ငါ့ထက် အားနည်းတယ်။
Vol. 35 Ch. 416
အချိန်အတော်ကြာ တိတ်ဆိတ်သွား ပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားက ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်လေသည်။
“ သခင်လေးစု ... ကိုးရက်နေရင် သစ်ခွခြံဝင်းတာအိုဆွေးနွေးပွဲ စတော့မယ် အခု မြို့တော်မှာ အရမ်းလှုပ်ခတ်နေတယ် ဒီအချိန်မှာ အရမ်းဆူညံတာ မသင့်လျော်ပါဘူး။ ”
ထိုစကားကြောင့် စုရီက ဝမ်လျူထံမော့ကြည့်ကာ၊
“ ငါ့ကိုဒုက္ခပေးသူလို့ မင်းထင်နေတာလား။”
-ဟု ပြန်မေးလိုက်၏။ ဝမ်လျူတစ်ယောက် ကူကယ်ရာမဲ့စွာ ခေါင်းခါပြလိုက်သည်။
“ မဟုတ်ဘူး။ ”
“ ဒါဆို စိတ်မပူနဲ့ ... ငါဒီမှာထိုင်နေပြီး ပြဿနာလာရှာမဲ့လူတွေကို စောင့်မျှော်နေတယ် ငါကိုယ်တိုင် ပျင်းလွန်းတဲ့အတွက် ... မင်း ထင်သလို လုပ်မှာမဟုတ်ပါဘူး။ ”
ဝမ်လျူမှ စကားမဆိုသာတော့ချေ။ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလျက်၊
“ တာအိုမိတ်ဆွေ၊ ဒါက စကြာဝဠာကျွန်းရဲ့ ဝင်ခွင့်တံဆိပ်ပါ။ ”
-ဟု ကမ်းပေးလာ၏။
တံဆိပ်သည် မဟူရာကျောက်စိမ်းဖြင့် ပြုလုပ်ထားကာ လက်ဖဝါး အရွယ်အစားမျှရှိ၏။ စုရီက လက်ခံယူလိုက်သည်။
စကြာဝဠာကျွန်းတွင် အမှောင် တားမြစ်စွမ်းအင်၊ မိုးပြာမူလနှင့်ပတ်သတ်သော သဲလွန်စများ ရနိုင်ခြေရှိ၏။
သူ့အမေသည် ထိုမိုးပြာမူလအတွက် အာကာသဆုံမှတ်ကို ဖြတ်ကာ ရောက်ရှိခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ ထို့ကြောင့် မဟာရှခရီးစဉ်မှာ ၎င်းကိုရှာဖွေရန်ဖြစ်၏။
“ ဟမ့် ... ဒီတံဆိပ်က မြင့်မြတ်တဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတာပဲ ဒါဆိုစကြာဝဠာ ကျွန်းဟာ လျှို့ဝှက်နယ်မြေတစ်ခုလား။ ”
စုရီမေးခွန်းကို လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ပြသည်။
“ မှန်ပါတယ် တာအိုမိတ်ဆွေ ... မင်းမျက်စိကောင်းတယ် ဒီတံဆိပ်ကို လွန်ခဲ့တဲ့ အနှစ်(၃)သောင်းက နတ်တောင်ဂိုဏ်းဆိုတဲ့ နတ်ဆိုးအင်အားစုကနေ ပြုလုပ်ထားတာပဲ သူရှိမှသာ စကြာဝဠာကျွန်းဆီဝင်နိုင်မယ်။ ”
လွန်ခဲ့သောနှစ်ပေါင်း (၃)သောင်းတွင် မိုးပြာတိုက်ကြီး၌ ထိပ်တန်းနတ်ဆိုးဂိုဏ်းကြီး သုံးဂိုဏ်း ရှိခဲ့သည်။
၎င်းတို့အနက် နတ်တောင်ဂိုဏ်းသည် နတ်ဆိုးကျင့်ကြံသူများအတွက် အငြင်းပွားဖွယ် မရှိသော ပြိုင်ဘက်ကင်း မြင့်မြတ်မြေဖြစ်၏။
