နဂါးလှောင်အိမ်၊ ငရဲနှင်းကမ္ဘာနှင့်၊ သွေးနတ်ဆိုးဝိညာဉ်။
Vol. 35 Ch. 413
အတွေးဖြင့် သူ့ဓားရည်ရယ်ချက်မှာ ပို၍သိပ်သည်းလာကာ တိုက်ခိုက်မှုတိုင်းသည် တောင်များပြိုကျလျက် မြစ်ကို လှုပ်ခါစေ၏။
တစ်ဖက်တွင် စုရီသည် သမုဒ္ဒရာကြီး ပြိုကျလာသကဲ့သို့ ပြင်းစွာသော ဖိအားမျိုး ခံစားလိုက်ရသည်။ အဆုံးတွင် သူသည် နယ်ပယ်တစ်ခုလုံး နိမ့်ကျနေသေး၏။
သူ့စွမ်းအားနှင့် ထိန်းချုပ်နိုင်သည့် တာအိုကျက်သရေသည် ဝိညာဉ်တာအိုနယ်ပယ် အဆင့်ထက် များစွာအားနည်းနေသည်။
ကံကောင်းနေစေသည်မှာ နတ်အာရုံဖြစ်သည်။ နတ်အာရုံသည် တိုက်ပွဲ၏ အချက်အလက်များကို ကြိုတင်ဖမ်းယူနိုင်၏။
ထို့ကြောင့် နှစ်ပေါင်းများစွာ ကျယ်ပြန်သော ဓားရေးအမြင်ဖြင့် ပြိုင်ဘက်အပေါ် ကောင်းစွာ ဟန့်တားနိုင်နေခြင်းဖြစ်သည်။
နောက်ဆုံးတွင် ဓာတ်စင်ငါးပါးဓားသည် ဟွာတျန်အတွက် စိတ်ကူးမယဉ်နိုင်သော တာအို ကျက်သရေများ ပါရှိသည်။
ကံကောင်းသည်မှာ ကောင်းကင်ဘုံ နတ်နန်းတော်၊ တာအိုမျိုးစေ့နှင့် စစ်မှန်သော တာအိုကျက်သရေများ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် တိုက်ပွဲတွင် အနာဂတ်ကို ကြိုမြင်နေသူကဲ့သို့ ဝှက်ဖဲများ အသုံးပြုစရာ မလိုခဲ့ဘဲ ပြိုင်ဘက်အပေါ် အကြပ်အတည်း ဖြစ်အောင် စွမ်းဆောင်လာနိုင်ခဲ့သည်။
“ သေလိုက်တော့ ... ။ ”
ဟွာတျန်က တိုက်ပွဲအဟုန်ကို မြှင့်တင်လိုက်သည်။ ကြီးမားသော ရေကန်မှာ ပွက်ပွက်ဆူလာသကဲ့သို့ လှိုင်းများတဟုန်ထိုး လှုပ်ခတ်လာ၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ထိုမြင်ကွင်းများသည် လေထုအလယ် စောင့်ကြည့်နေသူများကို နောက်သို့ဆုတ်ခွာ သွားစေခဲ့သည်။
“ ဒင် ... ။ ”
လက်ဖက်ရည်ဆိုင်တွင် ကုချင်းတီးခတ်နေသည့် ဝမ်လျူပင် အနည်းငယ် လက်ချောင်းများ တုန်ခါသွားသည်။
သူနှင့် ဟွာတျန်သည် တူညီသော နယ်ပယ်၌ရှိသဖြင့် ဟွာတျန်ပြသထားသည့် စွမ်းရည်သည် စုရီအပေါ် ကောင်းစွာ ဖိနှိမ်ထားနိုင်မှန်း မြင်သာသည်။
ဝိညာဉ်တာအို အစောပိုင်းအဆင့် တစ်စုံတစ်ယောက်သည် မူလနန်းတော်အဆင့် ကောင်လေးတစ်ယောက်အပေါ် ဤမျှ အုပ်စီးနိုင်သည်မှာ သာမန်ဖြစ်၏။
