ဟွာတျန် ... ။
Vol. 35 Ch. 414
ဟွာတျန် ဝိညာဉ်သည် ခန္ဓာကိုယ်မှ ပျံထွက်သွားပြီး ရှေးဟောင်းဓား၏ စုပ်ယူခြင်း ခံလိုက်ရသည်။
ဤသည်မှာ ဓား၌ပိတ်မိနေသော သွေးနတ်ဆိုးတစ်ကောင် ဖြစ်၏။ ရေကန်အနှံ့ သွေးမြူများ ပြည့်လျှံသွားသည်။
“ ဖရူး ... ။ ”
ရုတ်တရက် ဓားသည် သက်ရှိကဲ့သို့ တုန်ယင်လျက် လေထဲလွင့်မျောလာခဲ့ပြီး စုရီအပေါ် ပြုတ်ကျသွား၏။
ကောင်းကင်နှင့်မြေကြီး တုန်ခါလျက် အနှိုင်းမဲ့ဆိုးရွားကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားအလင်းက လူတိုင်း၏နှလုံးသားကို စိတ်ပျက်အားငယ်လာစေသည်။
“ ရွှပ် ... ။ ”
မျက်စိတမှိတ်အတွင်း သွေးမြူများက စုရီကိုဖုံးလွှမ်းသွား၏။ သို့သော် သွေးမြူများ အတွင်းမှ ဓားအလင်းတစ်လက် ကောင်းကင်ပေါ် ထိုးတက်လာသည်။
၎င်းထွက်ပေါ်လာသည်နှင့် ဤမြင်ကွင်းများအားလုံး ပျောက်ကွယ်သွားပြီး သွေးမြူများ ကင်းရှင်းသွား၏။
ကောင်းကင်နှင့် မြေကြီးကြား အင်မော်တယ်တစ်ပါး မွေးဖွားလာသကဲ့သို့ လေထုအလယ် စုရီက ငြိမ်သက်စွာရပ်နေ၏။
လူသတ်အငွေ့အသက် ပါရှိသော ငရဲနှင်းကမ္ဘာဓားသည် အရှုံးပေးလိုက်သကဲ့သို့ သူ့လက်ထဲ တုန်ရင်စွာ ဆင်းသက်နေသည်။
ဓားအတွင်းရှိ ဟွာတျန်၏ ဝိညာဉ်သည် လောင်ကျွမ်းနေသော ဖယောင်းတိုင်အလားပင် ပျောက်ကွယ်လုနီးပါး ဖြစ်လာ၏။
“ ခွန်အားအရ ပြောရရင် ... မင်းက ငါ့လောက်သန်မာခြင်းမရှိဘူး ဝှက်ဖဲတွေနဲ့ ယှဉ်ရင်လည်း ငါ့လောက်မများဘူး ...
... ဒါဆို မင်းအသက်ပေးပြီး နတ်ဆိုးဝိညာဉ်တစ်ကောင်နဲ့ ... ငါ့အသက်ကို ယူချင်နေတာ ထိုက်တန်တယ်ထင်လား။ ”
စုရီသည် မျက်လုံးများတွင် အထင်အမြင်သေးသည့် အရိပ်အမြွက်များဖြင့် ခပ်တိုးတိုးပြောကြားလိုက်သည်။
ဟွာတျန်မှ တစ်ခုခု တုန့်ပြန်ပြောချင်သော်လည်း နောက်ကျသွား၏။ သူ့ဝိညာဉ်သည် အလင်းမှုန်များအဖြစ် တရွေ့ရွေ့ မှိန်ဖျော့ဖျော့ သွားချေပြီ။
သွေးနတ်ဆိုးက ဟွာတျန်ဝိညာဉ်ကို စားသုံးကာ တုန်ရင်နေသော အသွင်အပြင်ဖြင့်၊
“ သခင်၊ ငါအစေခံချင်ပါတယ်။ ”
-ဟု တောင်းပန်တော့၏။
“ ဟား ဟား ဟား ... မင်းလို နတ်ဆိုးတစ်ကောင်က ငါ့ကျွန်အဖြစ် ထိုက်တန်တယ်များ ထင်နေလား။ ”
စုရီမှ ရယ်မောလျက် ငရဲဘုံကိုးပါး ဓားရောင်ဝါဖြင့် သွေးနတ်ဆိုးကို တုပ်နှောင် လိုက်လေသည်။
ထို့နောက်တွင် ကျယ်လောင်သော မြည်သံများနှင့်အတူ ရှေးဟောင်းဓားသည် ပြင်းထန်စွာတုန်ခါနေ၏။
