ပုစဉ်းရင်ကွဲနှလုံးသား။
Vol. 35 Ch. 420
“ ဒီမှာ ဘယ်သူက သန့်စင်နေတာလဲ။ ”
အကြီးအကဲယွီရှယာက ပန်းပဲရုံအပြင်ဘက်တွင် အသက်ပြင်းပြင်းရှူ ပြီးနောက် မေးမြန်းလိုက်သည်။
သူ့ဘေးနားတွင် နောက်လိုက်များက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကာ အဖြေမပေးနိုင်ချေ။ ထိုမြင်ကွင်းကြောင့် ယွီရှယာက စိတ်မရှည်တော့ဘဲ၊
“ မင်းတို့အားလုံး အပြင်မှာစောင့်နေ ... မနှောင့်ယှက်နဲ့။ ”
-ဟု ဆိုကာ အမိန့်ပေးပြီးနောက် ပန်းပဲရုံတံခါးကို ဂရုတစိုက်ဖွင့်ကာ သူခိုးကဲ့သို့ ခိုးဝင်သွားတော့သည်။
အခန်းထဲရှိ လက်နက်သခင်ကို စိတ်အနှောက်အယှက် ဖြစ်စေမည့်အပေါ် စိုးရိမ်နေ၏။
အခန်းအတွင်း မီးများ တဟုန်းဟုန်း တောက်လောင်နေပြီး အပူရှိန်များ တလိမ့်လိမ့် ထိုးတက်နေသည်။
မီးဖိုအထက်တွင် ဓားတစ်လက် လေထဲဆိုင်းငံ့နေကာ မြင်မြင်ချင်း ငေးမောသွား မိတော့၏။ တစ်ဆက်တည်းမှာပင် မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာပြီး အံ့အားသင့်မှု၊ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုနှင့် စွဲလမ်းမှုများ ဖြစ်ပေါ်လာသည်။
ဤဓားသည် အရှည်နှစ်ပေနှင့် ခုနစ်လက်မသာရှိပြီး ဗျက်သည် သုံးလက်မ ခန့်ကျယ်ချေ၏။
နှင်းဖြူရောင်တောက်ပကာ ရှေးဟောင်း နတ်ဘုရားများကမ္ဘာကဲ့သို့ အငွေ့အသက်များက ဖြစ်စဉ်များအသွင် ဖန်တီးပြနေသည်။
“ ဒါ ... ။ ”
အကြီးအကဲယွီတစ်ယောက် အသိစိတ် ပျောက်ဆုံးသွားသည်။ ဤသို့သောလက်နက်ကို သွန်းလုပ်ရန် မည်မျှကျွမ်းကျင်ရမည်နည်း။ သူ့တသက် ထိုအဆင့်ရောက်နိုင်မည်လော။
“ ဒီဓားထဲမှာ သွေးနတ်ဆိုးဝိညာဉ်ကို ကြယ်အသွင်ပြောင်းအမိန့်နဲ့ ... တံဆိပ်ခတ်ထား ပေးတယ် ... အနာဂတ်မှာ ထက်ရှလွန်းတဲ့ ဓားတစ်လက်ဖြစ်လာအောင် သူ့ကို ဖြည်းဖြည်းချင်းသန့်စင်ပါ ...
... ဒီနည်းနဲ့ ကြယ်အသွင်ပြောင်းအမိန့်က နတ်ဆိုးဝိညာဉ်ကို ... လက်နက်ဝိညာဉ်အဖြစ် ပြောင်းလဲပေးလိမ့်မယ်။ ”
ပန်းပဲရုံအတွင်း ရိုးရိုးရှင်းရှင်းနှင့် ပေါ့ပေါ့ပါးပါး ရှင်းပြနေသံ ထွက်ပေါ်လာသည်။ အကြီးအကဲယွီမှ ချက်ချင်း လှမ်းကြည့်၏။
စကားပြောဆိုနေသူသည် ကျောက်စိမ်းရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦး ဖြစ်ကြောင်း မြင်လိုက်ရလေသည်။ သူ့ဘေးတွင် အဖြူရောင်အဝတ်အစားများနှင့် ကောင်မလေး တစ်ယောက် ရပ်နေ၏။
