ငါးမိပြီ ... ။
Vol. 35 Ch. 410
“ မင်းငါတို့ကို ကူညီသရွေ့ ... မင်းဘာပဲ တောင်းဆိုနေပါစေ ... သဘောတူဖို့ ငါ့သခင်က ဆုံးဖြတ်ထားပါတယ် တာအိုမိတ်ဆွေ။ ”
သူ့သခင်သည် အထောက်အထားကို မထုတ်ဖော်သော်လည်း စုရီအတွက် ခန့်မှန်းရန် ခက်ခဲမည်မဟုတ်ချေ။
ထို့ကြောင့် ဝမ်လျူက မျှော်လင့်ချက်ဖြင့် စုရီထံကြည့်ကာ ဝင်ရောက်ပြောကြားလိုက်ခြင်း ဖြစ်သည်။ ယမန်နေ့ညတွင် သူတို့ရိုးသားမှုသည် မလုံလောက်ဟုဆိုကာ တစ်ဖက်လူသည် ကူညီရန် ငြင်းဆန်ထား၏။
ယနေ့မူ သူတို့၏ရိုးသားမှုကိုပြသရန် ဤနေရာသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ သို့သော် စုရီက မသက်ဆိုင်သော မေးခွန်းဖြင့် တုန့်ပြန်လာ၏။
“ ဟွာရှင်းဖန်နဲ့ မင်းတို့ရဲ့ပတ်သတ်မှုက ဘယ်လိုလဲ။ ”
“ ဟွာရှင်းဖန်ဆိုတာက ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်ရှုပ်ထွေးစွာဖြင့် ဝမ်လျူထံ လှည့်ကြည့်၏။ ဝမ်လျူမှ အနားတိုးကပ်ကာ လေသံမျှဖြင့်၊
“ အဲဒါ သခင်မလေး ခရီးသွားတုန်းက သုံးခဲ့တဲ့နာမည်တွေ အများကြီးထဲက တစ်ခုပါပဲ။ ”
-ဟု ရှင်းပြလိုက်သည်။
ထိုစကားကြောင့် စုရီက မျက်ခုံးပင့်လိုက်လေသည်။ မျှော်လင့်ထားသည့် အတိုင်း ဟွာချင်းဖန်သည် လိမ္မာပါးနပ်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမအမည်ရင်းကို အစမှအဆုံးတိုင် ထုတ်ဖော်ခဲ့ခြင်း မပြုချေ။
“ ငါနားလည်ပြီ ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်လျက်၊
“ ရိုးရိုးသားသားပြောရရင် သူက ငါ့အငယ်ဆုံးသမီးဖြစ်ပြီး သူမရဲ့အမည်ရင်းက ရှချင်းယွမ်ပါ။ ”
-ဟု စုရီ မေးခွန်းကို ပြန်လည် ဖြေကြားလာသည်။ စုရီက နဂါးစာငှက် ကျောက်စိမ်းဆွဲသီးကို ထုတ်ယူပြီး၊
“ မနေ့က ငါမြို့ကိုရောက်တဲ့ချိန်မှာ ဒီကျောက်စိမ်းဆွဲသီးရောင်ဝါကို ခံစားမိလို့ မင်းငါ့ဆီလာခဲ့တာ မဟုတ်လား။ ”
-ဟု စူးစမ်းခဲ့၏။
“ ဟုတ်တယ်၊ ဒီကျောက်စိမ်းဆွဲသီးက သူ့အမေ မကွယ်လွန်ခင်မှာပေးခဲ့တဲ့ အမွေပဲ ရှောင်ချီက ငယ်ငယ်လေးတည်းက ဒီဆွဲသီးကို အမြဲဝတ်ထားခဲ့တာပါ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ကျောက်စိမ်းဆွဲသီးထံ ရှုပ်ထွေးသည့် မျက်ဝန်းနှင့် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြ၏။ စုရီက အံ့သြသွားကာ၊
“ ဒါဆို သူ့အမေက နဂါးစာကလေး မျိုးရိုးကနေ ဆင်းသက်လာတာလား။ ”
-ဟု မေးလိုက်မိသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာတွင် ကူကယ်ရာမဲ့သော အငွေ့အသက် ဖြစ်ပေါ်လာပြီး၊
“ ဖြစ်သင့်ပါတယ် ... အဖြေကိုရှာဖို့ ကြိုးစားခဲ့ပေမယ့် သေချာ မသိခဲ့ရသေးဘူး။ ”
-ဟု ဖြေကြားလာ၏။
လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ရှချင်းယွမ်မိခင်တွင် ရှုပ်ထွေးသော ဆက်ဆံရေး ရှိနေကြောင်း သိလိုက်သဖြင့် စုရီက နောက်ထပ် မေးခွန်းများ မမေးတော့ချေ။
“ ဒီကျောက်စိမ်းဆွဲသီးကို မင်းဆီပြန်ပေးရမလား။ ”
စုရီက ကမ်းပေးလိုက်သည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားမှ ခေါင်းခါပြီး ငြင်းဆန်၏။
“ ရှောင်ချီက မင်းလက်ထဲ အပ်လိုက်ပြီးတည်းက မင်းအဲဒါကို ပိုင်ပါတယ် ငါပြန်မယူပါဘူး။ ”
စုရီက မငြင်းတော့ဘဲ ကျောက်စိမ်းဆွဲသီးကို သိမ်းလိုက်ကာ၊
“ ငါကူညီနိုင်ပါတယ်၊ ဒါပေမယ့် အခြေအနေ နှစ်ခုရှိတယ်။ ”
-ဟု တိုက်ရိုက်ပြောကြားလိုက်သည်။
“ တာအိုမိတ်ဆွေ ... မင်းပြောပါ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် အာရုံပျံ့လွင့်နေသော အတွေးအားလုံး လွင့်စဉ် ကုန်လျက် ချက်ချင်း ရွှင်မြူးလာ၏။
ဝမ်လျူက အနည်းငယ် စိတ်လှုပ်ရှားပြီး အလွန်အကျွံတောင်းခံလာမည်ကို စိုးရိမ်နေမိ လေသည်။
“ ပထမအချက် ငါ့အတွက် ကျင့်ကြံမှု အရင်းအမြစ်တွေလိုတယ် ... ဒုတိယကတော့ စကြဝဠာကျွန်းဆီကို ဝင်ခွင့်တံဆိပ်တစ်ခုပဲ။ ”
ထိုစကားများကြားပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ဝမ်လျူသည် သူတို့နားကိုပင် မယုံနိုင်လောက်အောင် အံ့အားသင့်သွားကြသည်။
“ ဘာလို့လဲ ... မင်းတို့ကို သတ်သေခိုင်းမယ်လို့ ထင်နေတာလား။ ”
သူတို့အမူအရာကြောင့် စုရီမှ မျက်ခုံးပင့်ကာ မေးမြန်းလိုက်မိသည်။
“ ဒါမျိုးမဟုတ်ပါဘူး ... ဒါပေမယ် တာအိုမိတ်ဆွေ အဆိုပြုတဲ့ အခြေအနေတွေက ဒီလောက် ရိုးရှင်းလွယ်ကူလိမ့်မယ်လို့ မထင်ထားတာတော့အမှန်ပါပဲ။”
ဝမ်လျူက ချက်ချင်း ခေါင်းညိတ်သည်။ လွယ်လွန်းသဖြင့် အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရစေသည်အထိ ရိုးရှင်းနေ၏။
“ မင်းတို့အတွက် အခြေအနေတွေက ဒီလိုဝင်္ကပါပုံစံကို ပြုပြင်မယ်ဆိုရင် ခက်ခဲကြမှာ သေချာတယ် ဒါပေမယ့် ငါ့အတွက်ကတော့ မခက်ခဲတာ သဘာဝပါပဲ။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် စုရီအပေါ် ထူးဆန်းစွာကြည့်ပြီး သူ့ခံစားချက်အပေါ် မည်သို့ဖော်ပြရမည်မှန်း မသိတော့ချေ။
ဝင်္ကပါဖွဲ့စည်းပုံကို ဖြေရှင်းရန်အတွက် သူသည် နှစ်ပေါင်း တစ်ထောင်နီးပါးကြာအောင် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ထားသည်။
သို့တိုင် ပြဿနာကို မဖြေရှင်းနိုင်ချေ။ တစ်ဖက်လူ အမြင်၌မူ ကိတ်မုန့်ခွဲလိုက်သကဲ့သို့ လွယ်ကူနေသည်။ ဤအရာက လူလတ်ပိုင်း အရွယ်အမျိုးသားကို ပျော်ရွှင်ရမည်လော၊ ရှက်သင့်သည်လော မသိတော့ချေ။
“ ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို ကူညီဖြေရှင်းပေးရင် ... ငါမင်းကို ထိုက်ထိုက် တန်တန် ကျေးဇူးဆပ်မှာပါ။
လူလတ်ပိုင်းအရွယ်အမျိုးသားက ကတိပြုသည်။