၎င်းအတွင်းရှိ နတ်ဆိုးသည် လုံးဝ တံဆိပ်ခတ်ခြင်းခံခဲ့ရသည်။ ဤသွေးနတ်ဆိုး၏ မူလအစကို စုရီမှ စိတ်မ၀င်စားချေ။
ယခင်ဘဝတွင် ဤသို့ အညစ်အကြေးနှင့် အပြစ်တို့မှ မွေးဖွားလာသော ထိုဝိညာဉ်မျိုးကို လွန်စွာရွံ့ရှာသည်။ သို့သော် ဓားသည် ဓားကာင်းတစ်လက်ဖြစ်၏။
“ ဒီဓားက တော်တော်ကောင်းတယ်။ ”
၎င်းကို ဝိညာဉ်တာအို အဆင့် မြင့်မြတ်သောပစ္စည်းများဖြင့် သန့်စင်ထား ချေပြီ။ ရှားပါးရတနာတစ်ခု မဟုတ်သော်လည်း နောင်တွင် အမှောင်နတ်ဓားအတွက် အာဟာရဖြစ်အောင် အသုံးပြုနိုင်၏။
သွေးနတ်ဆိုး ဝိညာဉ်အတွက်မူ အလဟဿမဖြစ်ဘဲ ငရဲမီးတောက် ငှက်မိစ္ဆာကို ကျွေးနိုင်ပေမည်။
စုရီက လက်ထဲမှဓားကို သိမ်းဆည်းလျက် လှည့်ပြီး လက်ဖက်ရည်ဆိုင်သို့ လျှောက်လှမ်း သွားသည်။
ကောင်းကင်တွင် တိမ်များနှင့် မိုးကြိုးများ လွင့်ပါးလျက် ကြယ်ပွင့်များ ပေါ်လွင်လာသည်။ ပတ်ဝန်းကျင်သည် ယခင်အတိုင်း အေးချမ်းမှုထံ ပြန်လည်ရောက်ရှိသွား၏။
လက်ဖက်ရည်ဆိုင်ထဲတွင် စုရီသည် သူ့ထံ လျှောက်လှမ်းလာနေသည်ကို မြင်လိုက်ရသဖြင့် ဝမ်လျူက လန့်နိုးလာသည်။
“ သခင်လေး မင်းအဆင်ပြေရဲ့လား။ ”
မြို့တော်တစ်ခုလုံးရှိ အထက်တန်းစားများ သည်ပင် မျက်နှာမြင်ရုံဖြင့် ခေါင်းငုံ့ထားစေသည့် ဤအဘိုးကြီးသည် ယခုစုရီကို ရင်ဆိုင်ရသော အခါတွင် လေးစားမှုအရိပ်အမြွက်များ ဖြစ်ပေါ်လာ၏။
ယခင်က စုရီကို ဂျူနီယာအဖြစ်သာ မှတ်ယူလျက် မျိုးဆက်သစ် လူငယ်များကြား ရှားပါးပါရမီရှင်အဖြစ်သာ သတ်မှတ်ထားသည်။ ယခုမူ ဆန့်ကျင်ဘက်ဖြစ်၏။
“ မနက်ဖြန်မှာ မင်းနဲ့ မင်းရဲ့သခင်တို့ လိုအပ်တာတွေယူပြီး ငါ့ဆီလာဖို့ ပြောလိုက်ပါ။ ”
စုရီက သူ့မေးခွန်းကို ဂရုမစိုက်ဘဲ အမိန့်ပေးသည်။ ဝမ်လျူခမျာ အမူအရာမှာ အေးခဲသွား၏။
တော်ဝင်မြို့တော်တွင် သခင်မှတပါး မည်သူမျှ သူ့အပေါ် ဤသို့ အမိန့်မပေးဝံ့ချေ။ တစ်ဖက်လူသည် လုံးဝ ရင့်သီးချေ၏။
အမူအရာနှင့် စကားအသုံးအနှုန်းသည် ပေါ့ပေါ့ပါးပါးနိုင်ကာ သူ့အပေါ် အစေခံအဖြစ် ရှုမြင်နေပုံရသည်။
“ ကောင်းပြီ ... ။ ”
အဆုံးတွင် အသက်ပြင်းပြင်းရှူလျက် နှလုံးသားထဲရှိ စိတ်ဓာတ်ကျမှုကို မျိုသိပ်ထား လိုက်ရသည်။
“ မင်းမှာ ရထားလုံးပါလား။ ”
စုရီက မေးသည်။ သူသည် တိုက်ပွဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ရသောကြောင့် အလွန် ပင်ပန်းနွမ်းနယ်နေပြီဖြစ်၏။ လမ်းမလျှောက်လိုတော့ချေ။