“ နဂါးလှောင်အိမ် ... ။ ”
ရုတ်တရက် ရေမျက်နှာပြင်မှ ပေတစ်ရာကျယ်ဝန်းသော ရေလှောင်အိမ်ကြီး ထွက်ပေါ်လာသည်။
ဤသည်မှာ ဟွာတျန်၏ အစွမ်းထက်ဆုံး လှုပ်ရှားမှုဖြစ်၏။ ဝိညာဉ်ထင်ရှားခြင်း အဆင့် ရေနဂါးတစ်ကောင်ကို တစ်ချိန်က သတ်ရန် အသုံးပြုခဲ့ဖူးသည်။
“ တုပ်နှောင် ... ။ ”
ရေလှောင်အိမ်လက်တံများက နဂါးများအလားတွန့်လိမ်လျက် တဖြည်းဖြည်း ကျုံ့ဝင်လာကာ စုရီကိုပိတ်လှောင်တော့၏။
“ ဒင် ... ။ ”
လှောင်အိမ်အတွင်း ထက်ရှသော ဓားရည်ရွယ်ချက်များဖြင့် ပြည့်နှက်လာစဉ် ဝမ်လျူ၏ လက်ချောင်းများ မလှုပ်ရှားတော့ဘဲ ကုချင်းသံ ရပ်သွားလေသည်။
ဤနဂါးလှောင်အိမ်သည် အစွမ်းထက်လွန်းပြီး ကုချင်းတီးခတ်နိုင်ခြင်း မရှိအောင်ပင် သူ့ကို စိတ်ပူမိစေ၏။
အဘယ့်ကြောင့်ဆိုသော် လေဟာနယ်အတွင်း ပြည့်လျှံနေသော မိုးပြာ ဓားရည်ရွယ်ချက်များက ရေလှောင်အိမ်အတွင်း ပိတ်မိနေသော စုရီကိုသတ်ရန် ကြိုးပမ်းနေသောကြောင့်ဖြစ်သည်။
“ ဒါက မင်းရဲ့အပြင်းထန်ဆုံးဓားလား ... ။ ”
တစ်ဖက်တွင် စုရီသည် စိတ်လှုပ်ရှား နေခဲ့သည်။ အမှောင်နတ်ဓားအတွင်း ဒြပ်စင် ငါးပါး တာအိုရောင်ဝါများ လောင်းထည့်ကာ တိုက်ပွဲအဟုန်ကို မြှင့်တင်လိုက်၏။
နတ်တောင်ကြီးငါးလုံးပေါ်လာကာ မဟာဒြပ်စင်ငါးပါးဒိုမိန်း အသက်ဝင်လာခဲ့သည်။
“ ဟိတ် ... ။ ”
သည့်နောက် ဓားချက်များသည် နှေးတလှည့်-မြန်တလှည့် စည်းချက်မျိုးဖြင့် နဂါးလှောင်အိမ်ကို ဖျက်ဆီးတော့၏။
“ ဝုန်း ... ။ ”
ကောင်းကင်ကြီးပြိုကျလျက် ရေမျက်နှာပြင်တစ်ခုလုံး ပေါက်ကွဲလာသည်။ ရေမှုန်ရေမွှားများကြား နဂါးလှောင်အိမ်သည် အတင်းအဓမ္မ ဖြိုခွဲခံလိုက်ရ၏။
“ ဝုန်း ... ဝုန်း ... ။ ”
စုရီကိုဗဟိုပြုလျက် ကျယ်လောင်သော ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလာသည်။ ဤမြင်ကွင်းမျိုးသည် ထိတ်လန့်စရာ ကောင်းလွန်းချေပြီ။
“ ဒါ ... ။ ”
ဟွာတျန်တုတစ်ယောက် မျက်နှာ လုံးဝပြောင်းလဲသွားကာ အနည်းငယ် တုန်လှုပ် လာလေသည်။
