← Chapters

သီးဆပ်၏ အံ့အားသင့်မှု

Vol. 4 Ch. 301

သီးဆပ်၏ အံ့အားသင့်မှု

Vol. 4 Ch. 301

"ဒါ … ဒါ … မဖြစ်နိုင်ဘူး …"

အိုဂါက ထိုမြင်ကွင်းအား မယုံကြည်နိုင်စွာ ကြည့်သည်။

မိုးကြိုးဘုရင်၊ စိန်နက်၊ ပါ့ချွန်ဟွမ် ...။

သူတို့ အားလုံးက နယ်မြေဒေသ တစ်ခုချင်းဆီကို အစိုးရကြသူများ ဖြစ်၏။

ဇိုရိုဆိုလျှင် ဥရောပ အနောက်ပိုင်း နယ်မြေ တစ်ခုလုံးကို ပိုင်စိုးပြီး ဘီလီယံနှင့် ချီသော လုပ်ငန်းများကို ပိုင်ဆိုင်သည်။ စိန်နက်မှာလည်း အာဖရိကကို လွှမ်းမိုးကာ သူပုန်အုပ်စု များစွာ၏ အကြောက်ရဆုံး ရန်သူ ဖြစ်သည်။

ပါ့ချွန်ဟွမ်ကမူ ကိုရီးယား၏ အလွန် အစွမ်းထက်သော အထွတ်အထိပ် အဆင့် တစ်ယောက်ဖြစ်ကာ အထူးစစ်သား တစ်သောင်းကို ထိန်းချုပ်သည်။

သို့သော် ထိုလူများကား မည်မျှပင် စွမ်းအားကြီး စေကာမူ ချန်းပေ့ရွှမ်း၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရပြီ ဖြစ်၏။

အိုဂါမှာ တစ်ကိုယ်လုံး တုန်အောင် ချောက်ချား နေခဲ့တော့သည်။ သူမ၏ အစွမ်းအထက်ဆုံး မီးလုံးက ထိုကောင်လေး အတွက် ကစားစရာ တစ်ခုထက် ပိုပုံမရပေ။

အဝေးမှ ကြည့်နေသည့် လူကြီးပင်လျှင် ချန်းဖန်၏ နောက်ဆုံး တိုက်ကွက်အား ကြည့်ကာ ဆွံ့အ နေခဲ့သည်။

ချန်းပေ့ရွှမ်းမှာ ခန္ဓာကိုယ် သန့်စင်ခြင်း၊ အတွင်းအား ကျင့်စဉ် နှင့် ဓမ္မအစီအရင် သုံးခုလုံး၌ အထွတ်အထိပ် အဆင့်သို့ ရောက်နေခြင်းပင် ဖြစ်ရမည်။ သူလုပ်ပြ သကဲ့သို့ မီးနှင့် မိုးကြိုး စွမ်းအား နှစ်ခုကို ပေါင်းစပ်ရန်မှာ တန်ခိုးရှင် ကျင့်ကြံသူများ အတွက်ပင် လွယ်ကူလိမ့်မည် မဟုတ်ပေ။

"ငါ့စွမ်းအားတွေ အားလုံး ထုတ်ရင်တောင် သူ့ကို ယှဉ်ပြိုင် နိုင်ပါ့မလား …"

လူကြီးက တီးတိုး ရေရွတ်လိုက်သည်။ သူ့အနေဖြင့် ချန်းပေ့ရွှမ်းကို မကြောက်သည့်တိုင် ထိုကဲ့သို့ ပုံမဖော်နိုင်သည့် စွမ်းအားကိုမူ လန့်မိသည်။ သို့သော်လည်း ဆယ်စုနှစ်များ အတွင်း၌ မရေမတွက် နိုင်သော တိုက်ပွဲများကို သူ တိုက်ခိုက်ခဲ့ပြီး တစ်ပွဲမျှ မရှုံးနိမ့်ခဲ့ ဖူးချေ။ ထို့အပြင် ဂိုဏ်းပေါင်းများစွာ၏ လျှို့ဝှက် ပညာရပ်များစွာကို သူကျွမ်းကျင်နေသေးသည်။ ထို့ကြောင့် သူ၏ စွမ်းအားက ချန်းပေ့ရွှမ်းနှင့် မကွာခြား လောက်ပေ။ လူကြီး၏ မျက်နှာတွင် ယုံကြည်မှုများ ပြန်လည် ပေါ်ထွက်လာသည်။

