ဉာဏ်အလင်းရသော လက်နက်သခင်။
Vol. 35 Ch. 419
“ ဒါက တာအိုစုရီ ... ဒီဘက်ကတော့ ... ။ ”
ကျန့်လီက မိတ်ဆက်ပေးနေစဉ် စကားရပ်သွားသည်။ ယွီရှစ်ချန်အမည်ကို သူမ မသိသေးချေ။
“ ယီရှစ်ချန် ... ။ ”
ယွီရှစ်ချန်က အေးစက်စွာ ပြန်ဖြေ၏။ အပြင်လူများနှင့် ဆက်ဆံရာတွင် သူမ၏မာန သည်လည်း စုရီထက် မနိမ့်ချေ။ သို့သော် စုရီက စိတ်မဝင်စားတော့ဘဲ၊
“ မိန်းကလေးကျန့် ... ကျေးဇူးပြုပြီး ငါ့အတွက် လမ်းပြပါ။ ”
-ဟု တောင်းဆိုလိုက်သည်။
“ ကောင်းပြီ ... ။ ”
ချက်ချင်းပင် ကျန့်လီက လက်နက် သန့်စင်ရေး အလုပ်ရုံမှ တာဝန်ခံကို ခေါ်ယူကာ ညွှန်ကြားချက်အချို့ပေးလိုက်၏။
ထို့နောက် တာဝန်ခံအမျိုးသားက စုရီနှင့်ယွီရှစ်ချန်ကို လက်နက်သန့်စင်ရေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။
“ ဒီကောင်က မာနကြီးလွန်းတယ် အစ်မကျန့် ... မင်းဒီလိုလူကို မကူညီသင့်ဘူး။ ”
ထောင်ယွင်ချီက မကျေမနပ်ဆိုသည်။ ကျန်လူများသည်လည်း ခေါင်းညိတ်လိုက်၏။
“ မှန်တယ် ... သူနဲ့ငါတို့ ရန်ငြိုးတွေ ရှိတာတောင် အစ်မကျန့်က ကူညီပေးနေတာကို ကျေးဇူးတင်ရကောင်းမှန်း မသိဘူး။ ”
သူတို့စကားများကို နားထောင်နေသော ယွီဝမ်ရှက မျက်မှောင်ကြုတ်ကာ၊
“ ဒီလူက ငါတို့ကောင်းကင်ဓားဂိုဏ်းနဲ့ ပဋိပက္ခဖြစ်ဖူးတာလား။ ”
-ဟု စူးစမ်းလိုက်၏။
ကျန့်လီက ချူဟမ်ခုန်ထံ လှည့်ကြည့်ကာ၊
“ ဒီကိစ္စကိုပြောရရင် ဂျူနီယာချူနဲ့ ပတ်သတ်လိမ့်မယ်။ ”
-ဟု အစချီကာ ဖြစ်ကြောင်းကုန်စင် အမှန်အတိုင်း ပြောပြလိုက်သည်။ ချဲ့ကားခြင်း မရှိဘဲ တရားမျှတပြီး သမာသမတ်ကျ၏။
သူမ စကားပြောကြားနေစည် ထောင်ယွင်ချုံးနှင့် အဖွဲ့သည် ရှက်စိတ်ကြောင့် ခေါင်းငုံ့ထားကြသည်။ ဤသည်မှာ ကြီးစွာသော အရှက်ရဖွယ်ပေပင်။
“ မင်းတို့က အိမ်နဲ့အဝေးမှာ တပည့်အချင်းချင်းကို အနိုင်ကျင့်နေတာလား ဘယ်လောက်တောင် မိုက်မဲလိုက်လဲ ဟမ့် ... ။ ”
ယွီဝမ်ရှက ထောင်ယွင်ချီနှင့် အဖွဲ့ကို အေးစက်စွာ ကြည့်ပြီး အော်ငေါက်တော့၏။ ထောင်ယွင်ချီနှင့် အဖွဲ့ခမျာ ပြန်မဖြေနိုင် တော့ချေ။
တစ်ဆက်တည်းမှာပင် ယွီဝမ်ရှက ကျန့်လီထံသို့ ပြန်ကြည့်ကာ၊
“ ညီမကျန့် ... အဲဒီတုန်းက တောင်းပန်ဖို့ ရွေးချယ်ခဲ့တာ ... မင်းသူ့ကို အနိုင်မယူနိုင်ဘူးလို့ ထင်ခဲ့လို့လား။ ”
-ဟု ဖြေရှင်းချက် တောင်းလိုက်သည်။ ကျန့်လီက အနည်းငယ် တွေးတောပြီးနောက်၊
“ တိုက်ပွဲတစ်ခုရဲ့ ရလဒ်အပေါ် စစ်မှန်တဲ့တိုက်ပွဲနဲ့သာ ဆုံးဖြတ်နိုင်ပါတယ် သူဟာ ကြောက်စရာကောင်းတဲ့ ပြိုင်ဘက် တစ်ယောက်ဆိုတာတော့ သေချာတယ် ...