၎င်းတို့ဘိုးဘေးသည် မိုးပြာတိုက်ကြီး၏ ဧကရာဇ်ကိုးပါးအနက်တစ်ပါးဖြစ်ပြီး အမည်မှာ နတ်တောင်နတ်ဆိုးဧကရာဇ် ပေပင်။
မဟာချင်မင်းဆက် ဝိညာဉ်ပင်လယ်ရှိ အင်မော်တယ်ဓားမျှော်စင်သည် ပထမတန်း နတ်ဆိုးဂိုဏ်းသုံးခု စာရင်းဝင်၏။ ဘိုးဘေး အမည်မှာ ကောင်းကင်ဘုံနတ်ဆိုး ဧကရာဇ်ဖြစ်သည်။
ကျန်နတ်ဆိုးဂိုဏ်းကြီးအမည်မှာ လောင်မြိုက်နေသောနေမင်းဂိုဏ်းဖြစ်ပြီး ဘိုးဘေးသည် ကျီးဝိညာဉ်နတ်ဆိုးဧကရာဇ် ဖြစ်၏။
ဆိုလိုသည်မှာ ထိုဂိုဏ်းကြီးများသည် ဧကရာဇ်အဆင့်ဂိုဏ်းများဟု ခေါ်ဆိုနိုင်သည်။ စုရီမှ စိတ်ဝင်စားလာပြီး၊
“ ဒါဆို စကြာဝဠာကျွန်းက နတ်ဆိုး ကျင့်ကြံသူတွေရဲ့ မြင့်မြတ်မြေတစ်ခုပေါ့။ ”
-ဟု အသိအမှတ် ပြုလိုက်၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ပြီးနောက် အကြောင်းအရာအချို့ကို ဆက်၍ ပြောပြလာသည်။
စကြာဝဠာကျွန်းဝင်ပေါက်ကို နန်းတော်အစောင့်များစွာဖြင့် တင်းကြပ်စွာ ပိတ်ဆို့ ထားသည်။
ခေတ်အဆက်ဆက် စကြာဝဠာတံဆိပ် ရှိသူနှင့် မူလတာအိုနယ်ပယ် ကျွမ်းကျင်သူ များသာ ဝင်ရောက်ခွင့်ရှိ၏။
သို့သော် ခြွင်းချက်မရှိ မည်သူမျှ ပြန်မလာနိုင်ချေ။ ထို့ကြောင့် ဤအရပ်သည် အမှောင်တားမြစ်စွမ်းအားများနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု ယူဆခဲ့၏။
လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀၀)ကပင် နတ်တောင်နတ်ဆိုးဂိုဏ်းသည် အန္တရာယ်ကို သတိပြုမိသောကြောင့် ထိုကျွန်းကို ချိပ်ပိတ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် ဤသည်မှာ ထင်ကြေးမျှသာ ဖြစ်သည်။ စကြာဝဠာကျွန်းအတွင်း မည်သူမျှ လျှို့ဝှက်ဆန်းကြယ်သည်ကို မည်သူမျှ မသိနိုင်ကြချေ။
မကြာသေးမီနှစ်များအတွင်း အမှောင်တားမြစ်စွမ်းအင်များ ပါးလျလာသဖြင့် တံဆိပ်စွမ်းအားသည်လည်း များစွာ လျော့ပါးသွားသည်။
ထို့ကြောင့် ကျွန်းအ၀င်ဝတွင် ထူးဆန်းသောဖြစ်စဉ်များ စိမ့်ထွက်လာသည်ကို မကြာမကြာ မြင်လာရ၏။
စစ်မြေပြင်ကြီးတစ်ခုကဲ့သို့ စစ်ဗုံများ တီးမှုတ်နေသည့် အသံများကို ပြတ်တောင်း ပြတ်တောင်း ကြားနေတတ်သည်။
“ ဒီကျွန်းဟာ မြို့တော်နဲ့ မိုင်ပေါင်း (၈၀၀၀၀)ကျော်အကွာမှာရှိတဲ့ ဥက္ကာဂူကြီးမှာ ရှိတယ် ... ဝင်ပေါက်က ပေသုံးထောင်ကျော်တဲ့ လေထဲမှာ လွင့်မျောနေတယ် ...
