အရင်းအမြစ်များ လဲလှယ်ခြင်း။
Vol. 35 Ch. 415
ကောင်းကင်ဘုံ တောင်ထိပ်သည် ပေသုံးထောင်မြင့်မားကာ တိမ်ပင်လယ်အတွင်း တိုးဝင်ပျောက်ကွယ်နေ၏။
မြင့်မားလှသော တောင်ထိပ်ချောက်ကမ်းပါး တစ်နေရာတွင် ကျောက်စိမ်းနန်းတော်တစ်လုံး အဖော်မဲ့စွာ တည်ရှိနေသည်။
ထိုကျောက်စိမ်းနန်းတော်ထဲတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လက်ရန်းကိုကိုင်လျက် အဝေးထံငေးနေ၏။
ညဥ့်နက်နေသော်လည်း ကြယ်ရောင်စုံ ကောင်းကင်ကြီးသည် ငွေရောင်အလင်းပွင့်များ ပြည့်နှက်နေသည်။
ဤသည်မှာ တော်ဝင်မြို့တော်ရှိ အကျော်ကြားဆုံး ရှုမျှော်ခင်း ရှစ်ခုအနက်မှ တစ်ခု ဖြစ်၏။ ‘ကြယ်ရောင်ကောင်းကင်နှင့် တိမ်ပင်လယ်’-ဟု အမည်တွင်သည်။
ခေတ်အဆက်ဆက် မဟာရှမင်းဆက်၏ တော်ဝင်မိသားစုမှ လူအနည်းငယ်မျှသာလျှင် ဤရှုခင်းကို ခံစားခွင့်ရရှိကြ၏။
“ မူလနန်းတော်အဆင့်နဲ့ ဟွာတျန်ကို သတ်လိုက်တာလား ... အမှောင်ခေတ်မတိုင်ခင် ဆိုရင်တောင် ဒီလိုအရည်အချင်းမျိုးက ပြိုင်ဘက်ကင်းပါပဲ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့အကြည့်များပြန်ဆုတ်လျက် သက်ပြင်းချကာ မှတ်ချက်ပေးလိုက်သည်။ သူ့အနားရှိ ဝမ်လျူမှ၊
“ ပွင့်ပွင့်လင်းလင်း ပြောရရင် သခင်၊ ဒီညစုရီရဲ့ အစွမ်းသတ္တိအရ ကမ္ဘာပေါ်မှာ ဒီလို ပါရမီရှင်တွေ ရှိနေတယ်ဆိုတာကို မယုံနိုင်စရာပါပဲ။ ”
-ဟု ထောက်ခံ၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး၊
“ မိုးပြာတိုက်ကြီးမှာ မရှိတာနဲ့ပဲ ... ဒီကမ္ဘာကြီးမှာ မရှိဘူးလို့ မင်းပြောလို့မရဘူး တာအိုခရီးလမ်းမှာ အံ့ဩစရာတွေနဲ့ ပြည့်နှက် နေတာသဘာဝပါပဲ ... ရှောင်ချီရဲ့ အမေကိုပဲ ဥပမာယူကြည့် သူမက ... ။ ”
စကားပြောနေစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရုတ်တရက် စကားရပ်သွားပြီး လွမ်းဆွတ်လာသော အရိပ်အယောင်များ ပေါ်လာလေသည်။
ထို့နောက် ခဏအကြာ၌ အသက်ပြင်းပြင်းရှူလျက် လက်ဝှေ့ယမ်းကာ၊
“ ဒီအကြောင်း မပြောပါရစေနဲ့။ ”
-ဟု စကားဖြတ်လိုက်တော့၏။
“ သခင်၊ ဟွာမျိုးနွယ်စုရဲ့ အကြီးအကဲဟွာမင်ယွမ်က ပြန်သွားပါပြီ။ ”
ထိုစဉ် အကြီးအကဲရွှေက လျင်မြန်စွာ ရောက်ရှိလာပြီး သတင်းပို့၏။ သူ့စကားကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ကာ၊
“ တောအုပ်ထဲမှာ သစ်ပင်တစ်ပင်က ပေါ်လွင်လွန်းရင် လေကြောင့် ပျက်စီးရတယ် စုရီရဲ့ လက်ရှိခွန်အားနဲ့ဝှက်ဖဲက ဟွာတျန်ကို သတ်ပစ်ဖို့ လုံလောက်ပေမယ့် သူ့မှာ ...