... ဒါဆို ဒီလိုအသေးအမွှားကိစ္စလေးနဲ့ သေရှင်တိုက်ပွဲတစ်ခု ဆင်နွှဲရလောက်အောင် ငါ့အတွက် မထိုက်တန်သေးပါဘူး။ ”
-ဟု ပြန်ဖြေသည်။
ကျန့်လီစကားကြောင့် ယွီဝမ်ရှခမျာ တိတ်ဆိတ်သွား၏။ ခဏအကြာတွင် ဆုံးဖြတ် လိုက်ဟန်ဖြင့် ၊
“ ဒါဆို ... သူထွက်လာရင် ငါစိန်ခေါ်မယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
တစ်ဖက်တွင် ကြိမ်းမောင်းခံခဲ့ရသည့် ထောင်ယွင်ချီနှင့်အဖွဲ့မှာ မျက်ဝန်းများ ချက်ချင်း တောက်ပလာ၏။
စီနီယာအစ်ကို ကူညီလိုသည့်အတွက် စုရီသေတော့မည်ဖြစ်သည်။ ချူဟမ်ခုန်သာလျှင် နှလုံးသားတစ်ခုလုံး လေးလံသွားသည်။
ပြင်ပတပည့်တစ်ဦးအနေဖြင့် ကောင်းကင်ဓားဂိုဏ်း၏ တပည့်ကြီးယွီဝမ်ရှ မည်မျှတန်ခိုးကြီးသည်ကို သူ သိသည်။
“ အစ်ကိုယွီဝမ် ... ၊ သစ်ခွခြံဝင်းတာအို ဆွေးနွေးပွဲက ရက်အနည်းငယ်နေရင် စတင် တော့မယ် ဒီလိုအချိန်မျိုးမှာ သူ့ကိုစိန်ခေါ်တာ မသင့်လျော်ဘူးထင်တယ်။ ”
ကျန့်လီက မျက်ခုံးကို ပွတ်သပ်ကာ မှတ်ချက်ပေးလိုက်၏။
“ ညီမကျန့် စိတ်မပူပါနဲ့ ... ဒါမာနနဲ့ ကိုယ်ရည်သွေးနေတာ မဟုတ်ဘူး ... ဒီလူမိုက် နှစ်ယောက်ရဲ့ အညစ်အကြေးကို ဖြေဖျောက်ဖို့ ငါကြိုးစားနေတာပါ ...
... ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်ကြီး တစ်ယောက်အနေနဲ့ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ငါကာကွယ်သင့်တယ် ...
... ရှင်းရှင်းပြောရရင် ဒီလူမိုက်တွေ အမှားလုပ်မိရင်တောင် အပြင်လူတစ်ယောက်ရဲ့ သင်ခန်းစာပေးတာမျိုး မလိုအပ်ရဘူး။ ”
သူ့အသံသည် ဓားကဲ့သို့ ထက်ရှပြီး ပြတ်သားချေ၏။ ကျန့်လီမှ နှုတ်ဆိတ်သွားကာ အဆုံးတွင် မပြောတော့ရန် ဆုံးဖြတ်ခဲ့သည်။
ယွီဝမ်ရှ၏ မယူအဆကို သူမ သဘော မတူသော်လည်း ဤသည်မှာတစ်ဖက်လူ၏ စိတ်နေစိတ်ထားပုံစံဖြစ်နေ၏။
“ ဒါဆို သိုင်းတူလေးယွီဝမ်ကို ကူညီဖို့ ငါရှိတယ်။ ”
ထိုအခိုက်တွင် ယွီဝမ်ရှနောက်နားရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြုံးပြီး လှမ်းထွက်လာခဲ့တော့သည်။
ထိုအမျိုးသားသည် ဝိညာဉ်ထင်ရှားခြင်း အဆင့် ရောင်ဝါကို ထုတ်ဖော်ထားပြီး အမည်မှာ ကျိုးဖုန်းကျစ်ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်နှစ်က ဝိညာဉ်တာအို နယ်ပယ်သို့ရောက်ရှိပြီး ကောင်းကင်ဓားဂိုဏ်း၌ အတွင်းအကြီးအကဲ ဖြစ်လာသူ ပေပင်။