... သူ့ဆီကို ရှေးဟောင်း တည်နေရာရွေ့ပြောင်း အစီရင်တစ်ခုကနေ ဝင်ရောက်ရတယ် ... ဒါနဲ့တာအိုမိတ်ဆွေ သစ်ခွခြံဝင်းတာအိုဆွေးနွေးပွဲတက်ဖို့ မင်းမှာအစီအစဉ်ရှိလား။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်ဝင်တစား လှည့်မေးသည်။ ဤပွဲတော်တွင် မိုးပြာတိုက်ကြီး၏ မရေမတွက်နိုင်သော ထူးချွန် ထက်မြက်သူများအတွက် စင်မြင့်ဖြစ်၏။
ဤပွဲတွင် ပါဝင်သူများအပေါ် အလွန်ရက်ရောသော ဆုလာဘ်များ ပေးထား ချေပြီ။ စုရီမှ သူ့ကို ပြန်ကြည့်၏။
“ ဒီသစ်ခွခြံဝင်းတာအိုဆွေးနွေးပွဲမှာ ငါ့အတွက် ပြိုင်ဘက်ရှိလို့လား။ ”
ထိုမေးခွန်းက လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ဝမ်လျူကို ကူကယ်ရာမဲ့သွားစေ တော့သည်။ အပြင်လူတစ်ယောက်သာ ဆိုသော် ထိုအမူအရာနှင့် စကားအသုံးအနှုန်းသည် ရိုက်ပေါက်ဖြစ်ပေမည်။
ယခုမူ စုရီနှင့် အချိန်အတော်ကြာ ဆက်ဆံကြည့်ပြီးနောက် သာမန်ဖြစ်လာသည်။ သို့တိုင် ဤမေးခွန်းသည် နားစည်အတွင်း ဝရုန်းသုန်းကား နိုင်နေဆဲပေပင်။
စုရီအတွက်မူ ထိုဆွေးနွေးပွဲသည် အချိန်ဖြုန်းခြင်းမည်သည်။ ဆုလာဘ်များသည် ပေးအပ်လာသည့် ဝင်္ကပါအတွက် လဲလှယ်သော ဝိညာဉ်ကျောက်တုံးများကို ယှဉ်နိုင်မည် မဟုတ်ချေ။
ထို့ပြင် လျှို့ဝှက်နယ်မြေသို့ ဝင်ခွင့်တံဆိပ်ကိုလည်း ရရှိထားခဲ့ပြီဖြစ်ရာ မည်သူသည် အပင်ပန်းခံမည်နည်း။
ဤအချိန်တွင် အဝေးမှ တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည့် အသံဗလံများ ကြားလိုက်ရ လေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ် မျက်မှောင်ကြုတ်ကာ၊
“ တိမ်လွှာရေကန်မှာ တစ်ယောက်ယောက် စိန်ခေါ်ပွဲရှိနေတာလား။ ”
-ဟု ရေရွတ်လိုက်၏။
“ ဝိညာဉ်ထင်ရှားခြင်း အဆင့် ရောင်ဝါပဲ။ ”
ဝမ်လျူမှ အံ့သြစွာပြောသည်။ ဆံပင်ဖြူဖြူ အနက်ရောင်ဝတ်လုံနှင့် ကြေးဝါလှံတစ်စင်းကို ကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကောင်းကင်ပေါ် ပျံတက်လာ၏။