“ သခင်ငယ် ... ဒီဓားကို မင်းကိုယ်တိုင် လုပ်ထားတာလား။ ”
စုရီက ဖိတ်ခေါ်မထားဘဲ ဝင်ရောက်လာသည့် အဘိုးကြီးကို တစ်ချက်မျှ ပြန်ကြည့်လိုက်ပြီး၊
“ စည်းကမ်းမဲ့လိုက်တာ ... ၊ မေးခွန်းတစ်ခုမေးချင်ရင် ငါစကားပြောပြီးတဲ့ အချိန်ထိ စောင့်ရမယ်ဆိုတာလောက်တောင် မင်းမသိဘူးလား။ ”
-ဟု ဟိန်းဟောက်လိုက်၏။
ဆရာသခင်၏ ကြိမ်းမောင်းခြင်းကို ခံလိုက်ရသော တပည့်ကဲ့သို့ အကြီးအကဲယွီမှ တိတ်ဆိတ်စွာ ဆုတ်ခွာသွားတော့သည်။ တစ်ဆက်တည်းမှာပင် သူ့ပါးပြင်များ နီမြန်းလာပြီး ရှက်ရွံ့သွား၏။
ဓားသမားသည် ဓားအပေါ် ရူးသွပ်သကဲ့သို့ လက်နက်သခင်သည် လက်နက်သန့်စင်ခြင်းကို ရူးသွပ်လေသည်။
ဤဓားကို မည်ကဲ့သို့ သန့်စင်ထားကြောင်း အမှန်တကယ် သိချင်သောကြောင့် တစ်ဖက်လူ ထံမှ ဆူပူကြိမ်းမောင်းခြင်းကို ခံရသည့်တိုင် ဒေါသမထွက်ဝံ့ချေ။
“ အစ်ကိုစု၊ ဒီဓားဟာ ငါ့အတွက်ဆိုတာ တကယ်ပဲလား။ ”
ယွီရှစ်ချန်၏ မျက်ဝန်းတစ်စုံသည် တောက်ပလာပြီး သံသယအငွေ့အသက်များ ဝင်လာတော့၏။
ဓားသမားတစ်ယောက် အနေဖြင့် ဤဓားအတွင်းရှိ ထူးခြားမှုကို ရှင်းလင်းစွာ ခံစားနိုင်သည်။
“ သေချာတာပေါ့ ... ဒီဓားက မင်းနဲ့ ထိုက်တန်ပါတယ်။ ”
စုရီက သူ့လက်ကို မြှောက်လိုက်ကာ မီးဖိုပေါ်မှ မျောနေသော ဝိညာဉ်ရေးဓားအပေါ် လှမ်းယူပြီး ယွီရှစ်ချန်ထံ ကမ်းပေးသည်။
သူမအတွက် ဝိညာဉ်ရေး ဓားကောင်း တစ်လက်ဝယ်ပေးမည်ဟု မူလက ထင်ခဲ့သည်။ သို့သော် စုရီသည် ကိုယ်တိုင်ကိုယ်ကျ သွန်းလုပ် ပေးလိမ့်မည်ဟု မထင်ထားချေ။
“ အစ်ကိုစု ... ဒီဓားကို မင်းသွန်းလုပ်ထားတာမို့ နာမည်ပေးသင့်တယ် မဟုတ်လား။ ”
“ ငါမင်းအတွက် ဓားတစ်ချောင်းကို ဖန်တီးခဲ့ရုံသာမကဘူး နာမည်ပါပေးစေချင်နေ တာလား ... မင်းတကယ်ပျင်းတာပဲ။ ”
ယွီရှစ်ချန်မှ ရှက်သွားပြီး ရှင်းပြရန် ကြိုးစားသော်လည်း စုရီကပြုံးကာ ဟန့်တားလျက်၊
“ ဒီဓားကို မင်းဓားတာအိုအတွက် လမ်းပြအဖြစ် ငါဖန်တီးပေးခဲ့တာ ... ဒါပေမယ့် သူက မင်းနဲ့အတူ တစ်ဘဝလုံးလိုက်နိုင်မှာ မဟုတ်ဘူး ပြီးပြည့်စုံတဲ့နာမည်ပေးဖို့ တောင်းဆိုတာ မသင့်တော်ဘူး။ ”
စုရီက ပြောနေလျက်မှ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက်၊
“ ငါ့အမြင်အရ ... ဓားတာအိုရှာနေတဲ့ မင်းရဲ့နှလုံးသားကို ကိုယ်စားပြုဖို့ မင်းနာမည်ကို ယူသုံးသင့်တယ်၊ ဒါကြောင့် ... ပုစဉ်းရင်ကွဲ နှလုံးသားလို့ ခေါ်ရအောင်။ ”
