← Chapters

#တစ်ယောက်ယောက်ကို ဓားနဲ့ထိုးချင်နေတဲ့ဆန္ဒကို မင်းမဖုံးကွယ်နိုင်ပါဘူး#

Vol. 81 Ch. 1148

#တစ်ယောက်ယောက်ကို ဓားနဲ့ထိုးချင်နေတဲ့ဆန္ဒကို မင်းမဖုံးကွယ်နိုင်ပါဘူး#

Vol. 81 Ch. 1148

ကောင်းကင်ဖိနှိပ်စေတီတစ်ဝိုက်တွင် အရိပ်နက်က မှောင်မိုက်နေပြီး နတ်ဆိုးနက်အော်ရာက ပတ်၀န်းကျင်ကို ဝိုင်းရံကာ နှလုံးခုန်သံကဲ့သို့ ဟစ်ကြွေးသံကို ထုတ်လွှတ်သည်။

အချိန်ကကုန်ဆုံးနေခဲ့သည်။ 

ဒါကိုမြင်သော် လုချန်ရှန်း မျက်မှောင်ကြုတ်လိုက်၏။

ဒီအခိုက်အတန့်မှာပင် ကောင်းကင်ဖိနှိပ်စေတီမှ အသံတစ်သံထွက်လာသည်။ 

"အိုး၊ မင်းဒီတစ်ကြိမ်ဘာလို့ဒီမှာ ရှိနေရတာလဲ၊ မင်းမှာ ငရဲနတ်ဆိုးဒေသကို ကိုင်တွယ်ဖို့ နည်းလမ်းရှိပြီလား"

လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။ 

"ခင်ဗျားတို့ဆီက အဖြေတစ်ခုတောင်းဖို့ ကျုပ်လာခဲ့တာပါ"

နောက်ထပ်အဖိုးအိုတစ်ဦးပြုံးသည်။ 

"ငါတို့လူအိုကြီးတွေမှာသာ နည်းလမ်းရှိမယ်ဆိုရင် ငရဲနတ်ဆိုးပိုင်နက်ကို အရင်ကတည်းက သေမျိုးနယ်မြေမှာ ရက်ရက်စက်စက်ပြုမူခွင့်ပေးမှာမဟုတ်ဘူး"

"မင်းအဖြေတစ်ခုရှာဖို့အတွက် ဒီလူအိုကြီးတွေဆီကို လာခဲ့တာဆိုတော့ ဒီခရီးက အလဟဿဖြစ်သွားလိမ့်မယ်"

လုချန်ရှန်းဒါကို ခန့်မှန်းထားပြီးဖြစ်သော်လည်း ဒီလူများအကြောင်း နှလုံးသားထဲကနေ မညည်းညူဘဲ မနေနိုင်ပေ။ 

"ဒါဆို ခင်ဗျားတို့က နတ်ဆိုးဒေသနဲ့ တိုက်ပွဲ၀င်ဖူးတယ်ဆိုတော့ သူတို့ရဲ့ ဖွဲ့စည်းပုံနဲ့ တိုက်ခိုက်နည်းတစ်ချို့ကိုသိသင့်တယ်မလား"

နက်ရှိုင်းသည့်အသံတစ်သံက ကျယ်လောင်စွာရယ်မောသည်။ 

"မင်းအားနည်းချက်ကို ရှာချင်တာလား၊ ဒါကလည်း အားထုတ်မှုကို ဖြုန်းတီးနေတာပဲ၊ ဘာပဲဆိုဆို ငါတို့....."

"ခင်ဗျားတို့အဖိုးကြီးတွေကလည်း အားနည်းချက်ကို လုံး၀ရှာမတွေ့နိုင်ဘူးမလား" လုချန်ရှန်ကြားဖြတ်သည်။ 

"ဒီအကြောင်းနဲ့ပတ်သက်ပြီး စိတ်မပူနဲ့၊ ကျုပ်ကိုပြောသာပြောပါ"

မျှော်စင်ထဲတွင် အဖိုးအိုလေးဦး တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသော်လည်း အားကိုးရာမဲ့စွာ ခေါင်းညိတ်နေဆဲပင်။ 