"သီးဆပ် … မင်းရဲ့ အပေါင်းအပါ တွေတော့ သေကုန်ပြီ။ မင်း ထွက်မပြေးသေး ဘူးလား …"

ချန်းဖန်က အေးဆေးစွာပင် အင်္ကျီကို ဖုန်ခါရင်း မေးလိုက်သည်။ သူ၏ မျက်လုံးများကမူ တစ်နေရာသို့ စူးစိုက် ကြည့်နေခဲ့သည်။

ထိုနေရာ၌ အခြားလူများ အနေဖြင့် မည်သည့် အရာကိုမျှ မြင်တွေ့ရမည် မဟုတ်သော်လည်း ချန်းဖန် အတွက်မူ ခြားနားသည်။

"မင်း ငါ့ကို ဘယ်လို ရှာတွေ့တာလဲ …"

သီးဆပ်က အရိပ်တစ်ခု အလား တဖြည်းဖြည်း ပေါ်ထွက်လာသည်။

သူ၏ မျက်လုံးများက မည်းမှောင် အေးစက်နေကာ ချန်းဖန်အား ဆာလောင်နေသည့် မြေခွေး တစ်ကောင် ကဲ့သို့ ကြည့်သည်။

သို့သော်လည်း သူ၏ စိတ်တွင်မူ အလွန် ထိတ်လန့်နေခဲ့သည်။ သူကိုယ်တိုင်မှာ မြေအောက် လောက၏ အရှင်သခင် ဖြစ်သည့်တိုင် စိန်နက်နှင့် မိုးကြိုးဘုရင် ဇိုရိုတို့အား ယခုကဲ့သို့ အချိန်တို အတွင်း အနိုင်ယူရန် မဖြစ်နိုင်ပေ။  သို့သော်လည်း ချန်းဖန်အတွက်မူ ချွေးပင်ထွက်ပုံ မပေါ်ပေ။

"ချန်းပေ့ရွှမ်း … မင်းမှာ ဒီလို စွမ်းအားတွေ ရှိမယ်လို့ ငါမထင်ထားခဲ့ မိဘူး။ ဒီနေ့တော့ ဒီလောက်ပဲ ထားလိုက်တော့။ ငါ မင်းကို အိဒ်အင်တာ နေရှင်နယ်က ရထားတဲ့ ပိုက်ဆံတွေ ပေးမယ်။ နောက်ပြီးတော့ ရှင်သန်ခြင်း ရေစင်ကို ရဖို့ လုံးဝ မကြိုးစားတော့ဘူး။ မင်း သဘောတူရင် ငါ ခုချက်ချင်း ဥရောပကို ပြန်မယ်"

သီးဆပ်က ပြောလိုက်သည်။

သူက အမှောင် တိုတမ်၏ ခေါင်းဆောင် ဖြစ်ကာ ဥရောပ တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူ့အနေဖြင့် မလိုအပ်သော စွန့်စားခန်းများ ပြုလုပ်ရန် စိတ်မပါပေ။

အိုဂါမှာ သီးဆပ်၏ စကားလုံး များကြောင့် ပို၍ ချောက်ချား သွားသည်။

အကယ်၍ သီးဆပ်သာ ထွက်သွားခဲ့လျှင် ချန်းပေ့ရွှမ်းအား သူမ မည်ကဲ့သို့ ရင်ဆိုင်ရပါ မည်နည်း။

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ကျောသို့ ပစ်လိုက်ရင်း အေးစက်စွာဖြင့် …

"မင်း ဒီနေ့ သေရမယ်လို့ ငါပြောပြီးပြီ။ မင်းငါ့ကို လာရှုပ်တဲ့ အတွက် အဲဒီတန်ကြေးကို ပေးရမှာပဲ"

"ဟမ့် …"

သီးဆပ်က နှာခေါင်း ရှုံ့လိုက်ရင်း …

"ချန်းပေ့ရွှမ်း … မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးနေ တာပဲ။ မင်းက အမှောင် သတ်မှတ်ချက်မှာ အစွမ်းအထက်ဆုံး လူကို ယှဉ်နိုင်ဖို့ လိုပါ သေးတယ်ကွာ။ တန်ခိုးရှင် အဆင့် အရှင်သခင်တောင် ငါထွက်ပြေးချင်ရင် မတားနိုင်ဘူး …"

