#အင်ပါယာဆန္ဒ၊ မကြုံစဖူး#
Vol. 81 Ch. 1144
အင်ပါယာကောင်းကင်အပိုင်း၏ တည်ဆောက်ပုံက မရှုပ်ထွေးပါ။ ဇိမ်ခံအဆောက်အအုံများနှင့် အဆုံးမဲ့သည့်အလားထင်ရသည့် ရွှေကော်ဇောအခင်းကို ဖြတ်ပြီးနောက် ဟုန်ရင်နှင့် ကျန်တစ်ယောက် နဂါးနှင့်ဖီးနစ်ကြားက နန်းတော်ခန်းမတစ်ခုသို့ လျှောက်လာကြသည်။
ဒီနန်းတော်က ရှေးဆန်ပြီးဆန်းကြယ်သည်။ ၎င်းက တောင်နှင့်မြစ်များကြားတွင် တည်ရှိပြီး တိမ်များ၀န်းရံနေသည့် တောင်ထိပ်တွင် ရှိနေသည်။ ခမ်းနားသည့်ခန်းမက မိုးနှင့်မြေကြားက ဧရာမသတ္တဝါကြီးနှင့်တူသည်။ ရှည်လျားထယ်ဝါစွာရှိနေပြီး ဂုဏ်ကျက်သရေအပြည့်နှင့် လေးနက်ပုံပေါ်နေသည်။
နန်းတော်တစ်ဝိုက်တွင်ရှိနေသည့် နန်းတော်နံရံများက တိမ်များအား ထိုးဖောက်ထားသည်။ ၎င်းတို့ကို ကျောက်ဖြူဖြင့် ပြုလုပ်ထားခြင်းပင်။ နံရံများက တောက်ပသည့်အလင်းနှင့် တဖျပ်ဖျပ်လင်းနေသည့် ရှေးဆန်သောအနီရောင်ဖန်သားများနှင့် ဖုံးထားသည်။ ဖန်သားချပ်တိုင်းတွင် ရွှေနဂါးများလိမ့်တက်ကာ ဟိန်းနေသည့်အလား အထူးကောင်းမွန်သော ရွှေရောင်အဆင်းများနှင့် ရေးထွင်းတပ်ဆင်ထားလေသည်။
ဟုန်ရင်နှင့် မုဖူရှန်းတို့ ဒီနေရာတွင်ရပ်ကာ အင်ပါယာနန်းတော်၏ ရှေးဟောင်းဂုဏ်ကျက်သရေကို ခံစားမိသည့်အပေါ် သက်ပြင်းချမိကြသည်။ ဒါက သေမျိုးကမ္ဘာ၌ မည်သည့်အင်ပါယာနန်းတော်ကမှ မပြသနိုင်သည့် အရာတစ်ခုပင်။ တိမ်ဖီးနစ်အင်ပါယာလျှင်ပင် မပြသနိုင်ပေ။
ဒီအော်ရာကို သဘာ၀အတိုင်း ထုတ်လွှတ်ရန်အတွက် သမိုင်းနှင့် မရေမတွက်နိုင်လောက်သော ဧကရာဇ်၊ အရှင်သခင်များ၏ စုစည်းမှုကို လိုအပ်သည်။
ဒါက တခြားပြင်ပအရာ၀တ္ထုများနှင့် ဘာတစ်ခုမှ မသက်ဆိုင်ပါ။
သူတို့ရှေ့ဆက်သွားကြ၏။
နန်းတော်နံရံများကို ဖြတ်သန်းပြီးနောက် ခမ်းနားထည်ဝါသည့် နန်းတော်တစ်ခုက သူတို့ရှေ့တွင်ရပ်နေသည်။
၎င်းတွင် တဖျပ်ဖျပ်လင်း၀င်းနေသည့် ဆန်းကြယ်သောအော်ရာနှင့် မြင့်မားသည့် ရွှေတောင်ထိပ်တစ်ခုရှိသည်။
တံခါးကြီးကို ဆန်းကြယ်သည့်အက္ခရာများနှင့် ရေးထွင်းထားသည်။ နံရံနှင့် နေမင်း၏ ရွှေရောင်အလင်းအောက်တွင် ၎င်းက နက်နဲလှသည့်စွမ်းအားတစ်ခုကို ဖော်ပြသည်။