... ဂိုဏ်းမရှိ၊ မိသားစုမရှိ၊ ဆရာ မရှိတာမို့ လူမိုက်တချို့ရဲ့ ပစ်မှတ်ထားခံလာရရင် ဒါက သူ့ကို ဒုက္ခဖြစ်စေလိမ့်မယ်။ ”
“ သခင်ပြောတာ မှန်ပါတယ် ... အပေါ်ယံအမြင်အရတော့ လက်ရှိမဟာရှာဟာ ငြိမ်သက်နေပေမယ့် အမှောင်တားမြစ် စွမ်းအင်ကနေ လွတ်မြောက်လာတဲ့ ...
... ရှေးဟောင်းဂိုဏ်းတချို့နဲ့ ... တခြားကမ္ဘာကနေ ဝင်ရောက်ထားတဲ့ လူတွေ အားလုံး ... လှုပ်လှုပ်ရှားရှားဖြစ်နေကြတာ သိသာနေပါတယ် ...
... ဒီလိုအခြေအနေမျိုးမှာ ... ဒီစုရီရဲ့ လုပ်ရပ်ကြောင့် လူတိုင်းအာရုံကို ဖမ်းစားနိုင်ပြီး သူ့အတွက် ဒုက္ခတွေ ဖြစ်လာလိမ့်မယ်။ ”
အကြီးအကဲရွှေမှ မှတ်ချက်ဝင်ပေးသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ် လိုက်ပြီး၊
“ အဖိုးကြီးကိုး၊ စုရီနဲ့ပတ်သက်တဲ့ သတင်းမှန်သမျှကိုတားဆီးဖို့ မင်းရဲ့အရိပ် အစောင့်တွေကိုသုံးပါ ... ငါတို့တတ်နိုင်သမျှ ဒီသတင်းကို လျှို့ဝှက်ထားရမယ်။ ”
-ဟု လှည့်ကာအမိန့်ပေးသည်။
ရေကန်တိုက်ပွဲအသေးစိတ်ကို သိရှိရန်မှာ လူတိုင်းအတွက် ခက်ခဲမည်မဟုတ်ကြောင်း သူ ကောင်းစွာသိ၏။ သို့သော် လုပ်စရာရှိသည်ကို လုပ်ဆောင်ရပေမည်။
တစ်ဖက်တွင် ဟွာမိသားစုသည် အဓိက မျိုးနွယ်စုတစ်ခုအနေနှင့် ရှက်စရာကောင်းသော ရှုံးနိမ့်မှုအကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဝံ့မည်မဟုတ်ကြောင်း သူသိထား၏။
တိမ်လွှာ ကောင်းကင် နန်းတော်သည်လည်း ထိုနည်းလည်းကောင်းပေပင်။ ကျန်ချင်းရီတာအို ဂိုဏ်းအတွက်မူ သတိပေးပြီးဖြစ်၏။
“ သခင် ... ဒါက အဲဒီကောင်လေးရဲ့ အညစ်အကြေးတွေကို ကူညီပြီး သန့်ရှင်းရေး လုပ်ပေးနေရသလိုမျိုး ငါခံစားရပါတယ်။ ”
ဝမ်လျူမှ မကျေမနပ်ဆိုသည်။ တစ်ဖက်လူသည် သူ့ဂီတအပေါ် ဝေဖန်မှုအပေါ် ကြေလည်ခြင်းမရှိသေးချေ။ လူလတ်ပိုင်းအရွယ် အမျိုးသာက ခဏမျှအံ့အားသင့်သွားပြီး၊
“ တစ်စုံတစ်ယောက်ဆီကနေ ... အကူအညီကို လိုအပ်တဲ့အခါ ... ဒီနည်းလမ်းက နှိမ့်ချစွာ တောင်းခံမှုလို့ခေါ်တယ် ... ဆန္ဒရှိသည် ဖြစ်စေ ... မရှိသည်ဖြစ်စေ လုပ်ဆောင်ရမယ်။ ”
“ သခင်၊ ဒီကောင်လေးစုရီက အဲဒါကို သဘောမပေါက်ဘူးလို့ ငါသံသယရှိမိပါတယ် သူက ငါတို့တွေ ဝင်စွက်ဖက်မှာကိုတောင် တားမြစ်ခဲ့တယ် မဟုတ်လား။ ”
