တိုက်ပွဲစတင်ခြင်း ... ။
Vol. 35 Ch. 412
“ ဝှစ် ... ။ ”
ဆောင်းဦးမိုးသည် မထင်မှတ်ဘဲ သည်းထန်စွာ ရွာသွန်းလာသည်။ အရိပ်တစ်ခု ရုတ်တရက် ရွေ့လျားလာပြီး ကြာပန်းလှေ အထက်၌ ဆင်းသက်လိုက်၏။
ဤသည်မှာ အဖြူရောင် ၀တ်စုံဝတ်ထားသော အဖိုးအိုတစ်ဦးဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
မျက်နှာတွင် အရေးအကြောင်းများ ဖုံးလွှမ်းနေသော်လည်း မျက်ဝန်းများ တောက်ပ လွန်းနေ၏။
သူ့ဘယ်ဘက်လက်တွင် ဓားသေတ္တာကိုင်ထားပြီး ရောင်ဝါများသိမ်းကာ စုရီထံ လှမ်းကြည့်လိုက်သည်။
ဝိညာဉ် ထင်ရှားခြင်း အလယ်အလတ် အဆင့်တွင်ရှိသော နှစ်ပေါင်း (၂၈၀)တိုင်အောင် လျှောက်လှမ်းခဲ့သူဖြစ်သည်။
တိမ်လွှာ ကောင်းကင် နန်းတော်၏ အတွင်းအကြီးအကဲဖြစ်၏။ မဟာရှမင်းဆက်၌ နာမည်ကြီး ဓားသမားဖြစ်သည်။
“ ဒီလူကြီး တကယ်ရောက်လာတာပဲ။ ”
လက်ဖက်ရည်ဆိုင်အတွင်းမှ ဝမ်လျူက မျက်မှောင်ကြုတ်လိုက်သည်။ ဟွာတျန် မည်မျှ အစွမ်းထက်သည်ကို သူ သိ၏။
ယနေ့ခေတ် မဟာရှမင်းဆက်တွင် မိုးပြာဓားရည်ရွယ်ချက်ကို နားလည်ထားသော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။
တိမ်လွှာကောင်းကင် နန်းတော်၏ မဟာဓားသုတ္တန်သုံးပါးအနက် တစ်ပါးဖြစ်သော မိုးပြာဓားသုတ္တန်ကို အမွေဆက်ခံထား၏။
ထို့ကြောင့် တူညီသော နယ်ပယ်မှ ကျင့်ကြံသူများအတွက် လက်လှမ်းမမီနိုင်အောင် ဝေးကွာလေသည်။
၎င်း၏ဓားသည်ပင် ‘ငရဲကမ္ဘာဓား’ဟု ခေါ်တွင်ပြီး လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀၀)က ရှေးဟောင်းဓားဂိုဏ်းတစ်ခု၏ ရတနာဖြစ်၏။
အတွေးများဖြင့် ဝမ်လျူတစ်ယောက် အနည်းငယ်စိုးရိမ်သွားကာ စုရီထံ မသိစိတ်ဖြင့် ပြန်ကြည့်လိုက်သည်။
စုရီက အနည်းငယ်မျှသော ခံစားချက်ပင် မပြခဲ့ဘဲ ကမ္ဘာကြီးကို လျစ်လျူရှုထားသကဲ့သို့ ငြိမ်သက်နေ၏။
“ မိတ်ဆွေဝမ် ... မင်းညဉ့်နက်မှ ဒီမှာ ဘာလုပ်နေတာလဲ။ ”
ဟွာတျန်က လက်ဖက်ရည်ဆိုင်အတွင်း လှမ်းမျှော်ကြည့်ကာ မေးမြန်းသည်။
“ စိတ်မပူပါနဲ့ ... ငါပါဝင်ဖို့ ဆန္ဒမရှိဘူး ဒီတိုက်ပွဲကို စောင့်ကြည့်ဖို့ ရှိနေတာပါ။ ”
“ မင်းရဲ့ စိတ်ဝင်စားမှုအတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေဝမ် ... ။ ”
ဝမ်လျူက ကုချင်းကို သူ့ရှေ့တွင် ခင်းလိုက်ပြီး ကြိုးပေါ်သို့ လက်ချောင်းများကို ဖိထားလိုက်သည်။ ထိုအချိန်တွင် ဟွာတျန်က စုရီထံ လှမ်းကြည့်၏။