သူ့ပြိုင်ဘက်သည် မီးခိုးရောင်ဝတ် လူငယ်တစ်ဦးဖြစ်ပြီး ရှုပ်ပွနေသော ဆံပင်တိုတို များဖြင့် ချောမောလှပချေပြီ။
လူငယ်သည် လက်နက်မဲ့ဖြစ်ပြီး ကြယ်စုစည်းခြင်း အဆင့်တွင်ရှိသော်လည်း တိုက်ပွဲအပေါ် လွှမ်းမိုးထားနိုင်သည်။
လက်သီးချက်တိုင်းသည် ကမ္ဘာကြီးကို ဇောက်ထိုးလှန်လိုက်သကဲ့သို့ ယင်ယန်တာအို ကျက်သရေပါရှိနေ၏။
သူ့ပြိုင်ဘက်သည် ဝိညာဉ်ထင်ရှားခြင်း အဆင့်၌သာရှိသော်လည်း ထိုစွမ်းအားအောက်၌ အကြိမ်ကြိမ်ဒဏ်ရာရနေသည်။
“ ဒီကောင်လေးက ဘယ်သူလဲ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်ဝင်စားသွားသည်။ ဝမ်လျူက မျက်ဝန်းများ မှေးစင်းကြည့်ကာ၊
“ မဟာစုန့်မင်းဆက် နယ်မြေကနေ နိုးထလာတဲ့ ရှေးဟောင်းပါရမီရှင်တစ်ယောက် သူ့အမည်က ကျန်းဖူပဲ လွန်ခဲ့တဲ့လဝက်က မြို့တော်ကို ဝင်ရောက်လာခဲ့တယ် ...
... သူ့ဘေးမှာ ကျွန်လို့ယူဆတဲ့ လူလတ်ပိုင်းအရွယ် ကာကွယ်သူတစ်ယောက် ရှိနေပါတယ် ဦးလေးလင်းလို့ခေါ်တယ်၊ ဝိညာဉ် တာအိုနယ်ပယ်အဆင့် ဖြစ်နိုင်တယ်။ ”
“ ဒီကောင်လေးကျန်းဖူက ... ကြယ်စုစည်းခြင်းအဆင့်နဲ့ ထျန်မိသားစုရဲ့ မဟာ အကြီးအကဲ ထျန်ရှောင်ရှန်းကို နှိမ်နင်း နိုင်နေတယ် ... ဒီလိုခွန်အားက မယုံနိုင်စရာပါပဲ။ ”
ထျန်မိသားစု မဟာအကြီးအကဲသည် မြို့တော်တွင် ထိပ်တန်းမဟုတ်နိုင်သော်လည်း ပထမအဆင့်အဖြစ် ယူဆနိုင်၏။
ယခုမူ အမည်မဲ့ လူငယ်တစ်ယောက်၏ ရိုက်နှက်မှုကို ခံနေရချေပြီ။ လူလတ်ပိုင်းအရွယ် အမျိုးသားက စုရီထံ လှည့်ကြည့်ကာ၊
“ တာအိုမိတ်ဆွေ ... ကျန်းဖူးကို မင်းဘယ်လိုမြင်လဲ။ ”
-ဟု စူးစမ်းလိုက်သည်။
စုရီက ကောင်းကင်ပေါ်ရှိ တိုက်ပွဲထံ မျှော်ကြည့်လိုက်သည်။
“ သူဟာ ပျိုးပင်ကောင်းပဲ ... သူ့မှာ မြေဒြပ်စင်တာအိုကျက်သရေရှိပြီး ထိပ်တန်း လက်သီးကျမ်းကို အမွေဆက်ခံထားတယ် ... သူ့ရဲ့အုတ်မြစ်ဟာ တူညီတဲ့နယ်ပယ်မှာ အဆပေါင်းများစွာ ခိုင်မာပြီး ...
