တပည့်ကြီး ယွီဝမ်ရှ ... ။
Vol. 35 Ch. 418
တော်ဝင်မြို့တော်သည် အလွန်ကြွယ်ဝချမ်းသာကာ လူနေထူထပ်၏။ လမ်းမကြီးများပေါ်တွင် တွန်းလှည်းများနှင့် ရထားလုံးများ ပြည့်နေသည်။
“ အစ်ကိုစု၊ မင်းသတိထားမိလား ... ငါတို့တစ်လမ်းလုံး ကျောက်စိမ်းရောင်ဝတ် လူငယ်တွေအများကြီး မြင်နေရတယ်။ ”
ယွီရှစ်ချန်မှ မထိန်းနိုင်ဘဲ ပြောသည်။ သို့မှသာလျှင် စုရီက သတိထားမိသွားကာ ပြုံးလိုက်မိ၏။
“ ဒါက သူတို့ရွေးချယ်မှုပဲ ဘာလို့ တွေးနေရတာလဲ။ ”
“ ပုံမှန်ဆို ကျောက်စိမ်းရောင်၀တ်စုံကို အစ်ကိုစုပဲ ဝတ်တတ်တာလို့ ငါသိထားတာလေ အခုတော့ မင်းနဲ့တူတဲ့လူငယ်တွေ အများကြီး ဖြစ်နေသလိုပဲ။ ”
“ ဓားသမားတစ်ယောက်အတွက် နှလုံးသားအရေးကြီးဆုံးပဲ အဝတ်အစားဆိုတာ အဆင်တန်ဆာပါ ... ငါတို့တွေ တူညီပုံရပေမယ့် ငါမဟုတ်တာကို သူတို့မသိကြဘူး။ ”
“ တာအိုစု ... မင်းက တော်တော်ယုံကြည်မှုရှိတာပဲ။ ”
ယွီရှစ်ချန်က မရယ်ဘဲ မနေနိုင်တော့ချေ။ စုရီတစ်ယောက် တိတ်ဆိတ်သွား၏။ သူ့စကား အဓိပ္ပါယ်ကို သူမ နားလည်ပုံမရချေ။ ထိုလူ သည်လည်း ထိုနည်းလည်းကောင်း ပေပင်။
စကားစမြည် ပြောကြားလျက်ဖြင့် နှစ်ယောက်သား ရတနာမျှော်စင်သို့ ရောက်ရှိ လာကြသည်။
၎င်းသည် တိမ်မြူမျှော်စင်၊ တေးဆိုငှက်ကလေးများကဲ့သို့သော် မြို့တော်၏ အထင်ကရ မျှော်စင်လေးပါးအနက်မှ တစ်ပါးဖြစ်၏။
မျှော်စင်အတွင်း၌ ရှားပါးပြီး အဖိုးတန်လှသော ရတနာများစွာကို ရောင်းချ ပေးထားသည်။ မည်သူမဆို ကြွယ်ဝသော ငွေကြေးတစ်ခုသာ လိုအပ်ချေ၏။
သူတို့ ရောက်ရှိသွားချိန်တွင် မျှော်စင်တစ်ခုလုံး လူအများဖြင့် ပြည့်ကျပ်နေပြီ ဖြစ်သည်။
များမကြာခင် သစ်ခွခြံဝင်းတာအို နွေးဆွေးပွဲကြီး စတင်ပေတော့မည်။ ထို့ကြောင့် လူတိုင်းသည် သင့်လျော်သောဝှက်ဖဲများရရှိရန် ပြင်ဆင်နေကြ၏။
အစေခံတစ်ယောက်က စုရီနှင့် ယွီရှစ်ချန်ကို ဓားများ အထူးရောင်းချပေးနေသည့် ခန်းမဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုခန်းမသည် လူပိုစည်ကားနေပြီး အသက်အရွယ်မျိုးစုံရောထွေးနေကာ လက်နက် ရောင်းချပေးသည့် စားပွဲတိုင်းတွင် လူအများ စုပြုံနေ၏။
စုရီက မျက်မှောင်ကြုတ်လိုက်သည်။ အခြေအနေအရ သင့်လျော်သော ဓားတစ်လက် ရှာတွေ့ရန် ခက်ပေတော့မည်။
“ တာအိုစုလား ... ။ ”
ရုတ်တရက် နှုတ်ဆက်သံ နှင့်အတူ လူအုပ်အတွင်းမှ အမျိုးသမီးတစ်ယောက် လှမ်းထွက်လာ၏။
