အမှောင်သတ်မှတ်ချက်
Vol. 4 Ch. 305
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ နံနက် ငါးနာရီအချိန် …
အဆောက်အဦ အိုကြီး တစ်ခု အတွင်းတွင် …
မျက်မှန် ဝတ်ဆင် ထားသည့် လူဖြူ တစ်ဦးမှာ ကော်ဖီခွက် တစ်ခွက်ကို ကိုင်ရင်း ကွန်ပျူတာ ရှိရာသို့ အိပ်ချင်မူးတူး မျက်နှာနှင့် လမ်းလျှောက် လာခဲ့သည်။
သူ့အား ရေဖယ်ဟု ခေါ်ကြသည့်တိုင် ထိုအရာက သူ့၏ နာမည်အရင်း မဟုတ်ချေ။ မြေအောက် အဖွဲ့အစည်း ကြီး၏ အဖွဲ့ဝင် တစ်ဦး အနေဖြင့် ရေဖယ်မှာ ကမ္ဘာ တစ်ဝှမ်းလုံးရှိ ထောက်လှမ်းရေး သတင်းများအား စုဆောင်းရန်နှင့် ခွဲခြမ်း စိတ်ဖြာရန် တာဝန် ရှိသည်။ သူအလုပ် လုပ်သည့် အုပ်စုကို ကြက်သွေးတောင် အတောင်ပံများဟု ခေါ်ပြီး ထိုအုပ်စုမှာ မြောက် အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် ကျော်ကြားသည့် ကြေးစားအုပ်စု တစ်ခုဖြစ်သည်။
သူတို့၏ ကြေးစား အုပ်စု အဓိက နာမည် ကျော်ကြား ရခြင်းမှာ သိုင်းပညာကြောင့် မဟုတ်ပေ။ သူတို့၏ အမှောင်လောက အရှင်သခင် များနှင့် ထဲထဲဝင်ဝင် ရှိသော ဆက်ဆံရေး ကြောင့်သာ ဖြစ်သည်။
ထို့ကြောင့်ပင် ရေဖယ်မှာ သူ၏ အချိန် အများစုကို အမှောင် ကမ္ဘာမှ တရားမဝင် အဖွဲ့များ၊ မိသားစုများ အကြောင်း အချက်အလက် များအား စုစည်းရန်သာ အသုံးပြုလေ့ ရှိသည်။
"စီအိုင်အေရဲ့ အမှောင် သတ်မှတ်ချက်ကို ခဏလောက် ဝင်ကြည့် ကြည့်ဦးမယ်"
ရေဖယ်က လက်တစ်ဖက်ဖြင့် ကော်ဖီခွက်ကို ကိုင်ကာ မော့လိုက်ရင်း အခြား လက်တစ်ဖက်ဖြင့် ကွန်ပျူတာ ကီးဘုတ်အား နှိပ်လိုက်သည်။
ထိုဝက်ဘ်ဆိုက်မှာ စီအိုင်အေ၏ လျှို့ဝှက် ဆာဗာတွင် တည်ရှိရာ လွယ်ကူစွာ ဝင်၍ မရနိုင်ပေ။ ထို့ကြောင့်ပင် လျှို့ဝှက်ကုဒ် အနည်းငယ်ကို ချိုးဖျက်ပြီးမှသာ ရေဖယ် ဝင်လိုက်နိုင်သည်။
"အိုကေ … ရပြီ …"
ခဏအကြာ၌ ကွန်ပျူတာ စခရင် (မျက်နှာပြင်) ပေါ်၌ အနက်ရောင် နောက်ခံနှင့် အနီရင့်ရောင် စာလုံးအချို့ ပေါ်လာခဲ့သည်။