သူတို့ဧရာမဂိတ်တစ်ခုရှေ့ကို ရောက်လာသောအခါ အမျိုးသမီးနှင့် သစ်သားလူ ချင်းတို့ကလည်း လှမ်းကြည့်ကြသည်။
"အိုး၊ နင်တို့ဒီကို လာနိုင်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး" အိုက်ရွှယ် သူတို့နှစ်ယောက်ကို ကြည့်ရင်း အေးစက်စွာပြောသည်။
သို့စေကာမူ သူတို့ဟုန်ရင်နှင့် မုဖူရှန်းတို့ကို သတိထားပြီး ကြည့်နေကြသည်။
ဒါက ဟုန်ရင်နှင့်သူမမောင်၏ စွမ်းအားအပေါ် သတိထားနေသည့်အကြည့်မျိုးမဟုတ်ဘဲ သံသယအကြည့်တစ်ခုပင်။
ဒါကပုံမှန်သာ။
ကြီးကြပ်ရေးဗိမာန်က လွဲ၍ ရှေးဟောင်းစစ်မြေပြင်အကြောင်း သိသူဟူ၍ အတော်လေးနည်းပါးသည်။
နားလည်မှုမရှိဘဲနှင့် အဇူရာကောင်းကင်ကျောင်းတော်၏ အတွင်းပိုင်းထဲကို လာရန်ဟူသည် အတော်လေးခက်ခဲသည်။
ထို့ကြောင့် ဟုန်ရင်နှင့် ကျန်သောသူများက ကြောက်စရာကောင်းပြီး မိစ္ဆာဆန်သည့် အနီ၀တ်အမျိုးသမီးနှင့် ကြံရာပါများဟု အိုက်ရွှယ်သံသာဖြစ်နေမိသည်။
ဟုန်ရင် အိုက်ရွှယ်ကို ကြည့်ရင်း တည်ငြိမ်စွာမေးသည်။
"နင်တို့ဒီကို ဘယ်လိုရောက်လာတာလဲ"
"ကြီးကြပ်ရေးဗိမာန်အကြောင်း ဘယ်သူ့ကိုမှ ရှင်းပြနေစရာမလိုဘူး" အိုက်ရွှယ် အေးစက်စွာပင် ပြန်ဖြေသည်။
"ဒါဆိုငါတို့ကိစ္စကို နင့်ကိုဘာလို့ ရှင်းပြနေရမှာလဲ" ဟုန်ရင်ကလည်း ကြီးစိုးစွာပြန်ဖြေသည်။
တစ်ခဏအကြာတွင် ဟုန်ရင်နှင့်အိုက်ရွှယ်တို့ ထိပ်တိုက်တွေ့ဆုံကြသည်။
အင်ပါယာဆန္ဒနှင့် သန့်စင်သည့်မီးတာအိုနိယာမက စတင်တိုက်မိစဉ် လေဟာနယ်တစ်ခုလုံးက ပူလာသည်။
မုဖူရှန်း သူတို့နှစ်ယောက်ကို အာရုံမစိုက်ထားဘဲ ယင်းအစား သစ်သားလူကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
ဒီလူကအရမ်းထူးဆန်းသည်ဟု သူခံစားရသည်။
သူ့စွမ်းအားကို သူမြင်နိုင်သော်လည်း သူ့အသိအာရုံကို ပိတ်ဆို့ထားသည့် ထူထဲသော နံရံတစ်ခုရှိသည်ဟု မုဖူရှန်းခံစားနေရသည်။
သူကတောင်မျက်နှာပြင်ကိုသာ မြင်ရသည့်အသွင်။ တောင်တန်းက အလွန်ထူထဲသိပ်သည်းလွန်းသဖြင့် အတွင်းဗဟိုပိုင်းကို သူမမြင်နိုင်ပါ။
တစ်ခုခုမှားနေပြီ!