သူမသည် ခရမ်းရောင်ဝတ်လုံကို ဝတ်ဆင်ထားပြီး နှင်းရေစက်လေးကဲ့သို့ တက်ကြွတောက်ပနေသည်။
သူမနှင့်အတူ ခမ်းနားသောလေထုကို ထုတ်လွှတ်ထားကာ အစောင့်အဖွဲ့တစ်ဖွဲ့က လိုက်ပါစောင့်ရှောက်နေ၏။
ဤသည်မှာ ကောင်းကင်ဓားဂိုဏ်း၏ အမာခံတပည့် ကျောက်စိမ်းဖီးနစ်နတ်သမီးဟု ခေါ်ဆိုသော ကျန့်လီ ဖြစ်သည်။
“ မင်္ဂလာပါ သခင်မလေး။ ”
“ မင်းရဲ့ နေရာကို ပြန်သွားတော့။ ”
စုရီကို လမ်းပြနေသော အစေခံက ကမန်းကတန်း ဦးညွှတ်နှုတ်ဆက်လိုက်စဉ် ကျန့်လီမှ လက်ပြကာ အမိန့်ပေးလိုက်၏။
“ ငါအမြင်မှားနေတာလို့ ထင်နေတာ တကယ်ပဲ ... တာအိုစု ရောက်လာတာပဲ ... ။ ”
ကျန့်လီက စုရီကို ကြည့်ကာ ပြောကြားလိုက်သည်။ တစ်ဆက်တည်းမှာပင် ယွီရှစ်ချန်ထံ အကြည့်ရွေ့သွားပြီး အနည်းငယ် တုန့်ဆိုင်းသွား၏။
( ဒီအမျိုးသမီး ... တကယ်ပဲ ချစ်စရာ ကောင်းနေတာကိုး။ )
ပန်းချီကားတစ်ချပ်အတွင်း သူရဲကောင်း အမျိုးသမီးတစ်ယောက်ကို မြင်နေရသကဲ့သို့ လှပလွန်းချေပြီ။
ကျန့်လီနှင့်အတူ ကောင်းကင်ဓားဂိုဏ်း၏ တပည့်အချို့လည်း ရှိနေကြသည်။ အထူးသဖြင့် ထောင်ယွင်ချီနှင့်အဖွဲ့သည် စုရီကိုမြင်ချိန်၌ မျက်နှာပြောင်းကုန်၏။
တစ်ဆက်တည်းမှာပင် ယွီရှစ်ချန်၏ အလှကြောင့် ဆွဲဆောင်ခံထားရပြန်သည်။ ကျန့်လီသည်ပင် ယွီရှစ်ချန် ခန်းမအတွင်း ဝင်လာတည်းက သတိပြုမိခဲ့၏။
ထို့ကြောင့် ယွီရှစ်ချန်ဘေးမှ လိုက်ပါလာသောစုရီကိုမြင်ကာ နှုတ်ဆက်ရန် အစပြုခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင် သူမဟူသည်လည်း ယွီရှစ်ချန်ထက် မနိမ့်ကြောင်း လူအများကို ပြသလိုခြင်းလည်းဖြစ်၏။
“ အစ်ကိုစု ငါတို့တွေ့ကြပြီ။ ”
ထိုအချိန်တွင် ချူဟမ်ခုန်က လှမ်းတက်လာပြီး စုရီကိုပြုံးပြကာ ဦးညွှတ် နှုတ်ဆက်လိုက်တော့၏။
ကျန့်လီသည် သာလွန်ကောင်းမွန်သော နောက်ခံဖြင့် ရှင်သန်ကြီးပြင်းလာသူဖြစ်သဖြင့် ယွီရှစ်ချန်ထက် နိမ့်ကျခြင်းမရှိချေ။
ထို့ကြောင့် သူမတို့နှစ်ဦးတည်ရှိမှုသည် လူအများအာရုံကို ဖမ်းစားနိုင်လေသည်။ စုရီက ချူဟမ်ခုန်ထံ ခေါင်းညိတ်ပြလိုက်ပြီး ကျန့်လီကို ကြည့်ကာမေးမြန်းသည်။
“ မင်းရဲ့ ကျန့်မိသားစုအောက်မှာ ဒီစီးပွားရေးရှိနေတာလား။
“ မှန်တယ်၊ မင်းကြိုက်တဲ့ ရတနာတွေတွေ့ရင် ငါ့ကိုပြနိုင်ပါတယ် ကျေနပ်တဲ့ဈေးနဲ့ ငါရောင်းပေးမယ်။ ”
“ ဒီမှာ လက်နက်သန့်စင်ဖို့ နေရာရှိလား။ ”
“ ရှိတာပေါ့ ... ငါတို့ရဲ့ လက်နက် သန့်စင်ခန်းတွေက တော်ဝင်မြို့တော်ကြီးမှာ အကောင်းဆုံးလို့ သတ်မှတ်နိုင်ပါတယ် ...