"ဘာတွေ တက်မလဲ ကြည့်ရအောင် …"
"မီရာမိုတို မူဆာရှီ … ဂျပန်လူမျိုး … သိုင်းပညာ ပေါင်းစုံ တတ်တဲ့ ဘီအဆင့် ပညာရှင် တစ်ယောက်။ ကရာတေး၊ အီကီဒို၊ ဂျူဒိုတို့မှာ အရမ်း ထူးချွန်တယ်။ အရင်က လက်ဗလာ နဲ့တောင် ကျားတစ်ကောင်ကို သတ်ဖူးတယ်။ ပြစ်မှုတွေက… မစ်ဆုရှီ လုပ်ငန်းစုရဲ့ ဆက်ခံသူကို လုပ်ကြံတယ်။ ခုလောလောဆယ် ဥရောပမှာ ရောက်နေတယ်။ ဂျပန် ဥပဒေ ထိန်းသိမ်းရေး အဖွဲ့က ဒေါ်လာ တစ်ဆယ် မီလီယံ ဆုကြေး ထုတ်ထားတယ်"
"မီးတောက် ဝက်ဝံ ဂရူ … ဘီအဆင့် အရှင်သခင် တစ်ဦး။ ဆားဘီးယားမှာ ခုနစ်နှစ် လေ့ကျင့်ခဲ့တယ်။ သူ့ရဲ့ ကတ်ချက်က စတီးချောင်း ကိုတောင် ကျိုးစေခဲ့ပြီး သူတိုက်ခိုက် ခဲ့တဲ့ သုံးဆယ့်ခြောက် ပွဲမှာ တစ်ခါမှ မရှုံးဖူး သေးဘူး။ ပြစ်မှု အသေးစိတ် … ရုရှား မာဖီးယားရဲ့ အဆင့်မြင့် ပုဂ္ဂိုလ် တစ်ယောက်ကို လုပ်ကြံခဲ့တယ်။ ရုရှား မာဖီးယားက ဆုကြေး ဆယ့်ငါးမီလီယံ ထုတ်ထားတယ်"
"ကိန်း ဂရီစကေး … အရှေ့ အလယ်ပိုင်း … စီအဆင့် …"
ရေဖယ်က စိတ်ပျက်စွာဖြင့် ခေါင်းအား ခါယမ်းလိုက်သည်။
"အဆင့်လွန် အဆင့် အရှင်သခင်တွေ အတွက် ဆုကြေးကို ကြည့်ရအောင် …"
ရေဖယ်က ကွန်ပျူတာ ကီးဘုတ်ကို လက်ဖြင့် ကစားရင်း နောက်စာမျက်နှာ တစ်ခုကို ဖွင့်လိုက်သည်။
"အဆင့်လွန် အဆင့် အရှင်သခင် တွေကို ဘယ်လိုမှ လွယ်လွယ်သတ်လို့ မရဘူး။ ဟိုးတစ်ခါ တုန်းက ဟောင်ဂိုဏ်းက ချန်းပေ့ရွှမ်းလို့ ခေါ်တဲ့ တရုတ်ကောင်လေး အတွက် ဆုကြေး ထုတ်ခဲ့ သေးတယ်။ ဒါပေမဲ့ နောက်ဆုံး တော့လည်း အစွမ်းထက်တဲ့ လုပ်ကြံသူ တစ်ယောက်ကိုပဲ ဆုံးရှုံး ခဲ့ရတယ်"
ရေဖယ်က တီးတိုး ရေရွတ် လိုက်ပြန်သည်။
သီးဆပ်က အယောက် နှစ်ဆယ် စာရင်းအား အောက်ဆုံးမှ စတင်၍ ဖတ်ကြည့် လိုက်သည်။
"အရိပ်တစ္ဆေ သီးဆပ် … အဆင့်လွန် အရှင်သခင် တစ်ဦး။ အရိပ်တွေကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်။ ပြစ်မှုများ … ဆားဘီးယား၊ ပိုလန်၊ အီတလီတို့က လူတွေ အများကြီးကို လုပ်ကြံခဲ့တယ်။ နိုင်ငံပေါင်း ဆယ့်ခုနစ် နိုင်ငံက ဆုကြေး ငါးဘီလီယံ ထုတ်ထားတယ်။ (မစ်ရှင် ဖျက်သိမ်း)"