"ဟုတ်လား …"

ချန်းဖန်က ပြုံရင်း လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်ကာ လေထုကို ဆုပ်ကိုင်ဟန် ပြုသည်။

"ဘုန်း …"

လေထုက ကျယ်လောင်သော ပေါက်ကွဲသံဖြင့် ကျောင်းကား တစ်စီးခန့် အရွယ်အစား ရှိသော လက်ဝါး သဏ္ဌာန်ကို ဖွဲ့စည်းသည်။ ချန်းဖန်က လက်ဝါးကို အောက်သို့ ရိုက်ဟန် ပြုသည်နှင့် ထိုအရာက သီးဆပ်၏ ဦးခေါင်းအား အပေါ်မှ ထုခွဲသည်။

"ချင်နလက်ဝါး …"

"အသုံးမဝင်ဘူး …"

အထင်သေးသော အပြုံးတစ်ခုက သီးဆပ်၏ မျက်နှာတွင် ပေါ်လာသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ဝေဝါးကာ လက်ဝါး မကျရောက်ခင် မှာပင် ထိုနေရာမှ ပျောက်ကွယ် သွားသည်။

ဘုန်း ...

ကြီးမားသော လက်ဝါးက သီးဆပ်ရှိကာ မြေပြင်သို့ ကျသည်။ မြေပြင်ရှိ မြက်များမှာ ညက်ညက်ကြေပြီး မြေကြီးတွင်ပင် အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

အိုဂါမှာ ဘေးမှ ကြည့်ရင်းပင် ချွေးများ စီးကျ လာခဲ့သည်။ သူမသာ သီးဆပ်နေတွင် ဆိုပါက ယခုအချိန်၌ သေဆုံး နေလောက်ပြီ ဖြစ်သည်။

"မင်းထွက်မပြေး နိုင်ပါဘူး …"

သူ၏ တိုက်ခိုက်မှုက လွဲချော် သွားသည့်တိုင် ချန်းဖန်ကမူ တည်ငြိမ် နေသေးသည်။ သူ၏ လေထဲမှ လက်ဝါးအား ထိန်းချုပ်ရန် သီးဆပ်အား ထပ်ခါထပ်ခါ တိုက်ခိုက်လိုက်၏။

"ဘုန်း … ဘုန်း … ဘုန်း …"

သီးဆပ်မှာ ချန်းဖန်လက်ဝါး၏ အောက်မှ ပွတ်ကာသီကာ ရှောင်တိမ်း နေနိုင်သော်လည်း လက်ဝါးက အားကုန် သွားမည့်ပုံ မရသည့်အလား သူ့အား ထပ်ကာ ထပ်ကာ တိုက်ခိုက်သည်။

အိုဂါမှာမူ ထိုမြင်ကွင်းကို ကြည့်ကာ တစ်ခုခုအား နားလည်လိုက်သည်။ ထိုအရာက  ကြောင်က ကြွက်ကို စကားစနေခြင်းပင်။

ချန်းဖန်၏ လက်ဝါးများက အရိပ်သဏ္ဌာန် သီးဆပ်အား ထွက်ပြေးရန် ခွင့်မပေးချေ။ အရိပ်တစ္ဆေမှာ ချန်းဖန်ထံမှ ဝေးနိုင်သမျှ ဝေးရန် ကြိုးစားသည့်တိုင် လက်ဝါး တစ်ချက်ကို ရှောင်တိုင်း ချန်းဖန်ထံသို့ အကွာအဝေး တစ်ခု နီးကပ်လာခဲ့သည်။

"သေစမ်း … သူ့လက်ဝါးက ဘယ်လို လုပ်ပြီး ငါရှိတဲ့ နေရာတိုင်းကို ကျလာရတာလဲ …"

ကြောက်ရွံခြင်းက သီးဆပ်၏ စိတ်နှလုံး၌ စတင် ပေါက်ဖွားလာခဲ့ပြီ ဖြစ်၏။ သူ၏ အရိပ်စွမ်းအားက တစ်နေရာမှ တစ်ရာသို့ လျင်မြန်စွာ ခုန်ကျော်နိုင်စွမ်း ကိုလည်း ပေးသော်လည်း ချန်းဖန်၏ လက်ဝါးက နေရာတိုင်းကို ပိတ်ဆို့ထားသည်။