ကျန်လီက ထိုသူကို မြင်ချိန်၌ အနည်းငယ် မျက်မှောင်ကြုတ်လျက်၊
“ ဦးလေးကျိုး၊ မင်းနဲ့ဂျူနီယာကျစ်စန်က မဟာကျိုးကနေ လာခဲ့တာမဟုတ်လား ... ဒါဆို စုရီကို သိလိမ့်မယ်ထင်တယ်။ ”
-ဟု မေးမြန်းလိုက်၏။
ယွီဝမ်ရှသည်လည်း ကျိုးဖုန်းကျစ်နှင့် သူ့ဘေးတွင်ရပ်နေသော ငွေရောင်ဝတ်လုံနှင့် လူငယ်ထံ ကြည့်လိုက်လေသည်။
အကယ်၍သာ မဟာကျိုးမင်းဆက်၏ အိမ်ရှေ့မင်းသား ကျိုးကျစ်လီသည် ဤအရပ်၌ ရှိနေခဲ့ပါက ငွေရောင်ဝတ်လုံလူငယ်သည် ပထမမင်းသာဖြစ်ကြောင်း မှတ်မိပေမည်။
“ မှန်တယ် ... သူ့ကို ငါသိတယ် ... မဟာကျိုးရဲ့ကျောက်စိမ်းမြို့တော်မှာ သူက တော်ဝင်မိသားစုဝင်တွေကို ...
... ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ် ဒါကြောင့်ကျစ်ချင်က ငါ့ဆီခိုလှုံပြီး အနာဂါတ်မှာ လက်စားချေဖို့ ကြိုးစားနေတာပါ။ ”
သူ့အဖြေကြောင့် လူတိုင်းက အံ့အားသင့်သွားကြပြီး အကြီးအကဲကျိုး တစ်ယောက် အရမ်းတက်ကြွနေသည်ကို သဘောပေါက်သွားကြသည်။
သို့သော် ယွီဝမ်ရှက ခေါင်းယမ်းကာ၊
“ ဦးလေးကျိုး၊ စုရီကို ငါစိန်ခေါ်ရတဲ့ အကြောင်းရင်းက ... ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့ပဲ ပုဂ္ဂိုလ်ရေးအရ ...
... လက်စားချေခြင်းမျိုး မဟုတ်ဘူး ဒါကြောင့် မင်းအတွက် ငါမကူညီနိုင်တော့မှာ ကြောက်မိပါတယ်။ ”
-ဟု သတိပေးလိုက်၏။
သူ့တွင် ကိုယ်ပိုင်ကျင့်ဝတ်ရှိသည်။ တပည့်ကြီးဖြစ်သော သူ့အဆင့်အတန်းနှင့် အရည်အချင်းသည် ကျိုးဖုန်းကျစ်ထက် များစွာပင်သာလွန်ချေ၏။
“ စိတ်မပူပါနဲ့ ဒီကောင်လေးကို သတ်မဲ့ကိစ္စမှာ မင်းဝင်စွက်ဖက်စရာ မလိုပါဘူး သိုင်းတူလေး ... ။ ”
“ ဒါ အကောင်းဆုံးပါပဲ။ ”
သူတို့နှစ်ဦးစကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေသော ကျန့်လီက၊
“ အစ်ကိုယွီနဲ့ ... ဦးလေးကျိုး ... ဒီရတနာမျှော်စင်ဆိုတာ ငါ့ကျန့်မိသားစုရဲ့ စီးပွားရေးနယ်မြေပါ လက်ရှိအချိန်မှာ စုရီဆိုတာ ငါ့ဧည့်သည်မို့ မင်းတို့နှစ်ယောက် ... ဒီမှာ ဘာမှမလုပ်ပါနဲ့။ ”
-ဟု သတိပေးလိုက်၏။
“ သဘာဝပါပဲ။ ”
“ စိတ်မပူနဲ့ ညီမကျန့် ... ။ ”
ကျန့်လီစကားကို နှစ်ဦးသား ခေါင်းညိတ် လိုက်ကြသည်။ တစ်ဖက်တွင် ချူဟမ်ခုန်က ပို၍ စိတ်ဓာတ်ကျလာပြီး စိုးရိမ်စိတ်များတိုးလာ၏။
( တာအိုစု ထွက်လာရင် ... သူ့ကို ချက်ချင်းသတိပေးပြီး တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားခိုင်းရမယ်။ )