၎င်းသည် ရိုးရှင်းသော သဘောတရားဖြစ်ကာ ဓားကိုင်နေသမျှ ယွီရှစ်ချန်နှလုံးသားကို ထက်မြက်စေမည်။
ယွီရှစ်ချန်သည် အလွန်ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်သဖြင့် ဤအဓိပ္ပါယ်အပေါ် ချက်ချင်းနားလည်ပြီး၊
“ နာမည်က အရမ်းကောင်းတယ်။ ”
-ဟု ထောက်ခံလိုက်တော့သည်။
(ယွီရှစ်ချန်ဟူသော အမည်သည် ပုစဉ်းရင်ကွဲဟု အဓိပ္ပါယ်ရ၏။)
ထိုအချိန်တွင် အကြီးအကဲယွီက မနေနိုင်တော့ဘဲ၊
“ ဒီလိုမှော်ဓားမျိုးအတွက် ဓားအိမ်တစ်ခုရှိရမယ် ... ငါ့မှာ ဒီဓားအအပေါ် ယှဉ်နိုင်လောက်တဲ့ ဓားအိမ်ရှိတယ် မိန်းကလေး လက်ခံမယ်လို့ မျှော်လင့်ပါတယ်။ ”
-ဟု ဆိုကာ သိုလှောင်ဆွဲသီးထဲမှ ဓားအိမ်တစ်လက်ကို ထုတ်၍လက်နှစ်ဖက်ဖြင့် ပေးအပ်လာ၏။
ဓားအိမ်သည် မီးခိုးရောင်နှင့် အဖြူရောင်ဖြစ်ပြီး ရိုးရှင်းပေသည်။ မည်သည့် အလှဆင်မှုမှ မရှိချေ။ သို့သော် စုရီက ၎င်းကို မြင်သောအခါ အံ့သြသွား၏။
“ ဟမ့် ... ဒီဓားအိမ်ကို ဆောင်းဦးတစ်ထောင်စပျစ်နွယ်ပင်ရဲ့ အနှစ်သာရနဲ့ သွန်းလုပ်ထားတာပဲ။ ”
“ သခင်ငယ် ... မင်းမျက်စိကောင်းတယ် လွန်ခဲ့တဲ့ နှစ်ရှစ်ဆယ်က မိတ်ဆွေတစ်ယောက် တားမြစ်နယ်မြေတစ်ခုကနေ ဆောင်းဦး တစ်ထောင် စပျစ်နွယ်ပင်ရဲ့ အနှစ်သာရကို ရှာတွေ့ခဲ့တယ် ...
... ဒါကြောင့် သူ့အတွက် ဓားအိမ်ကို သွန်းလုပ်ပေးဖို့ ငါ့ဆီအပ်ထားခဲ့တယ် ဒါပေမယ့် ဒီမတိုင်မီ သူ ဆုံးပါးသွားခဲ့တယ်။ ”
ထို့နောက် ချက်ချင်း ခေါင်းယမ်းကာ အာရုံများဝေဝါးနေသော အတွေးအားလုံးကို စွန့်ပယ်လိုက်ပြီး၊
“ ဒီနေ့သခင်ငယ် သွန်းလုပ်တဲ့ဓားက ငါ့နှလုံးသားကို တဒိတ်ဒိတ်ခုန်ပြီး ဒီဓားအိမ်နဲ့ လိုက်ဖက်မယ်လို့ ထင်မိပါတယ် မိန်းကလေး လက်ခံပေးပါ။ ”
သူ့လေသံသည် အနည်းငယ် တိုးဖျော့နေခဲ့သည်။ ယွီရှစ်ချန်မှ တုံ့ဆိုင်းသွားပြီး စုရီထံ ကြည့်သည်။
“ ဒါက ဓားအိမ်တစ်လက်ပဲ လက်ခံလိုက်ပါ။ ”
စုရီက ခေါင်းညိတ်သည်။ သို့မှသာ ယွီရှစ်ချန်လက်ခံသဖြင့် အကြီးအကဲယွီခမျာ စိတ်သက်သာရာ ရသွားတော့၏။
“ ငါက ... ရတနာမျှော်စင်ကြီးရဲ့ လက်နက်သခင်ယွီရှယာပါ မင်းနာမည်ကို မေးလို့ရမလား သခင်ငယ်။ ”
စုရီက စကားစမြည်ပြောရန် ပျင်းရိသဖြင့်၊
“ လက်နက်သန့်စင်နည်းကို တကယ် မေးချင်တယ်ဆိုရင် မနက်ဖြန် မိုးပြာခြံဝင်းမှာ ငါ့ကိုလာရှာပါ ...