တစ်ခုခုကတော့ တကယ်မှားနေပြီ!
မုဖူရှန်း မြင်နိုင်စွမ်းမရှိအောင် လုပ်နိုင်သည့် တူညီသောမျိုးဆက်က လူအနည်းငယ်သာရှိသည်။
ဒီသစ်သားလူကို သူမြင်နိုင်စွမ်းမရှိပေ။
ကြီးကြပ်ရေးဗိမာန်၏ လုပ်ဆောင်ချက်အမျိုးမျိုးကိုပါ ပေါင်းစပ်လိုက်ပါက မုဖူရှန်း တစ်ခုခုကို ခံစားမိလာသည်။
ဒီသစ်သားလူက သူနှင့်ဆင်တူသည်ဟု သူခံစားရသည်။
ဒီအခိုက်အတန့်၌ အိုက်ရွှယ် ဟုန်ရင်ကို အေးစက်စွာစိုက်ကြည့်သည်။
"နင့်လုံခြုံမှုအတွက် ငါတို့လုပ်ဆောင်ချက်တွေကို မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်"
ထို့နောက် သူမလှည့်ကာ ရှေ့ကပိတ်ထားသည့် တံခါးကို ကြည့်လိုက်၏။
ဟုန်ရင် ဒီလောက်အစောကြီးလှုပ်ရှားရန်အတွက် ရည်ရွယ်ထားခြင်းမရှိပါ။
ဆုံးဖြတ်ချက်မချခင် သူတို့ဘာလုပ်ချင်သလဲဆိုတာ အရင်ကြည့်ကြရအောင်!
တံခါးမျှော်စင်ပေါ်၌ ရွှေနဂါးကဲ့သို့ အဆင်းများရှိပြီး ဒီအဆင်းများထဲတွင် ရွှေရောင် ရောင်ခြည်တန်းများ စီးဆင်းနေသည်။
အိုက်ရွှယ်နှင့် ဟုန်ရင်တို့ တံခါးကို တွန်းဖွင့်ရန် ကြိုးစားသော်လည်း သူတို့ဘာမှမတတ်နိုင်ပါ။
ဒီနေရာက ထောင်ချောက်တစ်ခုဖြစ်ပုံရသည်။
အိုက်ရွှယ် ရွှေရောင်အဆင်းများကို ကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်ကာ သေချာလေ့လာစိစစ်ကြည့်သည်။
ထို့နောက် သူမလက်ဖဝါးကို အနည်းငယ် မြှောက်လိုက်စဉ် သူမ၏လက်ဖဝါးတစ်ခုလုံးက မီးတောက်များနှင့် ဖုံးလွှမ်းသွားသည်။
၎င်းနောက် လက်ဖဝါးကို အဆင်းများပေါ်၌ ဖိပစ်သည်။
မီးစွမ်းအားက အဆင်းများပေါ်သို့ ချက်ချင်းတိုး၀င်သွားခဲ့သည်။
ဒီတဒင်္ဂ၌ ရွှေအဆင်းများက မီးတောက်နီရောင်ပြောင်းသွားခဲ့သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ အိုက်ရွှယ်၏ မျက်ခုံးများက အနည်းငယ်ကွေးညွတ်သွား၏။
ဒီရွှေအဆင်းများက တံခါးပိုဖွင့်ရန်အတွက် အခြေအနေရပ်ဖြစ်ပုံရသည်။