“ ကျွီ ... ။ ”
အချိန်များ တရွေ့ရွေ့ ကုန်လွန်ကာ နှစ်နာရီကြာပြီးနောက် လက်နက်သန့်စင်ခန်း တစ်ခန်း၏ တံခါးရွက်များ ပွင့်လာကာ လူတစ်စုလှမ်းထွက်လာ၏။
အဖွဲ့ကို ဦးဆောင်သူသည် ကြေးဝါရောင် အသားအရည်နှင့် မြက်ပင်ကဲ့သို့ဆံပင်တိုတိုများ ကျဲပါးရှုပ်ပွနေသည့် အဘိုးအိုတစ်ဦးပေပင်။
အဖိုးအိုဖြစ်သော်လည်း ကျန်းမာသန်စွမ်းပြီး စွမ်းအင်များ ပြည့်ဝနေကာ လွှမ်းမိုးကြီးစိုးသော ရောင်ဝါကို ဖြန့်ကျက်ထား၏။
“ ဆရာယွီ ... ။ ”
လူတိုင်း လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။ ဤအဖိုးကြီးသည် မိုးပြာတိုက်ကြီးတွင် ထိပ်တန်း လက်နက်သခင် သုံးဦးအဆင့်ဝင်၏။
“ ဦးလေးယွီ မင်းပင်ပန်းသွားပြီ။ ”
ကျန့်လီက ပြုံးကာ နှုတ်ဆက်၏။ အဖိုးကြီးသည် လူတိုင်းအပေါ် လျစ်လျူရှုလျက် ကျန့်လီထံ တိုက်ရိုက်ကြည့်ပြီး အနည်းငယ် ပြုံးပြကာ၊
“ မိန်းကလေးကျန့် ကိုယ်တိုင် စေခိုင်းခဲ့တဲ့အတွက် ငါဘယ်လိုများ ဂရုမစိုက်ဘဲ နေနိုင်ရမှာလဲ။ ”
-ဟု တုန့်ပြန်လေသည်။
သူ့ဘေးမှ လိုက်ပါလာသော အစေခံတစ်ယောက်က ရွှေရောင်ဓားတစ်လက် ယွီဝမ်ရှထံ ကမ်းပေးလေသည်။
“ ချွင် ... ။ ”
ယွီဝမ်ရှတစ်ယောက် အနည်းငယ်မျှပင် မထိန်းနိုင်တော့ဘဲ ချက်ချင်း ဆွဲထုတ်လိုက်၏။ ရွှေအလင်းများ ဖြာထွက်လာပြီး မြူများအလား ရစ်သိုင်းလာသည်။
အနားရှိ လူအများသည် ဦးရေပြားများ ကျိန်းစပ်လျက်၊ မွေးညှင်းများ ထောင်မတ်ကာ အသက်ရှူကြပ်ကုန်၏။
“ ကောင်းလိုက်တဲ့ဓား ... ။ ”
ဤဓားကို လွင့်မျောနေသောရွှေဟု ခေါ်သည်။ လွန်ခဲ့သော နှစ်ပေါင်း(၃၀၀၀၀)က ကျန်ရစ်ခဲ့သည့် ရှေးဟောင်းရတနာဖြစ်၏။
သို့သော် ၎င်း၏ထက်ရှမှုများ ပျောက်ကွယ်နေသဖြင့် ဆရာယွီထံ လာရောက် ပြုပြင်စေခဲ့ခြင်းဖြစ်သည်။
“ ကျေးဇူးတင်ပါတယ် ဆရာယွီ။ ”
ကျောက်သားကဲ့သို့ မာကျောလှသော ဓားနှလုံးသားပိုင်ရှင် ယွီဝမ်ရှပင် စိတ်လှုပ်ရှားမှု များနှင့် ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်ချေ။
ဆရာယွီကို ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်ရန် လေးနက်စွာ ဦးညွှတ်ပြတော့၏။ ဆရာယွီက ခေါင်းညိတ်ပြီး၊
“ ဒီဓားဟာ ... သူ့ရဲ့ လက်နက်ဝိညာဉ်ကို ပိုင်ဆိုင်ပြီးသားပါ ဒါကြောင့် သူ့မှာအသိဉာဏ်နဲ့ ဝိညာဉ်ကို အတိုင်းအတာတစ်ခုအထိ ကျန်ရှိနေတယ် ...