"ဒါဆို သီးဆပ်သေတာ အမှန်ပဲပေါ့ …"
ရေဖယ်က ရေရွတ်လိုက်သည်။
လွန်ခဲ့သည့် ရက်က ကြားခဲ့ရသည့် သတင်းက သူ၏ ခေါင်းထဲသို့ ပြန်လည် ရောက်လာခဲ့သည်။ ဟောင်ဂိုဏ်း၏ ခေါင်းဆောင် နှစ်ဦး၊ ကိုရီးယားမှ အထွတ်အထိပ် တစ်ဦးနှင့် အမှောင် တိုတမ်မှ သီးဆပ်တို့မှာ ချန်းပေ့ရွှမ်းထံ၌ တစ်ချိန်တည်း အသတ်ခံခဲ့ ရသည်ဟု ဆိုသည်။ ထိုသတင်း များကား အမှန်ဖြစ်နေပုံ ရသည်။ ရေဖယ် ခေါင်းကို လေးပင်စွာ ခါယမ်း လိုက်မိသည်။
"သူ့ကို အစွမ်းထက်တဲ့ အရှင်သခင် အဆင့်တွေ ဝိုင်းတိုက်ခဲ့ ပေမဲ့လည်း နောက်ဆုံးမှာ လေးယောက် အထိ သေဆုံး ခဲ့ရတယ်။ ချန်းပေ့ရွှမ်းက တကယ့်ကို ကြောက်စရာ ကောင်းတာပဲ"
ရေဖယ်က လေးပင်စွာဖြင့် ဆွေးနွေးချက် များကို ဝင်ဖတ်ကြည့် လိုက်သည်။
"ချန်းပေ့ရွှမ်းက အမှောင် သတ်မှတ်ချက်မှာ အဆင့်လေး ဖြစ်သင့်တယ်။ အရှင်သခင်ကြီး သုံးယောက်ရဲ့ နောက်မှာပေါ့"
"မဖြစ်နိုင်ပါဘူး။ သူတို့ တိုက်ခိုက်နေတဲ့ အချိန် အနားမှာ အခြား တရုတ်လူမျိုး အရှင်သခင်တွေ ရှိတယ်တဲ့။ အဇူရာ နဂါး ဝင်ကူတာကြောင့် ဒီလောက် လွယ်သွားတာ ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် အဇူရာနဂါးက အမှောင် သတ်မှတ်ချက်မှာ နံပါတ် ခုနစ်ပဲလေ"
"အိုဂါက ချန်းပေ့ရွှမ်း တစ်ယောက်ပဲ တိုက်ခိုက်ခဲ့တယ် ဆိုတာကို ဝန်ခံ ခဲ့တယ်တဲ့"
နိုင်ငံပေါင်းစုံမှ လူများက သီးဆပ် သေဆုံးရခြင်း၏ အကြောင်းရင်းကို အမြင် အမျိုးမျိုးဖြင့် ဝေဖန် ထားကြသည်။
"ချန်းပေ့ရွှမ်းက နံပါတ်ငါး ဒါမှမဟုတ် နံပါတ်ခြောက်လောက် ဖြစ်သင့်တယ်"
ရေဖယ်က ကော်ဖီခွက်ကို မော့သောက် လိုက်ရင်း တီးတိုး ရေရွတ်လိုက်သည်။
ရုတ်တရက် ကွန်ပျူတာ မျက်နှာပြင်၌ စာလုံး အသစ်များက ရုတ်တရက် ပေါ်လာခဲ့သည်။
"အမှောင် သတ်မှတ်ချက် အသစ် ထွက်ပါပြီ။ အခုပဲ ကြည့်လိုက်ပါ"