အကြီးအကဲရွှေမှလည်း ဝင်ရောက် ပြောကြား၏။ လူလတ်ပိုင်းအရွယ် အမျိုးသားက ခဏမျှစဉ်းစားပြီး၊
“ သူ့ကို သတ်ချင်တဲ့လူတွေကို ... ငါတို့မတားဘူး ဒါပေမယ့် သူရှုပ်ခဲ့သမျှတွေကို ငါတို့ရှင်းပေးမယ် ဒီလောက်ပါပဲ။ ”
-ဟု တုန့်ပြန်လိုက်လေသည်။
မနက်စာစားသုံးပြီးနောက် စုရီသည် ရေကန်ထဲသို့ လပိုးကောင်များကို ပစ်ချနေစဉ် တံခါးခေါက်သံ ထွက်ပေါ်လာကာ လူလတ်ပိုင်း အရွယ် အမျိုးသားနှင့် ဝမ်လျူရောက်ရှိလာ၏။
“ သခင်လေးစု၊ ဒါတွေက ငါ့သခင် ပြင်ဆင်ထားတဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေပဲ ကျေးဇူးပြုပြီး လက်ခံပေးပါ။ ”
ဝမ်လျူက သိုလှောင်အိတ်တစ်လုံး ထုတ်ယူကာ ရိုရိုသေသေ ပေးအပ်လိုက်သည်။ စုရီမှ သိုလှောင်အိတ်ကိုယူကာ စူးစမ်းကြည့်၏။
ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံး သုံးထောင်နှင့် သတ္တမတန်း ဝိညာဉ်ကျောက်တုံး တစ်ရာဖြစ်သည်။
ဤပမာဏသည် ကျောက်စိမ်းအိုးပြည်နယ်ရှိ ကျိုးမိသားစု၏ ဝိညာဉ်မိုင်းတွင်းများ အားလုံးကို ရောင်းချလိုက်လျှင်ပင် မရနိုင်ချေ။
ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံးသည် ထိပ်တန်းရှားပါးပစ္စည်းမျိုးဖြစ်ကာ သတ္တမတန်း ဝိညာဉ်ကျောက်တုံးအတွက်မူ မိုးပြာတိုက်ကြီး၌ ရှာတွေ့ရန် မလွယ်သောရတနာဖြစ်၏။
သတ္တမတန်း ဝိညာဉ်ကျောက်တုံး တစ်လုံးသည် ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံး တစ်ရာနှင့် ညီမျှပြီး ၎င်းတို့ကို လဲလှယ်ရန် ခက်ခဲသည်။
အထူးသဖြင့် သတ္တမတန်း ဝိညာဉ်ကျောက်တုံးတွင်ပါရှိသော စွမ်းအင်၌ တာအိုကျက်သရေပါရှိ၏။ ထို့ကြောင့် ဝိညာဉ် တာအိုနယ်ပယ် ကျင့်ကြံသူများအတွက် များစွာအကျိုးရှိသည်။
သာမာန်အခြေအနေများအောက်တွင် ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် အဆင့်ချိုးဖြတ်လိုသော် သတ္တမတန်း ဝိညာဉ်ကျောက်တုံးကိုသာ အသုံးပြု၏။
“ တကယ် ရက်ရောတာပဲ ... ။ ”
ထို့ကြောင့် ဤသတ္တမတန်း ဝိညာဉ်ကျောက်တုံးတစ်ရာသည် များပြားသော ပမာဏဖြစ်သဖြင့် စုရီမှ အံ့သြလာသည်။