တိုက်ပွဲတစ်လျှောက် တစ်ဖက်လူသည် တိုက်ပွဲဝင်စွမ်းအားများ တရွေ့ရွေ့တိုးလာမှန်း သူ သတိထားမိခဲ့၏။
( ဒီကောင်လေး အရမ်းမောက်မာတယ်။ )
ပြိုင်ဘက်သည် အမှန်ပင် သူ့အပေါ် ဓားသွေးကျောက်အဖြစ် အသုံးပြုနေတော့၏။ ထိုအတွေးက သူ့ကို ရှက်စိတ်ဝင်လာစေပြီး ဓားရေးအပေါ် ပြောင်းလဲလိုက်သည်။
ထောင်ပေါင်းများစွာသော ဓားပန်းများ ပွင့်နေသကဲ့သို့ မီးခိုးရောင်နှင်းခဲများ ရုတ်တရက် ကျဆင်းလာခဲ့၏။
၎င်းတို့သည် အဆုံးမရှိသကဲ့သို့ ထူထပ်စွာကျဆင်းနေပြီး အရိုးထိတိုင် တိုက်စား နိုင်သည့် အအေးဓာတ်ပါရှိလေသည်။
“ ငရဲနှင်းကမ္ဘာကြီး ... ။ ”
နဂါးလှောင်အိမ်ထက် သာလွန်သော ဓားဖြစ်သည်။ တစ်ချက်လွှဲရုံဖြင့် ရေခဲခေတ် ပြန်ရောက်သွား၏။
၎င်း၌ပါရှိသော ဓားရည်ရွယ်ချက်သည် ပြိုင်ဘက်ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အမှုန့်အဖြစ် ချက်ခြင်း ချေမွှနိုင်သည်။
“ ဝှစ် ... ။ ”
စုရီက လေတာအိုကို အသုံးပြုလိုက်သည်။ ဓားနှင်းပန်းများကြားတွင် စုရီအရိပ်ပေါင်းများစွာ ယိမ်းနွှဲရွေ့လျားနေသည်ကို မြင်လာရ၏။
အဆုံးတွင် ဟွာတျန်အနား ဖျပ်ခနဲရောက်ရှိလာကာ ဓားနှင့်ပြန်၍ခုတ်ပိုင်းချ လိုက်သည်။
“ အရမ်းမြန်တယ်။ ”
အသက်တစ်ရှိုက်စာအတွင်း သုံးပေအကွာသို့ရောက်ရှိလာသော စုရီကြောင့် ဟွာတျန်က မျက်ခုံးပင့်လိုက်၏။
“ ထန် ... ထန် ... ။ ”
ချက်ချင်း ငရဲနှင်းကမ္ဘာဓားကို အပြားလိုက်ပိတ်ဆို့လိုက်ရသည်။ သို့တိုင် ယိမ်းယိုင်လျက် ဆုတ်ခွာပေးလိုက်ရ၏။
“ အရမ်း သန်မာတယ်။ ”
ခန္ဓာကိုယ်အတွင်းရှိ သွေးများ ပွက်ပွက်ထလာပြီး ညှီစို့စို့ရနံ့များ ပျို့တက်လာ သဖြင့် အံကြိတ်ကာ မျိုချလိုက်ရသည်။
“ ဝှစ် ... ဝှစ် ... ။ ”
ထိုစဉ် စုရီ၏ ဓားအလင်းသည် မုန်တိုင်းတစ်စင်းကဲ့သို့ ပြောင်းလဲသွားတော့၏။ အခြားမည်သည့် အရာကိုမျှ တွေးတောရန် အချိန်မရှိတော့ဘဲ ထိပ်တိုက်ရင်ဆိုင်ကာ ပိတ်ဆို့ဖြေရှင်းလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း သွေးစွန်းသော ပြတ်ရှရာများပေါ်လာ၏။ သွေးညှီရနံ့များသည် လေနှင့်အတူ ပျံ့ကားသွားသည်။