“ သခင်လေး ဒီလမ်းအတိုင်း လျှောက်သွားလိုက်ပါ ... မကြာခင် ရထားလုံး တစ်စင်း ရပ်ထားတာ တွေ့ပါလိမ့်မယ်။ ”
“ ကျေးဇူးအများကြီးတင်ပါတယ်။ ”
စုရီက လှည့်ထွက်သွားသည်။
( ဟမ့် ... ဒီလောက်မောက်မာတဲ့ ကောင်လေးက ကျေးဇူးတင်ရမှန်း တကယ် သိသေးတာပဲ။ )
ဝမ်လျူတစ်ယောက် အနည်းငယ် သက်တောင့်သက်သာ ရှိသွားလေသည်။ ထိုစဉ် စုရီက လမ်းတဝက်မှ ပြန်လှည့်ကြည့်ပြီး၊
“ မင်းကို အကြံတစ်ခုပေးချင်တယ် ... ဂီတကမင်းနဲ့မသင့်လျော်ဘူး နောင်မှာမတီးပါနဲ့ မဟုတ်ရင် သီချင်းကောင်းတွေကို ပျက်စီးသွားစေလိမ့်မယ်။ ”
-ဟု ပြောကြားတော့၏။
သည့်နောက် လက်နှစ်ဖက် နောက်ပို့ကာ လက်ဖက်ရည်ဆိုင်ထဲမှ လှမ်းထွက်သွားချေပြီ။ ဝမ်လျူခမျာ ရှက်ရွံ့ပြီး ကျန်ရစ်ခဲ့၏။
မဝေးသော အဆောက်အဦးတစ်ခု၏ ခေါင်းမိုးပေါ်တွင် ဟွာမျိုးနွယ်စုခေါင်းဆောင်က ရပ်ကာ ထိုမြင်ကွင်းကို ကြည့်နေသည်။
သူ့မျက်နှာတွင် ဝမ်းနည်းခြင်းနှင့် ဒေါသများပြည့်နှက်နေပြီး နဖူးရှိသွေးကြောများ ပေါက်ထွက်ကုန်၏။
ခရမ်းရောင် ၀တ်စုံဖြင့် ဂုဏ်သိက္ခာရှိသော ရုပ်သွင်သည် အလွန်အမင်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေချေပြီ။
သူ့ပတ်ဝန်းကျင်ရှိ ဟွာမိသားစု၏ အထက်တန်းစား အကြီးအကဲများသည်လည်း မှုန်ကုပ်ကုပ်ဖြစ်နေ၏။
အဆုံးတွင် ဟွာတျန်သည် သူ့အသက်ကို ပေးဆပ်ခဲ့သော်မှ အရာမထင်ခဲ့ချေ။ ဤသည်မှာ သူတို့ လက်မခံနိုင်သောအရာပေပင်။ ထိုအချိန်တွင်၊
“ ဒီညကိစ္စတွေကို ... ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်။ ”
-ဟူသော အသံတစ်သံ ထွက်ပေါ်လာသည်။
လူတိုင်းက လှည့်ကြည့်လိုက်ရာ အဝေးတစ်နေရာမှ အနက်ရောင် တောင်ဝှေး တစ်ချောင်းကိုင်ထားသည့် အဖိုးအိုတစ်ဦး လှမ်းလာနေသည်ကို မြင်လိုက်ရ၏။
“ အကြီးအကဲရွှေ ... မင်းဘာလို့ ဒီကို ရောက်နေရတာလဲ။ ”
ဟွာမိသားစုခေါင်းဆောင်က အလွန် အံ့အားသင့်သွားသည်။ ထိုမြင်ကွင်းကို အဝေးမှ လူနှစ်ယောက်သည်လည်း စိတ်ဝင်တစား စောင့်ကြည့်နေ၏။
သူတို့သည် ချင်းရီတာအိုဂိုဏ်းမှဖြစ်ကာ မြောင်ဟုန်အတွက် လက်စားချေရန် စုရီအပေါ် ခြေရာခံလိုက်နေသည့် အကြီးအကဲများပေပင်။
“ ဒါက ရှင်းပါတယ် ခေါင်းဆောင်ဟွာ ... ၊ ကျေးဇူးပြုပြီး ဒီညဖြစ်ပျက်ခဲ့တာတွေကို ဒီမှာပဲ ရပ်စေချင်လို့ပါ။ ”