သူတို့ဒါကိုမပြောချင်တာ မဟုတ်ပါ။ 

ယင်းအစား ငရဲနတ်ဆိုးဒေသ၏ တင်းကျပ်သည့်တည်ဆောက်ပုံကို ကြားပြီးသောအခါ လုချန်ရှန်းကြောက်လန့်ပြီး ဒါကိုနောက်ထပ် ဂရုမစိုက်တော့မှာကို စိုးရိမ်နေကြခြင်းဖြစ်သည်။ 

လုချန်ရှန်းရောက်လာခြင်းက သူက သေမျိုးနယ်မြေ၏ နောက်ဆုံးမျှော်လင့်ချက်ဟု ဆိုလိုနေခြင်းပင်။ 

မဟုတ်ပါက နှစ်များစွာစောင့်နေသည့်တိုင် သေမျိုးနယ်မြေက မည်သူမှ ဒီကို မလာရလေသနည်း။ 

ဒါကသူတို့၏အင်အားက မလုံလောက်ဟု ဆိုလိုသည်။ 

"ဒါကိုဂရုတစိုက်နားထောင်ပါ" အဖိုးအိုတစ်ဦး နက်ရှိုင်းသည့်အသံဖြင့်ပြောသည်။ 

"ပထမဆုံးအနေနဲ့ နတ်ဆိုးဒေသရဲ့ တည်ဆောက်ပုံပေါ့၊ အဲဒါကို စကားလုံးရှစ်လုံးနဲ့ဖော်ပြနိုင်တယ်၊ ဒါက လုံး၀ကို တင်းတင်းကျပ်ကျပ် အထက်အောက်သေချာစီစဉ်ထားပြီး ချောမွေ့တယ်"

ဒီနေရာတွင် အဖိုးအို၏အသံက ရှင်းလင်းစွာပင် လေးနက်လာသည်။ 

"ငရဲနတ်ဆိုးဒေသကို နတ်ဆိုးစစ်တပ်ခုနှစ်တပ်အဖြစ် ခွဲခြားထားတယ်"

"ကုန်းတွင်းစစ်ပွဲရဲ့ အဓိကတိုက်ခိုက်သူက မိစ္ဆာလှံစစ်တပ်ဖြစ်ပြီး အဓိကကာကွယ်သူက မှော်ဒိုင်းစစ်တပ်ပဲ၊ များသောအားဖြင့် တိုက်ခိုက်တဲ့အခါ မှော်ဒိုင်းစစ်တပ်က ရှေ့ကနေ တိုက်ခိုက်တတ်တယ်၊ ပုံမှန်ဆိုရင် မှော်ဒိုင်းစစ်တပ်တစ်တပ်ရဲ့နောက်မှာ မိစ္ဆာလှံစစ်သုံးတပ်ရှိတတ်ပြီး ဒီနည်းဗျူဟာမြောက်တဲ့နည်းနဲ့ ချီတက်တယ်"

"ငါတို့စစ်တပ် မှော်ဒိုင်းစစ်တပ်ကို တိုက်ခိုက်တုန်းက သူတို့နောက်က မိစ္ဆာလှံစစ်တပ်က ငါတို့ကို နှောင့်ယှက်တိုက်ခိုက်ကြတယ်၊ ငါတို့က တန်းတူညီမျှဖြစ်နေရင် လုံး၀ကို မထိုးဖောက်နိုင်ဘူး"

"လေကြောင်းတိုက်ခိုက်မှုက အနီးကပ်၀င်စီးသူနဲ့ အဝေးကမှော်ဆရာတို့ပဲ၊ သူတို့က အရမ်းမြန်ကြတယ်၊ ၀င်စီးသူက အနီးကပ်တိုက်ခိုက်ရာမှာ ပြင်းထန်ပြီး သူ့နောက်မှာ အဝေးကနေ တိုက်ခိုက်ဖို့အတွက် မှော်ဆရာရှိတယ်၊ ဒါကိုကာကွယ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး"