... ဝိုင်ကောင်းကောင်း ယူလာခဲ့ ... ငါအားလပ်ရင် စကားစမြည်ပြောမယ် မအားရင် နောက်တစ်ကြိမ် ထပ်ခေါ်လိုက်မယ်။ ”
-ဟု တိုက်ရိုက် ပြောကြားလိုက်သည်။
“ ကောင်းပါပြီ ... ။ ”
“ ရှစ်ချန်သွားရအောင် ... ။ ”
စကားဆုံးသည်နှင့် စုရီသည် လက်နှစ်ဖက်နောက်ပို့ကာ အခန်းထဲမှ ထွက်ခွာ သွားသည်။ ဤလက်နက်ကို သန့်စင်ရန် အချိန်နှင့် စွမ်းအင်များစွာကုန်ခဲ့ရ၏။
ထို့ကြောင့် ပြန်ပြီး ကောင်းကောင်း အနားယူချင်ချေပြီ။ မထင်မှတ်ဘဲ မတော်တဆ မဖြစ်ခဲ့သော် မူလနန်းတော် အလယ်အလတ် အဆင့်သို့ ရောက်ရှိနိုင်၏။
အကြီးအကဲယွီက ပြုံးရွှင်သွားပြီး၊
“ ငါမင်းကို လာတွေ့မယ် သခင်လေး။ ”
-ဟု ခေါင်းညိတ်လိုက်တော့၏။
“ ကျွီ ... ။ ”
လက်နက်သန့်စင်ခန်း ပွင့်လာပြီး လူငယ်တစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် လှမ်းထွက်လာသဖြင့် လူတိုင်းမျက်ခုံးပင့် လိုက်ကြ၏။
“ စုရီလား ... ။ ”
ခဏကြာတွင် ပြုံးရွှင်နေသောအသွင်ဖြင့် အကြီးအကဲယွီက နောက်မှ လိုက်လာတော့၏။ ထိုမြင်ကွင်းက ကျန့်လီကို မှင်သပ်စေသည်။
အကြီးအကဲယွီသည် မည်မျှ မာနကြီးမှန်း အသိဆုံးဖြစ်၏။ ဝိညာဉ်တာအိုနယ်ပယ်အဆင့် ကျွမ်းကျင်သူဖြင့်ပင် မျက်နှာသာပေးမည် မဟုတ်ချေ။ ယခုမူကား ... ။
ထိုမြင်ကွင်းကြောင့် ကျန့်လီသည် အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးလာ၏။ ဤသည်မှာ မာနကြီးသော ဦးလေးယွီပင်လော။
“ ဦးလေးယွီ ... ဘာတွေဖြစ်နေတာလဲ ... ။ ”
ကျန့်လီက သံသယများကို မထိန်းနိုင်တော့ဘဲ မေးမြန်းရန် ခြေလှမ်းပြင် လိုက်တော့သည်။ အကြီးအကဲယွီက၊
“ မိန်းကလေးကျန့် ... ဒီနေ့ ငါ့ထက်ပိုတော်လူတွေ အမြဲရှိနေတယ်ဆိုတာ သဘောပေါက်သွားပါပြီ အခုလိုငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ သခင်ငယ်ကို မြင်ခွင့်ရတာ ကြီးစွာသောကံကြမ္မာပါပဲ။ ”
ထိုစကားကြောင့် ကျန်ရှိနေသော လူအများသည် ခံစားချက်များ ရှုပ်ထွေးလာ တော့၏။ ထောင်ယွင်ချီမှ သည်းမခံနိုင်တော့ဘဲ၊
“ အကြီးအကဲယွီ ... သူက ကြွားဝါတဲ့လူလို့ မင်းပြောခဲ့တယ် မဟုတ်လား။ ”
-ဟု မှတ်ဉာဏ်ကို ဝင်ခေါ်ပေးလိုက်သည်။
ထိုစကားကြောင့် အကြီးအကဲယွီက ရှက်ရွံ့လာပြီး မျက်နှာတပြင်လုံးနီရဲလျက်၊
“ အဲဒီတုန်းက ငါမျက်စိကန်းနေလို့ မိုက်မှားနေမိတာပါ အခုရတနာမျှော်စင်ထဲက ငါ့ဓားတွေ ဘယ်လောက် အားနည်းလဲဆိုတာ ငါသိပါပြီ ...
... ဒါတွေကို ငါဘယ်လောက်ပဲပြောပြော မင်းနားမလည်ဘူး နွေရာသီအင်းဆက်ပိုးမွှားကို ဆောင်းရာသီရေခဲအကြောင်း ပြောပြလို့မရဘူး သခင်ငယ်ရဲ့ သန့်စင်မှုနည်းပညာ ဘယ်လောက် ကောင်းလဲဆိုတာ မင်းကိုပြောပြလဲ မသိဘူး။ ”
-ဟု ချက်ချင်း တုန့်ပြန်လိုက်တော့၏။ ထောင်ယွင်ချီခမျာ စကားလုံးများ ပျောက်ဆုံး သွားလေသည်။ ဤအဖိုးကြီးသည် အပြောင်းအလဲ မြန်လွန်းချေ၏။
( အကြီးအကဲယွီ ... မင်းကိုယ်မင်း ဘာလို့အပြောင်းအလဲ မြန်တယ်လို့ မခံစား ရတာလဲ။ )
***
Book-35