"ဒါက မင်းကိုယ်တိုင် ရွေးချယ်တာပဲ …"

အေးစက်စက် အလင်းတစ်ခုက သီးဆပ်၏ မျက်လုံး၌ ဖြစ်ပေါ်လာ၏။

သူက အရိပ်၏ လျင်မြန်မှုကို တိုးမြှင့်လိုက်စဉ် မှာပင် အနက်ရောင် ဓားတစ်ချောင်းက သူ၏ လက်၌ ပေါ်လာသည်။

ထိုဓားက အနက်ရောင် သတ္တုနှင့် ပြုလုပ်ထားသည့် သာမန် ဓားတစ်ချောင်းနှင့် တူညီသည့်တိုင် အလွန်အမင်း ထက်ရှနေ၏။ ထိုအရာက သီးဆပ်၏ တန်ဖိုးအထားဆုံး လက်နက်ပင် ဖြစ်သည်။ ထိုဓားကား ကမ္ဘာပေါ်ရှိ လူချမ်းသာ၊ အာဏာရှင် များစွာ၏ သွေးများစွာကို သောက်သုံးခဲ့ပြီး ဖြစ်၏။ ထိုဓားကပင် သီးဆပ်အား နိုင်ငံပေါင်း ဆယ့်ခုနစ် နိုင်ငံတွင် ပြိုင်ဘက်ကင်း ဘွဲ့အား ယူဆောင် ပေးခဲ့သည်။

ဓားနှင့်အတူ သီးဆပ်၏ သွေးများက ပြန်လည် ဆူပွက်လာကာ ပြင်းထန်သော သတ်ဖြတ်ချင် စိတ်များ ပေါ်ထွက်လာသည်။

"ဟုတ်ပြီ …"

ချန်းဖန်က ပြုံးလိုက်ရင်း လက်ဝါး တစ်ချက်အား ရိုက်ထုတ် လိုက်သည်။

အစစ်အမှန် ချီများက လေဟာပြင်အား ပေါက်ကွဲစေကာ အဆုံးမရှိသော စွမ်းအားများကို ထုတ်လွှတ်သည်။ ထိုပေါက်ကွဲမှုက လေထုကိုပင် တုန်ခါစေလျက် သီးဆပ်ထံ တိုးဝင်ရန် ကြိုးစားသည်။

အစစ်အမှန်သိုင်း သုံးဆယ့် ခြောက်ကွက် … လေဟာနယ် ပေါက်ကွဲခြင်း ...။

ချန်းဖန်မှာ ထိုလက်ဝါးသိုင်းကို အခြေခံ တည်ဆောက်ခြင်း အလယ်အဆင့်တွင် ကတည်းက အသုံးပြုနိုင် ခဲ့သော်လည်း သိုင်းကွက်၏ အပြင်းထန်ဆုံး စွမ်းအားကို မဖော်ထုတ် နိုင်ခဲ့ပေ။ ယခုမူ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်ရာ သူထုတ်ဖော် နိုင်သော စွမ်းအားကလည်း ပိုမို တိုးတက်လာသည်။

ထိုပေါက်ကွဲမှုက သူ့ထံ မရောက်ခင်မှာပင် သီးဆပ်မှာ မူလနေရာမှ ဝေဝါး ပျောက်ကွယ်သွားပြီး လျှပ်စီး အလင်းအလား လျင်မြန်စွာ ရွေ့လျားသွားသည်။

သူ၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် အတွင်းပင် ချန်းဖန်၏ နောက်ကျော၌ ပြန်ပေါ်လာကာ လည်ပင်းအား ဓားဖြင့် ခုတ်ဖြတ်ရန် ပြင်သည်။

"ဟမ့် …"

ချန်းဖန်က အေးစက်စွာ နှာခေါင်း ရှုံ့လိုက်သည်။ ခဏအတွင်းမှာပင် သူ၏ လက်ချောင်းများက သီးဆပ်ထက် ပိုမို လျင်မြန်စွာ ရွေ့လျားရင်း သီးဆပ်အား ဖမ်းဆုပ်ရန် ဟန်ပြင်သည်။

သီးဆပ် နောက်သို့ လျင်မြန်စွာ ဆုပ်ရန် ကြိုးစားသည့်တိုင် ချန်းဖန်၏ လက်တစ်ဖက်က သူ့ဓားကို ဖမ်းဆုပ်ခြင်းအား ခံလိုက်၏။