... ဝိညာဉ်ရေးဓားတွေကြားထဲမှာ ရှားပါးလှတဲ့ လက်နက်တစ်ခုပဲ သူ့ဒဏ်ရာကို ငါနည်းနည်းလေး ပြုပြင်ပေးလိုက်ရုံပါ ဒီထက်မပိုပါဘူး ... ။ ”
-ဟု ရှင်းပြလိုက်၏။
“ ဦးလေးယွီ ... ကျေးဇူးပြုပြီး မင်းကျိုးနွံမနေပါနဲ့ ... ဒီလိုဝိညာဉ်လက်နက်ကို အကောင်းဆုံး ပြုပြင်နိုင်တဲ့ လက်နက်သခင် ....
... မဟာရှမှာ အနည်းငယ်လောက်သာ ရှိတယ်ဆိုတာ ကမ္ဘာပေါ်က လူတိုင်းသိပါတယ် ဦးလေးယွီက အဲဒီထဲကတစ်ယောက်ပဲ။ ”
ကျန့်လီက ပြုံးကာ ချီးကျုးစကားဆို၏။ သို့မှသာ ဆရာယွီ၏အမူအရာသည် အနည်းငယ် ကျေနပ်သွားခဲ့သည်။
“ ကောင်းပြီ ... အခုပြီးသွားပြီဆိုတော့ မင်းငါနဲ့စစ်တုရင်ကစားချင်သလား မိန်းကလေးကျန့်။ ”
ဆရာယွီက ကျန့်လီကို ကြည့်ပြီး မေးမြန်းသည်။ သူ့ဘဝတွင် ဝါသနာသုံးခုသာ ရှိ၏။ လက်နက်များ သန့်စင်ခြင်း၊ စစ်တုရင် ကစားခြင်းနှင့် အရက်သောက်ခြင်းပေပင်။
လက်နက်ကို သန့်စင်ပြီးချိန်တိုင်း စစ်တုရင်ကစားကာ ဝိုင်သောက်ခြင်းသည် သူ့အတွက် အဆုံးမရှိသော စည်းစိမ်ဖြစ်၏။
“ ဦးလေးယွီ ဒီတစ်ခါတော့ ငါမင်းနဲ့ စစ်တုရင်ကစားဖို့ မအားလပ်နိုင်သေးဘူး ငါဒီမှာ တစ်ယောက်ယောက်ကို စောင့်နေရတယ်။ ”
“ တစ်ယောက်ယောက်ကို စောင့်နေတာလား ... ဘယ်သူလဲ။ ”
ဆရာယွီက အံ့သြသွားသည်။ ထိုအချိန်တွင် ထောင်ယွင်ချီက၊
“ ရိုးသားစွာပြောရရင် စုရီဆိုတဲ့ လူတစ်ယောက်ကို စောင့်နေတာပါ ဆရာယွီ၊ သူက ရတနာမျှော်စင်ရဲ့ ဓားတွေဟာ သူ့မိတ်ဆွေအတွက် မလိုက်ဖက်ဘူး ...
... ဆိုပြီး သူ့ကိုယ်တိုင် ဓားတစ်လက် သွန်းလုပ်ဖို့ အစ်မကျန့်ဆီမှာ တောင်းဆိုခဲ့တယ် ဒါကြောင့် ငါတို့ သူ့ကိုစောင့်နေတာပါ။ ”
ဤသည်မှာ ဒုက္ခရှာခြင်း ဖြစ်ကြောင်း လူတိုင်းသိသည်။ ကျန့်လီမှ မျက်မှောင်ကြုတ် လိုက်စဉ် ဆရာယွီက သူမထံလှည့်ကြည့်လာ၏။
“ တကယ်ပဲ ဒီလိုပြောခဲ့တာလား။ ”
“ ဒါအမှန်ပါပဲ ဦးလေးယွီ ... ။ ”
“ အဟက် ... ရတနာမျှော်စင်မှာ ပြသထားတဲ့ ဝိညာဉ်ရေးဓားပေါင်းများစွာကို ငါ့လက်နဲ့ ကိုယ်တိုင် ဖန်တီးထားတာပဲ ...
... ကျန်တာတွေကိုတောင် ငါ့တပည့်တွေ ဖန်တီးထဲအထဲကနေ စစ်ဆေးပြီး ရောင်းခွင့်ပြုခဲ့ တာပါ ဒီလူငယ်ပါးစပ်က ...