"ပြီးတော့ မဟာအင်ပါယာအစောင့်တပ်နှစ်တပ်ပဲ၊ မှော်သားရဲအင်ပါယာအစောင့်တွေကို မှော်သားရဲတွေက ဦးဆောင်ပြီး မလွှမ်းမိုးနိုင်တဲ့ ကိုယ်ခန္ဓာတွေရှိတယ်၊ မိစ္ဆာကျင့်ကြံသူတွေရဲ့ လျှို့ဝှက်နည်းစနစ်တွေကို အဓိကအသုံးပြုတဲ့ ဆန်းကြယ်အင်ပါယာအစောင့်တွေက ပုံရိပ်ယောင်အစီအရင်တွေနဲ့ ညို့ဓာတ်မှာ တော်ကြတယ်"

"နောက်ဆုံးမှာတော့ နတ်ဆိုးသခင်နဲ့ နတ်ဆိုးဘုရင်ကိုယ်တိုင်ဦးဆောင်တဲ့ စစ်တပ်တစ်တပ်ရှိတယ်၊ သူတို့ရဲ့ကုဒ်နာမည်က ငရဲတဲ့၊ အဲဒီတုန်းက ငရဲစစ်တပ်မှာ လူစုစုပေါင်း၂၅၀ရှိခဲ့ပြီး တစ်ယောက်ချင်းစီက အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်နေခဲ့ကြတယ်"

"တကယ်တော့ ဒါကလည်း စစ်တပ်တစ်တပ်ပါပဲ၊ သူတို့မှာ တပ်မှူးတွေ၊ အကြီးအကဲတွေ စသဖြင့် ရှိကြတယ်"

ဒါကိုကြားသောအခါ လုချန်ရှန်း ကျိန်ဆဲချင်မိသွားသည်။ 

တစ်ခါကအလွန်အမင်းအားကောင်းခဲ့သည့် သေမျိုးနယ်မြေ ဒီလောက်ထိဆိုးရွားစွာ ရှုံးနိမ့်သွားသည်မှာ အံ့ဩသင့်စရာမရှိတော့။ 

ဒီစစ်ရေးအစီအရင်တွေက လွန်ကဲစွာ ယုတ္တိတန်လွန်းသည်။ 

တိုက်ခိုက်ရေးနှင့်ကာကွယ်ရေး၊ အနီးကပ်တိုက်ပွဲနှင့် အဝေး‌ပြေးတိုက်ပွဲတို့ရှိသလို အလွန်အမင်းအင်အားကြီးပြီး အလုံးစုံပါရှိသော အင်ပါယာအစောင့်များလည်းရှိသည်။ 

ပိုအရေးကြီးတာက အစစ်အမှန်နတ်ဘုရားနယ်ပယ်နှင့် ညီမျှသည့် ကျွမ်းကျင်သူ၂၅၀ရှိနေခြင်းပင်။ 

တပ်မှူးတွေနဲ့အကြီးအကဲတွေကို မေ့ထားဦး၊ ဒီကိစ္စတွင် အဆင့်မြင့်မဟာအကြီးအကဲ သို့မဟုတ် ဘိုးဘေးတစ်ဦးလာခဲ့မည်ဆိုလျှင်ပင် လုချန်ရှန်းအံ့ဩသင့်မည်မဟုတ်။ 

ဆန့်ကျင်ဘက်အနေနှင့် လက်ရှိသေမျိုးနယ်မြေကရော!

အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ၂၅၀ကိုမဆိုထားနဲ့၊ အပေါ်ယံတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပင်မရှိပါ။ 

ထိုအချိန်က သေမျိုးနယ်မြေက ငရဲနတ်ဆိုးဒေသ၏ စွမ်းအားများစွာကို ကုန်ခမ်းစေခဲ့သော်လည်း နှစ်သိန်းနှင့်ချီပြီး ကုသလာပြီးနောက် သူတို့ဘယ်လောက်ထိ ပြန်ကောင်းလာပြီဘဲဆိုတာ မသိပေ။ 

တိုက်ခိုက်ဖို့အတွက် ဘာရှိလေသနည်း။ စုစုပေါင်းခွန်အားချက်က ကောင်းကင်နှင့် မြောင်းတစ်ခုပမာ။ 

အဖိုးအိုတစ်ဦးက လုချန်ရှန်းနောက်ဆုတ်သွားမှာကို ကြောက်နေသည့်အလား အလျင်အမြန်ပြောသည်။ 

'တကယ်တော့ ဒါကဘာမှမဖြစ်ပါဘူး၊ ဒီနတ်ဆိုးတွေအားလုံးမှာ တူညီတဲ့အပြစ်အနာအဆာတစ်ခုရှိတယ်"

"ဘာများလဲ" လုချန်ရှန်း၏ပူပန်မှုက ပျော်ရွှင်မှုအဖြစ် ကူးပြောင်းသွားသည်။ 

အပြစ်အနာအဆာတစ်ခုခုရှိတာက အားနည်းချက်များရှိသည်ဟု ဆိုလိုခြင်းပင်။ 

"ဒါပေမယ့် ဒါကိုအားနည်းချက်လို့တော့ မယူဆပါဘူး...."