“ မူလတာအိုအဆင့်က မင်းလို ပုရွက်ဆိတ်တစ်ကောင်က ရောက်လာဝံ့ဖို့ သတ္တိရှိလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ ”
ရေကန်အထက်တွင် လွင့်ပျံနေသော လေထုသည် ချက်ချင်း အေးခဲသွားပြီးနောက် မမြင်နိုင်သော စွမ်းအားများ ဆင်းသက်လာခဲ့၏။
“ မင်းလို ဓားသွေးကျောက်က ငါ့ကိုဘယ်လိုလုပ်ပြီး ကြောက်အောင် လုပ်နိုင်မှာလဲ။ ”
စုရီမှ ပေါ့ပေါ့ပါးပါးပင် တုန့်ပြန်လိုက်သည်။ ဆန့်ကျင်ဘက်အနေနှင့် သူ့ဓားကို ထက်အောင် ပြုလုပ်ရန် ဝိညာဉ်ထင်ရှားခြင်း ပြိုင်ဘက်မျိုး အပေါ် စောင့်မျှော်နေခြင်းဖြစ်၏။
“ ဟား ဟား ဟား ... ။ ”
ဟွာတျန်မှ ရယ်မောလျက် ဓားသေတ္တာကို ဘယ်လက်နှင့် လွှင့်တင်ပစ်လိုက်ရာ မီးခိုးရောင် ဓားတစ်လက် ထွက်ပေါ်လာသည်။ ထို့နောက် ညာလက်ဖြင့် ဖမ်းဆွဲလိုက်၏။
“ ငါ့ဓားကို ငရဲနှင်းကမ္ဘာလို့ခေါ်တယ် မရေမတွက်နိုင်တဲ့ ရန်သူတွေကို သတ်ပစ်ခဲ့ပြီး (၁၉၃)နှစ်ကြာအောင် ငါနဲ့အတူရှိနေခဲ့တယ် ဒီဓားနဲ့ ဂုဏ်ယူစွာ မင်းသေနိုင်ပြီ။ ”
ဟွာတျန်၏ဝတ်ရုံများ တဖျပ်ဖျပ်ခတ်လာ ပြီးနောက် ဝိညာဉ်ထင်ရှားခြင်းအဆင့် ရောင်ဝါ ပျံ့နှံ့သွားသည်။
“ ဝုန်း ... ။ ”
အဆုံးတွင် သူ့ခြေထောက်အောက်ရှိ ကြာပန်းလှေသည် အမှုန့်အဖြစ် ပေါက်ကွဲကာ ရေမျက်နှာပြင်အနှံ့ ပျံ့နှံ့သွား၏။
ညဉ့်နက်နေသော်လည်း ရောင်ဝါကြောင့် သတိထားမိကုန်သော ကျွမ်းကျင်သူအများသည် လေထုအလယ် ပျံတက်လာပြီး အဝေးမှ ကြည့်ရှုလာတော့သည်။
စုရီတစ်ကိုယ်လုံးရှိ စွမ်းအင်သည် နှိုးဆွခံလိုက်ရပြီး မကြုံစဖူးသော အဟုန်ဖြင့် အထွတ်အထိပ်သို့ ရောက်ရှိလာ၏။
“ ချွင် ... ။ ”
တစ်ချိန်တည်းမှာပင် အမှောင်နတ်ဓား ထွက်ပေါ်လာပြီး ကြည်လင်သော ဓားမြည်သံ ထွက်ပေါ်လာလေသည်။
ဤအခိုက်တွင် ရေကန်ဘေးရှိ လက်ဖက်ရည်ဆိုင်တွင် ဝမ်လျူ၏ မျက်လုံးများ တောက်ပလျက် ကုချင်းကြိုးအပေါ် ဖိထားသည့် သူ့လက်ချောင်းများ တုန်ခါလာ၏။
“ ဒင် ... ။ ”
“ ဟိတ် ... ။ ”
“ ရွှပ် ... ။ ”
အဆုံး၌ ကုချင်းသံနှင့်အတူ ဟွာတျန်က ချက်ချင်းလှုပ်ရှားလာသည်။ ဓားအလင်းသည် ကောင်းကင်မြစ်ကြီးတစ်စင်းကဲ့သို့ ပျံသန်းသွား၏။
ဓားရည်ရွယ်ချက်သည် အားကောင်းပြီး လေနှင့် မိုးခြိမ်းသံသည် အကန့်အသတ်မရှိသော စွမ်းအားများဖြင့် လိုက်ပါနေသည်။
“ ဝှစ် ... ။ ”
စုရီက ရှောင်လွှဲခြင်းမရှိဘဲ ရှေ့သို့ လှမ်းတက်သွားကာ အမှောင်နတ်ဓားနှင့် ပြန်၍ ခုတ်ပိုင်းချလိုက်သည်။
တစ်ဖက်လူသည် ဝိညာဉ်ထင်ရှားခြင်း အလယ်အလတ်အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ ထုံးစံအတိုင်း ပေါ့လျော့မှုမရှိဘဲ စွမ်းရည် အားလုံးကို ပြသရပေမည်။