... ရှေးခေတ်က ပါရမီရှင်တွေထဲ တစ်သောင်းမှာ တစ်ယောက်ပဲ တွေ့နိုင်တယ် တကယ်မဆိုးဘူး။ ”
သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် ဝမ်လျူမှ သဘောတူကြောင်း ခေါင်းညိတ်ပြ လိုက်လေသည်။
“ မင်းပြောတာမှန်တယ် သခင်လေး ဒီကျန်းဖူးက တကယ်ပဲ ရှေးခေတ်ဘီလူးတွေထဲ ကောင်းကင်ကို အံတုနေပါတယ်။ ”
“ ငါ့စကား မပြီးသေးဘူး။ ”
စုရီက မျက်မှောင်ကြုတ်ကာ ပြောကြားလိုက်သည်။ ဝမ်လျူနှောက်ယှက်မှု အပေါ် အတော်ပင် စိတ်ပျက်နေ၏။ ဝမ်လျူမှ ခေါင်းကုတ်လိုက်ပြီး၊
“ မင်းမှာ တခြားအမြင် ရှိလိမ့်ဦးမယ်လို့ ငါမသိခဲ့ဘူး တောင်းပန်ပါတယ် သခင်လေး။ ”
-ဟု အမြန်ဆိုလိုက်သည်။
သို့သော် စုရီသည် နောက်ထပ်မှတ်ချက် ထပ်ပေးရန် စိတ်အနှောက်အယှက် ဖြစ်သွားပြီး လျစ်လျူရှုလိုက်၏။
“ အဟမ်း ... အခုမြို့တော်က ပိုပြီး အသက်ဝင်လာပြီ ငါတို့အတူတူ သွားကြည့်ချင် သလား တာအိုမိတ်ဆွေ ... ။ ”
လေထုမှာ ပြောင်းလဲသွားသောကြောင့် လူလတ်ပိုင်းအရွယ်အမျိုးသားမှ ချောင်းဟမ့်ကာ အပြုံးဖြင့် မေးမြန်းလိုက်သည်။
စုရီက ကြိမ်ကုလားထိုင်ပေါ်တွင် လဲလျောင်းလျက် မျက်ဝန်းများမှိတ်ချလိုက်ကာ ခေါင်းရမ်းပြပြီး၊
“ သူက ငါ့လောက်မတော်ဘူး။ ”
-ဟု တဆက်တည်း မှတ်ချက်ပြု လိုက်တော့၏။
သခင်နှင့် ကျွန်တို့သည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်မိပြီး နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။ သို့မှသာ စုရီက တစ်စုံတစ်ရာကို တွေးမိလျက်၊
“ အထင်မလွဲနဲ့ မူလတာအိုနယ်ပယ် သူ့ရဲ့အုတ်မြစ်နဲ့ ... နားလည်မှုတွေက ငါ့ထက် အများကြီးနိမ့်ကျတယ်လို့ ပြောချင်တာ ... ။ ”
-ဟု ပြန်ပြောင်း ပြောကြားလိုက်၏။
ကျန်းဖူကဲ့သို့သော လူငယ်တစ်ဦးနှင့် သူ့ကိုယ်သူ နှိုင်းယှဉ်နေခြင်းသည် သူ့ပုံရိပ်ကို များစွာ ထိခိုက်စေမှန်း နားလည်လိုက်၏။
သခင်နှင့် ကျွန်သည် စုရီအတွေးများကို မကြားနိုင်သော်လည်း ခန့်မှန်းနိုင်သောကြောင့် ပို၍ မသက်မသာဖြစ်သွားသည်။ မာနခြင်း ယှဉ်သော် ဤစုရီကို မည်သူမျှ မနိုင်ချေ။
“ ဝုန်း ... ။ ”
ထိုအချိန်တွင် ထျန်မိသားစု မဟာအကြီးအကဲသည် ကောင်းကင်မှ ပြုတ်ကျ သွားတော့သည်။
***