“ တာအိုမိတ်ဆွေပေးမဲ့ အကူအညီနဲ့ ယှဉ်ရရင် ... ဒီဝိညာဉ်ကျောက်တုံးတွေက ဘာမှ မဟုတ်ပါဘူး။ ”
“ ဒီမှာ ဝင်္ကပါကို ပြုပြင်မဲ့ နည်းလမ်းပါတယ်။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးရယ်လျက်တုန့်ပြန်စဉ် စုရီမှကျောက်စိမ်းတုံး တစ်လုံး ထုတ်ယူပြီး ပစ်ပေးလိုက်သည်။
လူလတ်ပိုင်းအရွယ်အမျိုးသားခမျာ မျက်ဝန်းများ တောက်ပလျက် ဖမ်းယူပြီးနောက် ဖွင့်ကြည့်ရန် အလျင်စလို မပြုချေ။ ယင်းအစား လေးလေးနက်နက် ဦးညွှတ်ပြလိုက်ပြီး၊
“ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ ... ။ ”
-ဟု အရိုအသေပေးလိုက်သည်။
ဤကျောက်စိမ်းတုံးသည် အရိုအသေပေးရန် အမှန်ပင် ထိုက်တန်ချေ၏။ စုရီက ဂရုမစိုက်ဘဲ၊
“ မင်း မကြည့်ဘူးလား။ ”
-ဟု မေးလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြကာ၊
“ ဒီကနေပြန်ရင် ငါဖြည်းဖြည်းချင်း ကြည့်လို့ရပါတယ်။ ”
-ဟု ပြန်ဖြေသည်။ ထို့နောက်၊
“ တာအိုမိတ်ဆွေ ... မနေ့ညက တိုက်ပွဲသတင်းနဲ့ပတ်သတ်ပြီး ပိတ်ဆို့ထားဖို့ကို ငါ့လူတွေလွှတ်ထားတယ် အချိန်တိုအတွင်းမှာ မင်းဟာ ဟွာတျန်ကို သတ်ခဲ့တဲ့သူဆိုတာ ...
... ဘယ်သူမှ မသိစေရပါဘူး ... တိမ်လွှာ ကောင်းကင် နန်းတော်နဲ့ ... ဟွာမိသားစုလည်း သူတို့အတွက် အရှက်ရဖွယ် ဆုတ်ယုတ်မှုကို ...
... သေချာပေါက် ထုတ်ပြန်ဝံ့မှာ မဟုတ်တာမို့ ... မြို့တော်မှာ မင်းစိတ်အေးအေး နေနိုင်ပါပြီ။ ”
ထိုစကားကြောင့် စုရီတစ်ယောက် ရွှင်မြူးသွားလေသည်။ ကြိမ်ကုလားထိုင်ပေါ် ကျောမီချလျက်၊
“ ကောင်းတယ် ... မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကြောင့် ချင်းရီတာအိုဂိုဏ်းက လူတွေ ဆုတ်ခွာသွားမှာ စိုးရိမ်နေတာ ဒါဆို ...
... သူတို့အမှောင်ထဲမှာ အကြာကြီး နေနိုင်လိမ့်မယ်မထင်ဘူး မကြာခင်လက်စားချေ ကြလိမ့်မယ်လို့ ငါထင်တယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
စုရီစကားတွင် ရန်သူများထပ်လာစေရန် မျှော်လင့်ချက် အရိပ်အမြွက်များ ပါရှိနေသဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ဝမ်လျူခမျာ အချင်းချင်း ပြန်ကြည့်လိုက်ကြတော့၏။
***