“ ကောင်းပြီ ... ငါ ဒီညမြို့ကိုပတ်ပြီး လေ့လာပေးမယ် မနက်ဖြန် ဒီအချိန်မှာ အဖြေ တစ်ခု မင်းလာယူပါ ... နောက်ကျနေပြီ စားဖို့ အချိန်ပဲ ... မင်းကို ဧည့်မခံနိုင်တော့ဘူး။ ”
ဤသည်မှာ နှင်ထုတ်ခြင်း မည်၏။ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောစရာ အများကြီး ကျန်နေသေးသော်လည်း ထိန်းထားလိုက်ရကာ၊
“ ဒါဆို မနက်ဖြန် ငါမင်းကို နှောက်ယှက်ဖို့ ပြန်လာမယ်။”
-ဟု ဆိုလျက် ပြုံးပြီး ထရပ်လိုက်သည်။
ဝမ်လျူက မထွက်ခွာခင် တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။
“ သခင်လေးစု ငါရခဲ့တဲ့ သတင်း အချက်အလက်တွေအရ တော်ဝင်မြို့တော်မှာ မင်းကိုရန်သူလို့မှတ်ယူနေတဲ့ အနည်းဆုံး အင်အားစု သုံးစုရှိပါတယ်။ ”
သူ့စကားကြောင့် စုရီကအံ့သြသွားပြီး ‘ငါ့ကိုပြောပြပါ’-ဟု တောင်းဆိုလိုက်သည်။
“ တိမ်လွှာကောင်းကင်နန်းတော်ရဲ့ ... အကြီးအကဲဟွာတျန် သူက ဝိညာဉ်ထင်ရှားခြင်း အလယ်အလတ် အဆင့်မှာရှိပြီး ... မင်းသတ်ခဲ့တဲ့ ဟွာယွင်ရှန်းက သူ့ရဲ့ တူတော်စပ်တယ်။ ”
ထိုစကားကြားသောအခါ စုရီက မအံ့သြတော့ချေ။ တိမ်လွှာကောင်းကင် နန်းတော်သည် မဟာရှ၏ ထိပ်တန်းဂိုဏ်းကြီး လေးခုအနက်မှ တစ်ခုဖြစ်သည်။
၎င်း၏တပည့်များ သေဆုံးခြင်းအပေါ် ဝမ်ရှင်းကျောက်စွမ်းအားဖြင့် လက်စားချေခြင်းမှ တားဆီးပေးရန် မလွယ်ချေ။
“ နောက်ထပ် အင်အားစုတစ်ခုက ဟွာမိသားစုပဲ။ ”
ထို့ပြင်ဟွာမိသားစုသည် မဟာရှရှိ မျိုးနွယ်စုကြီး သုံးခုထဲမှ တစ်ခုလည်း ဖြစ်သည်။ သူ့တိုက်ရိုက်မျိုးဆက်ကို စုရီမှ သတ်ထားသည့် အပေါ် လျစ်လျူရှုထားရန် မဖြစ်နိုင်သည်မှာ သဘာဝပေပင်။
“ နောက်ဆုံး အင်အားစုက ချင်းရီတာအိုဂိုဏ်း သူတို့ရဲ့တတိယအကြီးအကဲ လီမြောင်ဟုန်ကို မင်းသတ်ခဲ့တယ်လို့ သံသယ ရှိနေကြတယ် သူတို့က တရားခံအစစ်ကို ရှာဖို့ လူနှစ်ယောက် လွှတ်ထားတယ်။ ”
ဤတစ်ကြိမ်၌ စုရီပင် မျက်ခုံးပင့်ကာ အနည်းငယ် အံ့သြသွား၏။ ချင်းရီတာအိုဂိုဏ်း အနေဖြင့် ထိုအမှုကို သူ့အပေါ် ခြေရာခံနေ လိမ့်မည်ဟု မမျှော်လင့်ထားချေ။
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားက နွေးထွေးစွာပြုံးလျက် ထွက်ခွာခြင်း မပြုသေးဘဲ၊
“ စိတ်မပူပါနဲ့ တာအိုမိတ်ဆွေ၊ ဒီကိစ္စတွေအတွက် ငါတာဝန်ထားလိုက်ပါ ဖြေရှင်းပေးပါ့မယ် ... မြို့တော်မှာ တာအိုမိတ်ဆွေ စိတ်အေးအေးနေပါ။ ”
-ဟု ပြောကြားလိုက်သည်။
သူ့စကားလုံးများသည် ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း မောက်မာမှုနှင့် အေးစက်သော လေထုကို ထုတ်ဖော်ပြသထားသည်။
တစ်ချိန်လုံး ချိုးနှိမ်ထားရသော မာနတရားများ ပြန်ပေါ်လာခဲ့၏။ သူ့အတွက် ထိပ်တန်းဂိုဏ်းနှစ်ခုနှင့် မျိုးနွယ်စုတစ်စုကို တားဆီးခြင်းဟူသည် စာဖွဲ့စရာမရှိချေ။