အကယ်၍ ဒီအဖိုးအိုလေးဦးက လုချန်ရှန်း၏ လက်ရှိအမူအရာကို မြင်နိုင်ပါက သူတို့ စည်းချက်မကျသည့် သို့မဟုတ် ဆင်ခြင်တုံတရားကင်းမဲ့သည့်အရာတစ်ခုကို သေချာပေါက်တွေးတောကြပေလိမ့်မည်။ 

မျက်လုံးများထဲကနေ တစ်ယောက်ယောက်ကို ဓားနှင့်ထိုးသတ်ပစ်ချင်နေသည့် ဆန္ဒကို ဖုံးကွယ်ထား၍မရပေ။ 

သူတို့လုချန်ရှန်း၏ စိတ်အခြေအနေကို အာရုံခံမိသည့်အလား အလျင်အမြန်ပြောသည်။ 

"သူတို့ရဲ့ကုန်းတွင်းတပ်တွေက ကုန်းတွင်းတိုက်ပွဲတွေမှာသာတော်ပြီး လေတပ်တွေက လေကြောင်းတိုက်ပွဲတွေမှာပဲတော်ကြတယ်"

"ဒါပေမယ့် ဒီနေရာမှာ အဲဒီတုန်းက ဒီအတွက် ငါတို့တန်ပြန်ဆောင်ရွက်မှုအများကြီးကို စဉ်းစားခဲ့ကြပေမယ့် သက်ရောက်မှုက မရှင်းလင်းဘူး၊ အဓိကအကြောင်းရင်းက သူတို့က သူတို့အတွက် အကျိုးမရှိတဲ့ စစ်မြေပြင်ကို ထိရောက်စွာ ရှောင်ရှားနိုင်လို့ပဲ"

လုချန်ရှန်းလက်ဝှေ့ယမ်းသည်။ 

"ကောင်းပြီ၊ ကောင်းပြီ၊ ထပ်မပြောတော့နဲ့"

ဒီစကားနဲ့ ပေါက်တတ်ကရစကားကြားက ကွာခြားချက်ကဘာနည်း။ 

"ခင်ဗျားတို့သိတာဒါပဲမလား"

"ဒါက မလုံလောက်ဘူးလား"

လုချန်ရှန်းဒီအကြောင်းကို ထပ်မပြောချင်တော့ပါ။ 

"ကောင်းပြီ၊ ကျုပ်သွားနှင့်ပြီ"

"ခင်ဗျားတို့မှာ ချိပ်စည်းကို ပြန်ခိုင်မာအောင်လုပ်ပြီး အချိန်ဆွဲဖို့ နည်းလမ်းတစ်ခုရှိမယ်ဆိုရင်တော့ ဒါက ကျုပ်အတွက် အကောင်းဆုံးအထောက်အကူပဲ"

"တခြားနည်းလမ်းမရှိတော့ဘူး၊ ငါတို့အကန့်အသတ်ကို ရောက်နှင့်နေပြီ"

"ဒါဆိုလည်း ပါးစပ်ပိတ်နေလိုက်ကြပါတော့"

စေတီထဲက လူသားဘိုးဘေးလေးဦး "....."

