်ဟုခေါ်သော ငါးစာကို ရေကန်ထဲပစ်ချနေခဲ့သည်။

ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် မီးခိုးရောင်ဝတ် ဝမ်လျူတို့ ရောက်ရှိလာ၏။

“ တာအိုမိတ်ဆွေ၊ ငါတို့ပြန်တွေ့ကြပြီ။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားက အပြုံးများဖြင့် နှုတ်ဆက်ရာ စုရီမှ မလှုပ်မယှက် ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်လျက်မှ၊

“ လာရင်းကိစ္စကို ပြောရအောင်။ ”

-ဟု တုန့်ပြန်လိုက်၏။

စုရီသည် အလွန်မာနကြီးကြောင်း သိရှိထားသော်လည်း ယခုအချိန်တွင် သူသိသမျှ ရေခဲတောင်အဖျားမျှသာ ရှိနေသေးကြောင်း ဝမ်လျူမှ သိရှိလိုက်သည်။

သူ့သခင်သည် တစ်ဖက်လူအမြင်၌ မတ်တပ်ရပ်နှုတ်ဆက်ရန်ပင် မထိုက်တန်သေး ပုံရ၏။

မည်သို့ပင် ဆိုစေကာမူ ဧည့်သည်များအတွက် ထိုင်ခုံများစီစဉ်ပြီး လက်ဖက်ရည် တိုက်သင့်ပေသည်။

သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အထက်ပါအချင်းအရာများကို ဂရုမစိုက်ဘဲ ရေကန်ဘေးရှိ ကျောက်တုံးတွင် ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်၏။

“ တာအိုမိတ်ဆွေ ... ငါလည်း ပွင့်ပွင့်လင်းလင်းပြောတော့မယ် ဒီတစ်ခါ မင်းရဲ့ လမ်းညွှန်ချက်ကို ရယူဖို့ ငါလာခဲ့တာပါ ...

... ဆေးအိုးကိုးပါး ဖိနှိမ်ခြင်း ဝင်္ကပါကို ဘယ်လိုပြုပြင်ရမလဲဆိုတာ မင်းသိမယ်လို့ ထင်ပါတယ်။ ”

စုရီက ခေါင်းညိတ်ပြီး၊

“ ငါ ခန့်မှန်းလို့ရပါတယ် ဒါပေမယ့် ဒီဝင်္ကပါကို ပြုပြင်ဖို့က အရမ်းခက်ခဲတယ်။ ”

“ ဒါပေမယ့် တာအိုမိတ်ဆွေမှာ အဖြေတစ်ခုတော့ ရှိသင့်တယ်လို့ ထင်ပါတယ် မျှော်လင့်ချက်နည်းနည်းပဲ ရှိနေရင်တောင် ငါစမ်းကြည့်ဖို့ ဆန္ဒရှိပါတယ်။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားကပင် သက်ပြင်းချပြီး၊

“ နှစ်အနည်းငယ်ကြာရင် ကမ္ဘာကြီးက ပြောင်းလဲလာတော့မယ် ဒီမတိုင်မီ ... ကြိုတင် ပြင်ဆင်မှုတွေ လုပ်ရမယ် ...

... ရွှေခေတ်ရောက်လာလို့ အဲဒီ ရှေးဟောင်းဂိုဏ်းတွေ ပေါ်ပေါက်လာတဲ့အထိ စောင့်နေရင် မြို့တော်အတွက် အခက်တွေ့ရလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ မှန်တယ် ... အဲဒီအချိန်မှာ မိုးပြာတိုက်ကြီးတစ်ခုလုံး မလွဲမသွေ ပြောင်းလဲ လာလိမ့်မယ် လုံလောက်တဲ့ ပြင်ဆင်မှုမျိုး မလုပ်ထားရင် ...

... မဟာရှရဲ့ တော်ဝင်မိသားစုက ဒီကမ္ဘာကြီးကို မထိန်းချုပ်နိုင်တော့မှာကို ငါကြောက်မိတယ်။ ”

လူလတ်ပိုင်းအရွယ်အမျိုးသား၏ စကားကြောင့် စုရီမှ ပွင့်ပွင့်လင်းလင်း မှတ်ချက် ပေးလိုက်သည်။ ယင်းသည် အမှန်တရား ဖြစ်သော်လည်း နားဝင်ဆိုး၏။

ဝမ်လျူမှ မျက်ဝန်းများ မှေးစင်းသွားကာ၊

“ သခင်လေးစု၊ ဒါက နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား။ ”

-ဟု တုန့်ပြန်လိုက်မိလေသည်။

“ ဒါက မသင့်တော်ဘူးထင်ရင် ... မင်းဘာလို့ငါ့ဆီမှာ အကူအညီလာတောင်း နေရတာလဲ။ ”