သူ ဓားကိုလွှတ်ကာ နောက်သို့ အပြင်းဆုတ်ခွာ သော်လည်း သူ၏လည်ပင်းမှာ ချန်းဖန်၏ ဆုပ်ကိုင်ခြင်းအား ခံလိုက်ရပြန်သည်။

"မင်း ငါ့ကို ဘယ်လို ရှာတွေ့တာလဲ …"

သီးဆပ်မှာ သေခြင်းတရားနှင့် ထိတွေ့ နေရသည့်တိုင် သူ၏ သိချင်စိတ်အား မထိန်းချုပ်နိုင်ခဲ့ပေ။

သူ၏ အရိပ်စွမ်းအား အပေါ် သူကျိန်းသေ ယုံကြည်ခဲ့သည်။ ထိုစွမ်းအားဖြင့် အလွန် အစွမ်းထက်သော လူပေါင်းများစွာကို သတ်ဖြတ် ခဲ့ဖူးသည်။ အမှောင် သတ်မှတ်ချက် ထိပ်ဆုံးတွင် ရှိသော လူများပင်လျှင် သူ့အား ဖမ်းဆီးရန် မည်သို့မျှ မဖြစ်နိုင်ပေ။

"မင်းကို ငါ့ရဲ့ နတ်ဘုရား စိတ်အာရုံနဲ့ မှတ်သား ထားခဲ့တယ်။ မင်းရဲ့ အရိပ်တွေက ခန္ဓာကိုယ်ကို ဖုံးကွယ် ပေးနိုင်ပေမဲ့ ဝိညာဉ်ကတော့ ညဘက်မှာ မီးဖိုထားသလို ပြတ်ပြတ်သားသား ပေါ်နေခဲ့တယ် …"

ချန်းဖန်က သီးဆပ်၏ လည်ပင်းအား ဆုပ်ကိုင်ရင်းပင် ဖြည်းညင်းစွာ ပြောသည်။

"ဒါပေမဲ့ မင်းရဲ့ အရိပ် ထိန်းချုပ်မှုကို ငါတောင် အံ့အား သင့်ရပါတယ် …"

"အဲဒါက အလုပ် မဖြစ်ခဲ့ဘူးပဲ …"

သီးဆပ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"အဇူရာနဂါးက လွဲရင် တရုတ်မှာ အရမ်းကို အစွမ်းထက်တဲ့ လူတစ်ယောက် ရှိလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ခဲ့ဘူး။ ကျုပ် မှားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ လက်ထဲမှာ သေရတာ ဂုဏ်ယူစရာပါပဲ …"

သူက သက်ပြင်း တစ်ချက် ချသည်။

"ဆရာချန်းပေ့ရွှမ်း … မြေအောက် ကမ္ဘာရဲ့ စည်းမျဉ်းအရ ကျုပ်ရဲ့ အသက်အတွက် ဒေါ်လာ ငါးဘီလီယံနဲ့ ရွေးချင်ပါတယ် …"

"ဒေါ်လာငါးဘီလီယံ …"

ချန်းဖန်က အေးစက်စွာ ပြုံးရင်း သီးဆပ်၏ လည်ပင်းအား ချိုးလိုက်တော့သည်။

"ငါပြန်လည် မွေးဖွား လာချိန်က စလို့ ငါ့အတွက် ပိုက်ဆံက တန်ဖိုး မရှိဘူး …"

သီးဆပ်မှာ ချန်းဖန်အား မယုံကြည်နိုင်သည့် မျက်လုံးအစုံဖြင့် ကြည့်ရင်း သူ၏ နောက်ဆုံး ထွက်သက်ကို ရှူထုတ် လိုက်တော့၏။

ဥရောပ တစ်ခွင်ကို လွှမ်းမိုးနိုင်သော မြေအောက် အရှင်ကား သေဆုံး သွားခဲ့ပြီ ဖြစ်သည်။

သူတို့၏ မဟာမိတ်အဖွဲ့ ငါးယောက်တွင် တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။

ချန်းဖန် ဖြည်းညင်းစွာဖြင့် မီးတောက်များ ဝန်းရံနေသည့် မိန်းကလေးထံ လှည့်လိုက်တော့သည်။

***

All Chapters