ထို့ကြောင့် သူ့ဓားကို ထုတ်လွှတ် လိုက်သောအခါတွင် ဒြပ်စင်ငါးပါးတောင်ကြီး ပေါ်လာသည်။
မှောင်မိုက်သော ညကောင်းကင်သည် ဤဓားဖြင့် လင်းထိန်နေ၏။ ၎င်း၏တန်ခိုးသည် နေနှင့်တူပြီး အလင်းရောင် ပေးချေပြီ။
“ ဘန်း ... ။ ”
မတူကွဲပြားသော ဓားစွမ်းအင်နှစ်ခု အချင်းချင်း ထိပ်တိုက်တွေ့ဆုံချိန်၌ တုန်လှုပ် ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခု ရုတ်တရက်ပေါ်လာသည်။
“ ဟမ့် ... ။ ”
စုရီဓားသည် အတားအဆီးမရှိ လှိုင်းလုံးကြီးကဲ့သို့ဖြစ်ပြီး ဟွာတျန်တုဓားသည် နဂါးငွေ့တန်းအလားထင်မှားစေ၏။
“ ခရစ် ... ။ ”
အက်ကွဲသံများ ပြန့်ကျဲလာသည်နှင့်အမျှ ပြိုကျနေသော ဓားစွမ်းအင်သည် ဒီရေကဲ့သို့ နှစ်ဖက်စလုံးသို့ ပြန့်ကျဲသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း ဟွာတျန်၏ ဓားအလင်းသည် အထည်တစ်စလို နှစ်ခြမ်းကွဲ သွားလေသည်။
တောင်နှင့်မြစ်ကို ခွဲဖြတ်ခြင်းဟု ခေါ်တွင်သော ဤဓားသည် အောင်နိုင်ခြင်း ဓားသုတ္တန်မှ ဆင်းသက်လာပြီး ရပ်တန့်၍မရချေ။
“ ဘယ်လောက် ကြောက်စရာ ကောင်းလိုက်တဲ့ ဓားလဲ။ ”
အဝေးက လက်ဖက်ရည်ဆိုင်တွင် ကုချင်းတီးနေသော ဝမ်လျူ လက်ချောင်းများမှာ အနည်းငယ်တုန်ခါသွားပြီး အံ့အားသင့်လာ၏။
သို့တိုင်ဟွာတျန်က ရုတ်တရက် လှောင်ပြုံး ပြုံးမိသည်။ နယ်ပယ်နှစ်ခုကြား ကြီးမားသော ကွာဟချက်ရှိ၏။
စုရီစုသည် သာမန် မူလတာအိုနယ်ပယ် ကျွမ်းကျင်သူထက် အနည်းငယ်သာလွန်သော ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်သည်။
ယနေ့ခေတ် ပါရမီရှင်များနှင့် ရှေးခေတ်က ဆိုးသွမ်းသူများပင်လျှင် ဝိညာဉ်တာအိုနယ်ပယ် အပေါ် မယှဉ်နိုင်ချေ။
ထို့ကြောင့် အစောပိုင်းက သူ့တိုက်ခိုက်မှုအပေါ် ဖြေရှင်းရန် ဝှက်ဖဲတစ်မျိုး သို့မဟုတ် လျှို့ဝှက်စွမ်းအားအချို့ကို အသုံးပြုမည်ဟု အထင်တကြီး တွေးယူခဲ့သည်။
ယခုမူ သူ့တိုက်ခိုက်မှုကို တိုက်ရိုက် ဖြေရှင်းသွားသည်မှာ မိုက်မဲသော လူငယ်မျှသာ ဖြစ်ကြောင်း မြင်သာစေသည်။
“ လာဦးမယ် ... ။ ”
သူ့လက်ထဲရှိ ငရဲနှင်းကမ္ဘာဓားသည် ဆယ်ပေခန့်ရှည်သော မီးခိုးရောင် အလင်းများ ပေါက်ကွဲထွက်လာပြီး စုရီထံ ထပ်မံပြေးဝင်သွား၏။
အဝေးမှကြည့်သော် တစ်ရှိန်ထိုး ပျံသန်းနေလာသော မိုးကြိုးကဲ့သို့ ကောင်းကင်မှ ကျဆင်းနေသည်။
“ ဟား ဟား ဟား ... ကောင်းတယ် ... ။ ”