သေစေနိုင်သော ဓားချက်အများစုကို ထိန်းထားနိုင်ခဲ့သော် ဒဏ်ရာအနည်းငယ်သည် အရိုးထိတိုင် နက်နေသေး၏။
“ ရွှပ် ... ။ ”
“ အား ... ။ ”
အဆုံးတွင် လက်တစ်ဖက် ဓားမုန်တိုင်းအတွင်း လွင့်မျောပြီး သွေးမြူအဖြစ် ပြောင်းလဲသွားသည်ကို လူတိုင်းမြင်လိုက်ရ၏။
“ ငရဲနှင်းကမ္ဘာကြီး ငါ့ကိုလမ်းပြပါ ... ။ ”
မုန်တိုင်းအတွင်း ကျယ်လောင်သော အော်သံနှင့်အတူ ဟွာတျန်မှ ဒဏ်ရာများအပေါ် လျစ်လျူရှုလျက် ဓားကိုကောင်းကင်ပေါ် ထိုးညွှန်ကာ ပျံသန်းတက်လိုက်တော့သည်။
ရုတ်တရက် သူ့လက်ထဲရှိ ငရဲနှင်းကမ္ဘာဓားသည် အသက်ဝင်လာသကဲ့သို့ အမိန့်စာများထွက်ပေါ်လာ၏။
ဤဓားအလင်းသည် မကြုံစဖူး ခမ်းနားလှသည်။ ပြင်းထန်သော ဓားမုန်တိုင်းကို ဖြတ်ကျော်ပြီးနောက် စုရီထံ ထိုးစင်းကျသွား၏။
တစ်ဆက်တည်းမှာပင် ဟွာတျန်၏ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပေါ်လာ တော့သည်။ ဓားရှိအမိန့်စာကို အသက်သွင်းရန် တန်ဖိုးဖြစ်ပေမည်။
ဤဓားသည် အလွန် ရှေးကျ၏။ ၎င်း၏ အမြင့်ဆုံးစွမ်းအားကို အသုံးချရန် ဓားကိုင်သူ၏ စိတ်ဝိညာဉ်နှင့် သွေးသားစွမ်းအင်များ ပေးအပ်ရလေသည်။
“ ဟား ဟား ဟား ... နောက်ဆုံးတော့ မင်းရဲ့ဝှက်ဖဲကို ထုတ်ပြီ။ ”
စုရီက ရယ်မောလျက် သူ့လက်ထဲရှိ အမှောင်နတ်ဓားကို အသက်သွင်းလိုက်၏။ ဓားကိုယ်ထည်မှ ငရဲငှက်မိစ္ဆာ ရုန်းကြွလာပြီး ဝိညာဉ်မျိုချခြင်းအမိန့် ထွက်ပေါ်လာသည်။
ငရဲနှင်းကမ္ဘာဓား၏ တောက်ပသော ဓားအလင်းတန်းကို စိတ်ဝိညာဉ်ဝါးမျိုခြင်း အမိန့်မှ ချက်ချင်းစုပ်ယူကာ ငှက်မိစ္ဆာထံ လွှဲပြောင်းပေးတော့၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ဟွာတျန်က အံ့သြသွားသည်။ သူ့ ဝှက်ဖဲအပေါ် ဤမျှလွယ်လွယ် ဖြေရှင်းနိုင် သည်လော။ အဓိပ္ပါယ် မရှိချေ။
“ မင်းက ငါ့ဟွာမိသားစုအတွက် တကယ့်နတ်ဆိုးပဲ ငါ့မျိုးဆက်တွေ အိမ်မက်ဆိုး မမက်ရအောင် ယနေ့ညမင်းကို ဖယ်ရှားမယ်။ ”
စကားပြောနေစဉ် မရေမတွက်နိုင်သော နှစ်များစွာ ကုန်လွန်သွားသကဲ့သို့ ဟွာတျန်၏ အသက်စွမ်းအင်များ လျာ့ပါးလာ၏။