ဒီလိုပုံစံမျိုးနှင့် တစ်ယောက်ယောက် သူတို့ကို ဘယ်တုန်းက စကားပြောဖူးသနည်း။ 

လုချန်ရှန်းက ပထမဆုံးဖြစ်သည်။ 

ထွက်မသွားခင် လုချန်ရှန်းထပ်မေးသည်။ 

"စကားမစပ်၊ ခင်ဗျားတို့က ဘယ်သူက ဟောင်တျန်းလဲ၊ ဘယ်သူက ဟန်တျန်းလဲ'

ချက်ချင်းဆိုသလို လူသားဘိုးဘေးနှစ်ယောက် ပြန်ဖြေသည်။ 

"ငါတို့ပါ၊ ဘာလို့လဲ၊ တစ်ခုခုဖြစ်နေလို့လား"

လုချန်ရှန်းလက်ဝှေ့ယမ်းသည်။ 

"ဘာမှမဟုတ်ပါဘူး"

ထို့နောက် လုချန်ရှန်း ဝင်ပေါက်ကနေ ပျောက်ကွယ်သွားလေတော့သည်။ 

လုချန်ရှန်းပျောက်ကွယ်သွားပြီးနောက် စေတီထဲက လူသားဘိုးဘေးတစ်ယောက် သိချင်စိတ်ဖြင့်မေးသည်။ 

"ကောင်းကင်ဘုံဧကရာဇ်ဟန်၊ ဧကရာဇ်ဟောင်၊ ဒီကလေး မင်းတို့နာမည်ကို ဘယ်လိုသိတာလဲ၊ မင်းတို့သူ့ကို မပြောပြခဲ့ဘူးမလား"

ဟောင်တျန်းပြုံးရင်း ပြန်ဖြေသည်။ 

"သူ့တပည့်တွေက သူ့ကိုပြောခဲ့တာဖြစ်ရမယ်"

တခြားလူသားဘိုးဘေးနှစ်ဦး၏ သံသယများကို ကြည့်ရင်း ဟန်တျန်းရှင်းပြသည်။ 

"သူ့တပည့်တွေက မျိုးစေ့ကောင်းတွေပဲ၊ ငါတို့ခေတ်မှာတောင် ဒီလိုပါရမီမျိုး မရှိသလောက်နည်းတယ်"

"သူတို့ အဇူရာကောင်းကင်ကျောင်းတော်ကို ရောက်လာတဲ့အခါ ငါတို့ကောင်းကင်လှုပ်ခတ်အပိုင်းနဲ့ အင်ပါယာကောင်းကင်အပိုင်းတို့ကို အသီးသီးအမွေဆက်ခံခဲ့ကြတယ်လေ"

ဟောင်တျန်းသဘောတူသည့်အသွင် ခေါင်းညိတ်သည်။ 

"ငါတို့သာ သူတို့ကို အချိန်ထပ်ပေးမယ်ဆိုရင် သေမျိုးနယ်မြေကို တကယ်ကယ်တင်နိုင်လောက်တယ်...."

"ဒီလိုမြင့်မားတဲ့ တန်ဖိုးဖြတ်မှုမျိုးက...."

"ဒီပါရမီက အဲဒီရှီရှန်းလို့ခေါ်တဲ့ ကလေးနဲ့ပဲ ယှဉ်လို့ရတယ်"

"ဒီကောင်လေး ဒီတပည့်တွေကို ဘယ်လိုလက်ခံခဲ့သလဲဆိုတာ ငါတကယ်သိချင်မိတယ်၊ သူတို့အားလုံးက အရမ်းကြောက်စရာကောင်းကြတယ်၊ ငါ့မှာသာတစ်ယောက်ရှိနိုင်မယ်ဆိုရင် သူ့ကို ငါ့နောက်ဆုံးတပည့်အဖြစ် တိုက်ရိုက်လက်ခံနိုင်တယ်'

"ဟားဟား၊ ဒါက ငါတို့ဒီကနေ ရှင်ကျန်နိုင်သရွေ့ ငါတို့သေမျိုးကမ္ဘာရဲ့ကြွယ်၀မှုက ဒီကလေးတွေအပေါ် မူတည်နေပြီလို့ ဆိုလိုနေတာမလား"

ဟောင်တျန်းနှင့် ဟန်တျန်းတို့ တစ်ဦးကိုတစ်ဦးကြည့်ကာ ခေါင်းခါယမ်းကြ၏။ 

"ဒီကလေးတွေက ကြီးထွားလာဖို့လိုသေးတယ်၊ ဒါပေမယ့် ကြွယ်၀လာမှုကိုတော့ လုချန်ရှန်းအတွက် ထားလိုက်တော့မယ်"

အပိုင်း(1149) coming။ 

All Chapters