“ အကြီးအကဲရွှေ၊ ငါ့ဦးလေး ဒီညဒီမှာ သေသွားပြီ အခုမင်းငါတို့ကို ရပ်စေချင်နေတာ သေချာလား။ ”
ဟွာမိသားစု ခေါင်းဆောင်က စိတ်မသက်မသာဖြင့် အေးစက်စွာ မေးမြန်း လိုက်လေသည်။ အကြီးအကဲရွှေမှ ခေါင်းယမ်းပြပြီး၊
“ ငါအမိန့်အတိုင်း ဆောင်ရွက်နေတာပါ။ ”
-ဟု ဆိုလိုက်၏။
တော်ဝင်မြို့တော်တွင် အကြီးအကဲရွှေ၏ အဆင့်အတန်းသည် အလွန်မွန်မြတ်ပြီး သာလွန် ကောင်းမွန်သည်။
မဟာရှမင်းဆက်တွင် ထိုသူကို အမိန့်ပေးနိုင်သူသည် တစ်ဦးတည်းသာရှိသဖြင့် ဟွာမိသားစုခေါင်းဆောင်ခမျာ ခန္ဓာကိုယ်အနှံ့ တောင့်တင်းသွားတော့၏။
“ ဒါပါပဲ ... ဘာလုပ်ရမယ်ဆိုတာကို မင်းကိုယ်တိုင် ဆုံးဖြတ်ချက်တွေချလို့ရပါတယ် နှုတ်ဆက်ပါတယ်။ ”
သူတွေဝေနေစဉ် အကြီးအကဲရွှေက နှုတ်ဆက်ကာ ချက်ချင်း လှည့်ထွက်သွား လေသည်။
“ နန်းတော်မှာ အရေးကြီးတဲ့ လူတွေ အများကြီးရှိတယ် ... ငါတို့ဟွာမိသားစုအတွက် ဘယ်သူက ခက်ခဲအောင် ဒီလိုလုပ်နေတာလဲ။ ”
အကြီးအကဲတချို့က မကျေမနပ်ဖြင့် မှုန်ကုပ်ကုပ် ညည်းတွားလိုက်သည်။ သူတို့သည် မဟာရှ၏ ပထမတန်းစား မျိုးနွယ်စုသုံးခုအနက် တစ်ခုဖြစ်လေရာ သဘာဝအတိုင်း အခြေခံ အုတ်မြစ်ခိုင်မာ၏။
“ လူမိုက်တွေ ... ။ ”
သာမာန်တော်ဝင် ပုဂ္ဂိုလ်များသည်ပင် ဟွာမိသားစုအပေါ် လွယ်လွယ်မစော်ကားဝံ့ချေ။ သို့သော် မိသားစုခေါင်းတောင် ဟွာမင်ယွမ်က စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
သူ့စကားအသုံးအနှုန်းကြောင့် လူတိုင်းမောဟိုက်ကုန်ကာ မျက်နှာများလုံးဝ ပြောင်းလဲသွားကြ၏။
“ ပြန်ရအောင် ... ဒီည အဖြစ်အပျက် ဒီမှာတင်ပြီးပြီ။ ”
ဟွာမင်ယွမ်က လှည့်ထွက်သွား၏။ ဤတစ်ကြိမ်၌ ဟွာမိသားစုသည် ကြီးစွာသော ဆုတ်ယုတ်မှုကို ခံစားလိုက်ရချေပြီ။
“ ပြန်ရအောင် ... တော်ဝင်မိသားစုက ဝင်ရောက်စွက်ဖက်နေတယ် ဒီလိုကိစ္စကြီးကို ဂိုဏ်းချုပ်ပဲ ဆုံးဖြတ်ပါစေ။ ”
အဝေးရှိ လူနှစ်ယောက်သည်လည်း အကြီးအကဲရွှေ၏ စကားများကို ကြားနိုင်သဖြင့် ပြန်လည်ဆုတ်ခွာသွားတော့သည်။
ထိုညတွင် တိမ်လွှာရေကန်သည် အလွန်အသက်ဝင်လာ၏။ ဟွာတျန်သေဆုံးခြင်း သတင်းများ ပျံ့နှံ့သွားသောအခါ လူတိုင်း အပြေးလာကြည့်ကြသည်။
“ ကျောက်စိမ်းရောင်ဝတ်လုံနဲ့ လူငယ်တစ်ယောက်က အကြီးအကဲဟွာကို သတ်လိုက်တာလား။ ”
လူအုပ်အတွင်း စကားများကို နားထောင်လျက် ဝမ်ရှင်းကျောက်တစ်ယောက် မရေမရာဖြစ်လာခဲ့၏။