သို့စေကာမူ မီးစွမ်းအားကို အဆက်မပြတ် ထည့်သွင်းပြီးနောက်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပျက်လာခဲ့သည်။
ရွှေအဆင်းများထဲက ရွှေရောင်အလင်းအမျှင်စတစ်ခုက ရုတ်တရက်ပေါက်ကွဲကာ မီးတောက်စွမ်းအားများကို နဂါးတစ်ကောင်ပမာ ဝါးမြိုပစ်သည်။
ဒီမြင်ကွင်းကိုမြင်ရသောအခါ အိုက်ရွှယ် ထပ်မံမျက်မှောင်ကြုတ်ရင်း ညင်သာစွာ တစ်ချက်အော်ဟစ်စဉ် လက်ထဲတွင် မီးစွမ်းအားက ထိုးတက်လာပြီး ရွှေအဆင်းများပေါ် သွန်ထည့်လိုက်၏။
သို့စေကာမူ ဒီနဂါးက အောက်ခြေမဲ့တွင်းတစ်ခုအလား မီးစွမ်းအားကို အဆက်မပြတ် ဝါးမြိုနေသည်။
၎င်းကထိုးသွင်းလိုက်သည့် ပမာဏတိုင်းကို ဝါးမြိုသွားသည်။
အကယ်၍ သူမသာ မီးစွမ်းအားကို ဆက်လက်ထည့်သွင်းနေမည်ဆိုပါက သူမတစ်ကိုယ်လုံးမှ ကုန်ဆုံးသွားလျှင်ပင် ဒီရွှေနဂါးကို ကျေနပ်အောင် လုပ်နိုင်မည်မဟုတ်လောက်ပေ။
အကူအညီမဲ့စွာနှင့် အိုက်ရွှယ်လက်လျှော့ရုံသာ တတ်နိုင်သည်။
ဒါကိုမြင်သော် မုဖူရှန်း ဟုန်ရင်ကို ကြည့်ရင်း ပြုံးသည်။
"ဒုတိယစီနီယာအစ်မ၊ ဒီစမ်းသပ်မှုက အစ်မအတွက် ပြင်ဆင်ထားတာဖြစ်ရမယ်"
ဟုန်ရင်သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
"ငါသာမမှားရင် တကယ်ဒီလိုပဲ"
ထို့နောက် ဟုန်ရင်တံခါးဆီသို့ တည့်တည့်လျှောက်သွားသည်။
ဒါကိုမြင်သောအခါ အိုက်ရွှယ်အနည်းငယ် မျက်မှောင်ကြုတ်သည်။
"နင့်စွမ်းအားကမဆိုးပါဘူး၊ ဒါပေမယ့် နင့်ကိုယ်ထဲက စွမ်းအားက ငါ့ထက်နိမ့်ကျတယ်၊ နင့်ခွန်အားကို ဖြုန်းတီးနေစရာမလိုဘူး"
ဟုန်ရင်မဖြေဘဲ အိုက်ရွှယ်ကို လျစ်လျူရှုထားသည်။
အင်ပါယာဆန္ဒက သူမလက်ဖဝါးကို ထုံးထားပြီး စေးကပ်သည့်အတိုင်းအတာအထိ ထူနေသည်။
အိုက်ရွှယ် အနည်းငယ်ကြက်သေသေသွားသည်။
တစ်ဘက်လူက အင်ပါယာဆန္ဒကို ကျင့်ကြံနိုင်လိမ့်မည်ဟု သူမမျှော်လင့်မထားခဲ့ပေ။
ရှေးခေတ်ကတည်းက ဒီအဆင့်တွင် အင်ပ်ယာဆန္ဒကို ဒီအတိုင်းအတာအထိ ကျင့်ကြံနိုင်ခြင်းက မကြုံစဖူးဟု ဆို၍ရသည်။