စုရီက ကျယ်လောင်စွာ ရယ်မောလျက် ရှေ့သို့လှမ်းတက်လိုက်သည်။ သူ့အမူအရာသည် ရိုင်းစိုင်းပြီး လွပ်လပ်နေ၏။
ဤအရာက ဟွာတျန်ကို မျက်မှောင်ကြုတ် သွားစေသည်။ တစ်ဖက်လူသည် သူ့ထက်ပင် ကြီးစိုးပြနေ၏။ သူ့အတွက် မည်သည့်အရာ ကောင်းမှန်း သိပုံမရချေ။
“ ဟမ့် ... ။ ”
မျက်နှာမည်းမှောင်လာပြီး လူသတ်ချင်စိတ်များပေါ်လာကာ မဆိုင်းမတွဘဲ ဒုတိယဓားကို ပူးတွဲလွှဲချလိုက်သည်။
ရေကန်အထက်သို့ ဓားအလင်းများ သက်တံကဲ့သို့ ဖြာဆင်းကျလာပြီး မိုးတိမ်များ လွင့်ပါးကုန်၏။
ထိုမြင်ကွင်းသည် ရေကန်တစ်ဝိုက်ရှိ မရေမတွက်နိုင်သော လူအများကို ထိတ်လန့်စွာ ဆုတ်ခွာသွားစေသည်။
" ဒါ ... မိုးပြာဓားကျမ်းပဲ ... တိမ်လွှာကောင်းကင်နန်းတော်ရဲ့ အကြီးအကဲ ဟွာတျန်ဖြစ်မယ် ... သူနဲ့ ရင်ဆိုင်နေတဲ့ လူငယ်က ဘယ်သူလဲ။ ”
လူတိုင်းသည် ရှုပ်ထွေးစွာဖြင့် စုရီထံ ကြည့်လိုက်ကြသည်။ သူတို့၏ နတ်အာရုံသည် တိုက်ပွဲအတွင်း ဝင်ရောက်နိုင်ခြင်းမရှိချေ။
ဝိညာဉ်ထင်ရှားခြင်းအဆင့် တိုက်ပွဲမှလာသော အကြွင်းအကျန်လှိုင်းများမှာ စိတ်ဝိညာဉ်ကို ဒဏ်ရာများပေးရန် လုံလောက်သည်။
ထိုကြောင့် စုရီကို ကျောက်စိမ်းရောင်ဝတ်ဖြင့် လူငယ်အဖြစ်သာ မြင်နိုင်ချေပြီ။ တိုက်ပွဲမှာ ပြင်းထန်လာသည်။
ဟွာတျန်မျက်နှာရှိ ဆံပင်နှင့် မုတ်ဆိတ်မွေးများလွင့်ပျံကာ ဓားရည်ရွယ်ချက် များသည် ယန်ဇီမြစ်ကဲ့သို့ တဟုန်းဟုန်း တောက်လောင်လာ၏။
သူ့ ကျပန်းတိုက်ခိုက်မှုသည် မူလတာအိုနယ်ပယ်ရှိ နှောင်းပိုင်းကျင့်ကြံသူ အပေါ်ပင် အလွယ်တကူ သတ်ပစ်နိုင်မည်။
သို့သော် ပြိုင်ဘက်လူငယ်ကို ဒဏ်ရာပင် မပေးနိုင်ချေ။ မူလတာအိုနယ်ပယ်မျှဖြင့် ဤမျှ တိုက်ပွဲဝင်စွမ်းအား မြင့်မားသော လူငယ်မျိုး မြင်တွေ့ရသည်မှာ ယုံနိုင်စရာမရှိချေ။
“ ဒီကောင်လေးက ဉာဏ်ကြီးရှင် တစ်ယောက်ထက် ပိုသာတယ် သာမန်အသိနဲ့ သူ့ကိုတိုင်းတာလို့မရဘူး ... သေချာပေါက် ဘီလူးတစ်ကောင်ပဲ။ ”
မူလတာအိုနယ်ပယ်ဖြင့် ဝိညာဉ်တာအို နယ်ပယ်မှ တစ်စုံတစ်ဦးကို တိုက်ခိုက်နိုင်သည့် မည်သူတစ်ဦး တစ်ယောက်မျှ သူတို့ မကြားဖူးချေ။
( ဒီကောင်လေးကို မသတ်ရင် ... အနာဂတ်မှာ ဟွာမိသားစုအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်။ )
တိုက်ပွဲဖြစ်ပွားလာသည်နှင့်အမျှ ဟွာတျန်သည်လည်း မထီမဲ့မြင် ပေါ့ဆမှုမျိုး မပြဝံ့တော့ဘဲ တဖြည်းဖြည်း လေးနက်လာခဲ့သည်။
စုရီသည်သာ ကြီးပြင်းလာပါက ဟွာမိသားစုမဆိုနှင့် ဤကမ္ဘာကြီး၌ ပြိုင်ဘက် မရှိတော့မည်ကို ကြောက်မိချေပြီ။
***