သူမသည် ရိုးရှင်းသော ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး နတ်သမီးအလား ပြေပြစ်သော ရောင်ဝါများထွက်ပေါ်နေသည်။
သူမဘေးရှိ အင်မော်တယ်ဟန်ယန်သည် မျက်ဝန်းများမှေးစင်းလျက် အနည်းငယ်ငြိမ်သက် နေချေပြီ။
အတွင်းအကြီးအကဲ ဟွာတျန်သည် ဝိညာဉ်ထင်ရှားခြင်း အလယ်အလတ်အဆင့်တွင် ရှိနေသူဖြစ်သည်။
“ ငါတို့ ခြေတစ်လှမ်းတောင် နောက်ကျ နေသေးတယ် ... ။ ”
အဆုံးတွင် အင်မော်တယ်ဟန်ယန်က သက်ပြင်းချလျက် မှတ်ချက်ပေးလိုက်တော့၏။ သူမသည် ယခုတစ်ကြိမ်တွင် ဝမ်ရှင်းကျောက် နှင့်အတူ စုရီကိုကြည့်ရှုပြီး ဟွာတျန်အပေါ် တားဆီးရန် မြို့တော်သို့လာခြင်း ဖြစ်သည်။
“ ဆရာ ... ငါအရင်ကပြောတယ် မဟုတ်လား ဆရာစုကိုရန်သူအဖြစ် ဆက်ဆံရင် တန်ဖိုးတစ်ခုပေးရလိမ့်မယ်။ ”
ဝမ်ရှင်းကျောက်သည် အကြီးအကဲဟွာ သေဆုံးမှုနှင့် ပတ်သက်ပြီး အခြားခံစားချက်များ မရှိချေ။
ဟန်ယန်၏ လှပသော မျက်လုံးများ ပြူးကျယ်သွားကာ ချက်ချင်း ခေါင်းခါလျက်၊
“ မင်းက စုရီ သတ်တယ်လို့ ပြောချင်နေတာလား ... ဒါမဖြစ်နိုင်ပါဘူး မူလ နန်းတော်အဆင့် လူငယ်တစ်ယောက်က ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။ ”
“ ဒါပေမယ့် ... အခု အကြီးအကဲဟွာကို သတ်သွားတဲ့ လူငယ်ရဲ့ပုံစံက ဘာလို့ဆရာစုနဲ့ အရမ်းတူနေရတာလဲ။ ”
“ ကောင်မလေး မင်းစကားတွေကို ရပ်လိုက်ပါ ဒီအကြောင်း ... ငါတို့နောက်မှ ပြောရအောင်။ ”
ပုံမှန်အတိုင်းဆိုသော် ဝိညာဉ် ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဤသို့ အသတ်ခံရခြင်းအပေါ် ထူးထွေဆန်းပြားနေမည် မဟုတ်ချေ။
သို့သော် ဟွာတျန်သည် မတူဘဲ ဝိညာဉ်ထင်ရှားခြင်း အလယ်အလတ်အဆင့်တွင် ရှိနေကာ သာမာန်ထက် သာလွန်သော ဝှက်ဖဲများစွာရှိသူဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် ဝမ်ရှင်းကျောက်က၊
“ ဆရာ၊ ဆရာစုကိုတွေ့ရင် အဖြေကို သိရလိမ့်မယ်။ ”
-ဟု စိတ်လှုပ်ရှားစွာ အကြံပြု၏။ အင်မော်တယ် ဟန်ယန်မှ ခေါင်းညိတ်လျက်၊
“ ဒီအဖြစ်အပျက်က စုရီကြောင့် မဟုတ်ရင်တောင် ... သူနဲ့ ပတ်သတ်နေမှာကို ငါကြောက်မိတယ် ... နောက်ဆုံးတော့ ...
... ဟွာတျန်တစ်ယောက် မြို့တော်ဆီ ရောက်လာရတဲ့ ရည်ရွယ်ချက်က ... ဒီစုရီကို သတ်ဖို့ပဲ မဟုတ်လား။ ”
-ဟု တုန့်ပြန် ပြောကြားလိုက်တော့သည်။
***