သစ်သားလူကလည်း ဒီမြင်ကွင်းကို မိန်းမောတွေဝေစွာကြည့်ရင်း သူ့မျက်လုံးများ၌ မမြင်နိုင်သည့်အလင်းတန်းတစ်ခု လင်း၀င်းသွားသည်။
ဟုန်ရင် လက်ဖဝါးကို တံခါးပေါ် ဖိကပ်လိုက်သောအခါ သူမအဖို့ တမင်တကာပင် ထည့်သွင်းနေစရာမလို။ ရွှေနဂါးက ဟုန်ရင်လက်ဖဝါးပေါ်က အင်ပါယာဆန္ဒကို အဆက်မပြတ် စတင်စုပ်ယူသည်။
သို့သော် ဒီတစ်ကြိမ်တွင် မတူညီသည့် အပြောင်းအလဲတစ်ခုဖြစ်လာသည်။
အိုက်ရွှယ် မီးစွမ်းအားကို ထည့်သွင်းသောအခါ ရွှေအဆင်းများရှိ ရွှေနဂါးက အရာအားလုံးကို ဝါးမြိုပြီးနောက် ရွှေရောင်ပြန်ဖြစ်သွားသည်။
သို့စေကာမူ ဟုန်ရင်၏အင်ပါယာဆန္ဒကို ရွှေနဂါးဝါးမြိုပြီးသောအခါ နဂါးကိုယ်ပေါ်က ရွှေရောင်က တဖြည်းဖြည်းအနီရောင် ပြောင်းလာသည်။
၎င်း၏မျက်လုံးများ၌ ဂုဏ်ကျက်သရေ၏ အရိပ်အယောင်တစ်ခုရှိသည်။
ဒါကိုအာရုံခံမိသောအခါ အိုက်ရွှယ် မျက်ခုံးပင့်လိုက်မိသည်။
တဖြည်းဖြည်း ရွှေနဂါး၏ကိုယ်က ဖြည်းညင်စစွာ စတင်ကျယ်ပြန့်လာပြီး တံခါးတစ်ခုလုံးကို အဆင်းများနှင့် ဖြည့်ပေးသည်။
ခရက်ခ် ခရက်ခ် ခရက်ခ်!
ကျွီ.......!
တံခါးက ဖြည်းဖြည်းချင်းပွင့်လာသည်။
ဟုန်ရင်လက်ကို ရုပ်သိမ်းကာ ထိတ်လန့်နေသည့် အိုက်ရွှယ်ကို လှည့်ပင်မကြည့်ဘဲ တည့်တည့်၀င်သွားလေတော့သည်။
မုဖူရှန်းဟုန်ရင်နောက်ကနေ လိုက်သွားသည်။ ဒုတိယစီနီယာအစ်န၏ မောက်မာသည့်အပြုအမူကို သူသဘောမတူသော်လည်း ဒါက တကယ်ကို ကြီးစိုးနိုင်ပြီး ကျေနပ်စရာကောင်းသည်။
အိုက်ရွှယ်အလွန်အမင်း ထိတ်လန့်နေရသည့် အကြောင်းရင်းက ဟုန်ရင်ကိုယ်ထဲမှ ကြီးမားသည့် အင်ပါယာဆန္ဒထွက်လာသည့် နောက်ဆုံးအခိုက်အတန့်လေးတွင် ဖြစ်သည်။
ထိုအချိန်က သူမ ခေတ်တစ်ခေတ်ကို လွှမ်းမိုးကြီးစိုးကာ အထွတ်အထိပ်အဆင့်ကို ရောက်နေသည့် ဧကရီတစ်ပါးကို ရင်ဆိုင်နေရသည့်ပမာ ခံစားရသည်။
ဒီကမ္ဘာကြီးထဲတွင် ဧကရာဇ်ဖြစ်လာရန်အတွက် လမ်းစဉ်က အတိတ်တွင် ကျန်ရစ်နေခဲ့ပြီဖြစ်ကာ မည်သူမှ အဝေးကြီး မသွားနိုင်တော့ပါ။
ဒီလူကတကယ်ပဲ ဘယ်သူလဲ!
အပိုင်း(1145) coming။