စုရီက ဝမ်လျူကို လှည့်ကြည့်ပြီး တုန့်ပြန်လိုက်၏။ ဝမ်လျူခမျာ အဆင်မပြေ ဖြစ်သွားသည်။

ဤကောင်လေး စကားပြောပုံသည် နားထဲတွင် သိပ်အဆင် မပြေလှချေ။ ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားက သက်ပြင်းချကာ၊

“ မင်းပြောနေတဲ့အကြောင်းအရာက ငါစိုးရိမ်နေတဲ့ ပြဿနာအမှန်ပါပဲ ငါရထားတဲ့ အချက်အလက်တွေအရ တခြားကမ္ဘာက ကျင့်ကြံသူပဲဖြစ်ဖြစ်၊ ...

... ရှေးဟောင်း တာအိုဂိုဏ်းရဲ့ အကြွင်းအကျန်တွေပဲဖြစ်ဖြစ် သူတို့ရဲ့ စွမ်းအား အစစ်အမှန်ကို အခုချိန်ထိ ...

... မထုတ်ဖော်ကြသေးဘူး ... သူတို့အားလုံးက ရွှေခေတ်ရောက်ရှိလာမဲ့ အချိန်ကို စောင့်မျှော်နေကြတာ ထင်ရှားပါတယ်။ ”

-ဟု ဝန်ခံပြောကြားလာလေသည်။ စုရီမှ ခေါင်းခါလိုက်သည်။

“ မှားတယ် ... တစ်ကယ်တော့ မဟာရှမှာရှိနေတဲ့ ကျင့်ကြံမှုအင်အားစုတိုင်းဟာ ကမ္ဘာကြီးနဲ့ယှဉ်ပြိုင်ဖို့ အရည်အချင်း မပြည့်မီဘူး ‌ရွှေခေတ်မှာ ...

... သူတို့ ဆက်ပြီး ရှင်သန်ချင်တယ်ဆိုရင် တစ်ခုတည်းသောရွေးချယ်မှုက ကမ္ဘာခြား ဝိညာဉ်တွေဖြစ်ဖြစ် ... ရှေးဟောင်းတာအိုဂိုဏ်း ဖြစ်ဖြစ် အင်အားစုတစ်ခုခုဆီမှာ လက်အောက်ခံ လိုက်တာမျိုးပဲ။ ”

ထိုမှတ်ချက်ကြောင့် ဝမ်လျူမှ လေးနက်သွားသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ကာ၊

“ မှန်တယ် ... ဒါကြောင့်လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ငါလုပ်ရမယ် ကမ္ဘာကြီးနဲ့ ယှဉ်ပြိုင်ဖို့ ဒီထက်ပြင်ဆင်ထားရမယ်။ ”

-ဟု ပြောကြားလိုက်၏။

သူ စကားပြောပြီးသောအခါတွင် မျက်ဝန်းအတွင်း၌ မျှော်လင့်ချက် အလင်းရောင်များ လင်းလက်နေခဲ့သည်။

ကမ္ဘာကြီးအတွင်း သိသိသာသာ ပြောင်းလဲမှုများနှင့် ဝိညာဉ်ရေးစွမ်းအင်များ ပြန်လည်ရှင်သန်လာမှုသည် အခွင့်အလမ်းနှင့် ကံကြမ္မာကောင်းများ ရှိလာမည်ဖြစ်သည်။

၎င်းအခြေအနေအတွက် ခွန်အားနှင့် သန်မာလွန်းသော လူတစ်စုကို ကမ္ဘာကြီးမှ မလွဲမသွေ ဖန်တီးပေးပေလိမ့်မည်။

ထိုအချိန်ရောက်သော် ဤကဲ့သို့သော ဝင်္ကပါတစ်ခုသည် ၎င်းတို့အားလုံးအပေါ် အုပ်စိုး ထားရန် မလုံလောက်နိုင်ချေ။ စုရီက ပျင်းရိစွာနှင့်၊

“ ဒါကို ကြိုပြီးပြင်ဆင်တာ မင်းအတွက် ကောင်းပါတယ် နောက်ဆုံးတော့ ပြင်ဆင်ထား သူတွေအတွက် ... အခွင့်အလမ်းတွေကို ဖမ်းမိလာတတ်တာပဲ။ ”

-ဟု အကောင်းမြင်စွာ ပြောကြားလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အတွေးထဲနစ်မျောနေရာမှ သတိဝင်လာခဲ့ပြီး စုရီထံပြန်ကြည့်ကာ၊

“ ဒါဆို ... မင်းလက်တစ်ဖက်ကို ငါ့အပေါ်လက်ကမ်းပေးဖို့ ဆန္ဒရှိသလား တာအိုမိတ်ဆွေ။ ”

-ဟု ချက်ချင်း မေးမြန်းလာလေသည်။

***

All Chapters