"ဟမ် … အမှောင် သတ်မှတ်ချက် အသစ် ထွက်တာလား …"
ရေဖယ်က တီးတိုး ရေရွတ်ရင်း ထိုစာမျက်နှာ အတွင်းသို့ ဝင်လိုက်သည်။
အနီရင့်ရောင် စာလုံးများဖြင့် အနက်ရောင် နောက်ခံက ကွန်ပျူတာ မျက်နှာပြင် ပေါ်၌ ထင်ရှားစွာ ပေါ်လာခဲ့သည်။
"အလိုချင်ဆုံး ရာဇဝတ်သား စာရင်း"
ရေဖယ် အောက်ဆုံးသို့ သွားကာ ဖတ်ကြည့် လိုက်ပြန်သည်။ ပုံမှန်အားဖြင့် နံပါတ် နှစ်ဆယ် နေရာတွင် ရှိနေတတ်သူမှာ သီးဆပ် ဖြစ်သော်လည်း ယခု တစ်ကြိမ်တွင်မူ သီးဆပ်၏ နာမည် မရှိတော့ချေ။
"နံပါတ် နှစ်ဆယ် … အီရီကာ … ဂျပန် ကင်ဒိုမာစတာ။ သတ်မှတ်ချက်ရဲ့ တစ်ဦးတည်းသော မိန်းကလေး …"
"ငါ သူ့ကို ကြားဖူးပါတယ်။ သူက နှစ်ပေါင်းငါးဆယ် အတွင်းမှာ ကင်ဒိုရဲ့ အတော်ဆုံး ပါရမီရှင် တစ်ယောက်ပဲ"
ရေဖယ်က တွေးရင်း အခြား လူများကို ဆက်ကြည့်လိုက်သည်။
"နံပါတ် ဆယ့်ခုနစ် … အမှောင် တိုက်တမ် …"
"နံပါတ် ဆယ့်ငါး … ဆင်မိစ္ဆာ လာဟိုး …"
"နံပါတ် ဆယ့်သုံး … ကြက်သွေးရောက် တောင်ပံ … ခါး …"
"အာ … ငါတို့ သူဌေးတောင် အဆင့်တစ်ဆင့် ကျသွားတာပဲ။ ချန်းပေ့ရွှမ်းက သတ်မှတ်ချက် အမြင့်ပိုင်းကို ဝင်သွားတာ ဖြစ်မယ်"
ရေဖယ်က ကွန်ပျူတာ မျက်နှာပြင်အား ကြည့်ရင်း တီးတိုး ရေရွတ်နေခဲ့၏။
"နံပါတ်ရှစ် … နံပါတ်ခုနစ် … နံပါတ်ခြောက် … နံပါတ်ငါး … တစ်ဆင့် လျော့ကျ သွားတာက လွဲရင် အပြောင်းအလဲ မရှိဘူး"
ရေဖယ်က မှတ်ချက်ချရင်း နံပါတ်လေး နေရာအား ကြည့်လိုက်သည်။
ထိုနေရာတွင်မူ …
"ဇူးရပ် … မိုးကြိုး အရှင်သခင် …"
ထိုစကားလုံးက သူ့အား အလွန် အံ့အား သင့်သွားစေသည်။
"ဇူးရပ်က ဘာလို့ ထိပ်ဆုံး သုံးယောက်ထဲမှာ မရှိတော့တာလဲ …"
များပြားသော မေးခွန်းများက သူ၏ ခေါင်းအတွင်း စုပြုံ ဝင်လာ ခဲ့တော့သည်။ ဇူးရပ်မှာ ထိပ်ဆုံးများ၏ ထိပ်ဆုံး၌ ရပ်တည် နေသည့်သူ ဖြစ်သည်။ ထို့အပြင် အမှောင် သတ်မှတ်ချက်တွင် အမြဲတမ်း ထိပ်ဆုံး သုံးယောက်၌ ပါဝင်ခဲ့သူ ဖြစ်သည်။