... တော်တော် စည်းကမ်းမဲ့တယ် မိန်းကလေးကျန့် ဝါကြွားတတ်တဲ့ လူငယ်ကို မင်းဘာလို့ စောင့်နေရတာလဲ။ ”
ဆရာယွီ မေးခွန်းကြောင့် ကျန့်လီတစ်ယောက် ခဏမျှတုံ့ဆိုင်းသွားပြီး၊
“ ပထမအချက်အနေနဲ့ စုရီက ဘယ်လိုဓားမျိုး သန့်စင်နိုင်မလဲ ငါသိချင်တယ် ဦးလေးယွီ၊ ဒုတိယအနေနဲ့ကတော့ စီနီယာ အစ်ကိုယွီက သူ့ကိုစိန်ခေါ်ဖို့ ဒီမှာရှိနေတယ်။ ”
-ဟု ပြန်ဖြေလိုက်၏။
သူမသည် ကျိုးဖုန်းကျစ်နှင့် ကျိုးကျစ်ချင်တို့၏ ကိုယ်ရေးကိုယ်တာရန်ငြိုး အကြောင်းကိုမူ ထည့်မပြောခဲ့ချေ။
“ ဘရူး ... ဘရူး ... ။ ”
ထိုစဉ် ထက်ရှပြင်းထန်သော ရောင်ဝါနှင့် ဓားမြည်သံကို အဝေးရှိ သန့်စင်ခန်းတစ်ခန်းထံမှ ပဲ့တင်ထပ်လာသည်ကို ကြားလိုက်ရ၏။
“ ဘရူး ... ။ ”
ထိုအသံကြောင့် ယွီဝမ်ရှလက်ထဲရှိ လွင့်မျောနေတဲ့ရွှေဓားသည်လည်း အနည်းငယ် တုန်ရင်လာတော့သည်။
“ ဘာတွေဖြစ်နေတာလဲ။ ”
လူတိုင်း အံ့သြသွားကြ၏။ ထိုအသံကိုကြားသည်နှင့် ဆရာယွီတစ်ယောက် မိုးကြိုးထိမှန်သွားသကဲ့သို့ ချက်ချင်း တုန်ယင် မျက်လုံးပြူးသွားကာ၊
“ ဘယ်လောက်တောင် ပြင်းပျလိုက်တဲ့ ဓားလဲ ... ။ ”
-ဟု ဟစ်အော်လိုက်သည်။
ထို့နောက် အသံထွက်ပေါ်လာသည့် လက်နက်သန့်စင်ခန်းထံသို့ ခုန်ကျော်ပြေးလွှား သွားတော့၏။
“ ညီမကျန့် ... မင်းမှာ ဆရာယွီထက် အစွမ်းထက်တဲ့ လက်နက်သခင် ရှိနေတာလား။ ”
ယွီဝမ်ရှက သူ့လက်ထဲမှ တုန်ရင် ကြောက်ရွံ့နေသော ရွှေဓားကို ထိန်းချုပ်ကာ မေးမြန်းလိုက်သည်။ ကျန့်လီတစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းယမ်းပြ၏။
“ မရှိဘူး ... ဒါပေမယ့် တခြားလက်နက် သခင်တွေက ဉာဏ်အလင်းရပြီး ထူးထူးခြားခြား ဝိညာဉ်ရေးဓားတွေကို သန့်စင်ပေးနိုင်တဲ့ ဖြစ်ရပ်မျိုးတော့ ရှိခဲ့ဖူးတယ် ဒါပေမယ့် ဒီလို အခြေအနေမျိုးက အရမ်းရှားတယ်။ ”
“ ဒီလိုဆိုရင် ... ဒီနေ့ အဲဒီဖြစ်ရပ်မျိုး တကယ်ဖြစ်လာပြီထင်တယ် ရတနာမျှော်စင်မှာ ထူးခြားတဲ့ ဝိညာဉ်ရေးလက်နက်တစ်ပါး ရှိလာတော့မှာ သေချာပြီ။ ”
လူတိုင်းက မနာလိုစိတ်ဖြင့် စောင့်မျှော်နေခဲ့ကြသည်။ သူတို့အားလုံးသည် ဆရာယွီကဲ့သို့ ပြေးလွှားကြည့်ရှုဝံ့ခြင်း မရှိသည်မှာ သဘာဝပေပင်။
ဤသည်မှာ သံမဏိစည်းကမ်းဖြစ်၏။ မဟုတ်သော် ညာဏ်အလင်းရသော လက်နက် သခင်ကို အနှောက်အယှက်ဖြစ်စေနိုင်မည်။
***