... လက်နက်သခင်ကို လိုချင်တာလား ဒါဆိုရင် မင်းကိုစိတ်ပျက်စေမှာ ကြောက်တယ် အခုချိန်က သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲ နီးကပ်လာပြီဆိုတော့ လူတိုင်းက လိုအပ်ချက်တွေရှိနေကြတယ် ...
... လက်နက်သခင်တွေ အားလုံးလည်း တာဝန်တွေနဲ့ အားလပ်ချိန်မရှိတာမို့ လက်နက် သွန်းလုပ်ခိုင်းဖို့ မျှော်လင့်ချက် မရှိနိုင်ဘူး။ ”
ထို့နောက် စုရီကို ပြန်ကြည့်ကာ၊
“ ဒါပေမယ့် ... တာအိုစု မင်းတကယ် လိုအပ်နေရင်တော့ ငါမင်းအတွက် လက်နက် သခင်ကို ကြိုးစားရှာကြည့်ပေးနိုင်ပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
လက်ရှိအချိန်၌ သူမနှင့်စုရီသည် ပတ်သတ်မှု မရှိချေ။ ပဋိပက္ခများပင် ဖြစ်ခဲ့ကြပြီး အဆုံးတွင် တောင်းပန်ခဲ့ရ၏။
ယနေ့တွင် စီးပွားရေးသမားတစ်ယောက် ခံယူချက်ဖြင့် စုရီကိုနှုတ်ဆက်ရန်ထွက်လာခြင်း မျှသာဖြစ်သည်။
အမှန်တကယ် ကူညီမည် မဟုတ်ချေ။ ထို့ကြောင့် သူမလေသံအရ စိတ်အားထက်သန် နေပုံရသော်လည်း သူမအတွက် အဆင်မပြေ ဖြစ်နေသည်ကို စုရီမှသိသည်။
သို့သော် ဤအရာများကို ဂရုမစိုက်ဘဲ၊
“ လက်နက်သခင် မလိုပါဘူး ... ၊ လက်နက်တွေကို သန့်စင်ဖို့နေရာပဲ လိုချင်တာပ ဒီမှာရှိလား မရှိရင် ငါတခြားသွားရှာမယ်။ ”
-ဟု ခပ်ပြတ်ပြတ် ပြောကြားလိုက်သည်။
ကျန့်လီက အနည်းငယ် အံ့သြသွားပြီး၊
“ ငါတို့မှာ လက်နက်သန့်စင်ဖို့ နေရာတွေ အများကြီးရှိပါတယ် ဒါနဲ့တာအိုစုက လက်နက် သန့်စင်ရေးမှာ ကျွမ်းကျင်လို့လား။ ”
-ဟု ပြန်မေးသည်။
“ နည်းနည်းပါ ... စိတ်မပူပါနဲ့ ကျသင့်ငွေ ငါပေးပါ့မယ်။ ”
“ ဒါအသေးအဖွဲကိစ္စပဲ မင်းပိုက်ဆံကို ငါမယူပါဘူး၊ လက်နက် သန့်စင်ရေး အလုပ်ရုံဆီ သွားကြရအောင် ... ကျေးဇူးပြုပြီး ငါ့နောက် လိုက်ခဲ့ပါ။ ”
စကားဆုံးသည်နှင့် ကျန့်လီက စိတ်ဝင်စားစွာ လှည့်ထွက်သွားသည်။
“ အစ်ကိုစု၊ မင်းတကယ် လက်နက် သန့်စင်မို့လား။ ”
ယွီရှစ်ချန်က လက်နက်များ ရောင်းချပေးနေသည့် စားပွဲများထံ လည်ပြန် လှည့်ကြည့်ကာမေး၏။
“ မှန်တယ် ... ဒီမှာရှိနေတဲ့ ဓားတွေက မင်းအတွက် မသင့်လျော်ပါဘူး ... မင်းအတွက် ဓားတစ်လက်ကို ... ငါကိုယ်တိုင်ပဲ သွန်းလုပ်ပေးတော့မယ်။ ”