“ မလိုပါဘူး ... ငါ့ဓားကိုသွေးဖို့ ဒီလိုပြိုင်ဘက်မျိုးတွေလိုတယ် မင်းတို့သာ ဝင်ရောက်စွက်ဖက်လိုက်ရင် ငါ့စိတ်ခံစားချက် ပျက်စီးသွားလိမ့်မယ်။ ”
သို့သော် စုရီမှ ငြင်းဆန်သည်။ ထိုတုန့်ပြန်မှုကြောင့် သခင်နှင့်ကျွန်တို့သည် အချင်းချင်း ပြန်ကြည့်ကာ စကားတစ်ခွန်းမျှ မဆိုတော့ချေ။ ချက်ချင်း ထွက်ခွာလာခဲ့သည်။
မူလနန်းတော်အဆင့်မှ တစ်စုံတစ်ယောက်သည် ဝိညာဉ်တာအိုနယ်ပယ် အဆင့် ကျွမ်းကျင်သူအပေါ် ဓားသွေးကျောက် အဖြစ် မှတ်ယူနေ၏။
နောက်ဆုံးတွင် ဤအရာသည် အလွန်ရူးသွပ်ပုံရပြီး အဓိပ္ပါယ်မဲ့သည်ဟုသာ ထင်မိချေပြီ။
အဆုံးတွင် မိုးပြာခြံဝန်းမှ ထွက်ခွာလာပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားက သည်းမခံနိုင်တော့ဘဲ၊
“ အကြီးအကဲဝမ်၊ ဒီကလေးကို မင်းဘယ်လိုမြင်လဲ။ ”
-ဟု မေးမြန်းလိုက်သည် ။
ဝမ်လျူက အချိန်အတော်ကြာ စဉ်းစားပြီးနောက် ‘လူထူးလူဆန်း-ဟုပြန်ဖြေ၏။ လူလတ်ပိုင်းအရွယ် အမျိုးသားမှ ထုံထိုင်းစွာနှင့် ရယ်မောလျက်၊
“ ဟား ... ဟား ... ဟား ... သူဟာ လူထူးလူဆန်းပဲဖြစ်ဖြစ် မာနကြီးသူပဲဖြစ်ဖြစ် ကိစ္စမရှိတော့ပါဘူး ငါတို့ရဲ့ဝင်္ကပါကို ပြုပြင်နိုင် သရွေ့ ... မဟာရှရဲ့ ကျေးဇူးရှင်ဖြစ်လိမ့်မယ်။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
“ အဟမ်း ... ဒီကိစ္စမှာ မိန်းကလေးလည်း ကြီးကြီးမားမားပံ့ပိုးမှုတွေ လုပ်ပေးခဲ့တယ်လို့ပဲ ယူဆနိုင်ပါတယ် ဒါကြောင့် သူအိမ်ကနေ ထွက်သွားတာကို ... သခင် ခွင့်လွှတ် ပေးနိုင်မယ်မလား။ ”
“ စိတ်မပူနဲ့ ... ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ငါ့ထက်ရှောင်ချီကို ပိုမချစ်နိုင်ပါဘူး ဒီနှစ်တွေထဲ အဲဒီကောင်မလေးက အလွန်အကျွံ ထင်ရာစိုင်းခဲ့တယ် ...
... ဒါပေမယ့် သူမရဲ့အကူအညီက တော်ဝင်မိသားစုအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးဆောင်မှုတစ်ခုပါပဲ အခွင့်အရေးရှိရင် သူမကိုဆုချမှာပါ။ ”
ထိုကတိစကားကြောင့် ဝမ်လျူက စိတ်အေးသွားပြီး အကြောင်းအရာကို စုရီထံ ဦးတည်လိုက်သည်။
“ သခင်၊ ငါတို့ စုရီရဲ့ကိစ္စတွေမှာ ဝင်စွက်ဖက်မှာလား။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းရမ်းလျက်၊
“ မလုပ်ဘူး ... သူ အဲဒီဝိညာဉ် ထင်ရှားခြင်းအဆင့်ကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ငါလည်း အရမ်းသိချင်နေတယ်။ ”
-ဟု တုန့်ပြန်လာ၏။
“ ဆယ်ရက်နေရင် သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲကို စတင်တော့မှာမို့ အခု တော်ဝင်မြို့တော်မှာ ရှေးခေတ်နတ်ဆိုးတွေနဲ့ ခေတ်ပြိုင်ပါရမီရှင်တွေ အများအပြား စုရုံးနေတဲ့အပြင် ...