ရေဖယ်က အလျင်အမြန်ပင် သတ်မှတ်ချက်၏ အပေါ် နေရာအား ကြည့်လိုက်၏။
"ချန်းပေ့ရွှမ်း …"
"ချန်းပေ့ရွှမ်းက သီးဆပ်ရဲ့ နေရာကို အစားထိုး ယူလိုက်တာလား …"
ရေဖယ်၏ မျက်နှာက မယုံကြည် နိုင်မှုဖြင့် ဖြူရော်နေကာ သူ၏ အသံကလည်း အံ့သြမှုများဖြင့် ပြည့်နှက် နေတော့၏။ ထိုသတ်မှတ်ချက် အသစ်က မြေအောက် လောက တစ်ခုလုံးအား ကျိန်းသေ လှုပ်ရှား စေလိမ့်မည်။
ထိုအချိန်မှာပင် ပျံလွှားနီလေး မှာလည်း အမှောင် သတ်မှတ်ချက် အသစ်အား ကြည့်နေခဲ့သည်။ ချန်းပေ့ရွှမ်း ဆိုသော အမည်အား တွေ့သည်နှင့် သူမ၏ မျက်နှာက ဖြူရော်သွားသည်။
"ဒါ မဖြစ်နိုင်ဘူး …"
မယုံကြည်နိုင်မှုနှင့် ဒွိဟက သူမ၏ မျက်နှာကို နေရာ ယူလာခဲ့သည်။
"ဇူးရပ် ဘယ်လောက် ကြောက်ဖို့ ကောင်းတယ် ဆိုတာ လူတိုင်း သိတာပဲ။ သူက အမေရိကန် အထူးတပ်ဖွဲ့ရဲ့ ဟယ်လီ ကော်ပတာတွေ၊ တင့်ကားတွေနဲ့ ဝိုင်းတိုက်ခိုက်မှု ကနေတောင် လွတ်အောင် ပြေးနိုင်ခဲ့တာ။ သူက တန်ခိုးရှင် အဆင့်ကိုတောင် ရောက်နေပြီလို့ သတင်းတွေ ထွက်နေခဲ့တာ မလား။ ဘာဖြစ်လို့ ချန်းပေ့ရွှမ်းက သူ့ကို ကျော်တက် သွားရတာလဲ …"
သူမ၏ ဘေးတွင်ရှိသော လူများစွာမှာလည်း ထိုသတင်းကြောင့် အလွန်ပင် အံ့အားသင့်နေ ကြတော့သည်။
အမှောင် သတ်မှတ်ချက်၏ ထိပ်ဆုံးတွင် ရှိသည့် လူသုံးယောက်မှာ ဆယ်စုနှစ် အတန်ကြာအောင် ထိုနေရာ၌ မပြောင်းမလဲ ရှိနေခြင်း ဖြစ်သော်လည်း ယခုမူ အပြောင်းအလဲ တစ်ခု ဖြစ်ပေါ် လာခဲ့သည်။ ထိုသုံးယောက် စလုံးမှာ စစ်တပ်ကြီး တစ်ခုလုံးကိုပင် အနိုင်ယူ နိုင်အောင် သန်စွမ်း ကြသူများ ဖြစ်ကြသည်။
ချန်းပေ့ရွှမ်း ထိုသတ်မှတ်ချက်၏ ထိပ်သုံး နံပါတ်သုံး နေရာကို ယူလိုက် နိုင်ခြင်းက သူ၏ စွမ်းအားမှာ စစ်တပ်ကြီး တစ်ခုလုံးကိုပင် အနိုင်ယူ နိုင်သည်ဟု ဆိုလိုခြင်းပင်။ တရုတ် စစ်တပ် မဆိုထားနှင့် အမေရိကန် စစ်တပ်ပင်လျှင် ချန်းပေ့ရွှမ်းအား အနိုင်ယူရန် ဖြစ်နိုင် တော့မည် မဟုတ်ပေ။
***