သူတို့နှစ်ဦး ရှေ့မှလျှောက်လှမ်းနေသော ကျန့်လီသည် စုရီစကားကြောင့် မျက်ခုံးပင့်မိပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်လာ၏။
တစ်ဖက်လူသည် သူ့လုပ်ငန်းရှိ ဓားများအပေါ် ငုံ့ကြည့်လွန်းနေသည်။ ဝိညာဉ် တာအို နယ်ပယ် ကျွမ်းကျင်သူပင် ရတနာ မျှော်စင်ကို ဤသို့မပြောဝံ့ချေ။
ထောင်ယွင်ချီက လှောင်ပြုံးဖြင့်၊
“ စုရီ၊ မင်းကိုယ်တိုင် လုပ်မဲ့ဓားဟာ ဒီရတနာမျှော်စင်က ဝိညာဉ်ရေးဓားတွေထက် ပိုကောင်းတယ်လို့ ပြောနေတာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဝိညာဉ်ရေးဓားတွေဟာ မတူညီတဲ့ အရည်အသွေးတွေရှိကြပေမယ့် ဓားသမားတိုင်း အတွက် သင့်လျော်တာမျိုးတော့ မဟုတ်ပါဘူး ...
... ဒီလောက်ရိုးရှင်းတဲ့ သဘောတရားကို ကောင်းကင်ဓားဂိုဏ်းရဲ့ အတွင်းတပည့်တွေက နားမလည်ဘူးလား။ ”
စုရီက လည်ပြန် ကြည့်လိုက်သဖြင့် ထောင်ယွင်ချီတစ်ယောက် ထိတ်လန့်သွား၏။ စုရီထံ ရှုံးနိမ့်ခြင်းကို သူမေ့မည်မဟုတ်ချေ။
သို့သော်လည်း ဤအရပ်သည် ကျန့်လီ၏ နယ်မြေဖြစ်သည်။ ယင်းကြောင့် အနည်းငယ် သက်သာရာရသွား၏။
ကျန့်လီအပါအဝင် အခြားသူများက သူတို့နှစ်ဦးကြား စကားပြောဆိုမှုကို ရှင်းရှင်း လင်းလင်း ကြားနေရသည်။
ထို့ကြောင့် သူတို့အားလုံးက ကျေနပ်ခြင်းမရှိကြဘဲ မာနကြီးလွန်းသည်ဟု ယူဆကာ စုရီဓားကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြ၏။
လက်နက် သန့်စင်ရေး အလုပ်ရုံသည် ရတနာမျှော်စင် အဆောက်အအုံ အနောက်တွင် တည်ရှိသည်။
၎င်းသည် နန်းတော်အသွင် တည်ဆောက်ထားပြီး အမျိုးမျိုးသော လက်နက် သန့်စင်ခန်းများ ပါရှိ၏။
သူတို့ ရောက်ရှိသွားသောအခါ လူတစ်စုသည် ထိုနေရာ၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။
အဖွဲ့ကို ဦးဆောင်သူမှာ ရိုးရှင်းသော လူငယ်တစ်ဦးဖြစ်၏။ ကျယ်ပြန့်သောပခုံးသား၊ သေးသွယ်သောခါး၊ ထည်ဝါသောရုပ်သွင်နှင့် တည်ငြိမ်လွန်းသော ရုပ်သွင်ရှိသည်။
မျက်လုံးတစ်စုံသည် ဓားတစ်လက်ကဲ့သို့ စူးရှပြီး အကြည့်ခံရသူကို ဓားဖြင့်ထိုးသွင်းခံရ သကဲ့သို့ တုန်ခါစေသည်။