... ခန္ဓာကိုယ်သိမ်းယူ သူတွေလို့ သံသယရှိနေသူတွေလည်း အများကြီး ရောက်ရှိ နေပါတယ် ... သူတို့ကို ဖြေရှင်းဖို့လိုနိုင်မလား။ ”
ဝမ်လျူစကားအပေါ် လူလတ်ပိုင်းအရွယ် အမျိုးသားက လက်ဝှေ့ယမ်းပြီး မနှစ်သက်သလို အမူအရာမျိုးပြသကာ၊
“ စိတ်မပူနဲ့ တော်ဝင်မြို့တော်မှာ ... ကောင်းကင်က သတ္တိပေးရင်တောင် သူတို့တွေ ဘာကိုမှ မဆင်မခြင် မလုပ်ဝံ့ကြပါဘူး။ ”
-ဟု တုန့်ပြန်လိုက်တော့သည်။
ညနေစောင်းအချိန်ရောက်သည်နှင့် စုရီကတစ်ယောက်ထဲ ရထားလုံးငှားရမ်းကာ မြို့ပတ်ပြီးစီးနေခဲ့သည်။
ဆေးအိုးကိုးပါး ဖိနှိမ်ခြင်း ဝင်္ကပါကို ပြုပြင်ရန်နည်းလမ်းသည် သူ့တွင်ရှိနှင့်နေခဲ့ပြီ ဖြစ်သော်လည်း အမှားအယွင်း မဖြစ်စေရန် ကိုယ်တိုင်လှည့်ပတ်ကြည့်ရှုနေခြင်းဖြစ်သည်။
ထို့ပြင် ဤခရီးစဉ်သည် သူ့ကိုယ်သူ ငါးစားအဖြစ်ချမှတ်ကာ ဝမ်လျူပြောသော အင်အားစုသုံးခုအပေါ် မျှားယူနေခြင်းလည်း ဖြစ်၏။
ညသည် တဖြည်းဖြည်း နက်လာသည်။ စုရီသည် ရထားလုံးကို စီးနင်းလျက် မြို့အနှံ့ ခရီးဆက်နေဆဲဖြစ်၏။
သုံးချောင်းထောက် ဆေးကြိုအိုးကြီး ကိုးလုံးသည် မြို့၏အရပ်ကိုးမျက်နှာအတိုင်း သွန်းလုပ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် ဆေးအိုးကြီးများအနား ရောက်ချိန်၌ ရထားလုံးကို ရပ်တန့်စေလိုက်ကာ အနီးကပ်စူးစမ်းနေခဲ့၏။ ဤဆေးအိုးကြီး ကိုးလုံးသည် ဝင်္ကပါအုတ်မြစ်ဖြစ်သည်။
အမြင့်ကိုးပေရှိပြီး ခြေသုံးချောင်းနှင့် နားရွက်နှစ်ဖက် (လက်ကိုင်)ပါရှိကာ တာအို ကျက်သရေများဖြင့် တားမြစ်အမိန့်ကို ရေးထိုးထားသည်။
တစ်ချိန်က ဧကရာဇ်များကိုပင် ဟန့်တားနိုင်သည်။ ထိုစဉ်က ဆေးအိုးကြီးများ၌ တင်းကြပ်သော အစောင့်များ ထားရှိခဲ့ကြ၏။
ယခုမူ ကံမကောင်းစွာဖြင့် အမှောင် တားမြစ်စွမ်းအားကြောင့် ဆိုးရွားစွာ ပျက်စီးကုန် ချေပြီ။
“ ငါးစာဟပ်ပြီ ... ။ ”
မြို့တစ်ပါတ်ပြည့်ပြီးချိန်၌ ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိသဖြင့် ရထားလုံးထဲ လဲလျောင်းနေသော စုရီကပြုံးကာ ချက်ချင်း ထရပ်လိုက်တော့၏။ တစ်ညလုံး ချထားသော ငါးစာတွင် ငါးဟပ်လာချေပြီ။
***