မျက်လုံးများ မှိန်ဖျော့လျက် အရည်ပြားများအက်ကွဲကာ ဆံပင်ရှည်များ ဖြူလျော်လွင့်ပျံလာသည်။
“ ဘရူး ... ။ ”
ဆန့်ကျင်ဘက်အားဖြင့် သူ့လက်ထဲရှိ ငရဲနှင်းကမ္ဘာဓားသည် ရုတ်တရက် နေကဲ့သို့ တောက်လောင်လာတော့၏။
“ ဝှစ် ... ။ ”
အဆုံးတွင် သွေးစွန်းနေသော ငရဲနတ်ဆိုးတစ်ပါး နိုးထလာသကဲ့သို့ အငွေ့ အသက်များ ထွက်ပေါ်လာသည်။
ထိုသွေးမြူများသည် လေဟာနယ်အတွင်း ရစ်သိုင်းလျက် တခဏချင်း ပုံသဏ္ဏန်အသွင်သို့ ဖွဲ့စည်းလာ၏။
“ ဘာတွေဖြစ်နေတာလဲ။ ”
လေထုအလယ် တိုက်ပွဲကို စောင့်ကြည့်နေသူများအားလုံး ရေခဲလှိုဏ်ဂူထဲ ပြုတ်ကျသွားသလို အေးစက်လာ၏။
ဤသွေးအခိုးအငွေ့များသည် မြင်ရုံဖြင့် အကြောက်တရားကို အဆုံးမဲ့မွေးဖွားပေးသည်။ ဝမ်လျူက မျက်ခုံးပင့်ကာ ချက်ချင်း မတ်တတ် ထရပ်လိုက်၏။
“ နတ်ဆိုး ဝိညာဉ်။ ”
ဟွာတျန်၏ ရှေးဟောင်းဓားတွင် နတ်ဆိုးတစ်ကောင်ကို တံဆိပ်ခတ်ထားချေပြီ။ သူ့ကျင့်ကြံမှု အဆင့်နှင့်ပင် စိုးရိမ်ဖွယ် အခြေအနေဖြစ်၏။
“ ဒီနေ့မင်းကိုသတ်ပြီး ဟွာမိသားစုရဲ့ မျိုးဆက်သစ်တွေအပေါ် ကယ်တင်ပေးမဲ့နေတဲ့ မြင်ကွင်းမျိုး ငါမြင်ခွင့်မရတော့တာ စိတ်မကောင်းစရာပဲ။ ”
စကားဆုံးသည်နှင့် သွေးမြူများအလယ်ရှိ ဟွာတျန်ခန္ဓာကိုယ်သည် ကျိုးကြေသွားခဲ့ကာ အမှုန်များအဖြစ်ပြောင်းလဲ ပျောက်ကွယ် သွားတော့သည်။
ဤမြင်ကွင်းကို မြင်သောအခါ စုရီ၏အမူအရာသည် ပို၍လေးနက်လာပြီး၊
“ မင်းလိုအမှိုက်တစ်စရဲ့ သွေးသား စွမ်းအင်တွေကို စုပ်ယူထားတဲ့ နတ်ဆိုးဝိညာဉ် တစ်ကောင်က ...
... ငါ့အသက်ကိုယူဖို့ အရည်အချင်း မရှိတာကို မင်းသိခဲ့ရင် အခုလို ပြောဝံ့ဦးမလား ငါသိချင်တယ်။ ”
-ဟု တုန့်ပြန်လိုက်၏။
ဟွာတျန်၏ တည်ရှိမှုသည် ဤကမ္ဘာလောကကြီး၌ အပြီးတိုင် ပျောက်ကွယ် သွားသော်လည်း ဤဓားအတွင်း၌ ရှိနေသေး၏။
နတ်ဆိုးဝိညာဉ်မှ ယင်းအပေါ် မသန့်စင်သေးခင် သူ့ဝိညာဉ်ကို နုတ်ယူမည့် မြင်ကွင်းမျိုး တိတ်တဆိတ် မျှော်လင့်ထားပုံ ရချေပြီ။ စိတ်မကောင်းစရာပေပင်။ စုရီမှ ပြုံးလိုက်တော့၏။
***