သာမာန်ကျင့်ကြံသူများသည် လူငယ်အကြည့်နှင့်ပင် ဆုတ်ခွာကြမည်ဖြစ်၏။ အလွန်ထက်မြက်သော နတ်ဓားတစ်ချောင်းကို မြင်နေရသလို ခံစားရပေမည်။
“ အရမ်းထက်ရှတဲ့ ဓားရည်ရွယ်ချက်။ ”
ယွီရှစ်ချန်က မျက်ဝန်းများအနည်းငယ် မှေးစင်းသွားခဲ့သည်။ ဓားသမားတစ်ယောက် အနေဖြင့် ဤလူငယ်သည် အလွန်ကြောက်စရာ ကောင်းကြောင်း ခံစားနိုင်၏။
စုရီသည်လည်း လူငယ်ကို ကြည့်သည်။ ကြယ်စုစည်းခြင်းအဆင့် ပြီးပြည့်စုံသော မူလ တာအိုအဆင့် ဓားရည်ရွယ်ချက်ဖြစ်၏။
ထိုအဆင့်နှင့် အောင်မြင်မှုသည် အရိုင်းမြေကိုးပါး၌ပင် ပါရမီရှင်အဆင့်ဝင်သည်။ သို့သော် ဤမျှသာပေပင်။
“ စီနီယာအစ်ကို ... မင်းကို အချိန်အကြာကြီးစောင့်စေခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။ ”
ကျန့်လီက လူငယ်ကို မြင်သည်နှင့် အားနာနေဟန် နှုတ်ဆက်သည်။ သူမအနားရှိ ကောင်းကင်ဓားဂိုဏ်း၏ တပည့်များမှလည်း အရိုအသေပေးလိုက်ကြ၏။
“ မင်္ဂလာပါ စီနီယာအစ်ကို။ ”
ဤသည်မှာ မဟာရှ၏ မျိုးဆက်သစ် လူငယ်များကြား တောက်ပဆုံးသော ဓားသမား တစ်ဦး ဖြစ်သည်။
တိမ်လွှာကောင်းကင်နန်းတော်မှ ဝမ်လင်ကျောက်၊ ချင်းရီတာအိုဂိုဏ်း၏ လီဟန် စသည်တို့ ကဲ့သို့သော ကျော်ကြားသည့် လူငယ်တစ်ဦးဖြစ်၏။
“ ဆရာယွီက ငါ့ဓားကို မြှင့်တင်နိုင် သရွေ့တော့ ... ဒီမှာစောင့်မျှော်နေရတာ ထိုက်တန်ပါတယ်။ ”
ကျန့်လီကို မြင်သောအခါ လူငယ်က အပြုံးဖြင့် တုန့်ပြန်သည်။ ၎င်းအမည်မှာ ယွီဝမ်ရှ ဖြစ်လေသည်။ ကောင်းကင်ဓားဂိုဏ်း၏ တပည့်ကြီးဖြစ်၏။
“ ဆရာယွီရဲ့ လက်နက်သန့်စင်ခြင်း စွမ်းရည်က မြို့တော်မှာ ထိပ်တန်း သုံးယောက် အဆင့်ဝင်ပါတယ် ...
... စီနီယာအစ်ကိုက ဆရာယွီအပေါ် အရမ်းတန်ဖိုးထားတဲ့အတွက် မင်းကို စိတ်မပျက်စေရဘူးလို့ ငါယုံကြည်တယ်။ ”
ကျန့်လီမှပြုံးလျက် တုန့်ပြန်၏။ ယွီဝမ်ရှက ခေါင်းညိတ်သည်။ ထို့နောက်စုရီနှင့်ယွီရှစ်ချန်ထံ ကြည့်ကာမေး၏။
“ သူတို့က ဘယ်သူတွေလဲ။ ”
အထူးသဖြင့် ယွီရှစ်ချန်တွင် ဓားသမားတစ်ဦး၏ အစွယ်ကို မြင်နေရသဖြင့် စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်လေသည်။
***